​စကားဆုံးတော့ ဒေါ်အိငယ် အသံလေး တိမ်ဝင်သွား၍ ဒေါ်ချိုသက် သူငယ်ချင်းဖြစ်သူ ဒေါ်အိငယ် ပုခုံးလေးက်ို ကိုင်လိုက်ကာ

" အာ... နင်ကလည်း မဟုတ်က ဟုတ်က... ကိုယ့် မိဘအရင်းကို ပြန်တွေ့လို့ မပျော်တဲ့ကလေး ဘယ်မှာများရှိလို့လဲ... ကလေးက အနေအေးလို့ နင် အထင်လွဲနေတာဖြစ်မှာပါ... "

ဒေါ်ချိုသက် ထိုသို့ပြောလိုက်တော့ ဒေါ်အိငယ်က ခပ်ယဲ့ယဲ့ကလေးပြန်ပြုံးပြလာသည် ။ သို့သော် သူမ အပြုံးများ အသက်မပါတာကို ဒေါ်ချိုသက် ခံစားမိသည် ။

ဘာလို့များပါလိမ့် ။ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေသော သားအရင်းကို ပြန်ရှာတွေ့တဲ့ မိခင်တစ်ယောက်အနေနှင့် အခုချိန်မှာ သူမ အပျော်ရွှင်ဆုံးဖြစ်နေသင့်တာမလား ။

" အနေအေးတယ်ဆိုမှ ငါနင့်ကို ပြောပြရဦးမယ်... သား ရိန်ရိန်းနဲ့ သက်တန့်နဲ့က ကျောင်းမှာ တစ်နှစ်တည်း တစ်ခန်းတည်းတဲ့ဟယ်... ငါနဲ့လည်း ဆုပေးပွဲမှာ တစ်ခါတွေ့ဖူးတယ်... ငါတို့တွေ တကယ် ရေစက်ပဲ "

ဒေါ်ချိုသက် ဒေါ်အိငယ် စိတ်ပျော်သွားအောင် စကား ခေါင်းစဉ်ပြောင်း ပြောလိုက်တော့ ဒေါ်အိငယ် မျက်လုံးလေးများ အရောင်လက်လာကာ

​" ဟယ်... ဟုတ်လား... နင့်ကို ဘယ်သူပြောပြတာလဲ သား သက်တန့်လား "

" အေးပေါ့... ညည်းသား ပြောတာကတော့ သူတို့တွေ ကျောင်းမှာ သူငယ်ချင်းတောင် ဖြစ်နေကြပြီတဲ့ "

ထိုစကားကို ကြားတော့ ဒေါ်အိငယ်က ဝမ်းသာအားရနှင့်

" ဟယ်... ချိုသက်ရယ်...ငါက သား ရိန်ရိန်းလေး ငါတို့အိမ်ပြောင်းလာရင် အဖော်မရှိမှာ စိုးရိမ်နေတာ အခုတော့ ဟန်ကျတာပဲ "

" ဟုတ်ပါ့... ငါလည်း ကြားကြားချင်း အံ့ဩ သွားတာ... အမလေး ညည်းသား ငမွှေထိုးက ကျောင်းမှာဆို တော်ရုံလူကို ပေါင်းတာမဟုတ်ဘူး... ဒါပေမယ့် မနက်က ပြောပုံကြည့်ရတာ ရိန်ရိန်းကိုတော့ အတော်ခင်ပုံရတယ်... "

" အင်း... နောက်ဆို ငါ့သားငယ်လေးကို မုန့်နဲ့မြှားပြီး အိမ်ခေါ်ထားရမယ်... သားရိန်ရိန်းနဲ့ အဖော်ရအောင်လို့ "

PhilophobiaWhere stories live. Discover now