|| ကျုံးချိုးပွဲတော် ညနေခင်းဝယ် လကြည့်ရင်း မီးပုံးယှဉ်ပြိုင်ကြမယ် [ အပိုင်း ၂ ] ||
သို့ပေမဲ့ ဆွေးစရာ အကြောင်းမလှသလို ဖြစ်နေရင်တောင် သူသွားတော့ သွားရမှာပါပဲ ။ သူက မိုးအရှင်သခင်လို ရာစုနှစ်ပေါင်းများစွာ ဧကစာရီကျင့်ကြံသူမဟုတ် ။ မြေအရှင်သခင်လိုလည်း လက်ထဲမှာ လျို့ဝှက်တာဝန်တန်းလန်းနဲ့ မဟုတ်သလို အသေချာဆုံးကတော့ ရေအရှင်သခင်လို သူလုပ်ချင်ရာ လုပ်နိုင်သူ မဟုတ်ဘူး ။ သူက အရေးပါအရာရောက်သူ မဟုတ်ပေမဲ့ သူအနေနဲ့ ပွဲလမ်းတွေ သဘောမကျလို့ ဆိုပြီး တက်ရောက်ဖို့ အသည်းအသန် ငြင်းဆန်နေခဲ့ပြန်ရင်လည်း မကြာမတင်မှာ သဘောမကျ မကျေမလည်မှုတွေ ပေါက်ဖွားလာစေနိုင်ပြီး ပြောစရာတွေ ဖြစ်လာလိမ့်မယ် ။ ဒါတွေကို သူအနေနဲ့ စိတ်ထဲမထား အာရုံ မစိုက်ပေမဲ့ ကျွင်းဝူကို အခက်တွေ့စေနိုင်တယ် ။ ဒါကြောင့် သူက ရှီးချင်းရွှမ်ရဲ့ ဖိတ်ကြားမှုကို ချက်ချင်းလက်ခံလိုက်တယ် ။
" ဟုတ်ပါပြီ ! အချိန်ကျရင် ကျွန်ုပ် သေချာပေါက် လာတက်ရောက်ပါ့မယ် "
ဒီရက်တွေထဲမှာ ရှဲ့လျန်ဟာ နည်းလမ်းပေါင်းစုံ အသုံးပြုခဲ့ပေမဲ့ ချီရုံကို အဲဒီလူရဲ့ ကိုယ်ခန္ဓာထဲကနေ ခွဲထုတ်ဖို့ မအောင်မြင်သေးဘူး ။ ချီရုံကတော့ သူ့ကိုယ်သူ အတော်လေး သိပ်ကျေနပ်နေလေရဲ့ ။ ကံကောင်းတာက ကူကျစ်တစ်ယောက်ရှိနေပြီး သူ့ " အဖေ" ကို မငြီးမငြူကျွေးမွေးပြုစုနေပေလို့ပဲ ။ မဟုတ်ရင် ရှဲ့လျန်တစ်ယောက် သူ့ပါးစပ်ထဲကို ဘာမှ ထပ်ထိုးထည့်မပေးချင်တော့ဘူး ။ ကျုံးချိုးပွဲတော်ရက် ရောက်လာတဲ့အခါ ရှဲ့လျန်က ဖူကျိနတ်ကွန်းလေးရဲ့ အပြင်မှာ အစီအရင်တစ်ခုရေးဆွဲပြီး တံခါးကို အပြင်က သော့ခတ်ကာ ချီရုံကို တုတ်နှောင်ထိန်းသိမ်းထားဖို့ ရော့ယယ်ကို ထားခဲ့ပြီး ကောင်းကင်ဘုံဆီ သတင်းပို့ရန် ထွက်လာခဲ့တော့တယ် ။
ကဗျာ အလင်္ကာတွေထဲတော့ ဤသို့ဤနှယ် ဖွဲ့ဆိုလေ့ရှိကြတယ် :
" ကောင်းကင်ပေါ်က ကျောက်စိမ်းဖြူမြို့တော် ဘုံဆယ့်နှစ်ဆင့်တွင် မြို့ငါးမြို့ဖြစ်တင် ၊ ကျွန်ုပ်ဦးခေါင်းပေါ် နတ်မင်းဂရုဏာတော် ညင်သာစွာထိတွေ့ခဲ့သော် ၊ ထုံးဖွဲ့ဆံနွယ် အမတသူတော်စဉ်ဘဝကို ခံယူမယ် " ။
ဒီကဗျာ စာသားထဲက " ကျောက်စိမ်းဖြူမြို့တော် " ဆိုတာ ကောင်းကင်ဘုံ ကို ရည်ညွှန်းတာပဲ။ ကျုံးချိုးပွဲတော်တွင်း ကာလမှာ ကောင်းကင်ဘုံတစ်ခွင် အရာရာဟာ အသစ်အသစ် ဖြစ်နေပြီး လန်းဆန်းသစ်လွင်လို့နေတယ် ။ အဲဒါထက် လမ်းတိုင်း ၊ စင်္ကြံတိုင်း ၊ နန်းမြင့်မျှော်စင်တိုင်း မှာ လုံခြုံရေး အစောင့်အကြပ်တွေ ပိုတိုးပြီး ချထားတာကို ရှဲ့လျန် မြင်ရတယ် ။ သူတို့ဟာ ပြီးခဲ့တဲ့အခေါက် ဟွားချန် ကျူးကျော်ဝင်ရောက်ခဲ့ပြီး နောက်မှ ခန့်အပ်ခံထားရတာ ဖြစ်မယ် ။ ဂုဏ်ပြုညစာစားပွဲကို လသော်တာရဲ့ ရှေ့မှောက် လေဟာပြင်မှာ တည်ခင်း ပြင်ဆင်ထားပြီး ပတ်ဝန်းကျင်တခွင်မှာ နှစ်လိုဖွယ် ထုံသင်းရနံ့တွေ ၊ ပူဇော်ပသမှု အငွေ့အသက်တွေ ၊ များပြားလှတဲ့ တိမ်ဆိုင် တိမ်လိပ်တွေ နဲ့ လွှမ်းခြုံထားကာ ပွင့်ချပ်လွှာတွေဟာ နှင်းပွင့်များသဖွယ် လေထဲ တဖြောက်ဖြောက်နဲ့ လွင့်ဝဲကျနေသေးတယ် ။ လူ့ပြည်ကနေ လကြည့်ဖို့ဆိုရင် တစ်စုံတစ်ယောက်ဟာ သူ့ရဲ့ လက်ညိုးနဲ့ လက်မထိပ်ချင်း ထိဝိုင်းလိုက်ရင်တောင် လသော်တာဟာ အဲဒီ အဝန်းအဝိုင်းထဲ အံ့ကျပန်ကျ ဖြစ်နိုင်လောက်ပေမဲ့ ကောင်းကင်ဘုံမှာ လကြည့်တာကတော့ လမင်းဟာ ပိုတောက်ဖြာလင်းလက်ပြီး ဧရာမ ကျောက်စိမ်းမျက်နှာပြင်လို အပြစ်အနာအဆာကင်း သန့်ရှင်းသပ်ရပ်ကြည်စင်နေကာ နီးကပ်လွန်းလို့ ခြေလှမ်းအနည်းငယ်နဲ့တောင် ခုန်လှမ်း ဖမ်းယူနိုင်တော့မလိုဘဲ ။ လူ့ပြည်လူ့လောက ကနေ မမြင်တွေ့နိုင်တဲ့ အမှန်တကယ်ကို သိမ်မွေ့နူးညံ့လွန်းတဲ့ မြင်ကွင်း ပသာဒတစ်ခုပဲ ဖြစ်တယ် ။
