|| စိတ်ကို ရှုပ်ထွေး ထူပူသွားစေသည့် ပဟေဠိဆန်ဆန် ပုရောဟိတ်ကြီး၏ စကားထာ [ အပိုင်း ၂ ] ||
ရှဲ့လျန်ရဲ့ ပထမဆုံး တုန့်ပြန်မှုက ဖန်းရှင်းကို လှမ်းဆွဲပြီး ခုတ်ချလိုက်ဖို့ပဲ ။ ဒါပေမဲ့ မခုတ်ခင် တစ်ချက် ဖျတ်ခနဲ ကြည့်တတ်တဲ့ အကျင့်ကောင်းလေး သူ့မှာ ရှိနေတာ ကံကောင်းတယ် ပြောရမယ် ။ ခုတ်ချတော့မဲ့ဆဲဆဲ သူ့ကိုယ်သူ တားဆီးလိုက်ပြီး ခေါ်လိုက်တယ် ။
" စစ်သူကြီးဖေ?"
အဲဒီသူက ကိုယ်ခန္ဓာကို တစ်ပတ်လှန်လိုက်ပြီး ခုန်ထလိုက်တယ် ။ သူက ဖေမင်ပဲ ။ သူက ပုခုံးပေါ်က ဖုန်တွေကို ခါလိုက်ရင်း မယုံနိုင်လောက်အောင် သက်တောင့်သက်သာ ရှိစွာနဲ့ သူတို့ကို တစ်ချက်လှမ်းကြည့်ရင်း ပြောလာတယ် ။
" ကြည့်ရတာ အိမ်ရှေ့စံ အရှင့်သားနဲ့ အဆွေတော် တစ္ဆေဘုရင်တို့က ဒီမှာ အေးအေးဆေးဆေး သာယာပျော်ရွှင်နေကြတယ်နဲ့ တူတယ်"
ရှဲ့လျန်က ပြောတယ် ။
" မဆိုးပါဘူး မဆိုးပါဘူး .. ဒါပေမဲ့ စစ်သူကြီးဖေ သင်အဆင်ပြေရဲ့လား ? တစ်ခုခုကျိုးတဲ့ အသံမျိုး ကျွန်ုပ်ကြားလိုက် သလိုလိုပဲ... "
ဖေမင်က ပြောတယ် ။
" အိုး ... ဘာမှ မဟုတ်ပါဘူး .. အိမ်ရှေ့စံ အရှင့်သား စိတ်ပူပေးတာ ကျေးဇူးတင်ပါတယ် ... အဲဒီ ကျိုးတဲ့ အသံက ကျွန်ုပ်ရဲ့ အရိုးမဟုတ်ပါဘူး .. ဒါပေမဲ့ ဒီအရိုး"
သူက ပစ္စည်းတစ်ခုကို မြှောက်ပြတယ် ။ ထိုအရာက ကံဆိုးသူမောင်ရှင် ဟိုလူရဲ့ ပေါင်ရိုးဖြစ်ပြီး အရိုးက ကွေးကောက် ကျိုးကြေနေကာ ရုပ်လုံးတောင် မပေါ်တော့ဘူး ။
သူက ထပ်ပြောတယ် ။
" ဒီညီနောင်ကောင်းရဲ့ အကူအညီကြောင့်သာ ဒီဖေက တောင်မိစ္ဆာ ကိုယ်ထည်ထဲကနေ လွတ်မြောက်နိုင်မဲ့ လမ်းကို တူးဖောက်နိုင်ခဲ့တာ .. ဒါက ယောကျာ်းတစ်ယောက်ရဲ့ အရိုးဖြစ်ပေမဲ့ တကယ့်ကိုကြံ့ခိုင်တောင့်တင်းတဲ့ အရိုးတွေနဲ့ ယောကျာ်းကောင်းတစ်ယောက်လို့ ယူဆလို့ရတယ်"
သူပြောပြီးချက်ချင်းပဲ သိပ်မဝေးတဲ့နေရာမှာ အပေါ်ကနေ ဒုတိယမြောက်လူပုံသဏ္ဌာန်တစ်ခု ထပ်ပြုတ်ကျလာပြီး မြေကြီးပေါ် ပြင်းထန်စွာ ထိုးကျလာတယ် ။ သူတို့ အုပ်စုလိုက်သွားကြည့်ကြတဲ့အခါ ဒီတစ်ကြိမ်မှာတော့ ကျလာတာ ဖေရှို့ပဲ ။ အမှန်တော့ တကယ်က လူနှစ်ယောက် ။ သူ့ရဲ့ လက်မောင်းကြားမှာ ပန့်ယွဲ့ကို ကာကွယ်ထားပြီး ပန့်ယွဲ့ရဲ့ လက်ထဲမှာတော့ ခေါ့မော်နဲ့ ရုံကွမ်တို့ ပါဝင်တဲ့ မြေအိုးမည်းမည်းနှစ်လုံး ပိုက်ထားတယ် ။ သူတို့ နှစ်ယောက်လုံးဟာ မျက်နှာဖြူဖတ်ဖြူလျော်နဲ့ ဖရိုဖရဲဖြစ်နေပေမဲ့ ကြီးကြီးမားမား စိုးရိမ်စရာရှိဟန်မတူဘူး ။ သူတို့က အလျင်အမြန် ကုန်းထလာကြပြီး ဖေရှို့က မြေမှုန်တချို့ ထွေးထုတ်လိုက်ရင်း ပြောတယ် ။
"စစ်...သူကြီး.. ! ..အိမ်...ရှေ့စံ..အရှင့်သား"
ဖေမင်က မျက်စိတစ်ချက်ဝှေ့ကြည့်လိုက်ပြီး ပြောတယ် ။
" ကြည့်ရတာ ဒီတောင်မိစ္ဆာက ကျွန်ုပ်တို့ကို အရသာရှိမယ် မထင်တာကြောင့် ထွေးထုတ်လိုက်တာနဲ့တူတယ် "
ရှဲ့လျန်နဲ့ ဟွားချန်တို့ အကြည့်ချင်းဖလှယ်လိုက်ကြပြီး ရှဲ့လျန်က ခပ်တိုးတိုး ရေရွတ်လိုက်တယ် ။
" မဟုတ်လောက်ဘူး ! တစ်ယောက်ယောက်က ထွေးထုတ်လိုက်လို့ ပြောလို့နေမှာ"
ဖေမင်က ခြေလှမ်း အနည်းငယ်လျှောက်ကြည့်ရင်း ပုံမှန်မဟုတ်တဲ့ မြေရဲ့ တုန်ခါမှုကို သတိပြုမိပြီး သူ့မျက်ခုံးတွေ တွန့်ချိုးသွားတယ် ။
" ဒီတောင်က ဘယ်လိုဖြစ်နေတာလဲ ? ဘာလို့ ဒီလောက် တုန်ခါနေရတာလဲ ?"
" ဘာလို့လဲဆိုတော့ သူက လောလောလတ်လတ်မှာ ကျွန်ုပ်တို့ကို သယ်ပြီး ကြေးနီဖိုဆီ သွားနေတာကြောင့်လေ " ရှဲ့လျန်က ပြန်ဖြေလိုက်တယ် ။
ဖေမင်က ယင်ယွိတူးဖောက်ထားတဲ့ အပေါက်ဆီလျှောက်သွားပြီး အပြင်ကို ကြည့်လိုက်ရင်း ပြောတယ် ။
" မြန်လိုက်တာ ! သိပ်ကောင်းတယ် .. ခြေလျင်လျှောက်မနေရအောင် ကူညီလိုက်တာပဲ "
ဒါပေမဲ့ အခုချိန်ထိ ပျောက်နေဆဲ သူတစ်ယောက်ရှိနေသေးတယ် ။
ရှဲ့လျန်က မေးတယ် ။
" လင်းဝမ်ဘယ်မှာလဲ ?"
