အဝါရောင်ဒဏ်ရာနှင့် ရာဇဝင်

Od tadaa-j

2K 212 127

အဝါရောင် နာကျင်ခြင်းများ Více

သတိပေးချက်
အဝါရောင်ဒဏ်ရာနှင့် ရာဇဝင် - ၁
အဝါရောင်ဒဏ်ရာနှင့် ရာဇဝင် - ၂
အဝါရောင်ဒဏ်ရာနှင့် ရာဇဝင် - ၃
အဝါရောင်ဒဏ်ရာနှင့် ရာဇဝင် - ၄
အဝါရောင်ဒဏ်ရာနှင့် ရာဇဝင် - ၅
အဝါရောင်ဒဏ်ရာနှင့် ရာဇဝင် - ၆
အဝါရောင်ဒဏ်ရာ - ၇
အဝါရောင်ဒဏ်ရာ - ၈
အဝါရောင်ဒဏ်ရာ - ၉
အဝါရောင်ဒဏ်ရာ - ၁၀
အဝါရောင်ဒဏ်ရာ - ၁၁
အဝါရောင်ဒဏ်ရာ - ၁၂
အဝါရောင်ဒဏ်ရာ - ၁၃
အဝါရောင်ဒဏ်ရာ - ၁၅
အဝါရောင်ဒဏ်ရာ - ၁၆

အဝါရောင်ဒဏ်ရာ - ၁၄

49 9 2
Od tadaa-j



"ဒီဒီ... ငါ နာနတ်သီး.... ပါတာ တစ်ခုခု စားမိသွားပြီ.."

အသက်ရှူကျပ်လာသော ခန့်သည် သူမ၏ အင်္ကျီထောင့်စွန်းလေးအားဆုပ်ကိုင်ထားပြီး မျက်ရည်တို့စီးကျနေခဲ့သည်။

တင်းရင်းဖောင်းကား၍ နီစွေးနေသော သူ၏ပါးပြင်များပေါ်၌ မျက်ရည်တို့စီးကျနေပြီး နဖူးပေါ်သို့ ဝဲကာကျနေသည့် ဆံပင်လှိုင်းတွန့်များမှာ ဖွာလန်ကျဲနေခဲ့သည်။

သူ၏ရှေ့တွင်ရှိသောမိန်းကလေး၏ခန္ဓာကိုယ်မှာ သေးသွယ်နေပြီး အသားအရောင်သည် သွေးမရှိဘဲ ဖြူဖျော့လှသည်။ သို့သော် သူမသည် ဗိုက်ကိုကိုင်ကာ ဒူးထောက်လျက်သားကျသွားသော ခန့်အား စိမ်းသက်စွာပင် စိုက်ကြည့်နေခဲ့၏။

"ဒီနေရာမှာ လူတွေ အများကြီးပဲ.. ငါ မဟုတ်လည်း နင့်ကို တစ်ယောက်ယောက် ကူညီပေးလိမ့်မယ်.."

ဝေဝေဝါးဝါး မြင်ကွင်းများ အမှောင်ထုအဖြစ် ကူးပြောင်းသွားပြန်သည်။

ခန္ဓာကိုယ်သည် လေထုထဲသို့ ပေါ့ပါးစွာလွင့်မျောသွားပြီးနောက် လေးလံသွားပြန်သည်။ ထို့နောက် နေရာပေါင်းစုံမှ စတင်နာကျင်လာပြန်၏..။

မျက်လုံးတို့အား ညင်သာစွာစေ့ပိတ်ထားဆဲဖြစ်သော်လည်း ခပ်တိုတို မျက်တောင်စိပ်များမှာ ဂဏှာမငြိမ်စွာ တဖျတ်ဖျတ်ခတ်၍ လူးလွန့်လာပြီး ခန့် နိုးထလာခဲ့သည်..။

မှတ်ဉာဏ်ကောင်းသော လူများတွင် ကြုံရတတ်သည့် ဒုက္ခတစ်ခုရှိနေသည်။ ထိုသည်မှာ ကောင်းသောအကြောင်းအရာများကိုတင်မဟုတ်ဘဲ နာကျင်စရာကိစ္စနှင့်ဖြစ်ရပ်များကိုလည်း ရှင်းလင်းပြတ်သားစွာ မှတ်မိနေတတ်ခြင်းပင် ဖြစ်လေသည်။

သူသည် လက်ချောင်းများကို ဖြည်းညှင်းစွာလှုပ်ရှားလိုက်ပြီး လက်ဖဝါးကိုမြှောက်ကာ မျက်လုံးပေါ်သို့ အုပ်တင်ထားလိုက်မိ၏..။ မျက်ရည်စတို့ ရှိနေသည်...။ သို့သော် မည်သည့်အကြောင်းအရာကြောင့် နာကျင်နေရမှန်း သေချာမသိနိုင်တော့ပါပေ..။

"သား နိုးပြီလား.."

ခန့်သည် တင်းရင်းထုံထိုင်းနေဆဲသောမျက်နှာနှင့်ပင် နွမ်းလျသောအပြုံးတစ်ခု ပြုံးလိုက်ပြီး စိုးရိမ်တကြီးဖြစ်နေသော သူ၏ဖခင်အား ကြည့်လိုက်သည်..။

"ဖေဖေ တစ်ယောက်တည်းလား.."

"သား မေမေ လာနေပါပြီ.. ခရီးက ပြန်လာတဲ့လမ်းမှာရောက်နေပြီ.."

တည်ငြိမ်နေသည့်အမူအရာရှိသော်လည်း အမည်းရောင် ဆီချေးတို့ ပေရေနေသည့် လက်တို့နှင့် ဆေးရုံခန်းထဲတွင်ရောက်နေသည့် သူ၏အဖေအားကြည့်မိလျှင် ခန့်သည် ကိုယ့်လုပ်ရပ်ကိုယ် အနည်းငယ် နောင်တရသွားမိသည်..။

"သားသူငယ်ချင်းရော.. ဘယ်သူရောက်လာသေးလဲ"

"ကောင်မလေးတစ်ယောက် အခုနကအထိ ရှိသေးတယ်..နောက်ကျနေပြီမို့ အိမ်ပြန်ခိုင်းလိုက်ပြီ"

"နဒီလား.."