ဂုဏ်ပြုညစာစားပွဲရဲ့ ထိပ်ဆုံးက ထိုင်ခုံနေရာဟာ ပြောစရာမလို ကျွင်းဝူသာလျှင်ဖြစ်တယ် ။ ဒါပေမဲ့ တခြားသူတွေ ဘယ်လိုထိုင်ကြလဲ ။ အဲဒီနောက်ကွယ်မှာ ဆန်းကြယ်မှုတွေ အများအပြား ရှိနေတယ် ။ အစီအစဉ်နဲ့ နေရာဟာ အထူးသတိချပ်ရမဲ့ ကိစ္စမျိုးပဲ ။ သိပ်ရှေ့ရောက်တဲ့ ထိုင်ခုံနေရာမျိုးက သဘာဝအားဖြင့် မထိုင်လိုကြသလို သိပ်နောက်ရောက်ပြီး ချောင်ကျတဲ့ နေရာမျိုးဟာလည်း နတ်မင်းတွေကိုယ်တိုင်ကိုက မထိုင်ချင်ကြဘူး ။ ရှဲ့လျန်က ဒီထုံးတမ်းအစဉ်အလာတွေကို သိပ်ဂရုစိုက်တတ်တာ မဟုတ် ။ ဒါပေမဲ့ နတ်မင်းတွေအနေနဲ့ ကျုံးချိုးပွဲတော်အတွက် သပ်ရပ်ကျနစွာ ဝတ်ဆင်ရလေ့ရှိပြီး ဝတ်ကောင်းစားလှဆိုတဲ့ အဓိပ္ပါယ်ဟာ လူ့ပြည်လူ့ရွာမှာရှိတဲ့ သူတို့ရဲ့ နတ်မင်းရုပ်ထုတော်တွေက သွင်ပြင်ချပ်ဝတ်တန်ဆာတွေအတိုင်း ဝတ်ဆင်ကြရတာပဲ ။ ရှဲ့လျန်ကတော့ နတ်မင်းရုပ်ထုတော် တစ်ခုတောင်မှ မရှိတာကြောင့် အဖြူရောင်ကျင့်ကြံသူ ဝတ်ရုံကိုသာ ဝတ်ဆင်ထားပြီး နှီးဝါးခမောက်လေး ကျောမှာလွယ်ထားတယ် ။ အနည်းငယ် အနုတ်စုတ် ကုပ်စုတ်ဖြစ်နေပေမဲ့ သူမှာ အဲဒီထက်ကောင်းတာလည်း မရှိဘူး ။ ဒီလိုပုံစံဝတ်စားထားတာဟာ သိသာပေါ်လွင်လွန်းတာကြောင့် သူအနေနဲ့ ချောင်ကျကျနေရာတစ်ခုမှာ ထိုင်တာပိုကောင်းမယ်လို့ ခံစားမိတယ် ။
အဲဒီလိုနဲ့ ထိုင်ဖို့ အလျဉ်းသင့်တဲ့ ထောင့်ကျကျ နေရာလေးတစ်ခု ရှာတွေ့ပြီး သူဟာသူ ထိုင်နေရင်း မော့ကြည့်လိုက်စဉ် ဖုန်းရှင့်တစ်ယောက် သူရှိရာဖက်ဆီ လာနေတာကို မမျှော်လင့်ဘဲ တွေ့လိုက်ရတယ် ။ သူတို့ နှစ်ယောက်သား တစ်ခဏမျှ တုံဆိုင်းဆိုင်းဖြစ်သွားကြပြီး နောက်တော့ နှုတ်ဆက်သမှု အသိအမှတ်ပြုသလို အသာအယာ ခေါင်းညိတ်လိုက်ကြတယ် ။ ဖုန်းရှင့်က ခြေလှမ်း အနည်းငယ်လောက် ရှေ့ကို ကျော်လျှောက်သွားပြီးမှ ပြန်လှည့်လာပြီး မေးတယ် ။
" သင်ဘာလို့ ဒီနေရာမှာ ထိုင်နေတာလဲ ?"
ရှဲ့လျန်က သူ မထိုင်ရမဲ့နေရာ ထိုင်မိတယ်ထင်ပြီး ချက်ချင်း ထရပ်လိုက်ကာ ပြောတယ် ။
" ငါက ဘယ်နားထိုင်ထိုင် ရတယ်ထင်လို့ "
ဖုန်းရှင့် စကားဆက်ပြောတော့မဲ့ဆဲဆဲ ခပ်လှမ်းလှမ်း အရှေ့ဆီကနေ ရှီးချင်းရွှမ်ဟာ သူ့ဆီကို လက်ဝှေ့ယမ်းပြနေတာကို ရှဲ့လျန် မြင်လိုက်တယ် ။ အခုချိန်မှာ ရှီးချင်းရွှမ်က အမျိုးသမီးအသွင်နဲ့ ဖြစ်ပြီး ဖုန်းရှင့်က လှည့်ကြည့်လိုက်ချိန် မြင်မိတဲ့အခါ သူဟာ စိတ်ထင့်စရာ တစ်စုံတစ်ခုကို မြင်လိုက်ရသလို ဖြစ်သွားတယ် ။ သူမျက်နှာဟာ ဖြူလျော်သွားပြီး အထိတ်တလန့်ဖြစ်သွားသလိုနဲ့ ရှဲ့လျန်ကို ထားပစ်ခဲ့ပြီး ခပ်သုတ်သုတ်ထွက်သွားတော့တယ် ။ ရှီးချင်းရွှမ်က အော်ခေါ်တယ် ။
" အိမ်ရှေ့စံ အရှင့်သား !! ဒီမှာ ဒီမှာ"
လေအရှင်သခင်ဟာ ကောင်းကင်ဘုံမှာ ပေါ်ပေါ်လွင်လွင် ထင်ရှားသူတစ်ယောက်ဖြစ်ပြီး သူမရဲ့ ထိုင်ခုံနေရာဟာ နေရာကောင်းတစ်ခုဖြစ်ကာ ကျွင်းဝူနဲ့ နီးတယ် ။ အဲဒီ ဝှေ့ယမ်း နှုတ်ဆက်မှုဟာ ကောင်းကင်ဘုံ နတ်မင်း အတော်များများကို ဒီဘက်ဆီ လှည့်ကြည့်လာစေတယ် ။ ကျွင်းဝူဟာ ပထမတော့ သူ့လက်နဲ့ ပါးကိုထောက်ထားရင်း တိတ်ဆိတ်စွာ ထိုင်နေပေမဲ့ ရှဲ့လျန်ကို သတိပြုမိတဲ့အခါ ရှဲ့လျန်ဆီ ခေါင်းအသာညိတ်ပြတာကြောင့် ရှဲ့လျန်လည်း ရွေးချယ်စရာ မရှိတော့ဘဲ ရှေ့ဆီကို လျှောက်သွားရတော့တယ် ။ သွားတဲ့ လမ်းတလျှောက် ထင်ထားတဲ့အတိုင်း လန်ချန်းချိုးကို မတွေ့ရ ။ ကြည့်ရတာ သူဟာ ချီရုံရှိတဲ့ နေရာကို ရှာဖွေနေရတာကြောင့် ကျုံးချိုးပွဲတော်ကို မတက်ရောက်နိုင်ကြောင်း ယခင်ကတည်းက ငြင်းဆိုထားခဲ့တယ် ထင်တယ် ။ ရှီးချင်းရွှမ်ဟာ သူမရဲ့ဘေးမှာ ရှဲ့လျန်အတွက် နေရာရှာထားပြီး အဲဒီနေရာဟာ ဘူမိကြန်အင်လည်း ကောင်းမွန်တယ် ။ သူမက သူ့ကို အတင်းဖိချ ထိုင်ခိုင်းလိုက်ပြီး ပြောတယ် ။
" ညစာစားပွဲပြီးသွားတဲ့အခါကျရင် ကလေးကို ခေါ်လာပေးမယ်ရယ် .. သူက ရုပ်ဆိုးပေမဲ့ တော်တော်လေးတော့ နာခံတတ်တယ် "
ဒီကိစ္စမှာတော့ သူဟာ ကျေးဇူးတင်ပါတယ်လို့ပဲ ပြောနိုင်ခဲ့တယ် ။ သူအသာလှည့်ကြည့်လိုက်တော့ သူတို့ နှစ်ယောက်နားမှာ ထိုင်နေသူဟာ မင်ရီ ဖြစ်ပြီး သူ့ပုံစံက မှုန်တေတေ ရှုသိုးသိုးနဲ့ လက်ထဲက ကျောက်စိမ်းခွက်ငယ်လေးကို ဆော့ကစားနေတယ် ။ အဲဒီခွက်ငယ်လေးကို ကစားနေတဲ့ လက်ဟာ ကျောက်စိမ်းဖြူ ခွက်ငယ်လေးထက် ပိုတောင် ဖြူဖျော့သေးတယ် ။ သူရဲ့ မျက်နှာ အသွေးအရောင်ကတော့ ပုံမှန်အနေအထား ဖြစ်နေတာကြောင့် ကြည့်ရတာတော့ တစ္ဆေမြို့တော်မှာတုန်းက သူရခဲ့တဲ့ ဒဏ်ရာတွေ ပျောက်ကင်း သက်သာသွားပြီ ဖြစ်လိမ့်မယ် ။ ရှဲ့လျန်က နှုတ်ဆက်လိုက်တယ် ။
