တံခါးပိတ်သံကိုကြားသော် ရှဲ့ပိုင်၏ခြေလှမ်းများက တွန့်ဆုတ်သွားရသည်။ သို့သော် မျက်နှာပျက်ခြင်းအလျဥ်းမရှိဘဲ ရှေ့သို့ ဆက်လျှောက်သွား၏။ ခြေလှမ်းကျဲများဖြင့် အပေါ်ဆုံးအထပ်သို့ လုံရှမ်းယွဲ့၏အနောက်မှ လိုက်လာခဲ့လေသည်။

ရှန်းယွဲ့စားသောက်ဆိုင်မှာ အရွယ်အစားအားဖြင့် မကြီးလှချေ။ တည်ဆောက်ထားပုံက ရိုးရှင်း၏။ ပထမအထပ်၌ ပင်မစားသောက်ဆောင်ကြီးရှိပြီး ဒုတိယအထပ်၌မူ သီးသန့်စားသောက်ခန်းများဖြင့် ဖွဲ့စည်းထားသည်။ ဤမျှဖြင့် နယ်ခံဧည့်သည်များကို ဧည့်ခံထားရန် လုံလောက်နေပြီ။ လုံရှန်းယွဲ့က တတိယအထပ်၌ နေထိုင်၏။ ပြင်ပဧည့်သည်များကို တားမြစ်ထားသည့် နေရာပင်။ အပေါ်ဆုံးအထပ်၌ ပုံမှန်အချိန်ဆိုလျှင် သော့ခတ်ထားလေ့ရှိသော ထပ်ခိုးအခန်းငယ်တစ်ခန်းရှိ၏။ လုံရှန်းယွဲ့က သူ ရှေ့ဖြစ်ဟောကြားပေးမည့်ပုဂ္ဂိုလ်များကိုသာ ထိုအခန်းထဲ ခေါ်လာလေ့ရှိသည်။

အမိုးအောက်ထပ်ခိုးအခန်း၏ဖွဲ့စည်းပုံမှာ လွန်လေပြီးသာနှစ်များ၌ တည်ရှိခဲ့သော သေရည်ဆိုင်အပေါ်ထပ်ရှိ အခန်းလေးနှင့် တစ်ထေရာတည်းပင်ဖြစ်၏။ ထူးခြားဆန်းကြယ်လှသော အရာဝတ္ထုများ၊ အရိုးအပိုင်းအစများအပြင် ပုံသဏ္ဍာန်အဆန်းများနှင့် ဓားရှည်မျိုးစုံက နံရံလေးဖက်လေးတန်၌ အသီးသီးနေရာယူချိတ်ဆွဲခံထားရ​၏။ အခန်း​၏အလယ်တည့်တည့်တွင်မူ မဟော်ဂနီစားပွဲတစ်လုံးနှင့် မဟော်ဂနီထိုင်ခုံနှစ်လုံး ရှိလေသည်။

ကျွဲဆက်ရက်က ကသုတ်ကရက်နိုင်စွာဖြင့် ရှဲ့ပိုင်တို့နှစ်ဦး အနောက်သို့ လိုက်လာကာ ထပ်ခိုးအခန်းထဲ ဝင်လာသည်။ အမွေးတစ်ဝက်ခန့်က ထိုးထိုးထောင်ထောင်နှင့်။ ငှက်နားသည့်အကိုင်းကဲ့သို့ နေရာလေးတစ်ခုပေါ် ဝရုန်းသုန်းကား သက်ဆင်းနားလိုက်သည်။

ရှဲ့ပိုင်က လုံရှန်းယွဲ့၏မျက်နှာချင်းဆိုင်၌ ထိုင်ကာ နာမည်ခေါ်လိုက်၏။

"အန်တီလုံ"

ကျွဲဆက်ရက်မှာ ကြောက်လန့်တကြား ဖြစ်သွားရ၏။

"ချီးပဲ"

"ဘယ်သူက ငါ့ကို အန်တီလို့ ခေါ်ရဲတာလဲ? သေချင်နေပြီလား?"

မဖိတ်ခေါ်ဘဲ ရောက်လာလေသူ || The Yin GuestWhere stories live. Discover now