ဟွားချန်က သူ့ရဲ့ ညာဘက်မျက်လုံးကို သုံးပြီး ကြည့်လိုက်ဟန်တူတယ် ။
" သူ့ရဲ့ ကျောပေါ်မှာ ထားထားတဲ့ ငွေလိပ်ပြာကို တောင်မိစ္ဆာမြိုသွားပြီ... သူကိုမတွေ့တော့ဘူး"
ဆိုလိုတာက လင်းဝမ်နဲ့ အမတကျင်ခပ်အင်္ကျီတို့ဟာ သူတို့ စိတ်တိုင်းကျ လှုပ်ရှားနိုင်သွားပြီ ။ ဒါဆိုရင်တော့ ခက်ရချေပြီ ။
ရှဲ့လျန်က အလျင်စလိုနဲ့ ထိတ်လန့်စွာပြောလိုက်တယ် ။
" သူ့ကို မြန်မြန်ရှာရအောင်"
ဒီလိုနဲ့ သူတို့အဖွဲ့ဟာ တောင်ကိုယ်ထည်ထဲမှာ အရပ်လေးမျက်နှာတခွင် စတင် ပြေးလွှားကြရတော့တယ် ။ ဟွားချန်က ရှာဖွေမှု လုပ်ဆောင်ရန်အတွက် နောက်ထပ် သေမင်းတမာန် ငွေလိပ်ပြာ အကောင်တစ်ရာကျော်လောက် ထပ်လွှတ်လိုက်တယ် ။ နောက်ဆုံးမှာတော့ သူတို့အားလုံးကို အခြား အပေါက်တစ်ခုဆီ ခေါ်ဆောင်သွားတော့တယ် ။
အဲဒီအပေါက်က လူတစ်ယောက် အားနဲ့ ပေါက်ခွဲပစ်ခဲ့တာဖြစ်ပြီး ၎င်းရဲ့ အနားသတ်တွေက ရွဲ့စောင်းကာ မညီမညာဖြစ်နေတယ် ။ အဲဒီအပြင်မှာ ရှုခင်းရှုကွက်တွေက အလွန်တရာလျင်မြန်စွာ ရိပ်ခနဲ ရိပ်ခနဲ ဖြတ်သွားနေပြီး တောင်ကိုယ်ထည်ထဲကို တန်းတန်းမတ်မတ် တိုးဝင်လာတဲ့ လေပွေကြမ်းဟာ သရဲတစ္ဆေ ငိုညည်းသံ ၊ ဝံပုလွေအူသံများလို တဝူးဝူး တဝေါဝေါတိုက်ခတ်နေတယ် ။ လင်းဝမ်ဟာ တောင်မိစ္ဆာ ထွေးထုတ်ခံရပြီးနောက် သူဟာသူ အပေါက်တစ်ပေါက် ဖောက်ခွဲပြီး ထွက်ပြေးသွားခဲ့ပုံပဲ ။ ရှဲ့လျန်က အပေါက်ရဲ့ အစွန်းကနေ ငုံ့ကြည့်လိုက်ပြီး မျက်မှောင်ကျုတ်ထားရင်း ပြောလာတယ် ။
" ငါတို့ အခုဘယ်လို လုပ်ကြမလဲ ? အမတကျင်ခပ်အင်္ကျီရဲ့ ဖျက်ဆီးနိုင်တဲ့ စွမ်းအားက ကြီးမားလွန်းတယ် .. ဒီတိုင်းထားလိုက်လို့ မဖြစ်ဘူး"
ဟွားချန်က ပြောလာတယ် ။
" စိတ်မပူပါနဲ့ ! ဘယ်လိုပဲဖြစ်ဖြစ် သူလည်း နောက်ဆုံးတော့ ကြေးနီဖိုဆီကို ဦးတည်သွားမှာပဲ .. ဒါကြောင့် ကျွန်တော်တို့က လမ်းမတူပေမဲ့ လမ်းဆုံးကတော့ တူတယ်လေ"
သူတို့ အဖွဲ့ ပြန်စုစည်းမိကြတဲ့အခါ ရှဲ့လျန်က သူအစောပိုင်းက နားစွန်နားဖျား ကြားခဲ့ရတာတွေကို အသေးစိတ် အချက်အလက်တချို့ ချန်လှပ်ပြီး ပြန်ပြောင်းပြောပြခဲ့တယ် ။ သူပြောပြီးတဲ့အခါ သူတို့အဖွဲ့ဟာ မြေကြီးပေါ်ထိုင်ချရင်း ငေးငိုင်နေကြတော့တယ် ။ ဘာပဲပြောပြော လက်ရှိမှာ သူတို့ဟာ မိစ္ဆာတွေနဲ့တိုက်ခိုက်စရာ မလိုအပ်သလို ခရီးကလည်း ကိုယ်ဟာကိုယ်ဆက်စရာ မလိုတာကြောင့် ဘာမှလုပ်စရာမရှိဘဲ အင်မတန် ပျင်းရိနေကြတယ် ။
ယင်ယွိတစ်ယောက် ချွမ်ယိကျန်းနဲ့ မည်သို့မည်ပုံ ဆက်ဆံရမှန်းမသိ ၊ သူ့ကိုမြင်ရုံနဲ့ ခေါင်းကိုက်ရသည်ဟု ပြောထားပြီးကတည်းက ချွမ်ယိကျန်းကို ပြန်လွတ်ပေးတာဟာ အမြော်အမြင်ရှိတဲ့ လုပ်ရပ်မဟုတ်မှန်း ရှဲ့လျန် ခံစားမိတာကြောင့် သူ့ကို ပစ်တိုင်းထောင်ရုပ်အဖြစ်ပဲ ယာယီထိန်းသိမ်းထားလိုက်တယ် ။ ဖေမင်က ပျင်းရိနေတာကြောင့် ပစ်တိုင်းထောင်ကို ရိုက်ပုတ်ပြီး ဆော့ကစားနေတယ် ။ ပစ်တိုင်းထောင်ရုပ်ဟာ ဒယီးဒယိုင်နဲ့ ပြင်းထန်စွာ လွှဲယမ်းတုန်ခါနေတာကို မြင်ရတဲ့အခါ ရှဲ့လျန်တစ်ယောက် သနားစိတ်ဝင်နေမိတော့တယ် ။
သူကချောင်းတစ်ချက်ဟန့်လိုက်ပြီး ပြောလိုက်တယ် ။
" စစ်သူကြီးဖေ .. မဆော့ပါနဲ့တော့"
ဖေမင်က ပထမတော့ လိုက်နာပြီး ရပ်တန့်လိုက်တယ် ။ ဒါပေမဲ့ ရှဲ့လျန် အိပ်ငိုက်လာပြီး တောင်နံရံကို မှီကာ တစ်မှေးအိပ်ပျော်သွားချိန် သူက ပစ်တိုင်းထောင်ကို ထပ်ရိုက်ပုတ်နေပြန်တယ် ။ ဘယ်သူမှ သူ့ကို အာရုံစိုက်သူမရှိ ။ ယင်ယွိဟာလည်း သွားခဲ့တဲ့ ခရီးအကွာအဝေးကို တွက်ချက်မှတ်သားရန်အတွက် အပေါက်ဝမှာ တစ်ချိန်လုံး စောင့်ကြပ်ကြည့်ရှုနေရင်း ဘေးခပ်လှမ်းလှမ်းကနေ လှမ်းကြည့်နေတယ် ။ သူအနေနဲ့ တစ်ခုခု ပြောချင်နေတဲ့ ပုံစံမျိုး အကြိမ်ပေါင်းများစွာ ရှိခဲ့ပေမဲ့ နောက်ဆုံးတော့ သူဘာမှ မပြောဖြစ်ခဲ့ဘူး ။ ဒါပေမဲ့ အင်မတန် ကျေနပ် ဝမ်းမြောက်ဖွယ်ရာ အဖြစ်ဆိုးတစ်ခု ဖြစ်လာလိမ့်မယ်လို့ ဘယ်သူသိနိုင်မှာလဲ ။ ဖေမင်က ရိုက်ပုတ် ဆော့ကစားနေချိန် ရုတ်တရက် ဖေရှို့ဟာ ဖုတ်ခနဲ ဒူးထောက်ကျသွားတယ် ! ဖေမင်ဟာ ကစားဖို့ လုံးလုံးလျားလျားမေ့သွားပြီး ဖေရှို့ကို ပြေးဆွဲတော့တယ် ။
"ရှောင်ဖေ ! ဘာဖြစ်တာလဲ ?"