" အရှင် မြေနတ်မင်း နေကောင်းရဲ့နော် "
မင်ရီက ခေါင်းတစ်ချက်ညိတ်ပြတယ် ။ ကြည့်ရတာ စကားသိပ်မပြောချင်သလိုပဲ ။ ဒါပေမဲ့ ရှီးချင်းရွှမ်ကတော့ လုံးဝ ဆန့်ကျင်ဖက် ။ သူမက လူတိုင်းနဲ့ သိကျွမ်းသလို ရှေ့မှာ ထိုင်နေသူရော နောက်မှာ ထိုင်နေသူရော ဘေးဘီဝဲယာ မကျန် ခပ်လှမ်းလှမ်းဆီထိ အဆုံး အကုန်လုံးနဲ့ စကားစမြည် ပြောနိုင်တယ် ။ အဲဒီ ကောင်းကင်ဘုံနတ်မင်းတွေရဲ့ နာမည်တွေ တင်သာမက သူတို့ရဲ့ အဆင့်တွေရော အားလုံး သူမဘယ်လိုမှတ်မိနိုင်ပါလိမ့်လို့ ရှဲ့လျန် အတော်လေး အံ့သြလေးစားနေမိတယ် ။ သူ့ဘေးက ထိုင်ခုံမှာ ထိုင်နေသူကတော့ အသက်အားဖြင့် ဆယ့်ရှစ်နှစ် ဆယ့်ကိုးနှစ်အရွယ်လောက်ပဲ ရှိအုံးမဲ့ လူငယ်လေးတစ်ယောက်ပဲ ။ သူက နှာတံပေါ်ပေါ် မျက်ခုံးထူထူနဲ့ သူ့ရဲ့ ပိတုန်းရောင် ဆံနွယ်နက်နက်တွေဟာ အနည်းငယ် လိပ်ခွေခွေလေးတွေ ဖြစ်တယ် ။ ရှဲ့လျန်လည်း သူ့ကို မသိသလို သူကလည်း ရှဲ့လျန်ကို မသိဘူး ။ သူတို့ နှစ်ယောက်သား တစ်ယောက်နဲ့ တစ်ယောက် တစ်ခဏမျှ ကြည့်မိကြပြီး ဘုမသိ ဘမသိ နဲ့ အူကြောင်ကြောင်ဖြစ်ကာ နောက်ဆုံးတော့ ရှဲ့လျန်ကပဲ အလျဉ်းသင့်သလို နှုတ်ဆက်သမှု ပြုလိုက်ရတယ် ။ ပတ်ဝန်းကျင်ဆီ အနည်းငယ် ထပ်ကြည့်လိုက်တော့ ဖုန်းရှင့်နဲ့ မုချင်ဟာ တစ်ယောက်နဲ့ တစ်ယောက် အတတ်နိုင်ဆုံး ဝေးနိုင်သလောက် ဝေးဝေးဆီမှာ ထိုင်နေကြတယ် ။ သူ့ရဲ့ ရှေ့တည့်တည့်က ထိုင်ခုံနေရာမှာတော့ အချင်းချင်း တရင်းတနှီး စကားစမြည်ပြောဆိုနေကြတဲ့ နတ်မင်းသုံးပါး ရှိနေတယ် ။
ဘယ်ဖက်မှာ ရှိနေတဲ့ သူဟာ အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားတဲ့ စာပေဆိုင်ရာ နတ်မင်းတစ်ပါးပဲ ။ သူ့ရဲ့ မျက်ခုံးတွေဟာ ဖြောင့်တန်းတင့်တယ်ပြီး သူ့ရဲ့ သွင်ပြင်က သဘောထားကြီး စိတ်ရင်းကောင်းဟန်ရှိတယ် ။ သူကစကားပြောနေရင်း သူ့လက်ချောင်းငါးချောင်းကို စားပွဲပေါ် စီးချက်ကျကျ အသာအယာ ခေါက်နေတယ် ။ သူ့ရဲ့ အမူအရာက တည်ငြိမ်အေးဆေးပြီး ဘာရယ်ကြောင့်မှန်းမသိ ရင်းနှီးနေသလိုလိုပဲ ။ အလယ်ကတော့ အသေအချာကို သိကျွမ်းပြီးသားဖြစ်တဲ့ ဖေမင်ပေါ့ ။ အဲဒီနောက် ညာဘက်မှာတော့ အဖြူရောင်ဝတ်ရုံနဲ့ ဂုဏ်သရေရှိ သခင်လေးတစ်ယောက် ထိုင်နေပြီး သူ့လက်ထဲက ယပ်တောင်ကို အသာအယာ တဖျပ်ဖျပ်ခတ်နေတယ် ။ ယပ်တောင်ရဲ့ အရှေ့ဘက်ခြမ်းမှာ " ရေ (水) " ဆိုတဲ့ စကားလုံးတစ်လုံး ရေးထားပြီး အနောက်ဘက်ခြမ်းမှာတော့ ရေလှိုင်းသဏ္ဍာန် မျဉ်းတွန့်သုံးကြောင်း ရေးဆွဲထားတယ် ။ သူ့ရဲ့ မျက်ခုံးတွေနဲ့ မျက်လုံးမျက်ဖန်ဟာ ရှီးချင်းရွှမ်နဲ့ အတော်လေးကို ဆင်ပေမဲ့ ထီမထင်သလို မာနကြီးဟန်နဲ့ ခပ်ပေါ့ပေါ့ဟန်သွင်ပြင်တွေဟာ ရောယှက်လို့နေတယ် ။ တစ်ချက်ကြည့်ရုံမျှနဲ့ သူ့မျက်လုံးထဲ ဘယ်သူကိုမှ အထင်မကြီးဟန် မတူမှန်း သိသာတယ် ။ အဲဒီသူဟာ ရွှေဟန်ထျန်း (ကောင်းကင်ကို အနိုင်ကျင့်တဲ့ရေ) ကလွဲလို့ ဘယ်သူဖြစ်နိုင်ဦးမှာလဲ ?
ရှဲ့လျန် စိတ်ထဲ သဘောပေါက် ရှင်းလင်းလို့သွားတယ် ။
[ အကျိတ်သုံးခု ]
အဲဒီ အနက်ရောင် ဝတ်ရုံနဲ့ စာပေဆိုင်ရာ နတ်မင်းဟာ လင်းဝမ်ရဲ့ ဝိညာဉ်စွမ်းအား အစွမ်းအထက်ဆုံးဖြစ်တဲ့ အမျိုးသားသွင်ပြင်ဖြစ်နိုင်ပြီး ရုပ်သွင်ဟာ အတော်လေး ခန့်ခန့်ညားညားရှိတယ် ။ သူတို့ သုံးယောက်ဟာ အချင်းချင်း နှုတ်ဆက်သမှုပြုလိုက်ကြပြီး အလွန်တရာ ယဉ်ကျေးမွန်ရည်တဲ့ အပြုအမှု ပြောဟန်ဆိုဟန် ပေါင်းစုံကို မြေလျိုးမိုးပျံတော့မတတ် အသုံးပြုကာ တစ်ယောက်နဲ့တစ်ယောက် ချီးကျူးဂုဏ်တင် မြှောက်ပင့်နေကြတယ် ။ အဲဒါတွေကိုကြားတော့ ရှီးချင်းရွှမ်က လေသံသဲ့သဲ့နဲ့ ပြောလာတယ် ။
" ဟန်ဆောင်ပန်ဆောင်တွေ ! တော်တော့်ကို ဟန်ဆောင်ပန်ဆောင်တွေပဲ "
ဒါပေမဲ့ ရှဲ့လျန်ကတော့ အတော်လေး စိတ်ဝင်စားစရာလို့ ထင်မြင်နေတယ် ။ အဲဒီအချိန် စားပွဲသောက်ပွဲကြီးရဲ့ ရှေ့မှောက်မှာ လေးဖက်လေးတန်ကို အနီရောင်ကန့်လန့်ကာတွေနဲ့ ဖုံးကွယ်ထားတဲ့ လှပတဲ့ ပြခန်း ခန်းဆောင် စင်မြင့်လေးတစ်ခုရှိနေတာကို သူတွေ့လိုက်ရတာနဲ့ မေးလိုက်တယ် ။
" ဟိုကဟာ ဘာလဲ ?"
