"ငယ်ထွေးအခုတလောငြိမ်နေတယ်လို့မထင်ဘူး
လားဖိုးထောင်..."
"အေးနော်...ငါလဲသတိထားမိတယ်
ဖိုးထောင်...မင်းစူပါကတ်နဲ့..ငယ်ထွေးအိမ်ဘက်
တစ်ချက်လောက်သွားကြည့်ပါလား.."
"သူ ကျောင်းဆရာကိုကျော်စွာနဲ့ ဟိုတလောက
မြို့တက်သွားတယ်လို့တော့ကြားတယ်
အေး...ငါတစ်ချက်လောက်သူ့အိမ်ဘက်သွားကြည့်
ဦးမယ်...အခုတလော...မပြိုင်ရလို့လားမသိဘူး
နေရထိုင်ရသိပ်မကောင်းဘူးကွ"
"သွား..သွား..."
ဖိုးထောင်နှင့်သာဂိ စူပါကတ်လေးဖွတ်ချက်ဖွတ်ချက်
နှင့် ငယ်ထွေးတို့ဝိုင်းဘက်သို့ရောက်လာသည်။
"ဟ...ဖိုးထောင်...ငယ်ထွေးတို့ဝိုင်းရှေ့မှာ
ကားရပ်ထားတယ်ဟ"
"မြင်ပါတယ်ကွ"
ဝိုင်းရှေ့ရပ်ထားသည့် ဟိုင်းလတ်ကားတစ်စီးကို
မြင်တော့ ဖိုးထောင် တွေးစရာရသွားသည်။
သူတို့ကြည့်နေစဥ်မှာပဲ အိမ်ဝိုင်းထဲကထွက်လာ
သည့် ငယ်ထွေးနှင့်ငခွေးကြောင့် ဆိုင်ကယ်ကို
သရက်ပင်နောက်သို့တွန်း၍ ရပ်လိုက်ကာ သရက်
ပင်အကွယ်ကချောင်းကြည့်လိုက်သည်။
"ငယ်ထွေး ကားမောင်းသွားတာကွ"
"ဒါဆို အဲ့ဒီကားက ငယ်ထွေးဝယ်ထားတာပေါ့"
"ဖြစ်နိုင်တယ်..သူအခုတလော ကျောင်းဆရာနဲ့
မြို့ကိုခဏခဏသွားနေတာ ကားဝယ်ဖို့ထင်တယ်"
"တောက်....ညံ့လိုက်တဲ့ငါကွာ...ဘာလို့မသိခဲ့ရ
တာပါလိမ့်..."
"ငယ်ထွေးကအရင်လိုမဟုတ်တော့ဘူးကွ
အရင်ကဆို သူတစ်ခုခုလုပ်မယ်ဆို ငါတို့ကြိုသိ
ရတယ်...အခုတော့ ကားဝယ်လိုက်တာတောင်
မသိလိုက်ရဘူး"
ဖိုးထောင် မချင့်မရဲနှင့် သရက်ပင်ကို လက်သီးဖြင့်
ခပ်ဖွဖွထိုးလိုက်ရင်းက ရေရွတ်သည်။
"ငါတို့ နောက်ကလိုက်ကြည့်ရင်ကောင်းမလား
ဖိုးထောင်..."
"အေး..လိုက်ကြည့်ရအောင်..."
...............
"ကိုကြီးသာမောင်...ဘယ်လိုမောင်းနေတာလဲ...
ဒုက္ခပဲ..ဒီလိုသာဆက်မောင်းနေရင်...လူကော
ကားကော တစ်စစီဖြစ်တော့မယ်..."
ငယ်ထွေး ဂီယာတိုင်ကို ကိုင်ထားရင်းက
အစ်ကိုဖြစ်သူသာမောင်ကို ပြောလေတော့
ငခွေးက အလယ်မှာထိုင်နေသည့် ငယ်ထွေး
ပေါင်ကိုတစ်ချက်ရိုက်ကာ
"ဟုတ်ပဟယ်....အစ်ကိုသာမောင်ကလဲ...
ကားလေးတောင်သေချာမမောင်းတတ်ဘူး..."
