မနက်စာ ခွံ့ကျွေးပြီးတဲ့အခါ နေ့လည်စာအတွက် ပြင်ဆင်နေတဲ့ နှင်းနုကို ကူလုပ်ပေးရန် သျှားခက်လျှံ မီးဖိုချောင်ထဲ ဝင်သွားလိုက်သည်။
ဆေးလိပ်သောက်ပြီး အိမ်ရှေ့ဝရန်တာမှာ ရပ်နေတဲ့ ခိန်းအနားကို ဇွဲစစ်ရှိန် ချည်းကပ်လိုက်သည်။
"ငါ့ဖုန်း ပျောက်သွားပြီ" ခိန်း ပြောလိုက်သည်။
"အဲ့ဒါ ဘာအဓိပ္ပါယ်လဲ မင်းသိလား? ငါ ယူထားတဲ့ ဒေတာတွေ ပါသွားပြီ back up လည်း မလုပ်ထားရသေးဘူး။ အဲ့ဒါ ဘယ်သူ့ကြောင့်လဲ သိလား?"
"ဘယ်သိမလဲ"
"ဇွဲစစ်ရှိန် မင်း မနောက်နဲ့"
သူ့ကြောင့်ဆိုတာတော့ ဟုတယ် ဒါပေမယ့် ဝန်ခံစရာလား။ ဒါကြောင့် ခပ်တည်တည်နဲ့ မသိချင်ယောင်ဆောင်နေလိုက်တယ်။
ခိန်းပြောလည်း အလကားပဲ ဘာမှ ထူးမှာ မဟုတ်ဘူး။ ဇွဲစစ်ရှိန်ကို သူအလိုလိုက်တာ များသွားပြီ။ ဒါကြောင့်လည်း သူ့ကိုဆို အရူးကွက်နင်းနေတာ။ ကြည့်နေ ဒီကောင်လေး တွေ့မယ် သူ့အကိုရှေ့ကျ ပြားပြားဝပ်နေမှာ။
အကို့ကိုဆို ၂ခွန်းပြန်မပြောရဲမှန်း သိတာကြောင့် ခိန်း ပြောလိုက်သည်
"ပြီးခဲ့တာတွေလည်း ထားလိုက်တော့ ဒီထက်ပိုပြီး ရှင်းရခက်အောင် မလုပ်နဲ့ အိမ်ပြန်ရောက်မှ မင်းအကို ဖြေရှင်းပေးလိမ့်မယ်။ ငါ ခဏနေ ဖုန်းဆက်ပြီး ငါတို့ကို လာကြိုဖို့ လူလွှတ်ခိုင်းလိုက်မယ်"
"ခိန်း ခဏလေး"
"ဘာလဲ?"
"ဖုန်းပြန်ရှာတွေ့ထားတယ်"
"ဘယ်မှာလဲ?"
"အခု ကျွန်တော့်ဆီမှာ ပါမလာဘူး တခြားတယောက်ဆီမှာ သူတို့ ဒီ၁ရက်၂ရက်အတွင်း လာလိမ့်မယ်"
"ဘယ်သူတွေလဲ?"
"နိုင်းခုံကိုသိလား?"
"အင်း"
"သူ့ဆီမှာ"
"ဘယ်လိုကြောင့် သူ့ဆီ ရောက်နေတာလဲ?"
"အဲ့ဒါက.."
တကယ်တမ်း အန်နာဆီကနေမှ တဆင့် ရလိုက်တာ သူပြန်မပြောခဲ့။
"အဲ့ဒါ နောက်မှ ရှင်းပြမယ် လောလောဆယ် ကျွန်တော် ဗိုက်ဆာနေပြီ"
"ခုနကမှ စားထားတာလေ"
"ထပ်ဆာနေပြီ"
"ဟိုတယောက်ကို ဘယ်လိုလုပ်မှာလဲ?"
နာမည်တပ်မပြောပေမယ့် ဘယ်သူ့ကို ပြောမှန်း သူသိသည်။
"ကျွန်တော်နဲ့ တူတူခေါ်သွားမယ်"
"သူ့နေရပ်သူ ပြန်ပို့လိုက်တာ ကောင်းမယ် မလိုအပ်ပဲ ထပ်ပြီး ပြသနာမရှာချင်နဲ့"
ထိုစကားကို ကြားကြားချင်း စိတ်တိုသွားကာ
"ဘာကို ပြသနာလဲ? သူ့ကြောင့်သာ မဟုတ်ရင် အသက်ရှင်လျက် ရှိနေချင်မှ နေမှာ!"