ရှီးချင်းရွှမ်က ပြုံးလိုက်ပြီး ပြောတယ် ။
" အိုး ~ သင်မသိဘူးဘဲ အဲဒါက အထက်ကောင်းကင်ဘုံရဲ့ အတော်လေး ကျော်ကြားတဲ့ ကစားနည်းလေ လာ လာ ခေါ်သွားပြမယ် အခုကို စတော့မှာ !"
စကားဆုံးဆုံးခြင်းပဲ ခပ်အုပ်အုပ်မိုးခြိမ်းသံ တချို့ဟာ ကောင်းကင်အလွန်တဖက်ဆီက မြည်ဟည်းလို့လာတယ် ။ ကျွင်းဝူက ကောင်းကင်ကို တစ်ချက်ကြည့်လိုက်ပြီး ယမကာတစ်ခွက် ငှဲ့လိုက်ကာ ကမ်းပေးလိုက်တယ် ။ အဲဒီနောက် ခပ်အုပ်အုပ်မိုးခြိမ်းသံကြားမှာပဲ ထိုင်နေကြတဲ့ နတ်မင်းအပေါင်းဟာ စတင် ရယ်မော အော်ဟစ်ကြရင်း အဲဒီအရက်ခွက်ကို တစ်ယောက်နဲ့ တစ်ယောက်လှည့်ပတ် ကမ်းပေးကြကာ အော်ပြောနေကြတယ် ။
" ကျွန်ုပ်ကို မပေးနဲ့ ! ကျွန်ုပ်ကို မပေးနဲ့ !"
" သူ့ကိုပေး !"
သူများတွေ ကစားနေတာ မြင်ရုံနဲ့ ရှဲ့လျန်ဟာ ကစားနည်းစည်းမျဉ်းတွေကို အတော်လေး သဘောပေါက်သွားပြီး စိတ်ထဲက တွေးလိုက်မိတယ် ။
[ လက်စသတ်တော့ စည်တီးပန်းကမ်းကစားပွဲကိုး ]
(T/N - စည်တီးပန်းကမ်း- 击鼓传花(ကျိကူချန်ဟွား) - ပါဆယ်ဂိမ်း)
လူအုပ်ဟာ ကျွင်းဝူကမ်းပေးလိုက်တဲ့ အရက်ခွက်ကို မဖိတ်မစင်စေဘဲ တစ်ယောက် တစ်ယောက် လှည့်ပတ်ကမ်းပေးရမှာပဲ ဖြစ်တယ် ။ အရက်ခွက်ကို မည်သူ့ကိုမဆို ကမ်းပေးနိုင်ပေမဲ့ ပေးလာတဲ့သူကိုတော့ ပြန်ပေးလို့ မရဘူး ။ မိုးခြိမ်းသံ ရပ်တန့်သွားတဲ့အခါ အရက်ခွက်လက်ထဲ ရှိနေသူဟာ ပျော်ရွှင်ဖွယ်ရာအတွက် ရွေးကောက်ခံရမှာပဲ ဖြစ်တယ် ။ သူ့အနေနဲ့ မသိသေးတာ တစ်ခုက အဲဒီ " ပျော်ရွှင်စရာ " က ဘာလဲဆိုတာပဲ ။ ရှဲ့လျန်အတွက်တော့ ဒီကစားနည်းဟာ ရင်းနှီးတဲ့ ကစားနည်းမျိုး မဟုတ်ဘူး ။ သင်အရက်ခွက် ကမ်းပေးလိုက်တဲ့သူဟာ ဟာသလုပ်ခံရမယ်ဆိုရင် ရင်းနှီးကျွမ်းဝင်တဲ့ သူကို ကမ်းပေးတာကသာ အကောင်းဆုံးဖြစ်လိမ့်မယ် ။ ဒါပေမဲ့ သူ့အနေနဲ့က လက်ရှိ ကောင်းကင်ဘုံ နတ်မင်းအများစုနဲ့ မရင်းနှီးတာကြောင့် ဘယ်လိုလုပ်ပြီး ခပ်တည်တည်နဲ့ တစ်ပါးသူကို ဟာသလုပ်ရဲမှာလဲ ? သူ့အနေနဲ့ အကောင်းဆုံးကတော့ လေအရှင်သခင်ကို ကမ်းပေးတာပဲ ဒါပေမဲ့ တကယ်လို့ သူ့ကို အရက်ခွက်ကမ်းပေးလာသူက လေအရှင်သခင်ဖြစ်နေခဲ့ရင်ရော ဘယ်လိုလုပ်မှာလဲ ?
ရှဲ့လျန် စိတ်ထဲက တွေးနေမိတယ် ။
[ ဘယ်သူမှ ငါ့ကို ကမ်းမပေးရင် အကောင်းဆုံးပဲ .. ဒါပေမဲ့ ပြောမရဘူး ငါက ငါကိုယ်ငါ လူချစ်လူခင်များတယ်လို့ ထင်မိနေတာနေမှာ ]
သူ့အတွေးမဆုံးခင်မှာဘဲ ပထမတစ်ကျော့က ပြီးသွားခဲ့ပြီ ။ အားလုံး အသည်းအသန်ကြည့်ရှုနေချိန်မှာပဲ အရက်ခွက်ဟာ ဖေမင်ရဲ့ လက်ထဲမှာ ရပ်သွားတယ် ။ ကြည့်ရတာ ဖေမင်က ဒါကို အသားကျနေခဲ့ပြီထင်တယ် သြဘာပေးသံတွေအလယ်မှာပဲ အရက်ခွက်ကို တစ်ချက်တည်း မော့ချလိုက်တယ် ။ နတ်မင်းအပေါင်းဟာ လက်ခုတ်လက်ဝါးတီးပြီး ဟစ်ကြွေးကြတယ် ။
" မြှောက်လိုက် ! မြှောက်လိုက် "
များပြားလှတဲ့ သြဘာသံတွေထဲ အဲဒီ လှပနှစ်လိုဖွယ်ကောင်းတဲ့ ပြခန်းလေးဟာ သူ့ရဲ့ လေးဖက်လေးတန်က ကန့်လန့်ကာတွေကို တဖြည်းဖြည်း မြှင့်တင်လိုက်တယ် ။ အဲဒီစင်မြင့်ပေါ်မှာ အရပ်မြင့်မြင့်နဲ့ စစ်သူကြီးတစ်ယောက် ရပ်နေပြီး ကြွားကြွားဝင့်ဝင့် ဦးမော့ ချီတက်လာတာဟာ အထင်ကြီးလောက်စရာ ခန့်ညားထည်ဝါလှတယ် ။ ကြည့်ရတာ သူဟာ အောက်မှာရှိနေတဲ့ နတ်မင်းတွေကို သတိပြုမိဟန် မရှိသလို ထူးခြားစွာ လှပသက်ဝင်လွန်းတဲ့ ကောင်းကင်ဘုံရဲ့ ပသာဒရှုမြင်ကွင်းတွေကိုလည်း မြင်ပုံမပေါ် ။ သူဟာ ခြေလှမ်း အနည်းငယ် လျှောက်လှမ်းသွားပြီး ကဗျာ လင်္ကာ တေးထပ် တို့ကို အောင်မြင်ခန့်ညား ထည်ဝါတဲ့ အသံနဲ့ စိတ်အားထက်သန်စွာ စတင်ရွတ်ဆိုတော့တယ် ။