"သူ မဟုတ်ဘူး... အတော် ထူးဆန်းတဲ့တစ်ယောက်ပဲ"

ခန့်သည် သူ၏ရင်ဘတ်ပေါ်မှစောင်အား လက်ချောင်းများဖြင့် အတန်ငယ်ဆွဲဆုပ်ထားလိုက်ပြီး မျက်နှာကြက်ပေါ်သို့ မော့ကြည့်လိုက်မိသည်..။ မီးရောင်အဖြူတို့ လင်းထိန်နေခဲ့၏..။

ဆေးရုံခန်း၏နံရံပေါ်တွင် ရေခဲပန်းတစ်ပွင့်ပါဝင်သည့် ပန်းချီကားတစ်ချပ်လည်း ရှိနေခဲ့သည်။

"ဖေဖေ.."

သူ၏အသံမှာ ရှိရင်းစွဲအတိုင်း မဖျော့တော့လွန်း..၊ မစူးရဲလွန်းဘဲ ကြည်လင်သာယာစွာ ထွက်ပေါ်လာခဲ့သည်..။ သို့သော် မျက်လုံးအကြည့်များမှာတော့ အေးစက်သွားခဲ့ပြီဖြစ်သည်။

"ကျောင်းကိုပို့ပေးနေကျ သားရဲ့ထောက်ပံ့ကြေးငွေ ရှိတယ်မဟုတ်လား.."

ဖခင်ဖြစ်သူဆီမှ ဝေဝေဝါးဝါး ပြန်ဖြေသံကိုကြားလိုက်သော်လည်း ဆေးရုံခန်း၏နံရံထက်ရှိ ရေခဲပန်း ပန်းချီကားဆီမှ ခန့် အကြည့်မလွှဲလာခဲ့ပေ..။

"သား အဲဒါကို ဆက်မလုပ်ချင်တော့ဘူးထင်တယ်.."

သူတို့ကျောင်း၏စနစ်မှာ အောင်မြင်သည့် ကုန်ထုတ်လုပ်မှု သို့မဟုတ် ဓာတုနည်းပညာများကို ဖန်တီးနိုင်သည့် အကြံဉာဏ်များရှိပါက သက်ဆိုင်ရာ ပရောဂျက်အတွက် ကိုယ်ပိုင်စမ်းသပ်ခန်းတစ်ခန်း ရရှိနိုင်သည်။ ထိုစမ်းသပ်ချက်များ လုပ်ငန်းခွင်တွင် အသုံးပြုနိုင်သည်အထိ အောင်မြင်ခဲ့ပါက စာသင်နှစ်တချို့ကို ခုန်ကျော်၍ ရနိုင်၏..။

သို့သော် ထို့အတွက် မိဘများ၏ထောက်ပံ့ငွေ သို့မဟုတ် ကျောင်းနှင့်ချိတ်ဆက်ထားသော စီးပွားရေးကုမ္ပဏီကြီးများ၏ စာသင်သားထောက်ပံ့ငွေ လိုအပ်သည်..။

ဒီဒီသည် သူမ၏ပရောဂျက်မှာ စိတ်ကူးကောင်းလှသဖြင့် ထောက်ပံ့ပေးမည့် အမည်မဖော်လိုသူ လုပ်ငန်းရှင်တစ်ဦးပေါ်ပေါက်လာခြင်းဟု ထင်မှတ်နေခဲ့သည်။

ထိုအချိန်က သူ၏လက်မောင်းအား တဖတ်ဖတ်ရိုက်ကာ အော်ဟစ်ရယ်မောနေသော သူမ၏မျက်နှာအားကြည့်၍ ခန့်သည် ပြုံးရုံသာပြုံး၍နေခဲ့သည်။

"ဟုတ်ပါပြီ..။ သား မုန့်ဖိုးက သားသဘောပဲ..။ နေကောင်းအောင်သာ လုပ်ပါ.."

ထိုစကားအား သဘောတူလိုက်မိသလား.. မတူလိုက်မိသလားဆိုသည်ကို မသေချာတော့ပေ..။ သူသည် မြေအောက်ရေ အေးခဲမှုဖြစ်စဉ်ကြောင့် သစ်ပင် ပင်စည်များ၏ ရေမော်လီကျူးတို့ ပွင့်ချပ်လွှာများအဖြစ် ကူးပြောင်းကာ ဖြစ်ပေါ်လာသည့် အဖြူရောင်ရေခဲပန်းတစ်ပွင့်အား မမှိတ်မသုန် စိုက်ကြည့်နေခဲ့သည်..။

သူ၏နှလုံးသားထဲမှ တစ်စုံတစ်ခုသည်လည်း ထိုပန်းချီကားထဲမှ ရေခဲလွှာအချပ်ကလေးများလို ရုန်းကန် ထကြွလာသည်ဟု ထင်ရ၏..။


__________

ဘေးတိုက် လျှောကာ ပွင့်ဟသွားသော ဆေးရုံခန်းတံခါးကြောင့် ခန့် ခေါင်းထောင်ကြည့်လိုက်မိသည်..။

အကြောင်းမျိုးစုံအား စီကာပတ်ကုံး ဆူပူနေသော သူ့မေမေ၏စကားတို့မှာလည်း ယခုအခါမှ တိတ်ကျသွား၏..။ မျက်နှာငယ်နှင့် ထိုင်နေရသော ဖေဖေသည် ဆေးရုံခန်းတံခါးဝတွင် ပေါ်လာသော ရွှေဧည့်သည်ကြောင့် အလျင်စလို နေရာချပေးပြီး အခန်းပြင်သို့ ခပ်သုတ်သုတ် ထွက်သွားခဲ့သည်..။