"ကျွန်တော် အခုတည်းက ပြောလိုက်မယ် သျှားခက်လျှံကို ဘာလုပ်မလဲ မလုပ်ဘူး ကျွန်တော်ပဲ ဆုံးဖြတ်မယ် ခင်ဗျား ဝင်မပါနဲ့"
အားးး
ထိုစဥ် မီးဖိုချောင်မှ အော်သံတချို့ ကြားလိုက်သည်။ သျှားခက်လျှံ ဘာဖြစ်သွားလဲ စိုးရိမ်ပြီး အပြေးသွားကြည့်တဲ့အခါ
"ဟီး ဟီး" နှင်းနုက ဖားတကောင်ကို ခြေထောက်ကနေ တွဲလောင်းကိုင်ထားသည်။
"မကြောက်ပါနဲ့ ဘာမှမဖြစ်ဘူး" ထိုသို့ဆိုတာ သျှားခက်လျှံနား တိုးလာတော့
အားးး
"ငါ့အနား မယူလာနဲ့ အဲ့ဒါကြီး" မျက်လုံးစုံမိတ်ကာ အနောက်ကို ဆုတ်လိုက်သည်။
သျှားခက်လျှံ လန့်နေတာကို မြင်ပြီး နုင်းနု တအားသဘောတွေကျပြီး ရယ်မိသည်။ သူတို့ဆီမှာ ငယ်ငယ်တည်းက ဒီလို ဖားတွေ ကြွက်တွေ ဖမ်းနေ ကိုင်နေကြမို့ အစမ်းမဟုတ်။
"ဘာဖြစ်တာလဲ?" ဇွဲစစ်ရှိန် မေးလိုက်သည်။
သျှားခက်လျှံ သူ့အနောက်ဝင်ပုန်းပြီး အနောက်ကနေ နှင်းနုကို ချောင်းကြည့်သည်။ ထို့နောက် ဇွဲစစ်ရှိန်ရဲ့ အကျီစကို ဖွဖွလေး ဆွဲပြီး သူ့ကို အကူညီတောင်းလာသည်။
"အဲ့ကောင်မလေး ငါ့ကို ဖားနဲ့ လိုက်စနေတာ မင်း ပြောပေးပါဦး" အလောတကြီးနဲ့ အားကိုးတကြီး ပြောလာသည်။
ဒုတ် ဒုတ်
ရင်ဘတ်ထဲမှာ ဖားတကောင်များ ဝင်ခုန်နေသလား မသိဘူး။ ရင်ခုန်သံတွေ မြန်လာလိုက်တာ။ အနောက်ကနေ ပုန်းနေပုံလေးက ကလေးလေး တယောက်လို ချစ်စရာကောင်းချက်။ ပုံမှန်ဆို တုတ်ဆွဲမလား ဓါးဆွဲမလား မကြောက်မရွံ့တတ်တဲ့သူက ဖားကြောက်သတဲ့လား.. ဒီတော့လည်း သူ့တယောက်တည်းအတွက် super hero ဖြစ်တဲ့ ကျွန်တော်က ကာကွယ်ပေးရမှာပေါ့!
"ဟေ့ ကောင်မလေး!"
ခပ်တည်တည်နဲ့ တချက်တည်း ဟိန်းတက်သွားအောင် ငေါက်လိုက်တယ်။
"ဒါ စ စရာ မဟုတ်ဘူး"
ခါးထောက်လျက် မာန်အပြည့်နဲ့ လက်ညိုးထိုးပြီး အမိန့်ပေးလိုက်သည်
"မင်း အဲ့ဖားကို အခုလွှတ်လိုက်!"
ကလေးမလေးလည်း အအော်ခံရတော့ လန့်ပြီး တကယ်ပဲ လွှတ်လိုက်သည်။ ဖတ်ကနဲ ကြမ်းပြင်ပေါ် ကျသွားတဲ့ ဖားလေးက ပက်လက်ကလေး မလှုပ်မယှက်နဲ့
"တွေ့လား ဘာမှ မဖြစ်တော့ဘူး မကြောက်နဲ့နော်" တဖက်ကိုလှည့်ပြီး သူ သျှားခက်လျှံကို ပြောလိုက်သည်။
ထိုစဥ် ဖားလေးက ခုန်ဆွခုန်ဆွနဲ့ လှုပ်လာသည်။
သျှားခက်လျှံ လှမ်းမြင်လိုက်ပြီး ဇွဲ အနောက်ကို ထပ်ပုန်းကာ - -
"ဟို ဟိုမှာ" လက်ညှိုးထိုးပြလိုက်သည်။
"ဟိုမှာ ဘာလဲ" သူ့မှာ ကယ်တင်ရှင်လုပ်ပေးပြီး အရမ်းမာန်တက်ချင်နေတာနဲ့ အပြုံးက မရပ်နိုင်သေးဘဲ လက်ညှိုးညွှန်ရာဘက် လှည့်ကြည့်လိုက်သည့်အခါ - -
မျက်လုံးပြူးပြူး ဖားလေးနဲ့ အကြည့်ချင်းဆုံသွားပြီး
အားးးးး
ဇွဲစစ်ရှိန် ထခုန်ပါလေတော့သည်။ သူ့အော်သံကြောင့် ဖားလည်း လန့်ပြီး ခုန်လိုက်သည့်အခါ သူတို့အနား ရောက်လာသည်။ ဖားခုန်တဲ့အခါ လန့်ပြီး သူတို့လည်း ထပ်ခုန်ပြန်သည်။ ဒီလိုနဲ့ မီးဖိုချောင်ထဲမှာ ဘရိတ်ဒန့်စ်ကနေသလို ခုန်လိုက်ပေါက်လိုက်နဲ့။ နောက်ဆုံး မီးဖိုခန်းထဲကနေ ၂ယောက်သား သုတ်ချေတင် ထွက်ပြေးကြတော့သည်။
ဟောဟဲ ဟောဟဲ
"မင်း ဘာလို့ လွှတ်ခိုင်းတာလဲ?!" မောမောနဲ့ မေးလိုက်သည်။
"ဪ မသိဘူးလေ သေနေပီမှတ်လို့ပေါ့"
"မင်းပဲ မကြောက်သလိုပုံစံနဲ့ ဟဟ" သူ့ရှေ့မှာ ရပ်နေတုန်းကတော့ တကယ် အားကိုးရမယ် ထင်ခဲ့တာ။
"ခင်ဗျားရော ကြောက်တာပဲ မလား?"