တကယ်တော့ လက်ထဲမှာ အရက်ခွက်နဲ့အဆုံးသတ်သွားတဲ့ ဘယ်နတ်မင်းမဆိုအတွက် အဲဒီ ပြခန်းငယ် စင်မြင့်ထက်မှာ အဲဒီနတ်မင်းအတွက် လူ့ပြည်လူ့ရွာက ရေးဖွဲ့ထားတဲ့ ပြဇာတ်တွေ ပေါ်ပေါက်လာပြီး အားလုံးကြည့်ရှုကြနိုင်ရန်အတွက် တင်ဆက်ပြသ ပေးတာပဲ ဖြစ်တယ် ။ လူသားတွေဟာ ဒီလိုမျိုး အလွဲအမှား အရှုပ်အထွေးတွေကို လုပ်ရတာ သဘောတွေ့ မနောခွေ့ကြတဲ့ အမျိုးဖြစ်တာကြောင့် ဘယ်လိုမျိုး လက်ခုပ်သံ သောသောညံ ပြဇာတ် အလွမ်းဇာတ်စုံ အဖုံဖုံကို မြင်ကြရမလဲ ဆိုတာ ဘယ်သူသိနိုင်မှာလဲ ? ပြီးတော့ ဘယ်သူဟာ ဘယ်အချိန် ရွေးချယ်ခံရမယ် ဆိုတာလည်း မသိနိုင် ။ ဒါကြောင့် ဒီကစားနည်းဟာ အင်မတန်ထိတ်လန့်စရာကောင်းသလို ရှယ်ဖွယ်လိလိ ဖြစ်စရာလည်း ကောင်းတယ် ။
သို့သော်လည်း ဒီကစားနည်းဟာ ပျော်ရွှင်စရာ ဖျော်ဖြေရာတွေ တည်ရှိရာလည်းဖြစ်တယ် ။ ပြောရမယ်ဆိုရင် စစ်သူကြီးဖေရဲ့ ပြဇာတ်တိုင်းဟာ ရင်ဖို ပျော်ရွှင်ဖွယ်ရာတွေချည်းပဲ ။ ဘာကြောင့်ဆို အကြိမ်တိုင်း တွဲဖက်အမျိုးသမီးက ပြောင်းလဲသွားတာကြောင့်လေ ။ တစ်ခါတစ်ရံ နတ်သမီးတပါး ၊ တစ်ခါတစ်ရံ မိစ္ဆာမတစ်ယောက် ၊ တစ်ခါတစ်ရံမှာ လက်မထပ်ရသေးတဲ့ အမျိုးသမီးတစ်ယောက် ၊ တွဲဖက်အမျိုးသမီးတိုင်းဟာ တစ်ခေါက်ထက် တစ်ခေါက် ပိုပို လှလှလာပြီး ဇာတ်လမ်းတွေဟာလည်း တစ်ခေါက်ထက် တစ်ခေါက် ပိုပို အရှက်မရှိဖြစ်လာတယ် ။ ကောင်းကင်ဘုံနတ်မင်းတွေဟာ အင်မတန်စိတ်ဝင်စားစွာနဲ့ ကြည့်ရှုနေကြပြီး မင်းသမီးဝင်လာမဲ့ အခန်းကို စောင့်စားနေကြတယ် ။ ထင်တဲ့အတိုင်းပဲ သိပ်မကြာခင်မှာ အနက်ရောင်ဝတ်ရုံ ဝတ်ထားတဲ့ မိန်းမပျိုလေးဟာ စင်မြင့်ထက်မှာ ထွက်ပေါ်လာပြန်တယ် ။ သူမရဲ့ အသံဟာ ရွှေဝါရောင် တေးသီငှက်ကလေး အသံလိုပဲ ။ သရုပ်ဆောင်နှစ်ယောက်ဟာ အတူတူ သီချင်းတွေ သီဆိုကြတယ် ။ တေးသီချင်းစာသားကတော့ အရှက်ကင်းမဲ့စွာ ပရောပရည် တယောသီသလို ကလက်တက်တက် ကညုတုတုနဲ့ ။ အားလုံးက ဆက်ကြည့်ရင်း ကြည့်ရင်း ဒီနှစ်ယောက်က သိပ်မဟုတ်မှန်း ခံစားမိလာတဲ့အခါ သူတို့ စပြီး မေးခွန်းထုတ်ကုန်ကြတယ် ။
" ဒီ ပြဇာတ်နာမည်က ဘာတဲ့လဲ ?"
" ဒီတစ်ခါ စစ်သူကြီး မြူဆွယ်နေတဲ့ မိန်းမပျိုလေးက ဘယ်သူတုံး ?"
အဲဒီအချိန် ပြဇာတ်စင်ပေါ်က ' စစ်သူကြီးဖေ' က ခေါ်လိုက်တယ် ။
" နှမတော်လေး ကျယ် ___"
စင်အောက်က ဖေမင်ရော လင်းဝမ်ပါ ပါးစပ်ထဲက အရက်တွေ ဖူးခနဲ ထွက်ကုန်တယ် ။
" နှမတော်လေး ကျယ် " ဆိုတာ ဘယ်သူဖြစ်နိုင်ဦးမှာလဲ ? လင်းဝမ်ရဲ့ အမည်နာမ အပြည့်အစုံဟာ နမ်ကုန်းကျယ် လေ ။ နတ်မင်းအပေါင်းတို့က အံ့အားသင့်သွားကြတယ် ။ သူတို့နှစ်ယောက် အမှန်တကယ်ပဲ အတိတ်ဇာတ်လမ်း တစ်ခုရှိခဲ့တာလား ?!
လင်းဝမ်က ပုဝါစတစ်ခုနဲ့ သူ့ရဲ့ နှုတ်ခမ်းထောင့်စွန်းတွေကို သုတ်ရင်း ခပ်ပြတ်ပြတ်ပြောလိုက်တယ် ။
" တွေးနေစရာတောင် မလိုဘူး ! ထွင်ပြီး ရေးထားတာ အသိသာကြီး "
အမေးခံရတဲ့ သူတို့ နှစ်ယောက်သားဟာ အနည်းငယ်တော့ စိတ်ပျက်လက်ပျက်ဖြစ်နေကြတယ် ။ ဒါပေမဲ့ သူတို့က မျက်နှာပြောင်ပြောင်နဲ့တော့ နေနိုင်ကြသေးတယ် ။ ပြဇာတ်ကတော့ စင်မြင့်ထက်မှာ အိုင်းယားယား နဲ့ ဆက်ကနေတယ် ။ စင်အောက်က နှစ်ယောက်ကတော့ မမြင်သယောင် လျစ်လျူရှုလို့ ။ ဒါပေမဲ့ ရှီးဝူတုက သူတို့နှစ်ယောက်ကို ဘယ်လွယ်လွယ်နဲ့ လွှတ်ပေးမှာလဲ ။ သူက ပြုံးရင်း သူ့ရဲ့ ယပ်တောင်ကို တဖျပ်ဖျပ်ခတ်ရင်းနဲ့ ပြောတယ် ။
" ဒါက တော်တော်လေး စိတ်လှုပ်ရှားစရာကောင်းတဲ့ ပြဇာတ်ပဲ ! သင်တို့ရော ဘယ်လိုခံစားရလဲ ?"
