⦅အဖြောင့်ကောင်⦆
ᕯᕯᕯᕯ
အစားအသောက်တွေရဲ့ မွှေးကြိုင်တဲ့ရနံ့တွေက ညစျေးတန်းတစ်လျှောက် ပျံလွင့်လို့နေပြီး ယဲ့ယောင်က လက်ထဲရှိရေဘဝဲလုံးကို မှုတ်လိုက်ကာ တစ်ကိုက်,ကိုက်လိုက်သည်။
"ဖြည်းဖြည်းစားဦး၊ အပူမလောင်စေနဲ့" လက်မောင်းတစ်ဖက်က သူ့ပုခုံးကိုဖက်ထားပြီး နောက်ထပ်ဒုတ်ထိုးတစ်ချောင်းက ယဲ့ယောင်ရဲ့ပါးစပ်ဆီသို့ရောက်ရှိလာသည်။ "ဒါကိုစားကြည့်"
ဒုတ်ထိုးချောင်းကို ကိုင်ထားသောအမျိုးသားသည် အရပ်ရှည်၍ လူအုပ်ထဲရောနှောနေရင်တောင် အကြည့်တစ်ချက်နဲ့တင် ထင်းလင်းနေပြီး အပြစ်အနာအဆာမရှိစွာ ချောမောသည့်အသွင်အပြင်ကိုပိုင်ဆိုင်ထားလေသည်။
ဒီထင်ရှားပေါ်လွင်နေတဲ့ ရုပ်ရည်သွင်ပြင်ကြောင့် သူ့အနီးအနားရှိလူတွေက သူ့ကိုသိသိသာသာရော၊ မသိမသာရောပါ စိုက်ကြည့်ကုန်ကြသည်။ သို့ပေမယ့် သူကတော့ ဘေးရှိလူတွေကိုအကြည့်လေးတစ်ချက်တောင် မစွန့်ကြဲ။ သူပွေ့ဖက်ထားတဲ့ ယဲ့ယောင်ကိုသာ အာရုံစိုက်နေပြီး သူ့မုန့်ကိုယဲ့ယောင်မစားမချင်း သူ့ရည်ရွယ်ချက်ကို ရပ်တန့်မည်မဟုတ်ပေ။
ယဲ့ယောင်က ပါးစပ်ဟလိုက်ကာ တစ်ကိုက်,ကိုက်လိုက်တယ်။ "ကောင်းတယ်"
"အင်းဟုတ်တယ်နော်" လုရွှမ်းက ဒုတ်ထိုးချောင်းကို ပြန်ယူလိုက်ပြီး ယဲ့ယောင်ကိုက်ခဲ့သည့် နေရာကိုပဲ တစ်ချက်လေးမှမလွဲကိုက်ချလိုက်သည်။
ယဲ့ယောင်ရဲ့မျက်လုံးတွေက လုရွှမ်းသူ့လက်ထဲကနေယူသွားခဲ့တဲ့ ရေဘဝဲလုံးဆီသို့ကျရောက်နေခဲ့ပြီး ပြန်ရောက်လာသည့်အခါတွင် ထိပ်ဆုံးအလုံးကထိုသူကိုက်လိုက်လို့ ပျောက်ကွယ်သွားပြီပင်ဖြစ်၏။
မုန့်လုသွားသောသူသည် ပျော်ရွှင်စွာ သီချင်းလေးညည်းလျက် ယဲ့ယောင်ရဲ့ကိုယ်ပေါ်တွင် သူ့လက်ကရှိနေပြီး သူ့လက်မောင်းထဲတွင်တော့ယဲ့ယောင်ကို ခိုင်မာစွာပွေ့ဖက်ထားပြီး ဆက်၍လျှောက်သွားတော့သည်။
***
လုရွှမ်းက အပြင်လူတွေချဥ်းကပ်ဖို့မလွယ်ကူသောသူဖြစ်ပြီး နီးစပ်ဖို့လည်းခက်ခဲသောလူပင်။ သို့သော်လည်း ဒီခပ်ခွာခွာနေခြင်းက ယဲ့ယောင်အတွက်တော့ သုညပေ။
သူတို့က ခေါက်ဆွဲတစ်ပန်းကန်ထဲကို အတူစား၊ တစ်ယောက်အင်္ကျီတစ်ယောက်ဝတ်၊ တစ်ကုတင်ထဲအတူတူအိပ်နှင့် သူလုပ်ချင်သမျှဘယ်အရာမဆို လုရွှမ်းနဲ့အတူလုပ်ကြ၏။
ဘာလို့လဲဆိုတော့ သူတို့ကအခင်ဆုံးသူငယ်ချင်းဖြစ်တာကြောင့်မလို့ပေါ့။
လုရွှမ်းရဲ့ အကြီးမားဆုံးမိုင်းတွင်းကို မတက်နင်းမိသရွေ့ လုရွှမ်းကသူ့ဆီကနေဘယ်တော့မှ ဝေးကွာသွားလိမ့်မည်မဟုတ်ဘူးဆိုတာ ယဲ့ယောင်ရဲ့နှလုံးသားထဲကသိသည်။
ပြီးတော့ အကြီးမားဆုံးမိုင်းတွင်းဆိုတာက.....