"ပြီးတော့ အဲ့ကောင် မျက်လုံးပြူးပြူးကြီးနဲ့ ကျွန်တော့်ကို စိုက်ကြည့်တာ"
"ဟားဟားဟား မင်းကို? ဖားက? ဟား ဟား ဖားကပဲ မင်းကို စိုက်ကြည့်ရဦးမယ်!" ပြောရင်း မထိန်းနိုင်ပဲ အားရပါးရ ရယ်မိသည်။
"အရူးလေး" ဒီကောင်လေး မထင်ရင်မထင်သလို ချစ်စရာကောင်းတာပဲ
ဟက်ဟက်ပက်ပက် ရယ်နေတဲ့ ရယ်သံက ကောင်မလေးတွေလို နူးနူးညံ့ညံ့လေးလည်း မဟုတ်။ ပါးချိုင့်ကြီးကတော့ အထင်းသား ပေါ်နေတာပေါ့။ ကိုက်ပစ်ချင်စရာကြီးရယ်။ အလှောင်ခံရပေမယ့်လည်း ဒီလောက် အူယားစရာကောင်းနေတာမို့ သူစိတ်မဆိုးရက်တော့ဘူး။
…
နေ့လည် ထမင်းစားချိန်တွင်
အဖိုးအိုလေးလို တမြုပ်မြုပ် အစားမပျက်တဲ့ သျှားခက်လျှံကို ကြည့်ရင်း ဇွဲစစ်ရှိန် ဆွံ့အနေသည်။
ထမင်းစားပွဲပေါ်မှာ ဆူးပုတ်ရွက်ပဲဟင်း၊ ပန်ထွေဖျော်ရယ် ငြုပ်သီးနဲ့ ရော်ကြော်ထားတဲ့ ဖားသားကြွပ်ကြွပ်လေးရယ်ကို ထမင်းပူပူလေးနဲ့ ခင်းကျင်းထားသည်။ နုင်းနုက ငယ်သေးတယ်ဆိုပေမယ့် ဟင်းချက်တော်သည်။ အမြဲလိုလို တုတ်တုတ်အဖွားကို ဝေယာဝေဆ ကူလုပ်ပေးရင် ဟင်းလည်းကူချက်ပေးရသည်ကိုး။
"ခုနကကျ ကြောက်လွန်းလို့ အသက်ထွက်မတတ်ပဲဆို" မယုံနိုင်ကြည့်ရင်း မေးလိုက်သည်။
"ဟမ်?"
"အဲ့ဒါ အဲ့တုန်းက ကြောက်တာလေ.. ခု မကြောက်တော့ဘူး ရော့ စားဖူးလား?" ဖားပေါင်တဖက်ကို ကိုင်ရင်း ပန်းကန်ထဲ ထည့်ပေးရန် ကမ်းလိုက်သည်။
"မထည့်နဲ့! မစားဘူး" ဖားသားကိုများ ဘယ်လို စားကြတာလဲ မျက်နှာကြီးရှုံ့တွပြီး ပြောလိုက်သည်။
"ဟိ အာ့ဆိုလည်း ငါပိုစားရတာပေါ့" ပြောပြောဆိုဆိုနဲ့ အသားတဖက်ကို ပါးစပ်ထဲ ကောက်ထဲ့လိုက်သည်။
နှင်းနုက ဘေးနားကနေ ကြည့်ရင်း "ကိုကြီး ခုနကတော့ ကြောက်နေပြီးတော့နော် ညမလေး ချက်တာ ဘယ်လိုလဲ စားကောင်းလား?"