လင်းဝမ်က ပြန်ဖြေတယ် ။
" ဘယ်လိုမှ မခံစားရဘူး ! ဒီပြဇာတ်က အိုဟောင်းနေပြီ ကျွန်ုပ်ရဲ့ နတ်မင်းရုပ်ထုတော်က အခု ဒီပုံစံမဟုတ်တော့ဘူး ဒါက ရှေးပါးစပ်ပြော ပုံပြင်ပဲ .. စဉ်းစားကြည့်လေ ပုံပြင်တွေထဲမှာ မိန်းမဖြစ်နေရင် လောင်ဖေ မြူဆွယ်ဖို့ မကြိုးစားခဲ့တာ ဘယ်သူရှိလို့တုံး ? "
အားလုံးက ဒါကို ရင်ထဲ အသည်းထဲက အပြည့်အဝ ထောက်ခံကြတယ် ။ ဖေမင်ကပြောတယ် ။
" ဟေ့ အဲဒီလိုတော့ ပြောလို့မရဘူးလေ ! အားလုံးရဲ့ ပုံပြင်တွေထဲ ကျွန်ုပ်က တော်တော်များများကို မြူဆွယ်ခဲ့တာ မှန်ပေမဲ့ ဒီတစ်ခုကတော့ ကျွန်ုပ် မလုပ်ဘူး ! အပြစ်မဲ့တဲ့သူကို မစွပ်စွဲပါနဲ့ "
လင်းဝမ်က အရွှမ်းဖောက်ပြီး ပြောတယ် ။
" သင့်စကားအတိုင်းဆိုရင်တော့ ကျွန်ုပ်ဖြင့် တစ်ယောက်ကိုမှတောင် မမြူဆွယ်ခဲ့ရပါဘဲနဲ့ ရိုးရာပုံပြင်တွေထဲ ကျွန်ုပ် မြူဆွယ်ခဲ့ပါတယ် ဆိုတဲ့ နတ်မင်းတွေ ပိုတောင်များသေး အဲဒီလိုဖြင့် ဆူးပေါ်ထိုင်မိနေသလို ဖြစ်မနေဘူးလား ?"
လင်းဝမ် ကောင်းကင်ဘုံမှာ တဆင့်ခန့်အပ်ခံခဲ့ရတုန်းက ရိုးရာပါးစပ်ပြော ပုံပြင်တွေထဲ သူမဟာ တခြား နတ်မင်းတစ်ပါးကို မြူဆွယ်ပြီး ရခဲ့တယ်လို့ ပြောကြတယ် ။ ဒါကြောင့်လည်း အစပိုင်းမှာ လင်းဝမ်နန်းဆောင်ဟာ တိတ်ဆိတ် ငြိမ်သက်ပြီး ပူဇော်ကိုးကွယ်သူ အလွန်နည်းရတဲ့ အကြောင်းအရင်း ဖြစ်လေရဲ့ ။ ကြည့်ရတာတော့ အပြင်းအထန်ကန့်ကွက်ခဲ့တဲ့ အချိန်တုန်းက သူမဟာ မိုးမွှန်အောင် ဆဲဆိုခံခဲ့ရပြီး သူမရဲ့ အလှူခံပုံးထဲကို ရင်စည်းအတွင်းခံတွေ လစဉ်သုံးပစ္စည်းတွေ လာထည့်တဲ့ သူတွေတောင် ရှိခဲ့တယ် ။ ဒါပေမဲ့ နတ်မင်းတွေမှာသာ ဒီလိုမျိုး တူညီတဲ့ ကောလဟာလတွေ ရှိခဲ့ရင် အခုလို အဖြစ်တွေအစား သူတို့ဟာ ဆွဲဆောင်နိုင်စွမ်းရှိတယ်ဆိုတဲ့ ဂုဏ်ပုဒ်ကို ရမှာဖြစ်ပြီး အဲဒီအပေါ်မှာ ကြည်နူးဝမ်းမြောက်မှု ရယူနိုင်တယ် ။ အခြေအနေ အဖြစ်အပျက်ချင်း တူညီပေမဲ့ ယောကျာ်း မိန်းမ ကွာခြားရင် အကျိုးဆက်တွေဟာ မတူကွဲပြားသွားနိုင်တယ်ဆိုတာ သိသာထင်ရှားလွန်းလှတယ် ။
ရှဲ့လျန် ဒါကို တွေးတောနေတုန်းမှာပဲ နောက်တစ်လှည့်ဟာ စတင်နေခဲ့ပြီ ။ ရှီးဝူတုဟာ အစောတုန်းက ရယ်မောနေခဲ့ပေမဲ့ ဒီတစ်ကြိမ်ဟာ သူ့ဆီရောက်လာခဲ့တယ် ။ သူဘေးက အကျိတ်နှစ်ခုဟာ တညီတညွတ်တည်း သူတို့ရဲ့လက်တွေကို မြှောက်ကာ ဝမ်းမြောက်ကြောင်း ဖော်ပြတဲ့ ဟန် ဖော်ဆောင်လိုက်ကြပြီး ပြောတယ် ။
" ချက်ချင်း ဝဋ်လည်တာ ကျေနပ်စွာ ခံယူလိုက်ပါ "
ရှီးဝူတုတစ်ယောက် တစ်ခဏမျှ မျက်မှောင်တွေကျုတ်ထားပြီးနောက် အရက်ကို မော့သောက်လိုက်တယ် ။ အဲဒီ ကန့်လန့်ကာတွေဟာ နောက်တစ်ကြိမ် အပေါ်ကို မြင့်တက်သွားပြန်တယ် ။ ကန့်လန့်ကာတွေတောင် အပေါ်ဆုံးထိ မရောက်သေးခင် သံရှည်ဆွဲ မြည်ကျူးသံ နှစ်သံဟာ ထွက်ပေါ်လာတယ် ။
" မိန်းမရေ _____"
" ယောကျာ်းရေ ______"
မေတ္တာစိတ်တွေ ပြည့်လျှံယိုဖတ်လျှက် ကယုကယင်အသံလေးတွေဟာ အချိုးအကွေ့များစွာနဲ့ မခွဲနိုင်မခွာရက် လွမ်းဆွတ်တမ်းတမှုတွေ ပြည့်နှက်လို့နေတယ် ။
ဒါကြောင့် အောက်မှာတော့ ရှီးဝူတုနဲ့ ရှီးချင်းရွှမ်တို့ ကိုယ်ခန္ဓာတွေမှာ ကြက်သီးတွေထနေတာကို ရှဲ့လျန် မျက်လုံးနဲ့ တပ်အပ်မြင်နေရတယ် ။
ရှီးချင်းရွှမ်က ခုန်ခုန်ပြီးအော်နေတယ် ။
" ကော _ !!! မြန်မြန် ဖြတ်ချလိုက် !"
ရှီးဝူတုက ချက်ချင်းအော်တယ် ။
" ချလိုက် ! ! အခုချက်ချင်း ချလိုက်စမ်း ! !"
မကြည့်ဘဲနဲ့တောင် ဒီရွေးချယ်ခံရတဲ့ ပြဇာတ်ဟာ ရေအရှင်သခင်နဲ့ လေအရှင်သခင်မ တို့ရဲ့ လင်မယား ပုံပြင်တစ်ခုပဲ ဖြစ်ရမယ်ဆိုတာ သိနိုင်တယ် ။ အချစ်အမုန်း ပုံပြင်တွေဟာ အမြဲတစေ လူတွေ ပြောပြ ဆိုပြကြတဲ့ အချိန် အကြိုက်ဆုံး အနှစ်သက်ဆုံးပုံပြင်တွေပဲ ဖြစ်ကြတယ် ။ အကောင်းဆုံးတွေ ရှိသလို သိပ်မကောင်းခဲ့ရင်လည်း ဘာမဆို ပြုပြင်ပြောင်းလဲ လိုက်လို့ရတယ်လေ ။ နည်းလမ်းအရပြောရမယ်ဆိုရင် နတ်မင်းတွေဟာ ဘယ်လိုပဲ သူတို့ဟာသူတို့ အစဉ်အလာနဲ့ အညီ သမားရိုးကျ ဒဏ္ဍာရီတွေ ပြုလုပ်ခဲ့ ပြုလုပ်ခဲ့ တစ်ခါတစ်ရံမှာ လူသားတွေက သူတို့အတွက် ဆောင်ယူလာတဲ့ အရာတွေကို မြင်ရတဲ့အခါ မတတ်သာပေမဲ့ ဒါတွေက တကယ့် နတ်မင်းရဲ့ ပြဇာတ်တော်တွေ အဖြစ် မလေးစားလို့လည်း မရဘူး ။
ရှီးဝူတု ပြောလိုက်တာနဲ့ ကန့်လန့်ကာတွေဟာ ချက်ချင်း ပြန်ကျသွားတယ် ။ ပရိတ်သတ်ထဲက နတ်မင်းအပေါင်းဟာ ရယ်ချင်ကြပေမဲ့ မရယ်ရဲကြဘဲ ရယ်ချင်ပက်ကျိ အခြေအနေကို မနည်း ချုပ်တည်း ထိန်းသိမ်းထားကြရတယ် ။ ရှဲ့လျန်ကတော့ ပြုံးရင်းမေးလိုက်တယ် ။
" အရှင်လေနတ်မင်း ဒီလိုဆိုတော့ တကယ်က ကန့်လန့်ကာတွေကို ချခိုင်းလို့ ရနိုင်တယ်လား ?"