ယင်ယွိက အခွင့်အရေးကို အမိအရယူကာ သိုသိုသိပ်သိပ်လျှောက်လာပြီး ပစ်တိုင်းထောင်ရုပ်ကို ကောက်ယူကာ ရှဲ့လျန်ရဲ့ ဘေးနားမှာ လာချထားလိုက်တယ် ။ ဟွားချန်က စိတ်တိုစွာနဲ့ ပြောတယ် ။
" ဘာတွေဆူညံနေတာလဲ .. မသေနိုင်ပါဘူး ! အရှင့်သားအိပ်နေတာ မမြင်ဘူးလား ?"
ရှဲ့လျန်က အချိန်တစ်ခဏမျှ အိပ်ပျော်နေပြီး ဆူညံသံတွေကြောင့် တကယ်ပဲ နိုးလာတယ် ။ သူနိုးလာချိန်မှာ သူဟာ ဟွားချန်ရဲ့ ပုခုံးပေါ် မှီအိပ်နေခဲ့မှန်း သိလိုက်ရတယ် ။ ဟွားချန်ရဲ့ အသံက သူ့ရဲ့ နားအနားလေးဆီက ထွက်ပေါ်လာခဲ့တယ် ။
" ကောကော နိုးပြီလား ?"
ရှဲ့လျန်က မျက်လုံးတွေကို ပွတ်သပ်လိုက်တယ် ။ ချွမ်ယိကျန်း ပစ်တိုင်းထောင်ရုပ်ဟာ သူ့ဘေးမှာ ရှေ့နောက် ယိမ်းထိုးနေလေရဲ့ ။ သူက ကောက်သိမ်းလိုက်ပြီး ပြောတယ် ။
"ငါမင်းပေါ်မှီပြီး အိပ်ပျော်သွားတာလား? အားနာစရာ.... ဘာတွေ ဖြစ်နေတာလဲ ?"
ဟွားချန်က ဣန္ဒြေမပျက် ဟန်အမူအရာနဲ့ ပြန်ဖြေတယ် ။
" ဘာမှ မဖြစ်ပါဘူး... အိပ်ချင်နေသေးရင် နောက်ထပ် တစ်မှေးလောက် ထပ်အိပ်လိုက်ဦးလေ .. မကြာခင်ရောက်တော့မှာ "
ရှဲ့လျန်က သူတို့ မျက်နှာချင်းဆိုင်မှာ ဖေမင်တစ်ယောက် ဖေရှို့ရဲ့ အင်္ကျီလည်ပင်းစကို ဆုတ်ကိုင်ထားပြီး အသည်းအသန် ဆွဲယမ်းနေတာကို မြင်လိုက်ရတဲ့အခါ အနည်းငယ် ထိတ်လန့်သွားပြီး မျက်စိကျယ်သွားကာ တစ်ခုခုဖြစ်ပြီအထင်နဲ့ အမြန်ထပြီး ကူညီဖို့ သွားတယ် ။
ကြည့်ရှုပြီးမှ သူကပြောလိုက်တယ် ။
" အာ.. စိတ်မပူပါနဲ့ စစ်သူကြီးဖေ ! စစ်သူကြီး ရှောင်ဖေက ပင်ပန်းတဲ့ဒဏ် ဆာလောင်တဲ့ဒဏ်တွေကို အလူးအလဲခံစားရတာကြောင့် ခဏလောက် တောင့်မခံနိုင် ဖြစ်သွားတာပါ"
ဘာပဲပြောပြော လက်ရှိမှာ ဖေရှို့က လူသားဖြစ်နေခဲ့ပြီ ။ ဒီလောက်အချိန်ကြာကြာ အစားမစားရ ရေမသောက်ရနဲ့ ရုန်းကန်လှုပ်ရှားနေခဲ့ရပြီး ရှဲ့လျန်လို များပြားလှစွာသော ငတ်လိုက်ပြတ်လိုက် တိုက်လိုက်ခိုက်လိုက် အတွေ့အကြုံတွေ မရှိခဲ့တာကြောင့် နောက်ဆုံးတော့ ဒီနေရာမှာတောင့်ခံမထားနိုင်ဘဲ လဲကျသွားခဲ့တာဖြစ်တယ် ။
ဖေမင်က သူ့ရဲ့ ဒီသာမန်ကာလျှံကာ ပြောစကားက အတော်လေးပြဿနာရှိတယ်လို့ ထင်မြင်နေတယ် ။
" ပင်ပန်းတဲ့ဒဏ် ဆာလောင်တဲ့ဒဏ်တွေကို အလူးအလဲခံစားရတာကြောင့် ခဏလောက် တောင့်မခံနိုင် ဖြစ်သွားတယ် ဆိုတာ ဘာတုံး ?"
ဘယ်တတ်နိုင်မလဲလေ ။ လေကြွားတာတော့မဟုတ် ၊ ရှဲ့လျန်အတွက် ထမင်းတစ်နပ်ဟာ သုံးရက်ခံနိုင်ပြီး ဆယ်ချီလောက်တိုက်ခိုက် သတ်ပုတ်ပြီးနောက် ချက်ချင်းထကာ ဘာမှ မဖြစ်တဲ့လူတစ်ယောက်လို အမှိုက်ကောက်ထွက်နိုင်တယ် ။ ဒီနယ်ပယ်မှာ ဘယ်နတ်မင်းမျိုးက သူ့လိုအတွေ့အကြုံတွေ ရှိနိုင်မှာမလို့လဲ ? ရှဲ့လျန်က ပြောလိုက်တယ် ။
" ဒါက.. အဟမ်း ....တစ်ယောက်ယောက်မှာ စားစရာ တစ်ခုခု မပါဘူးလား ?"
ပြန်ဖြေသူ နတ္တိ ။ ပန့်ယွဲ့က အိုးတစ်လုံးထုတ်လာပြီး ပြောတယ် ။
" ကျွန်မတောင်းပန်ပါတယ် .. ကျွန်မမှာ ဒါပဲရှိတယ်.."
ဖေမင်က 'ဇာမဏီမောင်နှံချစ်ကြိုးယှက်နွယ်' အပြည့်ပါတဲ့ မြေအိုးကို တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်း အော်ငေါက်လိုက်တယ် ။
" မင်းဘာလို့ အဲဒါကို ပိုက်ထားနေသေးတာတုံး !? ဘယ်သူ့ကို သတ်ချင်နေသေးလို့လဲ ? သွား သွန်ပစ်လိုက်စမ်း !"