"အွန်း ကောင်းတယ်" သူ အစားမပျက် ပြန်ဖြေလိုက်သည်။
"အာ့ဆို နောက်နေ့လည်း ချက်ကျွေးမယ် ကိုကြီး ဘာစားချင်လဲ?" ဇွဲစစ်ရှိန်က နတ်သားလေးလို ချောပေမယ့် နုင်းနု စိတ်ထဲမှာ သျှားခက်လျှံကို ပိုခင်တွယ်မိသည်။ ဘာကြောင့်ရယ် မသိ သူ့အကိုလိုပဲ ခံစားရတယ်။ ဒါပေမယ့် အကိုအရင်း တယောက်လိုတော့လည်း မဟုတ်ပြန်ဘူး။
"နှင်းနု ပင်ပန်းသွားပြီ တကူးတက မလုပ်ပါနဲ့" ထို့သို့ဆိုကာ ခဏနေ သတိရသွားပြီ ထပ်ပြောလိုက်သည်
"ဪ ဒါနဲ့ ဈေးဖိုးတွေ ဘာတွေ လိုရင် သူ့ဆီက တောင်းလို့ရတယ်နော်"
ထိုသို့ဆိုကာ ဇွဲစစ်ရှိန်ဘက် လှည့်ကြည့်လိုက်သည်။
ခိန်းဆီကနေ နုင်းနု အကူညီတောင်းထားကို သူတို့သိပြီးသားဖြစ်သည်။ ထိုကောင်မလေးကိုလည်း သူတို့ကို ဒီမှာ ခဏတည်းခွင့်ပေးဖို့၊ အဲ့အတွက် သူ့အကိုကို သေချာပေါက်ရှာပေးဖို့ အပေးယူလုပ်ပြီးသားဖြစ်သည်။
"ဘာကိစ္စ ကျွန်တော်က ပေးရမှာလဲ? တဖြဲနှဖြဲစားနေတာ ခဗျားမဟုတ်ဘူးလား?"
ကိုကြီးကိုကြီးနဲ့ တော်တော် ကျေနပ်တာ တခုခုလိုချင်တော့ကျ ကျွန်တော့်ဆီ လာမတောင်းနဲ့ ခင်ဗျားရဲ့ အဲ့ညမလေးဆီ သွားတောင်းပါလား?!
ထမင်းစားပြီး သူ့ကို နားနားနေနေ နေဖို့ ပြောပေမယ့် ဇွဲစစ်ရှိန် တယောက်တည်း စိတ်အလိုမကျဖြစ်နေသည်။ အဲ့ကောင်မလေး ဟိုလူကြီးအနားမှာ ကြက်ပေါက်လေးလို တောက်လျောက် အနောက်ကလိုက်ကပ်နေတော့တာ ဟိုတယောက်လည်း ဘာလို့ ငြိမ်ခံနေတာလဲ?! အိပ်ယာပေါ် ဟိုလှည့် ဒီလှည့် စဥ်းစားရင်း စိတ်ရှုပ်လာပြီး ဖုန်းကောက်ကိုင်လိုက်သည်။
ဒီနေရာက လိုင်းကောင်းကောင်းမရဘူး။ ဒါပေမယ့် တချက်တချက် လိုင်းမိတဲ့အခါလည်းရှိသည်။ ### application ကို ဖွင့်ပြီး English လို စာကြောင်းတချို့ အလျင်အမြန် ရိုက်လိုက်သည်။ ထို့နောက် ကိုယ်ရေးထားတာ ခဏသေချာပြန်ဖတ်ပြီး "Add Question" ကို နှိပ်လိုက်သည်။
ဂျွီ
Noti တက်ပြီး ဖုန်းတုန်ခါသွားတာနဲ့ ချက်ချင်းဆိုသလို ကောက်ဖွင့်လိုက်သည်။ ဒါပေမယ့် သူမျှော်လင့်ထားသလို အကြံပေးဖြေပေးတာ မဟုတ်ဘဲ sms တစောင်ဖြစ်နေတဲ့အခါ နည်းနည်းစိတ်ပျက်သွားသည်။ ဒါနဲ့ sms ကို ဖွင့်ဖတ်တဲ့အခါ နိုင်းခုံဆီကဖြစ်ပြီး သူတို့ မနက်ဖြန် ဒါမှ မဟုတ် သဘက်ခါ ထွက်လာမည်ဖြစ်ကြောင်း လျှို့ဝှက်ကုတ်နဲ့ စာလှမ်းပို့ခြင်း။
ဘာလို့ဖုန်းမဆက်တာလဲ ရှည်ရှည်ဝေးဝေး မစဥ်းစားနေတော့ဘဲ ခဏလောက် တမှေးအိပ်ရန် မျက်လုံးပိတ်လိုက်သည်။
ဂျွီ ဂျွီ
ဖုန်းအသံထပ်မြည်လာသည့်အခါ မျက်မှောင်ကျုံ့လျက် ဖွင့်ကြည့်လိုက်သည်။
အပြာနုရောင် theme နဲ့ အွန်လိုင်းလက်ပလက်ဖောင်းပေါ်က သူ့ပို့စ် comment section အောက်မှာ တကယ့်ကို အလေးအနက်နဲ့ အကြံပေးထားကြသည် -
Watermelon candy - 「Girl, you have to let your guard down and be valnurable. Show him your feminie sides and he will fall for you.」
Papapa Expert - 「Ask him to carry your things. Ask him for help. Depend on him. And ask him whether he thinks you're beautiful.」