ရှီးချင်းရွှမ်က တုန်ယင်နေတုန်းရှိသေးပြီး ပြန်ဖြေလာတယ် ။
" ရတယ်လေ ဘာမှတော့ ထွေထူးမဟုတ်ပါဘူး ကုသိုလ်တော် တစ်သိန်းလောက် လှူလိုက်ရင်ရပါတယ် ! "
"....."
ရှဲ့လျန်အတွက် ဘာမှ ပြန်ပြောစရာ မရှိဖြစ်သွားချိန်မှာပဲ တတိယအလှည့်ဟာ စတင်တော့တယ် ။ ဒီတစ်ကြိမ်တော့ မိုးခြိမ်းသံဟာ သိပ်ကြာကြာ မြည်ဟည်းမနေဘဲ အရက်ခွက်ဟာ ရှဲ့လျန်ရဲ့ ဘေးမှာ ထိုင်နေတဲ့ လူငယ်လေးဆီ ကမ်းပေးခံရတယ် ။
ဒါကိုမြင်တော့ နတ်မင်းအပေါင်းဆီက တုန့်ပြန်မှု အမူအရာတွေဟာ တစ်မျိုး ထူးဆန်းသွားသလိုပဲ ။ ပြင်းပြထက်သန်တာလည်း မဟုတ် ၊ အေးစက်စက် စိတ်မဝင်စားသလိုလဲမဟုတ်နဲ့ ။ ဒါပေမဲ့ အဲဒါကိုလည်း သိပ်သိသာမနေစေချင်ကြဘူး ။ အဲဒီလူငယ်လေးကတော့ ဒီကစားနည်းကို သိပ်စိတ်ဝင်စားဟန်မပြပေမဲ့ အရက်ကိုတော့ သောက်ချလိုက်တယ် ။ သူက အရက်ခွက်ကို ပြန်ချလိုက်ချိန် ကန့်လန့်ကာတွေဟာ နောက်တစ်ကြိမ် မြင့်တက်လာပြန်တယ် ။
အဲဒီစင်မြင့်ထက်မှာ လူနှစ်ယောက်ရပ်နေတယ် ။ တစ်ယောက်က ငယ်ရွယ်တဲ့ စစ်သူကြီးလေး ၊ သူ့ တစ်ခေါင်းလုံးက ဆံပင်တွေဟာ ကျောက်ခြင်္သေ့ရုပ်ထုက လည်ဆံမွှေးတွေလိုပဲ လိပ်ခွေခွေနဲ့ ။ သူက အတော်လေး ဟိတ်ကြီးဟန်ကြီးနိုင်သလိုပေမဲ့ သန်မြန်ပြီး ရဲစွမ်းသတ္တိရှိကာ သူရဲကောင်းဆန်တယ် ။ ဒါကြောင့် သူက ဒီငယ်ရွယ်တဲ့ နတ်မင်းနေရာမှာ သရုပ်ဆောင်တဲ့သူပဲ ဖြစ်ရမယ် ။ ကျန်တစ်ယောက်ကတော့ နှုတ်ခမ်းချွန်ချွန် မေးသွယ်သွယ်နဲ့ အသုံးမကျတဲ့ လူပြက်လိုပဲ သရုပ်ဆောင်နေပြီး စင်မြင့်တစ်ခုလုံး ခုန်ပေါက်ပြေးလွှားသွားလာနေတယ် ။ လူငယ်လေးက သူနဲ့ မျက်နှာချင်းဆိုင်လိုက်တဲ့အခါ သူက လေးလေးနက်နက် အမှုအရာဖြစ်သွားပေမဲ့ အတော်လေး မသတီချင်စရာ စက်ဆုပ်ရွံရှာဖွယ် ကောင်းတယ် ။ အဲဒီလူငယ်လေးက တစ်ဖက်လှည့်သွားတဲ့အခါ ထိုသူဟာ နောက်ကွယ်မှာ မဲ့ရွဲ့ပြလိုက်ပြီး နောက်ကျောကနေ ဓားနဲ့ ထိုးလိုက်တယ် ။ ဒါက ရှေ့တင်တစ်မျိုး ကွယ်ရာတစ်မျိုး လုပ်တတ်တဲ့ ကလိန်ကလယ် လူယုတ်မာတစ်ယောက်ရဲ့ ဇာတ်ရုပ်ဆိုတာ သံသယဖြစ်စရာမလိုတော့ ။
အဲဒီ လူပြက်ဟာ ရူးကြောင်ကြောင် ရယ်စရာဟာသဇာတ်မြူးတစ်ခုလို အလွန်အမင်း ကွန့်ညွှန့်ကာ အားကြိုးမာန်တက်နဲ့ သရုပ်ဆောင်ပြနေပေမဲ့ ပရိသတ်ထဲက နတ်မင်းတွေရဲ့ တုန့်ပြန်ချက်တွေက အင်မတန်ကွာခြားမှုတွေ ရှိနေတယ် ။ ရှဲ့လျန်သတိပြုမိတာ တစ်ခုက အဆင့်နိမ့်သေးတဲ့ နတ်မင်းတွေအားလုံးဟာ ခွက်ထိုးခွက်လန်ရယ်မောနေကြချိန် ရှီးချင်းရွှမ်တို့ ရှီးဝူတုတို့လို အဆင်မြင့်နတ်မင်းတွေက ဘာစကားမှ မဆိုဘဲ မျက်မှောင်တွေသာ ကျုတ်ထားကြတယ် ။ ဒီပြဇာတ်ကို ဘယ်လိုမှ ရယ်ရွှင်မြူးစရာလို့ မထင်ကြသလိုနဲ့ ။ အဲဒီအချိန် သူ့ဘေးက လူငယ်လေးရဲ့ လက်သီးဆုတ်တွေပေါ်မှာ ရုတ်ခြည်းဆိုသလို အကျောတွေထောင်ထလာတာကိုလည်း သတိပြုမိလိုက်ပြီး ရှဲ့လျန်ဟာ သတိအနေအထား ဖြစ်လာတယ် ။ စင်မြင့်ပေါ်မှာ ဘာတွေ ဖြစ်နေတာမှန်း သူနားမလည်သော်ငြားလည်း ဒါဟာ တစ်ပါးသူကို စော်ကားမှု တစ်ခုဖြစ်တယ်ဆိုတာ သူမှန်းမိနိုင်သေးတယ် ။ ဒါ့အပြင် ဘယ်သူက ဘယ်သူမှန်း သူမသိတာတောင် ဒီပြဇာတ်ရဲ့ စီစဉ်ရေးသားဖွဲ့စည်းထားမှု ပုံစံဟာ လူကို အလွန်အမင်း မသက်မသာ ဖြစ်စေတယ်လို့ ထင်မြင်မိတယ် ။ အဲဒီ လူငယ်လေးဟာ လက်သီးနဲ့ ပစ်ထိုးဖို့ အဆင်သင့်ဖြစ်နေသလို ထင်ရတာကြောင့် ရှဲ့လျန်က စားပွဲပေါ်က တူတစ်ချောင်းကို ကောက်ယူပြီး ကန့်လန့်ကာကို ချည်နှောင်ထားတဲ့ ကြိုးဆီကို လှမ်းပစ်လိုက်တယ် ။
အဲဒီ သိပ်မချွန်တဲ့ တူဟာ ပျံထွက်သွားပြီ ကြိုးဆီကို ပွတ်ခါသီခါ ထိသွားကာ အမှန်တကယ်ပဲ ဖြတ်ချလိုက်တယ် ။ ကန့်လန့်ကာတွေဟာ ဝုန်းခနဲ ပြုတ်ကျလာပြီး နတ်မင်းအပေါင်းတို့ အထိတ်တလန့် ထအော်ကြတော့တယ် ။
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ?"
" ဘာတွေဖြစ်ကုန်တာလဲ ?"