သူတို့ဟာ ဆူညံ ပွက်ကလောရိုက်နေကြတယ် ။ ဟွားချန်က ရှဲ့လျန်ဘက်လှည့်ပြီးပြောလာတယ် ။
" တွေ့လား ဘာမှမဟုတ်ဘူးလို့ ပြောသားပဲ .. တစ်ရေးထပ်အိပ်လိုက်ပါဦးလား ?"
တောင်မိစ္ဆာဟာ တစ်နေ့လုံး ကောင်းကောင်း ခရီးဆက်နေခဲ့ပြီး အပြင်ဘက် ကောင်းကင်ဟာ မှောင်လာနေတာကို ရှဲ့လျန်မြင်ပြီး မေးလိုက်တယ် ။
" ငါတို့ သွားတာ ဘယ်လောက်ဝေးလာပြီလဲ? အခု ကြေးနီဖိုနဲ့ ဘယ်လောက်ဝေးသေးလဲ ?"
ယင်ယွိက အပေါက်နားထိုင် ရေတွက်နေရင်း ပြန်ဖြေတယ် ။
" ကျွန်တော်တို့ မိုင်ရှစ်ရာ နားကပ်လာပြီ"
ဒါက သူတို့ လမ်းလျှောက်သွားတာထက် ပိုမြန်တာ အမှန်ပဲ ။ ရှဲ့လျန်လည်း ထရပ်လိုက်ပြီး အပေါက်ရဲ့ အစပ်နားထိလျှောက်လာခဲ့တယ် ။ အစကတော့ သူ ဒီလိုပဲ သာမန်ကာလျှံကာ ကြည့်ဖို့ ဖြစ်ပေမဲ့ ပတ်ဝန်းကျင်ကို မျက်လုံးတစ်ချက်ဝှေ့ကြည့်လိုက်ချိန် ရုတ်တရက် အရာတစ်ခုကို မြင်လိုက်ရပြီး ချက်ချင်းဆိုသလို သူ့ဂုတ်ပိုးက မွှေးညှင်းတွေ ထောင်ထသွားတော့တယ် ။
" ဟိုအောက်က ဘာလဲ ?"
တောင်မိစ္ဆာပေါ်ကနေ အောက်ကို ငုံ့ကြည့်လိုက်ရင် မှောင်မည်းနေတဲ့ ညအလယ် အောက်က မြေကြီးပေါ်မှာ ဧရာမ လူမျက်နှာကြီး !
အဲဒီမျက်နှာမှာ လခြမ်းကွေးသဏ္ဍာန် မျက်လုံးတွေရှိပြီး ၎င်းရဲ့ နှုတ်ခမ်းတွေက အပေါ်ကို ကွေးညွှတ်တက်နေကာ သူ့ကို ထူးဆန်း ထိတ်လန့်ဖွယ်ရာ အပြုံးတစ်ခု ပြုံးပြနေသလိုလိုပဲ ။ ရှဲ့လျန် သူ့ကိုယ်သူတောင် သတိမထားမိလိုက်ဘဲ နောက်ကို ခြေလှမ်းအနည်းငယ်ဆုတ်သွားမိတော့ ဟွားချန်က နောက်ကနေ သူ့ကို ဖမ်းထိန်းပေးထားခဲ့တယ် ။ ရှဲ့လျန်သူ့ရဲ့ စိတ်ကို တည်ငြိမ်အောင် လုပ်လိုက်ပြီး သေသေချာချာ ထပ်ကြည့်လိုက်တယ် ။ တကယ်တော့ အဲဒီ " မျက်နှာ " ဟာ တောင်တွေနဲ့ လျိုမြောင်တွေ ၊ မြစ် အစရှိသည်တို့ ပေါင်းစည်းစုပေါင်းကာ ပုံပေါ်လာတဲ့ မျက်စိလှည့်စားမှုတစ်ခုမျှသာ ဖြစ်တယ် ။ ဒါပေမဲ့ အဲဒီ လှည့်စားမှုဟာ သက်ဝင်လှုပ်ရှားပြီး သရုပ်သကန်ပေါ်လွန်းလှတာကြောင့် ဖျတ်ခနဲ ကြည့်မိသည့်အခါ အင်မတန်ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခု ဖြစ်သွားစေတယ် ။
ရှဲ့လျန်က တွေးဆဆပြောလိုက်တယ် ။
" အဲဒီ မျက်ခွံတို့ နှုတ်ခမ်းတို့နဲ့ သိပ်တူနေတဲ့ မြောင်းကြီးက ဘာလဲ ?"
သူ့နောက်မှာ ရှိနေတဲ့ ဟွားချန်က ပြန်ဖြေတယ် ။
" အဲဒါက ဝူးယုံးပြည်သားတွေ 'မိခင်မြစ်' လို့ ခေါ်ကြတဲ့ ဝူးယုံးမြစ်လေ... သူက မြင့်မားတဲ့ တောင်တန်းတွေဆီက မြစ်ဖျားခံလာပြီး နှင်းတွေပျော်ကျရင်း ဒီမြစ်ကြီး ဖြစ်လာတာ ... ဒါပေါ့ .. အခုတော့ လုံးလုံး ကောသွားပြီ ... ဒါပေမဲ့ ဒီကို ရောက်ပြီဆိုတော့ ကြေးနီဖိုနဲ့ နီးနေပြီလို့ ပြောလို့ရတယ်"
ရှဲ့လျန်က ခေါင်းညိတ်လိုက်ပြီး ထပ်မေးပြန်တယ် ။
" ဒါဖြင့် နှာတံ ကရော ?"
ဟွားချန်က ပြန်ဖြေတယ် ။
" ဝူးယုံးမြစ်ကမ်းဘေးမှာ စည်ကားတဲ့ မြို့တစ်မြို့ရှိတယ် .. အောက်ဆင်းပြီး သွားကြည့်ချင်လား ?"
ရှဲ့လျန်က ခေါင်းလေးအသာစောင်းငဲ့ရင်း မေးလိုက်တယ် ။
" အောက်မှာ ဆင်းကြည့်သင့်တာမျိုး တစ်ခုခုရှိလို့လား ?"
" အဲဒီမြို့မှာ နောက်ထပ် ဝူးယုံး နတ်ဘုရားကျောင်းတစ်ခုရှိတယ်.. ကောကောသွားကြည့်ချင်လိမ့်မယ်လို့ ကျွန်တော်ထင်တယ် " ဟွားချန်က ပြန်ဖြေတယ် ။
နတ်ဘုရားကျောင်းရှိတယ်ဆိုရင် နံရံဆေးရေးပန်းချီ ရှိနေနိုင်တယ် ။
ရှဲ့လျန် ချက်ချင်းပြောလိုက်တယ် ။
" သွားရအောင် !"