ခန့်သည်လည်း အတန်ငယ် အံ့ဩသွားခဲ့၏..။ ခြေတံတို တို့ဖြင့်လူသည် ဘူးအရွယ်အစားမျိုးစုံပါဝင်သည့် လက်ဆောင်ခြင်းကို ကိုင်ထားပြီး တံခါးဝတွင် မရေမရာ ၊ တုံ့ဆိုင်းနေသောအမူအရာမျိုးဖြင့် ရပ်နေခဲ့ခြင်းဖြစ်လေသည်..။

မျှော်နေသည့်သူမှာ ပေါ်မလာ ၊ ပေါ်လာသည့်သူနှင့်လည်း မရင်းနှီးသည့်ဖြစ်ရပ်မျိုးကြောင့် ကြောင်အမ်းအမ်း အမူအရာဖြစ်နေသည့် ခန့်သည် လက်ထဲမှ ဖန်ခွက်အား ဘေးသို့ ချလိုက်ပြီး ခုတင်ပေါ်တွင် မတ်မတ်ထိုင်လိုက်မိသည်..။ 

သူတို့နှစ်ဦး၏တွေ့ဆုံမှုသည် အရိုးကျဲသည့်သစ်ပင်တို့လို ဆိတ်ငြိမ်ခြင်းမျိုးနှင့် ကိုးရိုးကားရား နိုင်လှသည်..။ ဆေးရုံခန်းထဲတွင် ရှိနေသော မေမေသည်လည်း ထိုနေရခက်မှုအား မသက်မသာဖြစ်လာသောကြောင့်ထင့်..။ ကော်ဖီသောက်မည်ဟုဆိုကာ အခန်းထဲမှ လစ်ထွက်သွားခဲ့သည်..။

"...."

"...."

ခန့်သည် လက်ချောင်းထိပ်ကလေးဖြင့် လည်တိုင်အား ခပ်ဖွဖွကုတ်လိုက်ပြီး အခုပင် ဘေးသို့ချလိုက်မိသော ကြွေခွက်အား ပြန်လည်၍ ကောက်ယူလိုက်မိသည်..။ ကြွေခွက်ဖြူဖြူထဲတွင် ဖေဖေ ထည့်ထားပေးခဲ့သော ရေနွေးအဖြူထည်တို့မှာ အေးစက်သွားပြီဖြစ်သည်။

"အမ်း.. ထိုင်ပါဦး...တစ်ခုခုသောက်ချင်သေးလား.."

ခန့်သည် နေရခက်မှုကြောင့် နှာခေါင်းထိပ်လေးအား အသာအယာကုတ်ခြစ်လိုက်ပြီး ဆေးရုံ၏ စားသောက်ဆိုင်များမှ မှာယူ၍ ရနိုင်သည့် Tablet အား ကောက်ယူကာ သူ့အား အတင်းထိုးပေးလိုက်သည်..။

ခြေတံတို တို့ဖြင့်လူသည် လက်သို့ရောက်လာသော tablet အား ကိုင်ထားလျက်နှင့်ပင် ခန့်၏ခုတင်ဘေးမှ ထိုင်ခုံပေါ်သို့ ဝင်ထိုင်ရန် ကြိုးစားလိုက်သည်..။ သို့သော် အဆင်မပြေလှပေ..။ ခန့်၏မေမေ အလွယ်တကူ ထိုင်နိုင်သော ခုံ၏အမြင့်မှာ သူ့အတွက် လက်တစ်ဖက်တည်းနှင့် ဝင်ထိုင်ရန် ခက်ခဲ‌နေခဲ့၏..။

သူသည် ထိုင်ခုံပေါ်သို့ လက်တစ်ဖက် ခြေထောက်တစ်ဖက်တင်သည်။ အဆင်မပြေသဖြင့် အောက်သို့ပြန်ဆင်းသွားသည်..။ လက်ထဲမှ Tablet အား ခန့်၏ခုတင်ပေါ်သို့လှည့်တင်လိုက်ပြီး နောက်တစ်ခေါက် တွယ်တက်ရပြန်သည်။

နေရာတကျဖြစ်သွားချိန်တွင်တော့ သူတင်မက ကြည့်နေရသူ ခန့်ပါ မောဟိုက်လာတော့၏..။ 

"အဲဒီရင်သားကြီးကြီးတွေနဲ့ တစ်ယောက်ပြောတယ်..။ ဒီနှစ်ထဲမှာ ခေတ်သစ်ရဲ့အလုပ်သင်နေရာကို ဝင်နိုင်မယ့်လူရှိရင် အဲဒါက မင်းပဲတဲ့..။ ဒါပေမဲ့ ငါ မင်း အမှတ်စာရင်းတွေကို ကြည့်ပြီးပြီ..။ ဖြစ်နိုင်ခြေက သုညပဲ"

ခန့်သည် နှလုံးသားမှာ ထိုသို့သော ထိုးနှက်ချက်ကြောင့် အတန်ငယ် နာကျင်သွားပြီး သူ့အား နားမလည်နိုင်စွာ ကြည့်လိုက်သည်..။ အပြုံးနှင့်အမဲ့ရောသော သူ့မျက်နှာ၏အဓိပ္ပာယ်အား မသိရှိနိုင်ပါပေ..။

"ဒီတော့ ငါ သိချင်တာက.. မင်းမှာ ခေတ်သစ်ကိုဝင်နိုင်မယ့် အကြံဉာဏ် ဒါမှမဟုတ် ကုန်ပစ္စည်းတစ်ခုခုများ ရှိလား.."

