စာသင်ချိန်တွေထဲ ရိပေါ်အမုန်းဆုံးဖြစ်တဲ့ အင်္ဂလိပ်စာချိန်က အတော်မှပျင်းရိစရာကောင်းလွန်းတယ်။ အတန်းရှေ့က ဆရာမက ဖတ်စာအုပ်ထဲက အင်္ဂလိပ်စာကြောင်းတွေကို တရုတ်လိုဘာသာပြန်ပြရင်း ပြောနေတယ်။
ရိပေါ်က သုံးနေကျ အနီရောင်ဘောပင်နဲ့ ပြဌာန်းစာအုပ်က လူပုံပေါ် ဖွဖွကလေး ခြစ်ရင်း နားထောင်နေတယ်။
နီရဲသွားတဲ့ လူပုံရဲ့ အောက်ဘက်မှာ bold letter နဲ့ရေးထားတာက Charles Perrault ။
" Charles Perrault က ပြင်သစ် စာရေးဆရာတစ်ယောက် ... နောက်ပြီး နာမည်ကြီး ပုံပြင်တစ်ပုဒ်ဖြစ်တဲ့ Sleeping Beauty ရဲ့ မူရင်း စာရေးသူ ဖြစ်တယ် "
ရိပေါ်က ကိုင်ထားတဲ့ ဘောပင်ကိုချလိုက်ရင်း ပြတင်းပေါက်ဘက်ကို တစ်ချက်ငေးရင်း အသက်ပြင်းပြင်း ရှုထုတ်လိုက်တယ်။
ဘာများအထင်ကြီးစရာရှိလို့ ပြဌာန်းစာအုပ်ထဲ ထည့်သင်ရတာလဲ ...။ အချစ်စစ်အနမ်းနဲ့ ဇာတ်သိမ်းသွားတဲ့ ခပ်ကြောင်ကြောင် ပုံပြင်ကကော ဘာများ စိတ်ဝင်စားစရာကောင်းလို့လဲ။ ရိပေါ် တကယ် နားမလည်ဘူး။
အဆိုးဆုံးကလူတိုင်းသိနေတဲ့ ပုံပြင်ကို ရှင်းပြနေတဲ့ အတန်းရှေ့က ဆရာမ။ ရိပေါ် ခပ်တည်တည် စိုက်ကြည့်ရင်း နားထောင်နေလိုက်ပြန်တယ်။
" Melificant က မင်းသမီး Aurora ကိုတိုက်ခဲ့တဲ့ ကျိန်စာက ဗိုင်းငင်တဲ့စက်ရဲ့အပ်ချောင်းနဲ့ မင်းသမီးရဲ့ လက်ချောင်းထိသွားရင် သေမယ် လို့ ... "
ဆရာမဆီက ဆက်ပြောတဲ့ စကားကို ရိပေါ် အာရုံစိုက်မနေတော့ဘူး။ သိပြီးသားအကြောင်းအရာတစ်ခုက ဘယ်တော့မှ ဒုတိယအကြိမ် စိတ်ဝင်စားစရာမကောင်းစေဘူး။
ပုံပြင်က ယုတ္တိမရှိဘူး။ အပ်နဲ့ လက်ချောင်းနဲ့သာထိလို့ သေမယ်ဆို မင်းသမီးရဲ့ လက်ချောင်းတွေကို ဖျက်ပစ်လိုက်ခဲ့ရင် ပုံပြင်က ပိုလှခဲ့မယ်လို့ ရိပေါ်ထင်တယ်။
....