သူ့အနေနဲ့ ဒီဝူးယုံးအိမ်ရှေ့စံရဲ့ အကြောင်းကို ပိုမိုလေ့လာဖို့ မစောင့်နိုင်တော့ဘူး ။ ဖေမင်ကလည်း ဝင်ပြောတယ် ။
" သွားကြစို့ ! ရှောင်ဖေအတွက်လည်း စားလို့ရနိုင်တာ တစ်ခုခုရှာရမယ် ! ဒါပေမဲ့ ဘယ်လိုဆင်းကြမလဲ ? ဓားက ထပ်ကျိုးသွားပြန်ပြီ "
ဟွားချန်က သူ့လက်ကို ဝှေ့ယမ်းလိုက်တယ် ။ ငွေရောင်လိပ်ပြာလေးအချို့ဟာ အားလုံးရဲ့ ခန္ဓာကိုယ်ဘေးမှာ တဖျပ်ဖျပ် ပျံသန်းပေါ်ပေါက်လာပြီး မီးစုန်းဓာတ် အလင်းအရောင်တွေ တလျှပ်လျှပ်လင်းလက်နေတယ် ။ ၎င်းတို့ဟာ အားလုံးရဲ့ ပုခုံး ၊ ကျော ၊ ခေါင်း နဲ့ အင်္ကျီလက်ဖျားစတွေပေါ်မှာ နားလိုက်ကြတယ် ။ ဘေးလူတွေမြင်ခဲ့ရင်တော့ ဒီလောက် သေးငယ်တဲ့ ငွေရောင်လိပ်ပြာလေးတွေက သူတို့ကို သယ်ဆောင်သွားနိုင်ပါ့မလားရယ်လို့ တောင်တောင်အီအီတွေးရင်း အပြစ်ကျူးလွန်မိသည့်နှယ် ခံစားနေမိလောက်တယ် ။ ရှဲ့လျန်ကတော့ စကားတစ်ခွန်းမှ မဆိုဘဲ ရော့ယယ်ကို လွှတ်လိုက်ကာ အားလုံးကို အတူတကွ ချည်နှောင်ထားလိုက်တယ် ။ ဒီနည်းအားဖြင့် သူတို့အားလုံး လေထဲမှာ တကွဲတပြားဆီ ပျောက်မသွားနိုင်တော့ဘူး ။ ယင်ယွိက အပေါက်ကို ချဲ့လိုက်တာကြောင့် လူလေးငါးယောက် တပြိုင်နက်တည်း ထွက်သွားနိုင်လောက်အောင် ကျယ်သွားခဲ့ပြီ ။ ပြင်ဆင်မှုများ ပြီးဆုံးသွားတဲ့အခါ ရှဲ့လျန်နဲ့ အဖွဲ့တော်သားများဟာ အပေါက်ရဲ့ အစွန်းနားကို လျှောက်လာကြတယ် ။
" အားလုံးပဲ အဆင်သင့်ပြင် __"
" နေဦး !" ဖေမင်က ခေါ်ပြောလိုက်တယ် ။
ရှဲ့လျန်က လှည့်ကြည့်ပြီးမေးတယ် ။
" စစ်သူကြီးဖေ ဘာကိစ္စရှိသေးလို့လဲ ?"
ဖေမင်က ပြောတယ် ။
" သင်တို့ လက်တွေပေါ်က ဘာလဲ ?"
သူ့အကြည့်နောက်ကို လိုက်ရင်း ရှဲ့လျန်ငုံ့ကြည့်လိုက်တော့ သူ့လက်ကို မြင်လိုက်ရတယ် ။ အဲဒီတော့မှ ကြိုးနီလေးဟာ သူနဲ့ ဟွားချန်ရဲ့ လက်ချောင်းတွေပေါ်မှာ ထုံးဖွဲ့ချည်နှောင်ကာ ဆက်သွယ်ထားဆဲ ဖြစ်ကြောင်း သတိရသွားတယ် ။
"....."
ရှဲ့လျန်က လည်ချောင်းတစ်ချက် အသာရှင်းလိုက်ရင်း ပြောတယ် ။
" ဒါ.. ဒါက... ဆက်သွယ်ရေးကိစ္စတွေမှာ အသုံးပြုတဲ့ ဝိညာဉ်စွမ်းအားသုံး မှော်ပစ္စည်းတစ်မျိုးပါ"
" သြော်"
ဖေမင်က ပြောတယ် ။
" ဒါက အဆင်မပြေမဖြစ်ဘူးလား ? ကြိုးဆိုတော့ .. ခလုတ်တိုက်မိရင် ဘယ်လိုလုပ်မတုံး ? ဒါမဟုတ် တစ်နေရာရာမှာ ရစ်ပြီး ငြိနေရင် မတော်တဆ အန္တရာယ်ဖြစ်လိမ့်မယ်"
သူ့ရဲ့ သတိပေးချက်က အတော်လေး သဘာဝကျ ယုတ္တိတန်လွန်းတယ် ။ စစ်နတ်မင်းတစ်ပါးအနေနဲ့ တိုက်ခိုက်စဉ်မှာ တစ်စုံတစ်ခုနဲ့ ရစ်ပတ်တုတ်နှောင်မိနေမှာကို အစိုးရိမ်ဆုံးပဲဆိုတာ ရှဲ့လျန် မသိဘဲ ဘယ်နေပါ့မလဲ ။ ဒါပေမဲ့ နက်နဲ သိမ်မွေ့ဆန်းကြယ်တဲ့ အကြောင်းပြချက်တချို့နဲ့အတူ ရှဲ့လျန်ကတော့ ဒီကြိုးကို မဖြတ်ပစ်ချင်ခဲ့ဘူး ။ အတွင်းစိတ်ထဲမှာ ရောထွေးယှက်တင်နေဟန်နဲ့ သူ့ရဲ့ တွေဝေနေတဲ့ အမူအရာကို မြင်တော့ ဟွားချန်က တစ်ချက်ကြည့်ရင်း ပြုံးပြီးပြောတယ် ။
" ဒီတိုင်းကတော့ နည်းနည်းအဆင်မပြေတာ ဟုတ်တယ်"
အဲဒီနောက် သူတို့လက်ချောင်းတွေကြားက ကြိုးနီလေး ပျောက်ကွယ်သွားတာကို ရှဲ့လျန်မြင်လိုက်ရတယ် ။
" အခုတော့ ပိုအဆင်ပြေသွားပြီ" ဟွားချန်က ပြောလိုက်တယ် ။
ရှဲ့လျန်တစ်ယောက် ကြိုးနီလေး ပျောက်ကွယ်သွားခဲ့ရာ လေဟာနယ်လေးဆီ ငေးကြည့်ရင်း အနည်းငယ် ကြောင်ငေးငေးဖြစ်နေတယ် ။ ကြိုးကလေးဟာ တစ်ခဏတာ အချိန်တိုလေးလောက်သာ ဆက်သွယ်နေခဲ့ပြီး အခုတော့ မရှိတော့ပြီ ။ ဒါက အရေးအရာပါတဲ့ ရေးကြီးခွင်ကျယ် ကိစ္စတစ်ခု မဟုတ်ဘူးဆိုပေမဲ့ __ မဟုတ်သေး_ ဒါက ဘာမဟုတ် ညာမဟုတ်တဲ့ အသေးအဖွဲ ကိစ္စကလေးလို့ ပြောသင့်ပေမဲ့ __ သူနည်းနည်းတော့ ဆုံးရှုံးသွားသယောင် ခံစားလိုက်ရသေးတယ် ။ တစ်ယောက်ယောက် သတိပြုမိမှာ စိုးရိမ်တဲ့အတွက် ရှဲ့လျန် ဖိညှစ်ပြုံးရင်း ပြောလိုက်တယ် ။
" သွားကြစို့ ! အသင့်ပြင် ___ ခုန် !"