မရှိ..။ ဘယ်လိုဘယ်ပုံမျိုးနဲ့ပဲ စဉ်းစား စဉ်းစား ၊  ခန့်သည် တစ်ဦးနှင့်တစ်ဦး အသေအကြေ ယှဉ်ပြိုင်ရမည့် ထိပ်တန်းကုမ္ပဏီနှစ်ခုသို့ ဝင်နိုင်ရန် ကြိုးပမ်းလိုစိတ် မရှိပေ..။ သို့သော် သူ့တွင် ခေတ်သစ်မှထုတ်လုပ်ထားသော ပုစဉ်းပုံစံငယ် ဒရုန်း(Drone)တို့အား ထိုထက်ပို၍ သေးငယ်သွားအောင် ပြုလုပ်နိုင်မည့် အကြံဉာဏ်တစ်ခုရှိနေသည်။ ဒါကို အစ်မခတ္တာအား ပြောပြခဲ့ဖူး၏..။

"ခေတ်သစ်ရဲ့ အလုပ်သင်နေရာကို ရတာပဲဖြစ်ဖြစ် ၊ မရတာပဲဖြစ်ဖြစ်.. အဲဒါက ဘယ်လိုပတ်သက်နေလို့လဲ.."

"အဲဒီအပေါ်မှာ မူတည်ပြီး ငါတို့အတွက် အပေးအယူတစ်ခုရှိတယ်..။ မင်း လိုချင်တဲ့သက်သေကို ရလိမ့်မယ်.."

ခန့်သည် ခုတင်ပေါ်သို့ကျောမှီထိုင်နေရာမှ ရှေ့သို့ တိုးလာပြီး သူ့အား စိုက်ကြည့်လိုက်သည်...။ သူတို့၏မျက်ဆန်တို့မှာ ငြိမ်သက်နေကြပြီး စိတ်ဆုံးဖြတ်ထားသည့်အကြည့်နှစ်ခု ထိခတ်မိနေကြသည်။

ဦးစွာအကြည့်လွှဲသွားသော ခြေတံတိုတို့ဖြင့်လူသည် လွယ်အိတ်ထဲမှ ဖုန်းကိုထုတ်ကာ ခုတင်ပေါ်သို့ ညင်သာစွာချပေးလာသည်။ ခန့်သည် ထိုအရာအား လှမ်းမယူလိုက်သော်လည်း မျက်နှာပြင်ပေါ်တွင်လင်းနေသည့် ပုံရိပ်တို့အား တစွန်းတစမြင်လိုက်ရသောကြောင့် မျက်လုံးတို့မှိတ်ထားလိုက်မိတော့သည်..။

စောင်ပေါ်တွင်ရှိနေသည့် သူ၏လက်တို့တင်းကြပ်သွားပြီး သက်ပြင်းရှည်ကြီးတစ်ခုလည်း ချလိုက်မိ၏..။

ထိုနေ့မှ အဖြစ်အပျက်ပင် ဖြစ်သည်..။ ခန့် မမှတ်မိချင်တော့သည့်..၊  ရွံရှာလွန်းလှသည့် ထိတွေ့မှုများအား ပြန်လည်၍ သတိရလာလျှင် ဝမ်းတွင်း၌အတော်ပင် နေထိုင်၍မကောင်းဖြစ်လာတော့သည်..။

သူသည် အသက်ပြင်းပြင်းရှူသွင်းကာ မျက်လုံးတို့အား ဖွင့်လိုက်မိလျှင် ဆေးရုံ၏လူနာခန်းနံရံပေါ်မှ ရေခဲပန်း ပန်းချီကားကို မြင်တွေ့လိုက်ရသည်။

"ဘာလို့ ခေတ်သစ်လဲ.."

အလုပ်ဆီသို့ ကလေး(သို့မဟုတ်) ခွေးခေါ်လာ၍ရခြင်း ၊ ရုံးတွင်း ကလေးထိန်းစင်တာရှိနေခြင်း ၊ နေ့နှင့် ည အလျဉ်းသင့်သလိုပြောင်း၍ ရုံးတက်၍ရနိုင်ခြင်း၊ လျှောက်လမ်းတိုင်းတွင် ခေါက်ဆွဲခြောက်အမျိုးအစားမျိုးစုံနှင့် စားသောက်ဖွယ်ရာမုန့်မျိုးစုံ ၊ အားကစားခန်းမ ၊ အနှိပ်ခန်းနှင့် ရေကူးကန် ၊ ကြီးကျယ်ခမ်းနားလှသော စားသောက်ခန်းမတို့ တွဲဖက်ပါဝင်သည့် လုပ်ငန်းခွင်နေရာသည် လူငယ်တိုင်း၏ အိပ်မက်ဖြစ်သည်..။

လူတိုင်းမက်သည့်အိပ်မက်ဖြစ်သည့်အလျောက် အလွယ်တကူ ရနိုင်ရန်လည်း မလွယ်ပေ..။ မအိပ်မနေ ကြိုးစားခဲ့လျှင်တောင် ၊ နှာခေါင်းသွေးလျှံတဲ့အထိ ကြိုးစားခဲ့လျှင်တောင် ကိုယ့်ထက်ပို၍ ကြိုးစားသူတစ်ဦး ရှိနေမည့်နေရာမျိုးပင်ဖြစ်သည်။

"အဲဒီအကြောင်းကို ကြားဖူးတယ်မလား..။ ရက်စက်တဲ့ စင်ဒရဲလားပုံပြင်လေ.."

