1K 162 21
                                    

//မင်းနဲ့တူတူ ကြီးပြင်းသွားချင်တယ်//

"တောင်းပန်ပါတယ်၊ ကိုကိုကပဲ မင်းကို တောင်းပန်ပါတယ်"

နှုတ်ခမ်းကို လက်နဲ့လှမ်းပိတ်လိုက်တာတောင် တောင်းပန်စကားလေးဟာ ဗလုံးဗထွေးနဲ့ ထွက်ပေါ်နေဆဲ။

"ဆက်တောင်းပန်နေရင် ငါ မင်းကို တသက်လုံး ခွင့်လွှတ်နိုင်မှာ မဟုတ်တော့ဘူး"

"ကိုကို့အမှားက တသက်လုံးခွင့်လွှတ်လို့ မရနိုင်မဲ့ အမှားမှန်းသိပါတယ်။ ဒါကြောင့်မို့ ခွင့်လွှတ်ပေးဖို့ မတောင်းဆိုပါဘူး"

အရူးလေးရယ်ဆိုပြီး နဖူးကို နာနာတောက်ပစ်ချင်လာတယ်။ တစ်ခုထက်ပိုတဲ့ စိတ်ခံစားချက်တွေ ရောပြွန်းရှုပ်ထွေးလာတဲ့ အချိန်တိုင်း ကျန်းဟောင့်က စကားသင်ခါစ ကလေးတစ်ယောက်လိုပဲ။ နောက်ထပ် ငါ ဘာပြောပြော သူက အဓိပ္ပာယ်ကောက်ချင်သလို ကောက်ပစ်ဦးမှာပဲ။

"ဟာအို ဒီလို ဆက်ငိုနေလို့တော့ မရဘူးကွာ။ မနက်ကျ ခေါင်းတွေကိုက်ပြီး မထနိုင်ဘဲ နေလိမ့်မယ်"

ကင်ဂျီအွန်းက ဆက်ပြီး ရပ်မကြည့်နိုင်တော့သလို ပြောရင်း ကျန်းဟောင့်ရင်ခွင်ထဲက ငါ့ကို ဆွဲထူတယ်။ နားနားကပ်လာပြီး ကျန်းဟောင့်မကြားအောင် သွားကြားထဲက လေသံနဲ့..

"ပြောလိုက် မြန်မြန်"

"ဘာလဲ"

"ဟာအို့ကို ခွင့်လွှတ်ကြောင်းလေ။ အထာကိုင်နေရအောင် မင်းက ဘာကောင်မို့လို့လဲ။ ခွင့်လွှတ်တယ်လို့ မြန်မြန် ပြောလိုက်"

"အဲလိုခွင့်လွှတ်ပေးရမဲ့ ကိစ္စမဟုတ်ဘူး"

"ဆောင်းဟန်ဘင်း!!"

ဂျီအွန်းက ဒေါပွသွားသလို လက်ရွယ်ပြန်တော့ ထိုင်ကျန်နေခဲ့တဲ့ ကျန်းဟောင့်က ချက်ချင်း ထရပ်တယ်။ ဂျီအွန်းရှေ့က ငါ့ကို လှမ်းဆွဲကာ သူ့နောက်ကို ပို့လိုက်ပြီး ခေါင်းတခါခါနဲ့ ဝင်တားတယ်။

ငါ့ရှေ့မှာ ကာပေးထားတဲ့ ကျန်းဟောင့်ပုံစံကြောင့် ဂျီအွန်းမျက်နှာပေါ် ဖြတ်ပြေးသွားတဲ့ ကြေကွဲခြင်း အပိုင်းအစတွေ။

"ဘာမှ မလုပ်ပါဘူး ဟာအိုရယ်။ မင်း မလိုလားရင် ငါ ထပ်မလုပ်ပါဘူး"

I wanna grow old with youWhere stories live. Discover now