Comment တွေဖတ်ကြည့်ပြီး ပိုလို့တောင် စိတ်အလိုမကျဖြစ်သွားသည်။ ဒါနဲ့ သူနောက်တခါ သေချာဖတ်ကြည့်ပေမယ့်လည်း ထူးမလာ…
ဇွဲစစ်ရှိန်က တကယ်တော့ သနားစရာကောင်းသည်။ ဆယ်ကျော်သက် အရွယ်တည်းက ပေါင်းလာခဲ့တဲ့ သူငယ်ချင်းတွေက ဂုဏ်အဆင့်အတန်းချင်တူလို့ ပေါင်းနေကြတာသာဖြစ်ပြီး တခုခု တိုင်ပင်စရာ သူငယ်ချင်းဆိုလို့ တယောက်မှ မရှိခဲ့ဘူး။ သူ့ကို တကယ်ခင်တဲ့သူရှိရင်တောင် သူတို့ မိသားစု နောက်ခံကြောင့်ရော နောက်ပြီး ငယ်ငယ်က ပြန်ပေးဆွဲခံခဲ့ရပြီးတည်းက သူစိမ်းတယောက်ကို အလွယ်ယုံကြည်ဖို့ဆိုတာ သူ့အတွက် မဖြစ်နိုင်တဲ့ ကိစ္စပဲ။
ဒါကြောင့် တခုခုဆို သူ့ကို ဘယ်သူဘယ်ဝါမှန်း ဘယ်သူမှမသိတဲ့ ဒီအကောင့်ကနေ ကဗျာလေးတွေ စာလေးတွေ ရေးတင်လေ့ရှိသလို ကိုယ်တိုင်ရိုက်ထားတဲ့ ရှုခင်းပုံလေးတွေ တိရစ္ဆာန်ပုံလေးတွေလည်း တင်ပြီး သူ့ရဲ့ နားခိုရာ ထွက်ပေါက်လေး တခုအဖြစ် ပုန်းရှောင်လေ့ရှိတယ်။
ဘာရယ်မဟုတ် နားခိုရာအဖြစ် ဖန်တီးထားတဲ့ သူ့အကောင့်လေးမှာ follower တွေအများကြီးရှိသလို အမာခံ fan တချို့တောင် ရှိသေးတယ်။ အကောင့်ထဲကသူတွေက သူတင်တဲ့ပို့စ်တွေ ကြည့်ပြီး မိန်းကလေးလို့ပဲ ထင်နေပုံရတာ မသိခဲ့ဘူး။ အခု သူမေးလိုက်တဲ့ မေးခွန်းကို ပြန်ဖြေလာပုံကို ကြည့်ပြီးမှသာ သူ့ကို မိန်းကလေးလို့ ထင်နေမှန်း သိသွားခဲ့တယ်။
တခုမှ သုံးစားမရတဲ့ အကြံတွေပဲ စိတ်ကနေ ရေရွတ်ရင်း ဖုန်း screen ကို ပိတ်လိုက်သည်။
အပြင်ဘက်မှာ ဆူညံသံတွေကြားတာနဲ့ မအိပ်တော့ဘဲ ခြံထဲ ထွက်လာလိုက်သည်။ ခြံဝန်း အရှေ့ဘက်မှာ မကျည်းပင်အကြီးကြီး တပင်ရှိပြီး နှင်းနုက တောင်းတတောင်းနဲ့ ကြွေကျနေတဲ့ မကျည်းသီးတွေ လိုက်ကောက်နေသည်။
"ဟိုတယောက်ရော?"
"ကိုကြီးလား? ဟိုးဘက်မှာ ရေသွားချိုးနေတယ် ကိုကြီး ဇွဲစစ်ရှိန်ရော ရေချိုးချင်လို့လား? လာ သမီးလိုက်ပြပေးမယ်"
ဒီအရပ်မှာက မြို့မှာလို ရေချိုးခန်း အိမ်သာက အိမ်ထဲမှာ တွဲလျက်မဟုတ်။ ရေချိုးချင်ရင် ကျောက်တွင်း၁၂ ပေကျော်တူးထားတဲ့ ရေတွင်းဆီ သွားချိုးရသည်။ တခါတလေ ရေပြတ်နေရင် ဟိုးတွင်းအနက်ထဲကရေကို ဗုံးနဲ့ အပေါ်ထိ ခပ်ထည့်ရတာမျိုးဖြစ်သည်။
"ရတယ် ငါ့ဘာသာ သွားမယ် ဟိုဘက်မလား?"
"အင်း" ခေါင်းတငြိမ့်ငြိမ့်နဲ့ "အဲ့ ခြံစည်းရိုးကျော်ပြီး တည့်တည့်သွား ငှက်ပျော်ပင်တွေ တွေ့ရင် ညာဖက် နားလေးမှာ"
လက်တဖက်က တောင်းကို ဖက်ထားရင် ကျန်တဖက်နဲ့ ညွှန်ပြနေသည်။
ကောင်မလေး ပြောတဲ့အတိုင်း ထွက်လာပြီး ရေတွင်းအနားရောက်သည့်အခါ ဝါဝါဝင်းဝင်း ကျောပြင်တစုံကို မြင်လိုက်ရသည်။ သူအနောက်မှာ ရပ်နေတာကို သတိထားမိပုံမရဘဲ ရေဆက်ခတ်နေသည်။
လေတချက်တိုက်လိုက်သည့်အခါ
ဟချိုး
သျှားခက်လျှံ ချမ်းစိမ့်သွားသည်။ သူလည်း မနက်တည်းက ကလေးမကို အလုပ်တွေ ကူလုပ်ပေးနေတာမို့ ခုမှ အားလို့ ရေချိုးရတာ နည်းနည်းမိုးချုပ်နေပြီ။
"ဒီချိန်ကြီး ရေချိုးမလို့လား?"