ခန့်၏မျက်ဝန်းကလေးများမှာ အတန်ငယ် ဝိုင်းစက်သွားခဲ့သည်။

သူ ဆိုလိုချင်သည့်အဓိပ္ပာယ်အား မနားလည်နိုင်ပါသော်လည်း ထိုပုံပြင်အား သိရှိနေခဲ့သည်လေ..။

__________

ဟိုးရှေးရှေးက ဖြစ်သည်..။ သို့မဟုတ် သိပ်မကြာသေးဟုလည်း ဆို၍ ရနိုင်သည်။ တကယ်ဖြစ်ပျက်ခဲ့သည်ဟုလည်း ဆိုနိုင်သည်..။ ပုံပြင်တစ်ပုဒ်ဟုလည်း ဆိုနိုင်၏..။

တစ်ချိန်က ကျောင်းသားတစ်ယောက်သည် တန်ဖိုးကြီးအဝတ်အထည် အသုံးအဆောင်များကို ဝတ်ဆင်ကာ ဆင်ခြေဖုံးရပ်ကွက်တစ်ခုတည်းသို့ နေ့စဉ်လာရောက်ပြီး စကိတ်ဘုတ်စီးလေ့ရှိသည်။

တစ်ရက်တွင်တော့ ဖိနပ်ဆင်တူဝတ်ထားသည့် ကျောင်းသားတစ်ယောက်နှင့် ဖိနပ်ချင်းမှားကာ ခိုက်ရန်ဖြစ်ရာမှ ပြေးရင်းလွှားရင်း တွန်းထိုးရုန်းကန်ရင်း လှေကားပေါ်မှ ချော်လဲကာ ခြေကျင်းဝတ်ရိုး ကျိုးသွားခဲ့သည်။

ဖြစ်စဉ်မှာ.. တစ်ဖက်မှကျောင်းသားသည် တမင်တကာ အရောင်တူသည့်ဖိနပ်ကို ဝတ်ဆင်လာခဲ့ပြီး တန်ဖိုးကြီးဖိနပ်နှင့် အတုအပဖိနပ်တစ်ရံလဲရန် ကြိုးစားခဲ့ခြင်းပင် ဖြစ်သည်..

ကျောင်းသားတစ်ယောက် ခြေကျင်းဝတ်အဆစ်ရိုးကျိုးခဲ့သည်။ ဆေးရုံသို့ ဖိနပ်တစ်ဖက်သာ ပြန်ပါလာခဲ့ပြီး ကျန်ဖိနပ်တစ်ဖက် ပျောက်ဆုံးသွားခဲ့၏.. ထိုအထိသည် မတော်တဆမှုတစ်ခုသာ ဖြစ်သည်။

သို့သော်.. လပိုင်းအတွင်းမှာပင် ထိုပျောက်ဆုံးနေသည့် ဖိနပ်တစ်ဖက်အား လက်ဝယ်ရှိထားသူ ကျောင်းသားကလေး၏ ခြေကျင်းဝတ်တစ်ဖက် ပျောက်ဆုံးသွားရလေ၏.. ထိုအစား ရိုဘော့ခြေထောက်တစ်ခု ပေါ်လာသည်..

မည်သူတစ်ဦးတစ်ယောက်က ပြုလုပ်သွားမှန်း ယခုထိတိုင် မဖမ်းမိနိုင်သေးပေ.. သူ၏အဆိုအရ ညနေခင်းတစ်ခုတွင် လမ်းပေါ်၌ မေ့မြောသွားပြီး ရက်သတ္တပတ်အကြာတွင် ထိုနေရာ၌ပင် ပြန်လည်၍ နိုးထလာခဲ့သည်ဟု ဆိုသည်..

ရက်စက်သည်ဟု ဆိုနိုင်သည့်အကြောင်းတရားမှာ ထိုရိုဘော့ခြေထောက်တစ်ဖက်သည် ပျောက်ဆုံးသွားသည့် ဖိနပ်တစ်ဖက်နှင့် တံဆိပ်တူ ပုံစံတူဖြစ်နေပြီး ခြေကျင်းဝတ်မှ အာရုံကြောတချို့နှင့် ချိတ်ဆက်ဆက်နွယ်ထားသောကြောင့် မည်သို့မှ ပြန်လည်၍ ချွတ်မရတော့ပါပေ..

သူ့တွင် လူသားတို့၏ဇီဝခန္ဓာကိုယ်မှ ခြေထောက်မျိုးပင် ရှိနေတော့ပါချေ။

"ရဲတွေက ဒီကိစ္စကို စစ်ဆေးခဲ့ကြပေမဲ့လည်း ဘယ်သူလုပ်တာလဲဆိုတဲ့ သက်သေ မပေါ်လာဘူး.. လုပ်နိုင်လောက်တယ်လို့ သံသယရှိစရာ လူလည်း မရှိဘူး..  သိပ်ပြီး အနုစိတ်တယ်.. ပြီးတော့ ဆောင်းတွင်းရောက်တိုင်းမှာ အဲဒီစက်ရုပ်ခြေထောက်က ပြင်ပအပူချိန်ကို ထိန်းညှိပေးပြီး နာကျင်ကိုက်ခဲစေအောင် လုပ်ပေးလိမ့်မယ်.."

ထိုအကြောင်းအရာသည့် ခန့်အသက် ၉ နှစ်တွင် တစွန်းတစ ကြားခဲ့ဖူးသော ရပ်ကွက်စကားများသာ ဖြစ်သည်..။ ကောလဟလပုံပြင်တစ်ပုဒ်သာဖြစ်၏..။

ဆေးရုံခန်းအတွင်းတွင် တိတ်ဆိတ်နေသည်..။ ခြေတံတို တို့ဖြင့်လူမှာ နဂိုပင် စကားနည်းသလား သူ့ကြောင့်ပင် ဆိတ်ဆိတ်နေရော့သလား မသေချာပေ..။ 

"ဒီတော့.. ခေတ်သစ်က တစ်ယောက်ယောက်က အဲဒါကို လုပ်ခဲ့တယ်..။ အဲဒီလိုဆိုတော့ရော ဘာများပြောင်းလဲသွားလို့လဲ..ခံရသူနဲ့ ပတ်သက်နေလို့ လက်စားချေချင်လို့လား.."

"ငါ့အတွက် အဲဒီခြေထောက်မျိုး လိုချင်တာ.."