အဆိုပါ တောင်မိစ္ဆာဟာ သူ့ဟာသူ ရှေ့ကို တဟုန်ထိုး ဆက်သွားနေပြီး နှံကောင်လေးအရွယ်လောက် လူလေးတွေ သူ့ကိုယ်ပေါ်က ခုန်ချသွားတာကို လုံးလုံး သတိမပြုမိခဲ့ဘူး ။ သေမင်းတမန် ဝိဉာဉ်လိပ်ပြာလေးတွေ အဝိုင်းလိုက် ပတ်ရံထားရင်း သူတို့အဖွဲ့ဟာ မြေပြင်ပေါ်ကို ငှက်မွှေးများသဖွယ် ပေါ့ပါးစွာနဲ့ ဆံချည်တစ်မျှင်တောင် ထိခိုက်မှု မရှိဘဲ ဆင်းသက်လိုက်ကြတယ် ။ သူတို့ ဆင်းသက်လိုက်တဲ့ နေရာက ပြုံးယောင်သန်းနေတဲ့ ဧရာမ မျက်နှာကြီးရဲ့ နှာခေါင်းရိုးပေါ်ဖြစ်တယ် ။
ကိုယ်ကို မတ်လိုက်ပြီးနောက် ရှဲ့လျန်အတော်လေး ထူးဆန်းအံဩစွာနဲ့ လေးဘက်လေးတန်လှည့်ပတ်ကြည့်လိုက်ပြီး မေးတယ် ။
" စန်းလန် ဝူးယုံးနတ်ဘုရားကျောင်းနဲ့ မြို့က ဒီမှာလား ?"
" ဟုတ်တယ် " ဟွားချန်က ဖြေတယ် ။
" ဒါပေမဲ့ ... ဒီမှာဘာမှ မရှိဘူးလေ?" ရှဲ့လျန်က မှတ်ချက်ပြုတယ် ။
အမှန်ပဲ ။ သူတို့ မြေပြင်ပေါ်ရောက်တဲ့အခါ ပထမ နတ်ဘုရားကျောင်းတုန်းကလို မြို့ငယ်လေးပုံစံ မြင်ကွင်းမျိုး မြင်ရလိမ့်မယ် ထင်ခဲ့တာ ။ လမ်းတွေ တွေ့မယ် ။ ဆိုင်ခန်းလေးတွေ ၊ လူနေအိမ်တွေ ၊ ရေတွင်းတွေ ၊ နတ်ဘုရားကျောင်းတွေ စသည်ဖြင့်ပေါ့ ။ ဒါပေမဲ့ သူ့မျက်စိရှေ့ မြင်နေရတာက ပြန့်ပြူးလွင်ပြင်ကြီးတစ်ခု ၊ မြို့တစ်မြို့ တည်ရှိခဲ့ဖူးတယ် ဆိုတဲ့ အရိပ်အယောင်တောင် မရှိတဲ့ ဟာလာဟင်းလင်း လွင်တီးခေါင်ပြင် ကျက်တီးမြေကြီးမျှသာ ဖြစ်နေခဲ့တယ် ။ ဖေမင်က ဖေရှို့ကို သယ်လာပြီး ခြေတစ်ဖက်ကို ကျောက်တုံးကြီးတစ်ခုပေါ် တက်နင်းထားလိုက်ပြီးမေးတယ် ။
" စည်ကားတဲ့ မြို့ကြီးက ဘယ်မှာတုံး ?"
" ခင်ဗျားခြေထောက်အောက်မှာ" ဟွားချန်က ပြောတယ် ။
"ဘာ?"
သူတို့အုပ်စုဟာ အနားကို စုဝေးလာကြတယ် ။ ဖေမင်ခြေထောက်အောက်မှာ မိုးဒဏ်လေဒဏ်တိုက်စားခံထားရတဲ့ ကျောက်တုံးကြီး တစ်တုံးရှိတယ် ။
ရှဲ့လျန်ကမေးတယ် ။
" လျို့ဝှက်တဲ့ စက်ယန္တရား လုပ်ထုံးလုပ်နည်းတွေရှိတာလား ?"
ဟွားချန်က သူ့ရဲ့လက်ကို ဓားမောက်ရှည်ရဲ့ ဓားရိုးပေါ်တင်ထားလိုက်ကာ ဟိတ်နဲ့ ဟန်နဲ့ လှမ်းလျှောက်သွားရင်း ပြောတယ် ။
" လာ လာ လာ ... ဒီမှာလာရပ်နေ"
အားလုံးက သူပြောတဲ့ အတိုင်းလုပ်လိုက်ကြတယ် ။ သူက ဓားမောက်ရှည် အဲ့မင့်ကို ဆွဲထုတ်လိုက်ပြီး အဖျားကို အောက်ဖက်ဆီ ရွယ်ကာ ကျောက်တုံးကြီးရဲ့ဘေး မြေပြင်ပေါ်ကို မိုးကြိုးလျင်ထန် နားအုပ်ထားရန်ပင် အချိန်မရလိုက်နိုင်သည့် မြန်နှုန်းမျိုးနဲ့ ထိုးစိုက်ချလိုက်တယ် ။ ဓားမောက်ရှည်ရဲ့ ဓားဦးဟာ မြေကြီးထဲ စိုက်ဝင်သွားပြီး အရင်ဦးဆုံး အက်ကွဲသံတစ်သံ ထွက်ပေါ်လာပြီးနောက် ပင့်ကူမျှင်သဏ္ဌာန် မြေကြီးအက်ကွဲကြောင်းတွေ ပေါ်လာတယ် ။ အဲဒီနောက် အဲဒီအက်ကွဲကြောင်းလေးတွေဟာ လျင်မြန်စွာ ပျံ့နှံံ့သွားပြီး အက်ကွဲကြောင်းတွေက ပိုကြီးလာကာ ပက်ကြားအက်တွေက ပိုနက်ရှိုင်းလာတယ် ။ နောက်ဆုံးတော့ မြေကြီးအစိတ်အပိုင်းကြီး တစ်ခုလုံးဟာ ဝုန်းခနဲ ပြိုကျသွားပြီး ကျောစိမ့်ဖွယ်ရာ မှောင်မည်းနေတဲ့ အပေါက်ကြီးတစ်ခု ပေါ်ပေါက်လာတော့တယ် ။
ဟွားချန်က အရင်ဦးဆုံး ခုန်ချသွားတယ် ။ သူအရင်ဆုံး ခုန်ချသွားလိမ့်မယ်လို့ ရှဲ့လျန် ထင်မထားတာကြောင့် အပေါက်ရဲ့ အစွန်းနားကို တဟုန်ထိုးပြေးသွားပြီး အော်လိုက်တယ် ။
" စန်းလန် !!!"