ရုတ်တရက် ဘယ်ကမှန်းမသိ အသံထွက်လာတော့ တုန်တက်သွားကာ ဟန်ချက်ပျက်သွားသည်။ ကျောက်ပြားက ရေတွေနဲ့ ချောနေတာမို့ ဖင်ထိုင်လျက် ချော်လဲသွားသည်။
အား ကျွတ် ကျွတ်
"မင်း မပြောမဆိုနဲ့! အသံလေး ဘာလေးပေးပါလား!"
ဓါတ်တိုင်အကြီးအလား ထိုးထိုးထောင်ထောင်နဲ့ သူ့အရှေ့မှာ ရပ်နေတဲ့တယောက်ကို စိတ်တိုတိုနဲ့ အော်လိုက်သည်။
အပေါ်ပိုင်း ဗလာနဲ့ အောက်က ဘောင်းဘီတိုတိုလေး ဝတ်ထားတာ။ အမာရွတ်တွေ အထင်းသားနဲ့ ရင်ဘတ်တခုလုံးရော ကျောတပြင်လုံးပါ ပြည့်နှက်နေသည်။ ဒါကို သူကြည့်ရင်း တခုခုကို ဖောက်ခွဲပစ်ချင်သလို ဖြစ်လာသည်။
"အသံပေးတယ်လေ ခုနက"
စူးစူးစိုက်စိုက် အကြည့်ခံရတဲ့အခါ မနေတတ်တော့ဘဲ သျှားခက်လျှံ ရေကန်ဘောင်ပေါ်က တဘက်ကိုဆွဲယူပြီး အမြန်ကောက်ခြုံလိုက်သည်။
"လာ လာ ထူပေးရမလား ဘယ်နားနာသွားသေးလဲ?"
"မင်းလုပ်တာ ငါဖင်ရိုးကျိုးတော့မယ် ရတယ် ကို့ဘာသာထမယ်" ပြောပြောဆိုဆိုနဲ့ ထရပ်လိုက်သည်။ သူက ရေတွင်းကျောက်ပြားပေါ်မှာမို့ ပိုမြင့်ပေမယ့်လည်း ဇွဲစစ်ရှိန် အရပ်ကိုတော့ မမီသေး။ စကားပြောတဲ့အခါ မောကြည့်ရဆဲ။
ဒီရက်ပိုင်းအတွင်း အရပ်များ ထပ်ထွက်လားသလား ဘာတွေ စားပြီး ဒီလောက် ရှည်နေတာလဲလို့ သျှားခက်လျှံ တွေးနေသည်။
"ဒီချိန်ကြီး ရေချိုးနေတာ မအေးဘူးလား?"
"အင်း နည်းနည်း"
"မြန်မြန်ချိုး ကျွန်တော် ဒီမှာ စောင့်ပေးမယ်"
"ဘာလုပ်ဖို့စောင့်မှာလဲ? ငါရေချိုးမလို့ဟာ အဲ့လိုကြီး ရပ်နေရင် ဘယ်လိုချိုးရမှာလဲ?"
"ချိုးတတ်သလိုချိုးပေါ့" လက်ပိုက်ပြီး ငှက်ပျော်ပင်ကို မီလျက် ဘယ်မှ မသွားဘူးဆိုတဲ့ အထာနဲ့ ပြောလိုက်သည်။
"မချိုးတတ်ပါဘူးဆိုကွာ ဒီကောင်ကတော့!"
ဇွဲစစ်ရှိန် မျက်နှာပျက်သွားပြီး ဆူပုတ်ကာ
"ဘာကို ဒီကောင်လဲ?! ဟိုတယောက်နဲ့ကျတော့ ညမလေး ညမလေး ကိုကြီးကလေနဲ့ တော်တော် ဖြစ်နေတာလား?!"
သျှားခက်လျှံ "...ဟမ်?"
"ဘာကိုဟမ်လဲ အခုမှ တွေ့တဲ့ ကောင်မလေးနဲ့ တော်တော်သာယာနေတာလား? ညဖက် မှောင်တော့မယ် တယောက်တည်း ရေချိုးနေတာ တခုခုဖြစ်မှာစိုးလို့လည်း စောင့်ပေးရသေးတယ် ခင်ဗျား ခင်ဗျားကြီး!" လက်ညှိုးထိုးပြီး မကျေမနပ်နဲ့ ပြောလိုက်သည်။
တကယ်တော့ သူ ပြောစရာရှိလို့ ထွက်လာတာ ခုတော့ ပြောချင်တာတွေတောင် စိတ်ဆိုးပြီး မေ့ကုန်ပြီ။
မဆီမဆိုင် နုင်းနုကိုပါ ဆွဲထဲ့ပြောတော့ သျှားခက်လျှံ နည်းနည်းကြောင်သွားသည်။ ခဏနေမှ သဘောပေါက်ကာ
"မင်းကလည်း ဘာမဟုတ်တာလေးနဲ့ ကလေးနဲ့ လိုက်ပြိုင်နေတယ်။ ကလေးမလို့လား မင်းက"
"ဘာကိုကလေးလဲ!!" ဒီလူကတော့ ဒေါသကို အချွန်နဲ့လာထိုးနေတာ။ ပြန်ထိုးလိုက်ရလို့!