ခန့်သည် သူ၏စကားအား မယုံကြည်နိုင်ဖြစ်နေသော်လည်း တစ်ဦးနှင့်တစ်ဦး လိုချင်တပ်မက်သည့်ဆန္ဒများမှာ မတူညီသောကြောင့် မဝေဖန်တော့ဘဲ တိတ်ဆိတ်နေလိုက်မိသည်..။  

"နာကျင်ရတဲ့အကြောင်းအရာတွေက ဘယ်လိုကြင်နာမှုစကားလုံးမျိုးနဲ့ပဲ ဖြစ်ဖြစ် နာကျင်ရတာပဲ..။ သာမန်အရာဝတ္ထုပစ္စည်းတွေကို မမှီလို့ ကလေးလေးတစ်ယောက်လို ပွေ့ချီခံရတာပဲဖြစ်ဖြစ်..၊ လူစဉ်မမှီတဲ့ကောင်လို့ သမုတ်ခံရတာပဲဖြစ်ဖြစ်.."

ခန့်သည် သူ၏ပုံမှန်ထက် ရင့်ထော်နေသည့်မျက်နှာအား စေ့စေ့ကြည့်နေမိပါသော်လည်း စိတ်တို့လွင့်ပါသောကြောင့် အမြင်အာရုံထဲတွင် သူ့အား မမြင်နိုင်ခဲ့ပေ..။

"ငါလည်း ဒီလိုဖြစ်ဖို့ ရွေးချယ်ခဲ့တာ မဟုတ်ဘူး..။ လူပုလေး မဖြစ်ရဖို့ ငါ တတ်နိုင်ခဲ့တာ ဘာမှကို မရှိဘူး..။ ငါ့အတွက်တော့ သာမန်လိုနေနိုင်ဖို့ဆိုတာ အဲဒီနည်းပညာက တစ်ခုတည်းသော မျှော်လင့်ချက်ပဲ.."

ဆေးရုံခန်း၏ တံခါးသည် ဘေးဘက်သို့ လျှောတိုက် ပွင့်ဟသွားပြီး နောက်တစ်ကြိမ် တိတ်ဆိတ်သွားပြန်သည်..။ ခန့်သည် 'သာမန်'ဟူသည် စကားလုံးအား စေ့စေ့တွေးကြည့်လိုက်ပြီး သီချင်းတစ်ပုဒ်ဆိုချင်လာသဖြင့် နှုတ်ခမ်းကို ဟလိုက်သည်..။

သို့သော် ခေါင်းထဲသို့ မည်သည့်တေးသွားမှ ဝင်မလာပါသဖြင့် သူ၏ နှုတ်မှ မည်သည့်စာသားတို့မှ ထွက်မလာတော့ပါချေ..။

______________

အမှတ်တမဲ့မြင်လိုက်ရသော မှန်ထဲသို့ကြည့်လိုက်မိသည်..။ မျက်လုံးများ ကြည်လင်၍ မျက်တောင်တို့  ကော့သည်..။ နေရီတွင် ရောင်ပြန်ဟပ်နေသည့် သူ၏မေးရိုးပုံရိပ်မှာ မထင်မရှား ခဲသားလိုင်းတစ်ခုလိုဖြစ်နေပြီး မှိန်ဖျော့နေသည့် အပေါစား ခဲပန်းချီကားတစ်ချပ်လိုပင် ဖြစ်နေတော့၏..။

ပေါင်မုန့်ယိုသုတ်၏ တြိဂံထောင့်စွန်းတစ်ဖက်ကို ကိုက်လိုက်ပြီး စားပွဲပေါ်မှ Tablet ကို ကောက်ယူလိုက်သည်။ ကျောင်းဝတ်စုံပေါ်မှ လည်စည်းအား ခပ်ဖွဖွဖြည်လိုက်ပြီး  ထိုင်ခုံပြန်ထိုင်ချလိုက်ပြန်၏..။

သူ၏မျက်မှောင်တို့အနည်းငယ် တွန့်ကြုတ်သွားခဲ့သည်..။ ခေတ်သစ်နည်းပညာများသည် လူသားတို့ တစ်ဦးတစ်ယောက်တည်း အသက်ရှင်နေထိုင်ရေး ( Solo Survival) ၊ တစ်ဦးတည်း မျိုးပွားနိုင်ရေး (Solo Reproduction)   ၊ တစ်ဦးတည်း အဆင်ပြေစွာ သေဆုံးနိုင်ရေးတို့ဆီ ဦးတည်နေသည့် နည်းပညာများပင် ဖြစ်သည်..။ ဤသို့သာဆိုလျှင် လူသားတို့သည် တစ်ဦးနှင့်တစ်ဦး မည်သည့်အကြောင်းပြချက်နှင့်မှ အတူနေထိုင်ရန် မလိုတော့ပေ။ 

အကယ်၍ တစ်ချိန်ချိန်တွင် တစ်ဦးတစ်ယောက်နှင့် အတူနေထိုင်ချင်ခဲ့ပါကလည်း အကြောင်းပြချက်မရှိ နေထိုင်ချင်သောကြောင့်သာ ဖြစ်ပေလိမ့်မည်။

စားပွဲပေါ်မှ သူ၏တတိယမြောက်ကော်ဖီခွက်ကို ကောက်ယူလိုက်ချိန်တွင် အစ်မခတ္တာသည် ဘယ်ကမှန်းမသိပေါ်လာပြီး မျက်နှာချင်းဆိုင် ထိုင်ခုံတွင် စွေ့ခနဲ ဝင်ထိုင်လိုက်သည်..။ ထိုင်ခုံပေါ်သို့အရှိန်ဖြင့် ထိုင်ချလိုက်သောကြောင့် သူမ၏ ရင်သားနှစ်ဖက်မှာ ရေလှိုင်းများ အနှေးပြကွက်ဖြင့် ရိုက်ခတ်သွားသလို လှုပ်ယမ်းသွားကြ၏။ ခန့်သည် ပါးစပ်ထဲမှ ကော်ဖီအား မည်ကဲ့သို့မြိုချလိုက်မိသည် မသိသောကြောင့် လည်ချောင်းဝတွင် တစ်ဆို့ကာ နာကျင်သွားရ၏..။

ရင်သားကြီးကြီးတွေရှိတာ တကယ်ကောင်းတာပဲ.. အနည်းဆုံးတော့ စိတ်ညစ်လာရင် ကိုယ့်ဘာသာကိုယ် စိတ်ပြေလက်ပျောက် ညှစ်နေလို့ရတယ်..

