ထိုသို့ဆိုမှ သူသည် သူ့ကိုယ်သူ အတော်လေးပင် လေးစားမိသည်။ သူ့ဖခင်ဖြစ်သူ၏ ဖိနှိပ်မှုအောက်၌ သတ္တိရှိရှိနှင့် အလျှော့မပေးခဲ့ဘဲ ၃ နှစ်တိတိ ငရုတ်သီးတို့ကို စားခဲ့သည်။

မာလျန့်ခေါ်သွားခဲ့သော တူရကီဆိုင်သို့ သူမရောက်ဖူးပေ။ အရသာကလည်း ကောင်းမွန်ပြီး ပတ်ဝန်းကျင်ကလည်း အတော်လေးကို သက်သောင့်သက်သာရှိလှသည်။ စွန်းဝမ့်ချွီသည် အစားထဲ၌ ခေါင်းနှစ်ထားလိုက်လေတော့၏။

"မင်း ပြန်...ပြန်လာပြီးတော့ ဘာ...ဘာအစီအစဉ် ရှိ... ရှိလဲ"

မာလျန့်က စားရင်း မေးသည်။

"မရှိဘူး"

စွန်းဝမ့်ချွီက ‌တည့်တိုးပင် ဖြေ၏။

"ငါ့ဆီ လာခဲ့ပါလား"

မာလျန့်က ပြောလာသည်။

"အဲကိစ္စက နောက်မှ ပြောကြတာပေါ့"

စွန်းဝမ့်ချွီက ခုံပေါ် ကျောမှီလိုက်သည်။

"အရင်ဆုံးတော့ ရက်နည်းနည်းလောက် ပျော်ပါးလိုက်အုံးမယ်"

မာလျန့်မှာ သူ့ထက် ၂ နှစ်ငယ်ပြီး သူ့အဖေ၏ တရားဝင်တပည့်ဖြစ်သည်။ ဆယ်ကျော်သက်အရွယ်ကတည်းက သူ့အဖေထံ၌ အိုးလုပ်ခြင်းအတတ်ပညာကို စတင်သင်ယူခဲ့၏။ သူ၏အရည်အချင်းမှာ သာမန်မျှသာ ဖြစ်သော်လည်း သူက အင်မတန်ရိုးသားပြီး အရိပ်အကဲအလွန်နားလည်သည်။ သူ့အဖေက သူ့ကို အင်မတန် သဘောကျ၏။

သို့သော်လည်း အဆုံးတွင်မူ ဆရာနှင့် သူငယ်ချင်းဖြစ်သူတို့ကြား သဘောထားကွဲလွဲမှုထဲ သူငယ်ချင်းကို ရွေးချယ်ခဲ့သည်။ သူ့အဖေက အလွန်အမင်းစိတ်ဆိုးကာ သူ့ကို "တံခါးဝမှ ကန်ထုတ်ခဲ့သည်"။ ယခု သူက သူ့ကိုယ်ပိုင်စတူဒီယိုလေးတစ်ခု ထောင်ထားပြီး အဆင်ပြေပြေရှိနေ၏။

"ဝမ့်ချွီ"

မာလျန့်က ဆေးလိပ်မီးညှိလိုက်သည်။

"မင်းပြော... မင်း ဘယ်... ဘယ်အချိန်ကျမှပဲ သမားရိုးကျဘဝမျိုး နေမှာလဲ"

"ငါ အခု တော်တော်လေး အဆင်ပြေနေတာပဲ မဟုတ်ဘူးလား"

စွန်းဝမ့်ချွီက သူ့ကို တစ်ချက်ကြည့်လိုက်သည်။

ဖေးလိုင်ဟုန့်ချွမ် || မြန်မာဘာသာပြန် ||Wo Geschichten leben. Entdecke jetzt