"ကဲ ကဲ အေးပါ ကလေးမဟုတ်ဘူး ဟုတ်ပြီလား ဟချိုး အမေ့"
"အေးနေပြီမလား?"
မျက်စောင်းကြီး ထိုးပြီးမေးလာသည်။
"မြန်မြန်ချိုး စောင့်ပေးမယ်" ဘောင်းဘီအိပ်ကပ်ထဲက ဖုန်းကို ထုတ်ပြီး ဂရုမစိုက်သလိုလိုနဲ့ ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်သည်။
၁၀မိနစ်လောက်အကြာတွင်
"ဟိုလူကြီး တခုမေးစရာရှိတယ်"
ဘယ်ကဟိုလူကြီးလဲ နာမည်လည်း ပြောပြထားပြီးသားကို! ဒါပေမယ့် ပြိုင်မငြင်းနေတော့ဘဲ
"အင်း ပြော"
"အသက်ဘယ်နနှစ်လဲ?"
"20 born"
"၂၃ ပေါ့"
"အင်း"
"20 born ဆိုတော့ တော်တော် အိုနေပြီပဲ ဟဲဟဲ" သူစိတ်ဆိုးတာမြင်ချင်လို့ တမင်စလိုက်သည်။
မင်းဘိုးအေကို အိုရမှာလား? ဒါသက်သက် သူ့ကိုဖဲ့နေတာ။ အဲ့ဒါကြောင့် သူ့ဂွင်ထဲဝင်လို့မဖြစ်ဘူး။
"အင်း ဟုတ်တယ် ငါကအကြီးဆိုတော့ ဝါသနာပါရင် မင်း ထိုင်ရှိခိုးလို့တောင် ရတယ် အကြီးကိုရိုသေ မဆင်းရဲဘူးတဲ့ မကြားဖူးဘူးမလား?"
"မကြားဖူးပါဘူး"
ဟား ဟား ဘယ်ကြားဖူးမလဲ ငါ အခုပဲ လုပ်ကြံပြောလိုက်တာကို။ စိတ်ထဲက လျှာထုတ်ပြောင်ပြလိုက်သည်။
"ရှိမခိုးချင်ပါဘူး ကျွန်တော်က" ငှက်ပျော်ရွက်တရွက်ကို တဆက်ဆက်ဆိတ်ဖဲ့ရင်း ဆက်ပြောသည် "ကျွန်တော်လုပ်ချင်တာက…."
"ကျွန်တော်လုပ်ချင်တာကလေ.."
မျက်နှာကိုဆပ်ပြာသစ်ပြီး မျက်လုံးပြန်ဖွင့်လိုက်တဲ့အခါ အပျိုရှမ်းလေးလို ရှက်နေတဲ့ ဇွဲစစ်ရှိန်ကို မြင်ပြီး သျှားခက်လျှံခေါင်းထဲမှာ question mark တွေ တစီတတန်း ဖြစ်သွားသည်။
ရော ကိုယ်တုံးလုံး ရေချိုးနေတာက ငါပါဟ! ဘာကိစ္စ သူက ရှက်နေရတာတုန်း?
"မင်း ဘာပြောမို့လဲ? ငါပြီးပြီ သွားတော့မယ်"
"ခဏ"
"ရှိတော့ မခိုးချင်ဘူး ဒါပေမယ့်…"
ဒီကောင်လေး နားရွက်ဖျားတွေ ပန်းရောင်ရေးရေးနဲ့ အေးနေပုံရတယ်။
"ဒါပေမယ့်?"
"ဒါပေမယ့် ကိုကို လို့ ခေါ်ချင်တယ်"
သျှားခက်လျှံ "...."
ကိုကို? ယောကျာ်းလေးအချင်းချင်း အဲ့လိုခေါ်ကြလို့လား? သူ့မှာ သက်တူရွယ်တူ ဘော်ဒါတွေပဲ ရှိတာ။ တနှစ်၂နှစ်လောက် ကွာရုံနဲ့လည်း ဘယ်သူမှ အကိုတွေဘာတွေ ခေါ်မနေဘူး။ ဪ သူအရင်လုပ်တဲ့ ရုံးက ဂျူနီယာလေးတယောက်တော့ ရှိတယ်။ သူ့နောက် အမြဲတကောက်ကောက်လိုက်ပြီး အကို အကိုနဲ့။ ဒီကောင်လေးလည်း အဲ့လိုပဲ နေမှာပါလေ
"အင်း ခေါ်လေ" များများစားစား မတွေးဘဲ ခွင့်ပြုလိုက်သည်။
"တကယ်လား?"