ခန့်သည် သူ၏အတွေးအား တဖက်လူ သိသွားမည်ကို စိုးသဖြင့် သူမ၏နောက်မှလိုက်လာသော ခြေတံတို တို့ဖြင့် လူဆီသို့ အကြည့်လွှဲလိုက်သည်။

"ဘာလို့ ဒီအထိလာထိုင်နေတာလဲ..မောတယ်.."

ခန့်မှာ ကျောင်းဝင်းအတွင်းသို့ ဝင်လိုက်မိလျှင်ပင် စိတ်ရှုပ်လွန်းလှသဖြင့် ကျောင်းအပြင်ဘက် ခပ်လှမ်းလှမ်းမှ ကော်ဖီဆိုင်တွင်ထိုင်ပြီး သူ၏အလုပ်သင်ဝင်ခွင့်ပရောဂျက်အတွက် ပြင်ဆင်နေခြင်းပင် ဖြစ်လေသည်..။ သို့သော် အမှန်အတိုင်းမပြောချင်သဖြင့် ဗလောင်းဗလဲစကားတို့သာ ပြောလိုက်ရ၏..။

"ဒီဆိုင်မှာက ပိုဈေးကြီးလို့..အစ်မကို စားကောင်းတာတွေပဲ ကျွေးချင်လို့ပေါ့.."

ခန့်သည် ခြေတံတို တို့ဖြင့် လူအား ထပ်မံ၍ ကြည့်လိုက်ပြန်သည်။ သူ၏အမည်အား ယခုတိုင် မသိရသေးသည်ကိုလည်း သတိရလိုက်၏..။

"ဒီကတစ်ယောက်လည်း..."

သူသည် ခန့်အား မပြောင်းလဲသော မျက်နှာပေးဖြင့် မော့ကြည့်လာသည်..။ ရှိူးတို့ရှန့်တန့်ဖြစ်သွားသော ခန့်သည် သူနှင့်တွေ့လျှင် အတင်းအကြပ် မီနူးကတ် ထိုးပေးမိနေသည်ကိုပဲ ပြန်သတိရလိုက်၏..။

"အခြေအနေ ဘယ်လိုလဲ.."

"ကြိုးစားနေပါတယ်.."

"ကောင်းပြီ.."

ခန့်၏နှုတ်ခမ်းများမှာ တစ်ဖြောင့်တန်း ဆန့်တန်းသွားပြီး လက်ထဲမှ tablet အား အသည်းအသန် ငုံ့ဖတ်နေသည့် ထိုလူအား ပြောစရာ စကားမရှိနိုင်စွာ ကြည့်လိုက်မိသည်..။

ထို့နောက်တွင် သူပါ တိတ်ဆိတ်သွားတော့မိသည်..။ သာမန်ဟူသည့် စကားလုံးနှင့် သွေဖယ်နေသည့် သူတို့သုံးဦးတို့သည် စားပွဲဝိုင်းတစ်ခုထဲတွင်သာ ထိုင်နေပါသော်လည်း ကိုယ်စီ ဦးတည်ရာ လမ်းကြောင်းတို့ ရှိနေကြလေ၏..။

လေပြေနှင့်အတူ ကော်ဖီဆိုင်၏ ချုံပုတ်များကြားသို့ ပျံဝဲနေသည့် လိပ်ပြာအဝါတချို့ရောက်ရှိလာသည်။ နေရောင်တို့ သူ့တို့အပေါ်ခိုနားနေပုံမှာ နာကျင်ရခြင်းအား အလင်းတန်းများနှင့် ကုစားပေးနေသကဲ့သို့ပင်..။

__________

'နောက်မှ တွေ့မယ်..' ဟူသည့်စကားနှင့် နှုတ်ဆက်လာအပြီးတွင် ခန့်သည် အငှားကားနှင့် နေအိမ်သို့ ပြန်ရောက်လာခဲ့သည်။

သို့သော် အိမ်ရှေ့မှ ကျောက်သားခုံဝိုင်းလေးတွင် မှောင်မည်းညှို့မှိုင်းသည့်မျက်နှာထားနှင့် နဒီရှိနေပြီး လက်ကိုပိုက်ကာ ငြိမ်သက်စွာ ထိုင်နေခဲ့သည်..။

ခန့်သည် မပြောင်းလဲသောအမူအရာနှင့် သူ၏ဘေးသို့လျှောက်သွားပြီး အနားတွင် ငြိမ်သက်စွာ ရပ်နေလိုက်မိ၏..။ ကြာကြာထိုင်၍ စကားမပြောနေချင်ပါ..။ လွယ်အိတ်ထဲတွင်ပါလာသော အိပ်ဆေးဘူးအား ပြန်လည်၍ စဉ်းစားလိုက်မိလျှင်ပင် သူ၏ခေါင်းများနောက်ကျိကာ စိတ်အလိုမကျဖြစ်လာတော့သည်..။

အပေါ်စီးမှ မြင်နေရသော ကျောက်သားစားပွဲဝိုင်းပေါ်တွင် စာရွက်တစ်ရွက်ရှိနေသည်။ တမင်တကာ မြင်သာအောင်ပြထားသော ထိုစာရွက်မှာ သူမ၏ပရောဂျက်အား ထောက်ပံ့ငွေ ရပ်ဆိုင်းသည့် အကြောင်းကြားစာဖြစ်လောက်သည်..။ စာရွက်ထောင့်၏အောက်ခြေတွင် ယခင်က အမည်မဖော်လိုသူ ဟုသာ ပါရှိခဲ့ဖူးသော်လည်း ယခုတွင်တော့ ခန့်ဌာနီထွန်းဟုသည့် အမည်ဖြင့်ဖြစ်နေသည်..။

ခန့်သည် မျက်တောင်တို့အား ဖြည်းညှင်းစွာ ခတ်လိုက်ပြီး ထိုအမည်နာမဆီမှ အကြည့်လွှဲလိုက်သည်..။ သူ၏ရင်ထဲတွင် ပျော်လည်း မပျော်နေ ၊ ဝမ်းလည်း မနည်းဘဲ ဗလာချည်းသာ ရှိနေတော့သည်..။

"တစ်ချိန်လုံး နင်ဖြစ်နေတာလား.."

