Part 38 (Unicode)

15.6K 2.2K 31
                                    

ပင်လယ်လေသည် တဖြူးဖြူးတိုက်ခတ်နေသည်။ ဥယျာဉ်ကြီးထဲမှ သစ်ရွက်များကြား လေတိုးသံသည် နတ်သမီးငယ်များ၏ ဂီတသံစဉ်များလို ထွက်ပေါ်နေသည်။ တလွင့်လွင့်လှုပ်ခါနေသော သစ်ကိုင်းသစ်ခက်များ၏ အရိပ်များသည် ကချေသည်များနှယ် ယိမ်းထိုးနေသည်။ လေအဝှေ့မှာ ကြွေဆင်းလာသည့် အဖြူရောင် မက်မွန်ပန်းပွင့်ငယ်များသည် အစိမ်းရောင် မြက်ခင်းများပေါ်တွင် ပြန့်ကျဲနေသည်။ ပန်းပွင့်ငယ်များကြားမှ ပျားပိတုန်းကောင်ငယ်များ၏ ဝီခေါ်သံကိုလည်း တစ်ချက်တစ်ချက် ကြားနေရသည်။

သာယာသောဥယျာဉ်ကြီးထဲတွင် ရှိနေသော လူသားသုံးယောက်၏ ရင်ခွင်မှာတော့ မီးတောက်ကိုယ်စီဖြင့် ငြိမ်းချမ်းခြင်းမရှိ။ ပင်လယ်ပြင်မှ ကျွန်းစုငယ်များရှိရာ မျက်နှာမူထားသော လုလိယက်စ်သည် ဥယျာဉ်အတွင်းတွင် အလှဆင်ထားသော ကျောက်ရုပ်တစ်ခုပမာ လှုပ်ရှားခြင်းကင်းမဲ့နေသည်။

"ဒီကောင်က အရှင်တိတိုရဲ့ လူယုံတော်။ အစ်ကို့ကို မျက်ခြေမပြတ်စောင့်ကြည့်နေဖို့ အရှင်တိတို လွှတ်ထားတာ။ အစ်ကိုယုံအောင် ကျုပ်ဘယ်နှခါပြောရမလဲ အစ်ကိုရာ။"

အားရီးယူးစ်သည် လုလိယက်စ်နှင့် ဘေးချင်းယှဉ်ရပ်နေသည်။ ညီအစ်ကိုနှစ်ယောက် ဖြစ်သောကြောင့် ပန်းပုဆရာတစ်ယောက်တည်းမှ သွန်းလုပ်ထားသော နတ်ဘုရားရုပ်တုနှစ်ခုလိုပင် မျက်နှာပုံစံနှစ်ခုသည် ဆင်ဆင်တူသည်။ ရင့်ကျက်ခြင်းနှင့် စိတ်ထက်ခြင်း။ တည်ကြည်ခြင်းနှင့် ဒေါသရောင်။ ထိုအခြင်းအရာများကသာ ကွဲပြားသော လူသားနှစ်ယောက်ဖြစ်ကြောင်း သိသာစေသည်။

အားရီးယူးစ်၏ နုနယ်ငယ်ရွယ်သော မျက်နှာသည် ဒေါသကြောင့် နီရဲနေသည်။ မျက်လုံးများက အေးစက်ကာ လူသတ်ချင်စိတ် ဖြစ်ပေါ်နေမှန်း သိသာစေလွန်းသည်။ နေ့လယ်စာစားချိန် ကျော်လွန်နေပြီဖြစ်သော်လည်း အစားအသောက်ကို မည်သူမှ အာရုံမရှိကြ။ အခြားအစေခံများသည်လည်း သူတို့နားမှာမရှိ။ အဘိုးအိုအဲလ်ဇီယိုတစ်ယောက်သာ သူတို့နားမှာ ရှိသည်။

"ဒီကောင်ဟာ သူလျှိုပဲ အစ်ကို။ ဟာဗျာ..သူလျှို၊ လူယုံဆိုတာထက်ကို ပိုပါတယ်ဗျာ။ သူက အရှင်တိတိုနဲ့ အစေခံမရဲ့ သားတဲ့ဗျ။ အရှင်တိတိုရဲ့ သွေးသားရင်းအစစ်။ သူ့အရှင်သခင်ရဲ့ အမိန့်ဆိုရင် သေဆိုသေ၊ ရှင်ဆိုရှင် လိုက်နာတတ်တဲ့ အစေခံတစ်ယောက်ဗျ။"

ထာ၀ရ ပုံပေWhere stories live. Discover now