"ဟဲ့...ငခွေး...ငါကတစ်သက်လုံး နွားလှည်းပဲ
မောင်းလာတာ...အခုချက်ချင်းကြီးကားမောင်း
သင်တော့ဘယ်လိုလုပ် တတ်မလဲ"
ကားခေါင်းထဲ သုံးယောက်ထိုင်၍ အပြန်အလှန်
စကားနိုင်လုနေကြသောသုံးယောက် ။
ရွာပြင်စားကျက်ကွင်းထဲ ငယ်ထွေးက သာမောင့်
ကို ကားမောင်းသင်ပေးနေခြင်းဖြစ်သည်။
သာမောင် စတီယာခွေကို ဆုပ်ကိုင်ထားရင်းမှ
ခန္ဓာကိုယ်က ခပ်တောင့်တောင့်ထိုင်နေကာ
ရှေ့တည့်တည့်ကို မျက်လုံးအပြူးသားနှင့်
ကြည့်နေသည်။
စားကျက်ကွင်းဆိုတာ ငယ်ထွေးတို့ရာဇဝင်မှာ
သိပ်စိမ်းတဲ့နေရာမဟုတ်။
မနှစ်ကပဲ ဖိုးထောင်နှင့်နွားလှည်းပြိုင်မောင်း
ခဲ့ကြရာမှ နွားတွေလန့်ပြီး စားကျက်ကွင်းအနီးရှိ
ဦးလေးသာလှရဲ့ စိုက်ခင်းတွေထဲဝင်ပြေးသော
ကြောင့် အလျော်ပေးလိုက်ရသေးတာ အားလုံး
အသိ။
အခုလဲ ဦးသာလှတစ်ယောက် စားကျက်ကွင်းထဲ
ငယ်ထွေးတစ်ယောက် ကားတစ်စီးမောင်းဝင်လာ
သည်နှင့် မျက်ခုံးခပ်လှုပ်လှုပ်ဖြစ်နေချေပြီ။
"အင်း...ငယ်ထွေးကတော့ ဘာတွေကြံစီနေပြန်သလဲ
မသိဘူး...ငါတော့မျက်ခုံးခပ်လှုပ်လှုပ်ပဲဟေ့..."
ခြံစည်းရိုးနားမက်တပ်ရပ်၍ စားကျက်ကွင်းထဲ
လှမ်းကြည့်ရင်း သူရေရွတ်လိုက်တော့ သူ့မိန်းမ
ဒေါ်ခင်မြိုင်က တဲထဲကထွက်လာကာ
"အေးတော်...သူကြီးလဲ..သူ့သမီးကိုမနိုင်တော့ဘူး
ထင်ပါ့....လှည်းမောင်းတောင်အင်မတန်ကြမ်းတာ.
တလောတုန်းက ထော်လာဂျီဝယ်ပေးလိုက်သေး
တယ်လေ...နို့ပေမယ့် ဘာသံမှတော့မကြားမိပါ
ဘူး...ဘယ်သူဘယ်ဝါမှ ဝင်တိုက်သံ မကြား
ရဘူးတော့..."
"အင်း...အခုလဲ မော်တော်ကားဝယ်ပေးလိုက်ပြီ
ထင်ရဲ့....ကျောင်းဆရာလေးနဲ့ မြို့တက်သွား
ဝယ်တာဖြစ်မယ်...ရွာမှာအခုလိုဖွံ့ဖြိုးတိုးတက်လာ
တာကောင်းပါတယ်...ဒါပေမယ့် ငယ်ထွေးကား
မောင်းမှာကိုတော့ ခပ်လန့်လန့်ပဲဟေ့..."
"ကျောင်းဆရာလေးသင်ပေးထားရင်တော့
စိတ်ချရမှာပါတော်..."
"အေး...စိတ်ချချင်ပါတယ်...
မဟုတ်ရင်...ဒီစားကျက်ကွင်းရှိနေသ၍...
ငါလဲ...ဘယ်နေ့..ငယ်ထွေးပြဿနာရှာဦးမလဲ
တွေးပူနေရမှာ..."
"ဟင်း...."
...........
တစ်ပတ်ကြာပြီးနောက်
"မောင့်.မူပိုင်.ရှင်....မောင့်မူပိုင်ရှင်...
ဟင်....."