ကျေနပ်သွားတဲ့ ပုံစံနဲ့ မေးလာသည်။
"အင်း ကဲ လာ သွားရအောင်"
အဝတ်ဗုံးပိုက်ပြီး အရှေ့က ထွက်သွားတဲ့ လူကြီးကို မတ်တပ်ကြီး ငေးကြည့်နေမိသည်။ မြင်ဖူးသလို ရှိပါတယ် ကြည့်နေတာ အဝတ်ဗုံးထဲ လျော်ထားတဲ့အထဲမှာ သူ့အဝတ်တွေပါ ပါတာပဲ။
"ကိုကို" လှမ်းခေါ်လိုက်သည်။ ဒီလိုခေါ်ရတာ တမျိုးလေးတော့ ဖြစ်နေပေမယ့် ဘာကြောင့်ရယ်မသိ သူပျော်မိတယ်။
သျှားခက်လျှံ အနောက်ပြန်လှည့်ကြည့်ကာ
"ဘာလဲ?"
"ဘာမှမဟုတ်ဘူး"
အပျော်တွေက နှခမ်းဖူးဖူးထက် ကူးစက်ချင်လာတာမို့ မနည်းဖုံးဖိပြီး ဘေးနားအမီ လိုက်သွားကာ
"ပေး ကိုင်ပေးမယ်" အဝတ်ဗုံးကို လှမ်းယူလိုက်သည်။
"ကျွန်တော့်အဝတ်တွေပါ လျော်ပေးထားတာလား?"
"အင်း မင်း လက်နာနေတယ်မလား"
"အိမ်း နောက်ဆို အိမ်မှုကိစ္စ အားကိုးရမယ့် အိမ်သားလေး ရပြီပေါ့"
ဖြန်း
"အား နာတယ် ဘာလို့ ရိုက်တာလဲ လက်ပြတ်ကြီးနဲ့"
"ဘာကို အိမ်သားလဲ? ငါလိုးလေး နောက်ကို ကို့ဟာကိုလျော်!"
"စတာကို.. ဒါနဲ့ တကယ်လား?" ခြံဝန်းထဲ ပြန်ရောက်ခါနီးပြီမို့ ဇွဲစစ်ရှိန် တမင်သက်သက် တလှမ်းချင်း လျောက်နေသည်။
"ဘာကိုလဲ?"
"ငါလိုးလေးဆိုတာလေ" ရုပ်တည်တည်နဲ့ မေးလိုက်သည်။
"မင်းမေ!#@ မင်းက ပြောလေ ပိုဆိုးလေပါလား လာလေ တကယ်လုပ်ထလိုက်လို့!"
နောက်တချက် လှမ်းရိုက်ဖို့ ရွယ်တဲ့အခါ ခြေတံရှည်တွေကြီးနဲ့ ပတ်ပြေးပါတော့သည်။ သူ့လောက် အရပ်မရှည်ပေမယ့် အပြေးသန်တဲ့ သျှားခက်လျှံကလည်း အရှုံးမပေး။
ဒီလိုနဲ့ တောင်ပေါ်ဒေသရဲ့ ညနေစောင်းလေးတခု မကျီးပင်ကြီး အောက်မှာ ဆူဆူညံညံ ပြေးလွှားနေကြတဲ့ ကောင်လေး၂ယောက်ကို ဘယ်သူမှ သေချာသတိထားမိပုံမပေါ်ပါလေ။ သို့သော် သေချာကြည့်ကြည့်ရင် ထိုအချိန် ၂ယောက်စလုံးမှာ ပကာသနတွေ ကင်းမဲ့သလို ဟိတ်ဟန်တွေလည်းမရှိဘဲ ဒီအတိုင်း ဒီတဒင်ဂလေးကိုပဲ အပူပင်မရှိ ပျော်နေမိတာ တွေ့ရမှာ အသေချာပါပဲ။
🤍🤍
ယနေ့ရဲ့လျှပ်တပြက်ပြဇာတ်
Author - အီမိုကောင်ဇိုးလေး ဇွဲစစ်ရှိန် လိုင်းပေါ်မှာ သွားမေးတဲ့ မေးခွန်းက ဘာဖြစ်မယ်ထင်ပါသလဲ ပြိတ်သတ်ကြီး အယောက်တရာရဲ့ အ…
ဖြေက *drum rolls* 🥁🥁
ZS - ဟိုး stop stop ပြိတ်သတ်ကြီး အယောက်တရာရေ ကျွန်တော် ဘာမေးလဲ ခန့်မှန်းမယ့်အစား မေးခွန်းကိုပဲ ပြန်ဖြေပေးကြပါ
Author - မင်း ငါ့ live ကို လာဖျက်နေတာလား? (ဒီ live မှာ စပွန်စာရဖို့ ဘယ်လောက်ကြိုးစားခဲ့ရလဲ 😤)
ZS - အရင်တခေါက်တွေအတွက် ကျေပြီလို့ သဘောထားလိုက် *သာသာ့ကိုလစ်လျူရှုပြီး ပြိတ်သတ်တွေဘက်ကို လှည့်လိုက်*
*မေးခွန်းကို အားလုံးသိအောင် ချပြ*
「How do I make a guy who I have a crush on like me back?」
*Comment တခုတက်လာ*
Banana Daddy - 「Show him your boobs. That's the best way to get a man's attention.」
Call me your daddy - 「Call him Daddy! That's why i fell ill love with meh ah ah my Princess.」
ZSS - 😑 seriously? 🤦♂️
Author - hehehe that's the price that you had to pay for ruining my live.
14/April/23