တစ်ခဏအကြာ ဟွားချန်ရဲ့ အသံက အောက်ကနေ ပေါ်ထွက်လာတယ် ။
" အောက်မှာ အားလုံးအဆင်ပြေတယ် ! အားလုံး ဆင်းလာလို့ရပြီ "
တကယ်တော့ သူအရင်ဆင်းသွားပြီး လမ်းကိုထောက်လှမ်းတာဖြစ်တယ် ။ ရှဲ့လျန် စိတ်အေးသလို သက်မချလိုက်ပြီး ချက်ချင်း လိုက်ခုန်ဆင်းလာခဲ့တယ် ။ ဟွားချန်က ရှဲ့လျန်လက်ကို လှမ်းဆွဲပြီး ထရပ်ဖို့ ထူပေးလိုက်တယ် ။ ရှဲ့လျန်က ပြောလိုက်တယ် ။
" အတော်မှောင်တာပဲ"
သူ့စကားဆုံးတာနဲ့ အမှောင်ထုအလယ် ငွေလိပ်ပြာလေးတွေ အချို့ဟာ လင်းလက်လာပြီး မီးစုန်း အလင်းရောင် တလျှပ်လျှပ်လက်နေတဲ့ ကြယ်လေးတွေလို ပေါ့ပါးဖျတ်လတ်စွာ ပျံသန်းသွားတော့တယ် ။ နောက်ထပ်မှိန်ဖျော့ဖျော့ တစ္ဆေမီးလုံးလေးတွေဟာလည်း ထွက်ပေါ်လာပြီး ဂူရဲ့ နက်ရှိုင်းတဲ့ အတွင်းပိုင်းအထိ ချက်ချင်းဆိုသလို လင်းချင်းသွားစေတယ် ။ အားလုံးရဲ့ မျက်စိရှေ့မှာ ပေါ်ပေါက်လာတာဟာ ရှည်လျားတဲ့ လမ်းတစ်သွယ် ။
လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက ဒီနေရာဟာ ဆိုင်ခန်းတွေအပြည့် ၊ မြင့်မားတဲ့ အိမ်ကြီးရခိုင်တွေနဲ့ ကြက်ပျံမကျစည်ကားလှတဲ့ လမ်းကြီးတစ်သွယ် ဖြစ်ခဲ့လိမ့်မယ် ။ ဖေမင်စောစောက နင်းထားခဲ့တဲ့ ကျောက်တုံးကြီးဟာ အဲဒီအဆောက်အဦးတွေထဲက တစ်ခုရဲ့ ခေါင်မိုးပဲ ။ ကျန်သူများဟာလည်း တစ်ယောက်ပြီးတစ်ယောက် လိုက်ခုန်ချလာကြတယ် ။ ရှဲ့လျန်က အပေါ်ဘက်ကို မော့ကြည့်လိုက်ပြီး ပြောတယ် ။
"လတ်စသတ်တော့ ဒီလိုကိုး.. ဒီမြို့က မြေမြုပ်သွားတာလား? ငလျင် ? မြေပြိုတာ ? ဒါမှမဟုတ်...?"
" မီးတောင်ပြာတွေ" ဟွားချန်က ပြောတယ် ။
ရှဲ့လျန်ချာခနဲ သူ့ကိုလှည့်ကြည့်လိုက်တယ် ။ ဟွားချန်က ထပ်ပြောတယ် ။
" ခုနှစ်မီတာလောက်ထူတဲ့ မီးတောင်ပြာတွေက မြို့ကြီးတစ်ခုလုံးကို မြေအောက်မြုပ်သွားစေတာပဲ ... အားလုံး အခုမြင်နေရတာက ပြီးခဲ့တဲ့ အခေါက်က ထုံလူတောင်ကို လာပြီး လက်ရည်စမ်းခဲ့ကြတဲ့ တစ္ဆေသရဲ မိစ္ဆာတွေ တူးဖော်သွားတဲ့ အပိုင်းတစ်ခုပဲ ... ပြာတွေအောက် အတွင်းပိုင်းအထိ နက်နက်ရှိုင်းရှိုင်း မြုပ်နေသေးတဲ့ အပိုင်းတွေ အများကြီးရှိသေးတယ်"
ရှဲ့လျန်ဟာ ဒုတိယမြောက် နတ်ဘုရားကျောင်းထဲက နံရံဆေးရေးပန်းချီကို ရုတ်ခြည်း အမှတ်ရမိလိုက်ပြီး တောက်ပကျိန်းစပ်စေတဲ့ အနီရောင်တွေဟာ သူ့မျက်စိရှေ့ ပြန်လည်ပေါ်ပေါက်လာခဲ့သလိုလိုပဲ ။ ဝူးယုံး အိမ်ရှေ့စံရဲ့ အိမ်မက်ထဲက ပျက်ကိန်းအဟောဟာ တကယ်ဖြစ်လာခဲ့တာပဲ !
ဖေမင်က ဖေရှို့ကို လမ်းဘေးမှာ ချလိုက်ပြီး ပြောတယ် ။
" အခု အဲဒါတွေအားလုံးကို ထားလိုက်ဦး .. ရေရှိလား မရှိဘူးလား ? သူ့ကို အရင် တစ်ငုံနှစ်ငုံလောက်တိုက်မှဖြစ်မယ် "
ဟွားချန်ကပြောတယ် ။
" မျက်နှာပြင်ပေါ်က မြစ်ကတော့ ကောသွားပြီး ... ဒါပေမဲ့ မှတ်မိသလောက်ကတော့ ဒီမြို့ရဲ့ အတွင်းပိုင်းမှာ မြေအောက်ရေရှိတယ် ...ကံကောင်းရင်တော့ တွေ့မှာပေါ့"
ဒါနဲ့ ဖေမင် ၊ ပန့်ယွဲ့ နဲ့ ယင်ယွိတို့ဟာ ရေရှာဖို့ ထွက်သွားကြတယ် ။ ရှဲ့လျန်က အတွေးနက်နေစဉ် ဟွားချန်က အနားလျှောက်လာပြီးပြောတယ် ။
" ကောကော လက်ကို ကြည့်လိုက်"
ရှဲ့လျန်က ဘာမှ များများစားစားမတွေးဘဲ သူ့လက်ကို မြှောက်ကြည့်လိုက်တဲ့အခါ သူတို့နှစ်ယောက်ကြားက ကြိုးနီလေးဟာ ပျောက်ကွယ်သွားပြီဖြစ်ပေမဲ့ ဟွားချန်ကိုယ်တိုင် သူ့ရဲ့ လက်ခလယ်မှာ ချည်နှောင်ပေးထားတဲ့ အနီရောင်တောက်တောက် ကြိုးထုံးကလေး ပျောက်ကွယ်မသွားသေးတာကို တွေ့လိုက်ရတယ် ။ အရင်ကလိုပဲ တောက်ပနေဆဲ ။ လိပ်ပြာနီနီလေးတစ်ကောင် သူ့လက်ချောင်းလေးပေါ် နားနေခဲ့သလိုလိုနဲ့ ။
ဟွားချန်ပြောခဲ့ဖူးတာက နှစ်ယောက်ကြားက ကြိုးလေးပြတ်သွားခဲ့ရင် ကြိုးထုံးလေးဟာလည်း ပျောက်ကွယ်သွားလိမ့်မယ်တဲ့ ။ ရှဲ့လျန် နားမလည်နိုင်စွာနဲ့ ပြောလိုက်တယ် ။
" ဒါက......"
သူကြောင်အမ်းသွားတာကို ကြည့်ရင်း ဟွားချန်က ရယ်ကာမောကာနဲ့ ပြောလာတယ် ။
" စောစောကဟာက ဖုံးကွယ်ထားတဲ့ မန္တာန်လေးရယ်ပါ.. ကြိုးနီလေးကို ဖျောက်ထားတယ်.. အကွာအဝေးက ကန့်သတ်ထားတာရယ်လို့ မရှိတော့ တုတ်ပြီးလဲမှာတို့ ခလုတ်တိုက်မှာတို့ ပူစရာမလိုပါဘူး... တကယ်လည်း ပြတ်မသွားနိုင်ဘူး"
သူက သူ့လက်ကိုမြောက်ကာ တူညီတဲ့ ကြိုးထုံးလေးကို ရှဲ့လျန်မြင်အောင်ပြလိုက်ပြီး ပြောတယ် ။
" ဒီကြိုးထုံးလေး ရှိနေသ၍ ကြိုးနီလေး တစ်ဖက်ကသူဟာ အန္တရာယ်ကင်း ဘေးရှင်းနေသေးတယ်လို့ ပြောနိုင်တယ်.. ကြေးနီဖိုနဲ့ နီးလာလေလေ အန္တရာယ်တွေက များလာလေလေပဲ... ကျွန်တော်တို့ရှေ့မှာ ဘာတွေကြုံရဦးမလဲ မသိနိုင်ဘူး... ဒါကြောင့် ဒီကြိုးနီလေးကို ဖြေလို့ မဖြစ်သေးဘူးလို့ ကျွန်တော်စဉ်းစားတယ်... ကောကောရော ဘယ်လိုထင်လဲ ?"