"အင်း.."

ခန့်သည် နောက်ထပ်စကားတစ်ခွန်းမပြောနိုင်ခင်မှာပင် သူ၏ပါးမှာ ဖြန်းခနဲ မြည်သံနှင့်အတူ ထူပူသွားရလေသည်..။

ဒီတစ်ခါတော့ အရင်တစ်ခေါက်ထက် ပို၍ ပြင်းသည်။ သို့သော် ခန့်သည် အရင်တစ်ခေါက်ကလို ရှက်ရွံနေခြင်းနှင့် ဒေါသတို့မရှိတော့ဘဲ ပြုံးရယ်နေခဲ့မိသည်။

"ငါ့ဘဝကို နင်ကြိုက်သလို ခြယ်လှယ်လို့ မရဘူး..ငါက နင့်ရဲ့ အိမ်မွေးတိရိစ္ဆာန် မဟုတ်ဘူး"

ခန့်သည် ပခုံးလေးများ ကျုံ့သွားသည်အထိ နူးညံ့စွာ ရယ်ပစ်လိုက်ပြီး စပ်ဖျင်းဖျင်းဖြစ်သွားသော ပါးစောင်တစ်ဖက်အား လျှာဖျားဖြင့်ထိုးလိုက်မိသည်။ ထို့နောက်တွင် သုန်မှုန်လှသောမျက်နှာထားဖြင့်ရှိနေသည့် သူမအား ကြည့်လိုက်သည်။

"ငါကတော့ အိမ်မွေးတိရိစ္ဆာန်လို့ တစ်ခါမှ မသတ်မှတ်ဖူးပေမဲ့ နင်က ဒီလိုထင်နေရင်လည်း ရတယ်။ ငါ အခု နင့်ကို ပစ်လိုက်ပြီ.."

ထိုပရောဂျက်သည် သူမတွင် ရှိသမျှ အရာအားလုံးပင် ဖြစ်သည်။ ထို့ကြောင့်လည်း ခန့်သည် သူ၏မုန့်ဖိုးများအားလုံးကို ခြစ်ချုပ်စုကုပ်ကာ ထောက်ပံ့ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်..။

ထိုသည်မှာ သူမ မလိုချင်သည့် သာမန်ဘဝမျိုး မရစေရန်၊ ယောကျာ်းတစ်ယောက်ရဲ့အရိပ်တစ်ခုအဖြစ် နေပြီးတော့ ဝေယျာဝစ္စတွေကို လိုက်လုပ်ပေးရတဲ့ဘဝမျိုး မရောက်စေရန် ခန့်၏လက်ဆောင်တစ်ခုသာ ဖြစ်သည်။

သို့သော် သူ၏အနစ်နာခံမှုသည် တစ်ပါးသူအတွက် ရသင့်ရထိုက်သည်ဟု ထင်မှတ်ထားစရာ အခွင့်အရေးတော့ မဟုတ်ပေ..။ အထူးသဖြင့် စစ်ရှင်းခန့်ကို ရွေးချယ်ခဲ့သူအတွက်တော့ မဟုတ်ပေ...။

"နင် ငါ့ကို မေးခဲ့တုန်းက ပေါက်တတ်ကရတွေလို ပြောခဲ့ဖူးပေမဲ့ ငါလည်း အခု နင့်ကို မေးချင်တယ်...ဒီဒီ"

ခန့်သည် သူမ၏ပါးပြင်ပေါ်သို့ကျသော ဆံနွယ်တချို့အား နားရွက်နောက်သို့ အသာအယာ သပ်တင်ပေးလိုက်ပြီး ပြောလိုက်သည်..။ 

"သူနဲ့ ငါ ရေထဲကျသွားရင် နင် ဘယ်သူ့ကို ကယ်မှာလဲ..။ ဘာလို့ဆို...ငါက ရေထဲကျပြီးသား ဖြစ်နေပြီ.."

ခန့်သည် သူနှင့်အတူ ဆွဲချသွားမည့် လူအား ရွေးချယ်ထားပြီး ဖြစ်သည်..။ အကယ်၍ သူမသည် ထိုလူအား မလွတ်တမ်း ပတ်သက်ယှက်နွယ်ထားမည်ဆိုပါကလည်း သူမ၏ ရွေးချယ်မှုသာဖြစ်၏..။

Pokračovat ve čtení

Mohlo by se ti líbit

492K 89.3K 177
Fan translation of 这个电影我穿过 [I've Transmigrated Into This Movie Before] Author 梦魇殿下 [Mèngyǎn diànxià (Her Highness, the nightmare)] ...
407K 41.3K 46
အ​မှောင်​ထုသာ စိုးမိုးထားတဲ့ အခြားတစ်​ဖက်​မှာ .. ​ကျွန်​​တော်​က အလင်း​ရောင်​​ဖြာလင်း​ပေးရမယ့်​ လမင်း.. ကျိန်​စာလား လက်​​ဆောင်​လား ?? ကျွန်​​တော်​...
32.8K 6.6K 58
"Do you think betrayal never gonna pay back?" Come on let's go and seek it! One line ⬇️ It's a crime thriller love story. All based on 2 best frien...
173K 10.6K 126
တာတေရဲ့ အထက်လမ်း အောက်လမ်း စုန်းကဝေ ပရလောက စွန့်စားခန်းတွေအကြောင်း။ နည်းနည်းပြောချင်ပါတယ် တာတေရဲ့ဇာတ်လမ်းတွေက သရဲစာပေgroupတွေမှာလည်း တင်လေ့ရှိသလို...