သီချင်းလေးတညည်းညဉ်းနှင့်
မှန်ရှေ့ရပ်ကာ ဆံပင်ကိုအုန်းဆီလူး၍ နောက်သို့
သေချာလှန်ကာ ဖြီးသင်နေသည့် ငယ်ထွေး။
ငခွေးက ကွတ်ပျစ်ပေါ်မှာ ဒူးတစ်ဖက်ထောင်
၍ထိုင်နေရာမှ ငယ်ထွေးကို ကြည့်လိုက် တိုင်မှာ
ချိတ်ထားသည့် ရှေးဟောင်းချိန်သီး နာရီကြီးကို
ကြည့်လိုက်နှင့်
"ဟဲ့...အထွေး...မပြီးတော့ဘူးလား...တော်ကြာ
မြလေးက ဟိုမှာစောင့်နေရမယ်နော်...နင့်မလဲ
ရှင်ဘုရင်တစ်ခါထွက် ပဲကြီးတစ်လှေချက်
ဖြစ်နေပြီ...မြို့တစ်ခါသွားမှာ ဇာတ်မင်းသား
ရှုံးလောက်ရဲ့...ပြင်လို့ကိုမပြီးတော့ဘူး...
ပေါင်ဒါနံ့တွေကလဲ မွှန်ထွန်နေတာပဲ..."
ငယ်ထွေး မှန်ကြည့်နေရာမှ ငခွေးဘက်သို့လှည့်
လာကာ
"အမယ်...ငါ့လာပြောနေတယ်..နင်ကျတော့ကော
ရွာလယ်က နတ်ကတော် မသန်း ကျနေတာ
ပဲ..မရှိတဲ့ဆံပင်ကိုအလယ်ခွဲလို့ သနပ်ခါးအဖွေး
သားနဲ့...နင့်ပုံနင်မှန်ထဲလာကြည့်ဦး...."
ငခွေးက ဘာမှပြန်မပြောပဲ ငယ်ထွေးကိုမျက်စောင်း
ခဲကာ ရေနွေးတစ်ခွက်သောက်လိုက်သည်။
မြို့တက်ရမည်ဆို၍ မနှစ်က အပျိုကြီးဆီမှဝယ်ထားသည့် ပွင့်ရိုက်ရှပ်အင်္ကျီလက်ရှည်နှင့်ပိုးပုဆိုး
အဝါရောင်ကိုထုတ်ဝတ်ထားသည်။
မီးပူကော့နေအောင်တိုက်ထား၍ ခေါက်ချိုးရာ
ကမပြေ။ ပရုပ်လုံးနံ့ကခပ်သင်းသင်း။
မရှိသည့်ဆံပင်ကို အုန်းဆီလူးထားသောကြောင့်
ဆီများပြီး နဖူးထက်တဝင်းဝင်းဖြစ်နေသည်။
သနပ်ခါးကိုမှုန်နေအောင်လိမ်း၍ ပါးကွက်ပင်
သေချာကွက်ထားသေးသည်။
ပုဆိုးကိုခြေမျက်စိလုံအောင် ခပ်ရှည်ရှည်ဝတ်ထား
ပြီး ရှပ်အင်္ကျီကို ကြယ်သီးစေ့တပ်ထားတာကြောင့်
သူ့ပုံက ငယ်ထွေးပြောသလို နတ်ကတော် မသန်းရဲ့
ပုံထွက်နေသည်ကတော့အမှန်ပေ။
ဝယ်ထားပြီးကတည်းကတစ်ခါမှမစီးရသေးသော
ကတ္တီပါဖိနပ်ကို ဗူးထဲကထုတ်ကာ ဖုန်ခါပြီးနောက်
စီးကြည့်လိုက်တော့ ဖိနပ်ကအနည်းငယ်ပင် သေး
နေချေပြီ။
သို့ပေမယ့် မတော်တော်အောင် အတင်းထိုးစီး
လိုက်သည်။
"ဟဲ့....ဖိနပ်အသစ်ဆိုကိုက်ပြီးမှစီးရတယ်...
မဟုတ်ရင် ဖိနပ်ပေါက်လိမ့်မယ်.."