ကြိုးနီလေးရှိနေသေးတယ်လို့ သိလိုက်ရတာနဲ့ ရှဲ့လျန်ရဲ့ နှုတ်ခမ်းထောင့်စွန်းလေးဟာ ထိန်းမထားနိုင်ဘဲ ကွေးညွှတ်တက်သွားတယ် ။ သူသတိထားမိလိုက်တဲ့အခါ ချက်ချင်း ထိန်းချုပ်လိုက်ပြီး ခပ်တည်တည်နဲ့ ပြောလိုက်တယ် ။
"အာ.. ဟုတ်တယ် ! ဒီတိုင်းဆိုရင် တစ်ဖက်လူ ဘေးကင်းနေသေးလားဆိုတာ အမြဲသိနေနိုင်မယ်လေ... အရမ်းကောင်းတယ်.. အတော်လေးအသုံးဝင်တဲ့ မှော်ပညာပဲ"
ဟွားချန်လည်း တစ်ချက်ရယ်လိုက်ပေမဲ့ မကြာခင်မှာဘဲ အပြုံးတွေကို ထိန်းချုပ်လိုက်ကာ ပြောလာတယ် ။
" ဒါပေမဲ့ အရှင့်သား ! ကိစ္စတစ်ခုတော့ ကျွန်တော် ပြောမှကို ဖြစ်မယ်... အရှင့်သား နားထောင်မယ်လို့လည်း မျှော်လင့်ပါတယ်"
သူ့ရဲ့ အမူအရာဟာ ရုတ်ခြည်း တည်တန့်လေးနက်သွားတာကြောင့် ရှဲ့လျန်လည်း အလေးအနက် ဖြစ်လာပြီး ပြောတယ် ။
" ဘာကိစ္စလဲ ? ပြောပါ"
ဟွားချန်က သူ့မျက်လုံးတွေကို တည့်တည့်ကြည့်ပြီး ပြောလာတယ် ။
"အရှင့်သားက မသေနိုင်ဘူး သေမှာကိုလည်း မကြောက်ဘူးဆိုတာ ကျွန်တော်သိပါတယ်.. ဒါပေမဲ့ သိပ်သန်မာတယ်ဆိုစေဦးတော့ ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာမရနိုင်ဘူးလို့ မယူဆပါနဲ့ "
ရှဲ့လျန် ကြောင်အမ်းသွားတယ် ။ ဟွားချန်က ဆက်ပြောလာတယ် ။
"မသေနိုင်ဘူးဆိုတာက ဒဏ်ရာမရနိုင်ဘူးလို့ ဆိုလိုတာမဟုတ်ဘူး..မနာကျင်နိုင်ဘူးဆိုတာ ပိုတောင်မဟုတ်သေးတယ်.. ထူးဆန်းပြီး အန္တရာယ်ရှိတဲ့ အရာတစ်ခုခုကို မြင်ရင် အရမ်းကာရော လျှောက်မထိပါနဲ့... ကျွန်တော့်ကို အရင်ဆုံးရှာ... ကျွန်တော်ကို ကိုင်တွယ်ဖြေရှင်းခွင့်ပေးပါ!"
သူတို့မြေအောက်မှာ ရှိနေခဲ့စဉ်က အဆိပ်ရှိတဲ့ အရိုးခေါင်းနှစ်လုံးကို သူကောက်ကိုင်လိုက်ချိန်မှာ ဟွားချန်ရဲ့ မျက်နှာက ရုတ်တရက် သိပ်မကောင်းသလို ပြောင်းလဲသွားခဲ့တာကို ရှဲ့လျန် ချက်ချင်း သတိရသွားတယ် ။ မဟုတ်မှလွဲရော အဲဒီအချိန်တုန်းက ဟွားချန်ဟာ အဲဒီကိစ္စကြောင့် စိတ်ဆိုးသွားခဲ့တာများလား ? တခြားအကြောင်းကြောင့် မဟုတ်ဘဲ သူက အန္တရာယ်ရှိတဲ့ အရာကို မြင်တာနဲ့ အမူမထားဘဲ ခပ်တည်တည်ကောက်ကိုင်လိုက်တာကြောင့် တဲ့လား ?
တကယ်ကြီး အဲဒီကိစ္စကြောင့်ဆိုရင်တော့ သူဘာပြန်ပြောသင့်လဲ သူမသိတော့ဘူး ။ အချိန်အတော်ကြာမှ ရှဲ့လျန်က ပြောလိုက်တယ် ။
"ဟုတ်ပါပြီ... ငါမလုပ်ပါဘူး"
သူ့ရဲ့ လေးလေးနက်နက် ဖြေကြားသံကို ကြားတဲ့အခါ ဟွားချန်က ကျေနပ်သွားသယောင်နဲ့ အသာခေါင်းညိတ်လိုက်ပြီး ကိုယ်ကိုလှည့်ကာ ဆက်လျှောက်သွားတယ် ။ ရှဲ့လျန်က လှမ်းပြောလိုက်တယ် ။
"စန်းလန် နေဦး!"
ဟွားချန်က ရပ်လိုက်ပြီး လှည့်ကြည့်လာတယ် ။ ရှဲ့လျန် တစ်ယောက် အချိန်အတော်ကြာ စကားတွေစီနေပြီးမှ နောက်ဆုံးဖိညှစ်ပြီး လေသံသဲ့သဲ့လေးနဲ့ ပြောလာတယ် ။
" မင်း.. မင်းရောပဲ.. အန္တရာယ်များတဲ့ အရာ တစ်ခုခုတွေ့ရင် ငါမထိဘူး... မင်းလည်း မထိနဲ့... ငါတို့ ဘယ်သူမှ မထိဘူး.. ဟုတ်ပြီလား ?"
ဒီစကားကြားတော့ ဟွားချန်ရဲ့ နှုတ်ခမ်းထောင့်စွန်းလေးက အသာအယာ ကွေးညွှတ်တက်သွားတယ် ။ ရှဲ့လျန်က အဲဒီစကားလေးတစ်ခွန်းပြောပြီးတဲ့အခါ အနည်းငယ် စိတ်လှုပ်ရှားနေပြီး အကြောင်းမဲ့ ရယ်နေမိတယ် ။ ဟွားချန်ခြေတစ်လှမ်းတိုးသွားတာကို မြင်တဲ့အခါ သူစကားပြောတော့မဲ့ ဆဲဆဲ ခပ်လှမ်းလှမ်းဆီက ဖေမင်ရဲ့ ပြောစကားကို ရုတ်တရက် ကြားလိုက်ရတယ် ။
"ဒါက ဘယ်လိုဟာတုံး ?"
ပန့်ယွဲ့က ပြောတယ် ။
" လူနဲ့တူတယ်"
ဖေမင်က ပြောပြန်တယ် ။
" အင်း ဟုတ်တယ် ! ဒါပေမဲ့ လူက ဘယ်လိုလုပ် ဒီပုံစံဖြစ်သွားရတာတုန်း?"
ဟွားချန်နဲ့ ရှဲ့လျန်တို့ တစ်ယောက်နဲ့ တစ်ယောက်ကြည့်လိုက်ကြပြီး အသံလာရာဘက်ဆီကို လျှောက်သွားလိုက်ကြတယ် ။ ရှဲ့လျန်ကမေးလိုက်တယ် ။
" ဘယ်လိုဖြစ်သွားလို့လဲ ?"
TBC