အတန်းတွင်းစစ်ရမယ့် စာမေးပွဲကြောင့် ဆရာများရုံးခန်းထဲ ဆရာတချို့က အလုပ်ရှုပ်နေကြတယ်။ ရှောင်ကျန့်က အတန်းချိန်မရှိတာကြောင့် ရုံးခန်းရဲ့ စားပွဲနေရာမှာ ရှိနေတယ်။ နက်ခ်တိုင်ကို အနည်းငယ်ဖြေဟ ထားပြီး ဝတ်ထားတဲ့ အဖြူရောင်ရှပ်အင်္ကျီလက်ကို တံတောင်ဆစ်နားထိ
ခေါက်တင်ထားတယ်။
" ဆရာရှောင်း... ဘာသာစုံ မေးခွန်းထုတ်ထားတာထဲက သင်္ချာမေးခွန်းလေး တစ်ချက်စစ်ပေးပါအုန်း "
ဘေးစားပွဲက ဆရာမက ဖိုင်တစ်ခုကိုကမ်းပေးရင်း ပြောတော့ ရှောင်ကျန့်က လှမ်းယူရင်း စစ်ပေးဖို့ ပြင်တယ်။
တန်းခွဲအကုန်လုံးက ဆရာတွေပေါင်းပြီး ဘာသာရပ်ဆိုင်ရာ မေးခွန်းထုတ်ရတာကြောင့် စစ်ဆေးပေးဖို့ရာ လိုအပ်သည်မို့။
" ဆရာ... "
အတန်းထဲ ဝင်လာတဲ့ ကျောင်းသားသုံးယောက်ကြောင့် ဖိုင်ကို ပြန်ပိတ်လိုက်ရင်း တပ်ထားတဲ့ ရွှေရောင်မျက်မှန်ကိုင်းလေးကို ချွတ်လိုက်တယ်။
မျက်မှန်းတန်းနေမိတဲ့ အတန်းအေက Top 10 စာရင်းဝင် ကျောင်းသားတွေမို့ ရှောင်ကျန့်က ဘာမှပြန်မထူးဘဲ
ဆက်ပြောလာမယ့် စကားကိုသာ စောင့်နေလိုက်တယ်။
" ကျွန်တော်တို့ စာလာမေးတာ... ဆရာ "
" အင်း ပြော ဘယ်ဟာ နားမလည်တာလဲ "
" ဒီဟာ "
ကျောင်းသားသုံးယောက်တည်းက တစ်ယောက်က ပါလာတဲ့ စာအုပ်ကို ဖွင့်ပြရင်း ပြောတော့ ရှောင်ကျန့်က ဘောပင်ခွက်ထဲက ဘောပင်တစ်ချောင်းကို ဆွဲယူရင်း ရှင်းပြဖို့ ပြင်လိုက်တယ်။
" ဒီဟာက မသိကိန်းကို X ထားရမှာ .... "
ကျောင်းသားတွေက စိတ်ဝင်တစားနားထောင်နေကြတာမို့ရှောင်ကျန့် သေသေချာချာရှင်းပြပေးတယ်။ ၁၀ မိနစ်လောက်ကြာတော့ ရှင်းပြပေးတဲ့ ပုစ္ဆာက ပြီးသွားတယ်။
ကျောင်းသားသုံးယောက်က ခါးကိုင်းရင်း ကျေးဇူးတင်ပါတယ် ဆရာ ဆိုပြီးပြောလာတော့ ရှောင်ကျန့် နှစ်နှစ်ကာကာ ပြုံးရင်း ခေါင်းငြိမ့်ပြတယ်။
စားပွဲပေါ်က စာအုပ်ကို ကျောင်းသားက ပြန်ဆွဲယူလိုက်တော့ စာအုပ်အောက်က ဖိုင်လေးက ကြမ်းပြင်ပေါ် ပြုတ်ကျတယ်။
" တောင်းပန်ပါတယ် ဆရာ ကျွန်တော် မမြင်လိုက်လို့"
" ရတယ် ဘာမှမဖြစ်ဘူး "
ကြမ်းပြင်ပေါ်ကျသွားတဲ့ ဖိုင်လေးကို ပြန်ကောက်ပေးရင်း ကျောင်းသားက ရှောင်ကျန့််ကို ကမ်းပေးတယ်။ အမှတ်တမဲ့ဘဲ။ ကျောင်းသားက ဖိုင်ပေါ်မှာ ကပ်ထားတဲ့ စာရွက်ဖြူ
လေးကိုမြင်တယ်။
" အတန်းတွင်းစာမေးပွဲ ဘာသာစုံမေးခွန်း "
....
" ရှင်းရဲ့ ကားကို ကားသင်္ချိ ုင်းတစ်ခုမှာတွေ့တယ် "
စာသင်ဆောင်ရဲ့ ကော်ရစ်တာရဲ့ ထောင့်ချိုးနေရာမှာ ချန်းနဲ့ ရှောင်ကျန့် မတ်တပ်ရပ်လျက်ရှိနေကြတယ်။ ကော်ရစ်တာဆီမှာတော့ ဖြတ်သွားဖြတ်လာ ကျောင်းသားတချို့ရှိနေတယ်။
" ရှန်ဟိုင်းဌာနက မို့လို့ ကိုယ့်ကို အခုရဲဌာနက စုံစမ်းစစ်ဆေးရေးတွေကို ပြည့်ပြည့်၀၀ မပေးကြဘူး ..."