"ဟုတ်သား...ငါမေ့သွားတယ်"
ငခွေးက ငယ်ထွေးကိုမော့ကြည့်ကာ စီးထားသည့်
ဖိနပ်ကိုပြန်ချွတ်လိုက်ပြီး ဖိနပ်ကြိုးကိုကိုက်လိုက်
သည်။
ငယ်ထွေးကတော့ မြလေးငုံဝယ်ပေးထားသည့်
ပင်နီလည်ကတုံး ရှပ်လက်တိုလေးကို အရင်တစ်
ခေါက်မြို့တက်တုန်းကဝယ်ထားသည့် ဘောင်းဘီ
တစ်ထည်နှင့်တွဲဝတ်ထားသည်။
ငခွေးက မြို့ကိုတစ်ခေါက်မှမရောက်သေး၍
စိတ်လှုပ်ရှားနေသလို ငယ်ထွေးကတော့ တခြား
အကြောင်းကြောင့် စိတ်လှုပ်ရှားနေလေသည်။
"ဟဲ့....ခုနှစ်နာရီထိုးတော့မယ်..အခုထိမသွားကြသေးဘူးလား..."
သူကြီးက အိမ်အပေါ်ထပ်မှဆင်းလာရင်းပြော
သည်။
ထိုအခါမှ ငယ်ထွေး မှန်ရှေ့ကခွာသည်။
"ဟုတ်သား...ငခွေး...သွားမယ်...မြန်မြန်လုပ်.."
"အမလေး..ငါကပြီးတာကြာပေါ့...နင်သာ
ပြင်လို့မပြီးနေတာ..မသိရင် ရည်းစားနဲ့သွား
တွေ့မှကျနေတာပဲ..."
ငခွေးကပြောပြောဆိုဆိုပင် အိမ်ထဲကနေ
ကော့တော့ကော့တော့နှင့်ထွက်သွားလေသည်။
ငယ်ထွေးကတော့ သူ့စကားကြောင့် အနည်း
ငယ် အိုးမလုံဖြစ်သွားသည်။
"ဟဲ့...ဖြည်းဖြည်းမောင်းကြဦးနော်..."
"ဟုတ်ကဲ့ အဘ"
..........
မြို့ကိုရောက်တော့ မြလေးငုံရဲ့အဒေါ်အိမ်သို့
သွားကြိုရသည်။
ငခွေးက ကားတွေ ဆိုင်ကယ်တွေနှင့် စည်စည်
ကားကားဖြစ်နေသည်ကိုအထူးဆန်းနှင့် မျက်
တောင်မခပ်တန်းလိုက်ကြည့်နေလေသည်။
"ဟယ်တော်...အထွေးရယ်...ငါတို့ရွာနဲ့တခြား
စီပဲနော်..ငါဖြင့် မြို့မှာနေချင်လိုက်တာ.."
"မြို့ မှာနေချင် မြို့သားကိုလင်တော်လိုက်ပေါ့
မိခွေးမရဲ့..."
"ဟဲ့...နင်အဲ့စကား..သူကြီးရှေ့မှာမပြောနဲ့နော်
ငါ့ကိုသတ်လိမ့်မယ်...ငါ့မှာ အုံ့ပုံးလေးနေနေရ
တာ...သူ့ရှေ့ဆို မနွဲ့ရဲဘူး.."
ငခွေးက ကားမောင်းနေသည့် ငယ်ထွေးရဲ့လက်မောင်းကို လှမ်းရိုက်ရင်းက ပြာပြာသလဲ
ဆိုသည်။
ငယ်ထွေး အူလှိုက်သည်းလှိုက်ရယ်လိုက်ပြီးနောက်
"အမလေး...နင်ခြောက်တာ တစ်ရွာလုံးသိတယ်
မသိချင်ယောင်ဆောင်နေကြတာ...
ဟန်ဆောင်မနေနဲ့...အလကားပဲ..."
ငယ်ထွေး ထိုသို့ပြောလိုက်တော့ ငခွေး ငြိမ်ကျ
သွားသည်။
ခဏကြာမှ
"ဒါပေမယ့်လဲ...သူကြီးကကြိုက်မှာမဟုတ်ဘူး
တော်ကြာ ငါ့ကိုအိမ်ပေါ်ကနှင်ချ..ငါဘယ်သွား
နေရမလဲ...တခြားဆွေမျိုးသားချင်းကလဲ
ရှိတာမှမဟုတ်တာ..."
"ငါတစ်ယောက်လုံးရှိတယ်...ဘာမှတွေးပူမနေနဲ့
အဘနင့်ကိုနှင်ချလဲ ငါကခေါ်ထားမှာ..."