သူတို့အားလုံးဟာ ရှဲ့လျန်ကို လှမ်းကြည့်လာကြပြီး တချို့က ထတောင်ရပ်လိုက်ကြတယ် ။ ရှဲ့လျန်က ပါးစပ်ဟတော့မဲ့ဆဲဆဲ တဆက်တည်းမှာပဲ ဘေးက တစ်စုံတစ်ခု ပေါက်ကွဲသံမျိုး သူ့နားထဲ ကြားလိုက်ရတယ် ။ ကြည့်ရတာ အဲဒီလူငယ်လေးက သူ့လက်ထဲက ကျောက်စိမ်းအရက်ခွက်ငယ်ကလေးကို အစိတ်စိတ်အမွှာမွှာခွဲပစ်ဟန်တူတယ် ။
အဲဒီပြဇာတ်ဟာ သူ့ကို ဗြုန်းခနဲ ဒေါသအမျက်ခြောင်းခြောင်းထွက်အောင် ဆွပေးလိုက်ပုံပေါ်တယ် ။ သူဟာ လက်သီးဆုတ်ထဲက ကျောက်စိမ်းခွက်အကွဲစတွေကို အဝေးကို လွင့်ပစ်လိုက်ပြီး ခုန်ထလိုက်ကာ စားပွဲပေါ်လွှားခနဲ ခုန်တက်လိုက်ပြီးနောက် သူ့ခြေထောက်နဲ့ တွန်းကန်ကာ ပြခန်း စင်မြင့်ဆီ ခုန်ဝင်သွားပြီး ကန့်လန့်ကာတွေကြားထဲဖြတ်ဝင်သွားတယ် ။ နတ်မင်းအချို့ဟာ အသည်းအသန်ပြေးလာပြီး ကန့်လန့်ကာတွေကို မြင့်,မလိုက်ပေမဲ့ အထဲမှာ ဘယ်သူမှ မရှိတော့ဘူး ။ လူအုပ်ထဲ အုတ်အုတ်ကျက်ကျက် ဆူဆူညံညံတွေ ဖြစ်ကုန်ကြတယ် ။
" မကောင်းတော့ဘူး မကောင်းတော့ဘူး ဒုက္ခပဲ အရှင့်သား ချီရင်း ဆင်းသွားပြီး လူတွေကို ထပ်သွားရိုက်ပြန်ပြီ ! "
ရှဲ့လျန်စိတ်ထဲက တွေးလိုက်မိတယ် ။
[ ချီရင်း ? ချီရင်းနန်းဆောင် ? အနောက်အရပ်ရဲ့ စစ်နတ်မင်း ချွမ်ယိကျန်း ? ]
သူချက်ချင်းပဲ ရှီးချင်းရွှမ်ကို မေးလိုက်တယ် ။
" အရှင်လေနတ်မင်း ဘယ်လိုဖြစ်တာလဲ ? အရှင့်သား ချီရင်းက လူတွေကို သွားရိုက်ပြန်ပြီဆိုတာ ဘယ်လိုဖြစ်တာလဲ ?"
ရှီးချင်းရွှမ်က အသိစိတ်ပြန်ဝင်လာပြီး ပြန်ဖြေတယ် ။
" လူရိုက်တာက ... အင်း.. လူရိုက်တာပေါ့လေ .. အဟမ်း .. သင် ယုံချင်မှတော့ ယုံလိမ့်မယ် ဒါပေမဲ့ ချီရင်းက သူ့ရဲ့ ကိုးကွယ်ပူဇော်သူတွေကို မကြာခဏ ရိုက်နှက်လေ့ရှိတယ် "
"........"
နတ်မင်းတစ်ပါးက ကိုယ့်ရဲ့ ကိုးကွယ်ယုံကြည်သူတွေကို ကိုယ်ထိလက်ရောက် ကျူးလွန်ရဲတယ် ဆိုတာမျိုးကို သူတကယ် ဒါပထမဆုံးအနေနဲ့ ကြားဖူးတာပဲ ။ ဒါက ကိုးကွယ် ယုံကြည်သူတွေရဲ့ စိတ်တွင်းမှာ နတ်မင်းရဲ့ ပုံရိပ်ကို ဖျက်ဆီးပစ်လိုက်နိုင်တဲ့ ကိစ္စလေ ။ သူဆက်ပြီး မေးမြန်းချင်နေသေးပေမဲ့ အောက်က နတ်မင်းတချို့ မကျေမနပ်ပြောဆိုနေတာကို ကြားလိုက်ရတယ် ။
" ချီ တစ်ယောက်ကတော့ အတော်လေး မရင့်ကျက်တာပဲ အားလုံးက အပျော်ကစားကြတာပဲလေ သူ့အနေနဲ့ နည်းနည်းပါးပါးလေးတော့ ပူးပေါင်းပါဝင်ရမယ်ဆိုတာ မသိဘူးလား ? မရွေးချယ်ခံရတာ ဘယ်သူရှိလို့တုံး ? စစ်သူကြီးဖေနဲ့ လင်းဝမ် ကျန်းကျွင်းတောင် ရယ်နေကြတာပဲ မဟုတ်လား ? နောက်ပြီးတော့ ဟာသ လုပ်ခံရတာ သူလည်းမှ မဟုတ်တာကို ဘာလို့ ဒီလောက်တောင် စိတ်ဆိုးရတာလဲ ?"
" အေးလေ ! အဲဒီလူက သူ့အတွက်သူ သိပ်တွေးလွန်းတာပဲ ! သူစိတ်ဆိုးရင်တောင်မှ ဒီအချိန်ကြီးမှာ ထပေါက်ကွဲသင့်လို့လား ? ပျော်ပျော်ရွှင်ရွှင် စားပွဲသောက်ပွဲကို ဘယ်သူက သူ စိတ်ဆိုးဒေါသထွက်တာ ကြည့်ချင်မှာမို့လဲ ? တကယ်ပါပဲ ..."
" ထားလိုက်ပါတော့ ထားလိုက်ပါတော့ ကမူးရှူးထိုးနိုင်တဲ့ ကလေးက ကမူးရှူးထိုးနိုင်တဲ့ကလေးပဲ သူလည်း သွားပြီ သူမရှိတော့ ပိုပျော်ဖို့ ကောင်းသွားတာပါပဲ"
သူတို့ ပြောတာတွေ နားထောင်ရင်း ရှဲ့လျန်လည်း အတွေးနက်နေမိတယ် ။ စားပွဲသောက်ပွဲက ယာယီအခိုက်အတန့်တစ်ခုသာ အလျဉ်ပြတ်သွားပြီး လင်းဝမ်က ချွမ်ယိကျန်းကိစ္စကို လူလွှတ် စီစဉ် ဖြေရှင်းလိုက်ပြီ ထင်ရတယ် ။ အချို့သော နတ်မင်းတွေ ထွက်လာပြီး အခြားသူတွေကို နှစ်သိမ့်ပြောဆိုပေးပြီးနောက် စားပွဲသောက်ပွဲနဲ့ ကစားပွဲဟာ ဆက်လက်ကျင်းပတော့တယ် ။ ဒါကြောင့် မိုးခြိမ်းသံဟာ ထွက်ပေါ်လာပြီး စည်တီးပန်းကမ်း ( ပါဆယ်ဂိမ်း ) စတုတ္ထ အလှည့်စတင်တော့တယ် ။
အစကတော့ ရှဲ့လျန်ဟာ တခြားသူတွေ ကစားတာကို ကြည့်ရှုရုံသာ ။ သူ့အနေနဲ့ ပျော်ဝင် အသားကျမသွားသလို တခြားသူတွေရဲ့ အပျော်တွေကလည်း သူ့ကို စိတ်အနှောက်အယှက် မဖြစ်စေခဲ့ဘူး ။ သူ ဒီလိုပဲ ရှီးချင်းရွှမ်ကို စကားလှမ်းပြောတော့မဲ့ ဆဲဆဲ ရုတ်တရက် လက်တစ်ဖက်ဟာ သူ့ဆီကို ဆန့်တန်းလာပြီး ကျောက်စိမ်းဖြူရောင် အရက်ခွက်ကို ကမ်းပေးလာလိမ့်မယ်လို့ ဘယ်သူသိမှာလဲ ။
TBC