ချန်းရဲ့စကားကြောင့် ရှောင်ကျန့်သက်ပြင်း ညှင်းညှင်းလေးချမိတယ်။ ရှင်းကို ပြန်ရှာတွေ့ဖို့ ကြိုးစားနေမှန်း သိသာတဲ့ ချန်းရဲ့ မျက်ဝန်းတွေက ညိုမှိုင်းမှိုင်းဖြစ်နေကြတယ်။
ရှင်းကိစ္စနဲ့ ချန်းကို ဘာမှကူညီမပေးနိုင်တာကြောင့် ရှောင်ကျန့် စိတ်ထဲသက်ပြင်းထပ်ချမိပြန်တယ်။ ကူညီပေးချင်ပေမယ့်လည်း ကျောင်းဘက်မှာလဲ သေဆုံးသွားတဲ့ကျောင်းသူအမှုက မပေါ်သေးတာမို့ အခြေအနေတွေက တစ်ဖန် မငြိမ်မသက်ဖြစ်နေတာကြောင့် အဆင်မပြေ။
" ဆရာရှောင်း ... ကျောင်းအုပ်ခေါ်ထားတဲ့ အစည်းအဝေး စနေပြီ "
ရှောင်ကျန့်စကား ဆက်ပြောမလို့ပြင်လိုက်ပေမယ့် ဘေးဆီရောက်လာတဲ့ ဆရာမကြောင့် ရပ်တန့်လိုက်ရတယ်။
ဆရာမိဘတွေ့ဆုံပွဲအတွက် အရေးကြီးတဲ့ အစည်းအဝေးဖြစ်တာမို့ နောက်ကျ၍မဖြစ်။ သိပ်ကြာမည်မဟုတ်သော အစည်းအဝေးတစ်ခုကြောင့် ချန်းကို ရုံးခန်းမှာသာ စောင့်နေဖို့ ပြောရင်း ခပ်မြန်မြန်ခြေလှမ်းတွေနဲ့ အစည်းအသေးခန်းဆီ ထွက်လာခဲ့ရတယ်။
....
အချိန်ရှေ့တိုးလိုက်တဲ့ကျောင်းချိန်ကြောင့် ကျောင်းဆင်းချိန်က မူလထက် တစ်နာရီခွဲစောသွားတယ်။ ဝါကျင့်ကျင့် ညနေအစောပိုင်း နေရောင်က အတန်းပြတင်းပေါက်က တဆင့် ဝင်ရောက်နေတယ်။
တစ်ဦးတစ်ယောက်မှ မရှိတော့တဲ့ စာသင်ခန်းထဲ ပုံမှန်အရှိန်နဲ့ လျှောက်လှမ်းလာတဲ့ ခြေထောက်တစ်စုံက အတန်းရှေ့နားက စားပွဲခုံတစ်ခုံနားမှာ ရပ်တန့်တယ်။
စားပွဲပေါ်မှာ ရောင်စုံစာရွက်တစ်ချို့နဲ့ ပန်းစည်းသေးသေးလေးတွေရှိတယ်။ ပန်းပွင့်အများစုက အဝါရောင်တွေဖြစ်ပြီး
ကျန်တချို့ကတော့ အဖြူလွင့်လွင့်ကလေးတွေ။
ဒီနေ့က အဲ့ဒီကျောင်းသူရဲ့အလောင်းပြန်တွေ့တဲ့နေ့က စရေတွက်ရင် တစ်လတိတိပြည့်တဲ့နေဖြစ်တာကြောင့် ကျောင်းဆင်းချိန်မှာ အတန်းထဲက ကျောင်းသားတွေက စားပွဲခုံပေါ် စာတွေ ပန်းတွေ လာထားကြတယ်။
လွမ်းဆွတ်သတိရကြောင်း အမှတ်တရဆိုလား....။
ရိပေါ် သေချာတော့မသိဘူး။
ကျောပိုးအိတ်ကို တစ်ဖက်တည်းလွယ်ထားတဲ့ ရိပေါ်က လက်ထဲမှာ ပါလာတဲ့ ဖန်ပုလင်းလေးကို ခုံပေါ်ချလိုက်တယ်။ ခပ်ရဲရဲနှင်းဆီ တစ်ပွင့်ကို ထိုးစိုက်ထားတဲ့ အဲ့ဒီ ဖန်ပုလင်းထဲ မြေကြီးစတွေက သိုသိုသိပ်သိပ်ရှိနေတယ်။
အမြင်အားဖြင့် တကယ့်ကို ရိုးရိုးရှင်းရှင်းနဲ့ လှတယ်။ အဖြူရောင်နဲ့ အဝါရောင်ပန်းတွေကြား နှင်းဆီပန်းတစ်ပွင့်က ရဲရဲကလေး ထင်းလို့။
" မင်းလိုအပ်နေမယ်လို့ထင်တယ် ... အိပ်မက်တွေထဲ ငါ့ကို ခလုတ်လာမတိုက်နဲ့တော့ "
.............................
စေတန်ကတဲ့ အနီရောင်ပုံပြင်က
အိပ်ရာဝင်ပုံပြင်တစ်ပုဒ် ဒါမှမဟုတ်
အိပ်မက်ဆိုးတစ်ခု ဖြစ်ကောင်းဖြစ်နိုင်တယ် ။
စေတန်က နတ်သမီးပုံပြင်တွေကို အယုံအကြည်မရှိခဲ့ဘူး။
.............................