ငခွေးအမေ ဒေါ်မြကြွယ်က ငယ်ထွေးအမေ
ဒေါ်လှကြွယ်ရဲ့ညီမအရင်း။
ဒေါ်မြကြွယ် ငခွေးကိုမွေးပြီး မီးတွင်းထဲက
မထွက်ရသေးခင် ငခွေးအဖေ ဦးတော့ ပိုးထိ၍
ဆုံးသည်။
သွေးနုသားနုနှင့် ငခွေးအမေလဲ ခင်ပွန်းဖြစ်သူ
စိတ်နှင့်ပင် ဆုံးပါးသွား၍ ငခွေးကို ဒေါ်လှကြွယ်
တို့လင်မယားကပဲ ငယ်စဥ်ကတည်းက မွေးစား
ခဲ့ကြတာဖြစ်သည်။
မြလေးငုံအဒေါ်အိမ်ရှေ့ ကားလေးရပ်ကာ ငယ်ထွေး
က ဟွန်းတစ်ချက်တီးလိုက်သည်။
ထို့နောက် ကားထဲကထွက်ကာ ခြံတံခါးရှေ့ ရပ်စောင့်
နေစဥ် အိမ်ထဲကနေ မြလေးငုံ အပြေးလေးထွက်လာ
တာကိုတွေ့လိုက်ရသည်။
သူဝယ်ပေးထားသည့် ပိတ်စလေးကို ဝမ်းဆက်လေး
ချုပ်ဝတ်ထားသည့် မြလေးငုံကိုမြင်တော့ ငယ်ထွေး
ခြံတံခါး သံတိုင်တွေကို လက်နှစ်ဖက်ဖြင့် ကိုင်ထား
ရင်း မျက်တောင်မခပ်တမ်းငေးကြည့်နေမိသည်။
သူ့ရင်ဘက် ဘယ်ဘက်ခြမ်းက တဒုတ်ဒုတ်နှင့်
အသံဟာ အပြင်ကပင် ကြားလောက်ရဲ့။
မြလေးက ပို၍ပို၍ လှလာသည်။
'ဖြတ်..'
"ဟဲ့..အထွေး...မြလေးနင့်ကိုခေါ်နေတာ အသက်
ထွက်တော့မယ်...တကတည်း...ကြည့်တာလဲကြည့်
ပေါ့...မျက်လုံးကြီးလဲ ကျွတ်ပြီး မြလေးကိုသွား
ကပ်နေဦးမယ်...."
ငခွေး အနောက်ကရောက်လာပြီး ငယ်ထွေးပခုံး
ကိုတစ်ချက်ရိုက်၍ နားနားကပ်ကာ အသိပေး
လိုက်တော့မှ ငယ်ထွေး သတိဝင်လာသည်။
မြလေးက ခြံတံခါးဖွင့်ပေးကာ
"အထဲဝင်ခဲ့ကြဦး...သယ်စရာပစ္စည်းကများတယ်
ဟ...စက်တစ်လုံးလဲပါတယ်..."
"ဘာစက်လဲ..."
"အဝတ်ချုပ်စက်လေ...ဒေါ်လေးကငါ့ကို
အမွေပေးလိုက်မှာ..."
"လာကြဦးကလေးတွေ....ဒီမှာမုန့်တွေပြင်ထား
တယ်...လာကြလာကြ..."
မြလေးငုံရဲ့အဒေါ်ဖြစ်သူက အိမ်ထဲကနေ သူတို့ကို
လှမ်းခေါ်နေသည်။
ငခွေးနှင့် ငယ်ထွေး ခြံထဲဝင်လာကြပြီး မြလေးခေါ်
ရာနောက် လိုက်လာခဲ့ကြသည်။
အိမ်ထဲရောက်တော့ မြလေးရဲ့အဒေါ်က သူတို့ကို
ကြိုဆိုကာ မုန့်နှင့်လက်ဖက်ရည်တိုက်သည်။
ထို့နောက် အာလပသလာပ ပြောဆိုကာ ပစ္စည်း
တွေကားပေါ်သို့တင်ပြီးနောက် မြလေးကိုခေါ်၍ ပြန်လာခဲ့ကြသည်။
>>>>>>>>>>>>>>>>>>>>
3 Feb 2024
မတွေ့ရတာအတော်ကြာပြီနော်
ဒီဇာတ်လမ်းလေးကိုကြိုက်တယ်ဆိုရင်
မှတ်ချက်လေးတွေပေးကြဦးနော်
ဒါမှရေးရတာအားရှိတာဗျို့
ကြိုးစားပါဦးမည်