"တိုက်ဆိုင်လိုက်တာ။ မင်းတို့လည်း ဒီမှာလာကစားကြတာပေါ့"
အသံတစ်သံက သူ့နောက်မှထွက်လာတာဖြစ်ပြီး ယဲ့ယောင်ရပ်ကာ အနောက်လှည့်ကြည့်လိုက်တော့ ကလေးဆန်တဲ့မျက်နှာလေးကို ရှင်းလင်းစွာမြင်လိုက်ရသည်။
ယဲ့ယောင် ထိုမျက်နှာကိုမြင်ဖူးတာကြောင့် စဥ်းစားကြည့်လိုက်ရာ ဒီကောင်လေးက တက္ကသိုလ်မှာလုရွှမ်းရဲ့အတန်းဖော်ဖြစ်ကြောင်းသတိရလိုက်သည်။ အဲ့ဒါကြောင့် သူ့ကိုလုရွှမ်းရဲ့သူငယ်ချင်းကောင်းတစ်ယောက်လို့ ယူဆထားခဲ့တယ်။
နူးညံ့တဲ့ကောင်လေးက တိုက်ဆိုင်မှုတစ်ခုလို့ပြောပေမယ့် သူ့မျက်နှာပေါ်ကအမူအရာကတော့ အံ့အားသင့်မှုနှင့်အတူ ဖုံးကွယ်ထားခြင်းရဲ့အရိပ်အယောင်တစ်စွန်းတစ်စပေါ်လို့နေသည်။ မမျှော်လင့်ပဲဆုံတွေ့တာနဲ့မတူပဲ ဒီနေရာတွင်ရည်ရွယ်ချက်ရှိရှိ စောင့်ဆိုင်းနေခဲ့တာနှင့် ပိုတူလေသည်။
"ပြောစရာတစ်ခုခုရှိလို့လား?" လုရွှမ်းမေးလိုက်တယ်။
ကောင်လေးက ချက်ခြင်းပြန်မဖြေဘူး။ သူ့မျက်လုံးတွေက ယဲ့ယောင်ရဲ့ပုခုံးကိုတင်းကြပ်စွာ ရစ်ပတ်ထားတဲ့လုရွှမ်းရဲ့လက်ဆီကိုသာရောက်နေပြီး အဲ့ဒီနောက် ယဲ့ယောင်ကိုကြည့်လိုက်တဲ့ မျက်လုံးတွေက ရန်လိုမှုအရိပ်အယောင်တွေ ပါလာလေတယ်။
သို့ပေမယ် ရန်လိုမှုတွေက ယဲ့ယောင်ဆီရှက်ဟန်ဆောင်ကာပြုံးပြလိုက်တဲ့ အပြုံးနဲ့လျင်မြန်စွာအချိုးကျရောစပ်သွားခဲ့ပြီး "ခဏလောက်ရှောင်ပေးလို့ရမလား? အစ်ကိုလုနဲ့နှစ်ယောက်တည်း ပြောချင်တာလေးရှိလို့"
ယဲ့ယောင် ခေါင်းညိတ်ပြလိုက်ပြီး သိပ်မဝေးသည့်နေရာက မောလ်အသေးစားလေးကိုညွှန်မပြခင် သူ့ပုခုံးပေါ်ကလုရွှမ်းရဲ့လက်တွေကို ဖယ်ချလိုက်ပြီး လုရွှမ်းကိုပြောလိုက်သည်။ "ငါအဲ့နေရာကိုသွားပြီးစောင့်..."
သူ့စကားမပြီးသေးခင်မှာပဲ မောလ်အသေးလေးဆီသို့ညွှန်ပြနေတဲ့ ယဲ့ယောင်ရဲ့လက်ကခိုင်မာစွာဆုပ်ကိုင်ခံလိုက်ရသည်။
ယဲ့ယောင်ရဲ့လက်ကို လုရွှမ်းကိုင်ထားပြီး သူ့မျက်နှာပေါ်ရှိရွှင်ပျနေသော အမူအရာတွေက ယဲ့ယောင်နှင့်မျက်နှာချင်းဆိုင်လိုက်သည့်အခါ အကုန်ပျောက်ကွယ်သွားခဲ့သည်။ ထိုနူးနူးညံ့ညံ့ကောင်လေးကိုကြည့်သည့်အချိန်တွင် လုရွှမ်းရဲ့မျက်နှာက အမူအရာမဲ့လျက် သူ့မျက်ခုံးနက်နက်တွေမှတစ်ဆင့် ခပ်ခွာခွာနေခြင်းရဲ့အရိပ်အငွေ့တွေ ချက်ခြင်းဆိုသလိုထွက်ပေါ်လာသည်။
"မင်းမှာပြောစရာရှိတယ်ဆိုရင် ပြော၊ မဟုတ်ရင်ငါအရင်ထွက်သွားတော့မယ်" လုရွှမ်းကတိုက်ရိုက်ပဲပြောလိုက်တယ်။
ထိုကောင်လေးရောက်လာရခြင်း၏ရည်ရွယ်ချက်ကို ယဲ့ယောင်ကမရေမရာသံသယတစ်ခုဖြစ်လျက် လုရွှမ်းရဲ့တင်းကြပ်စွာဆုပ်ကိုင်ခံထားရခြင်းမှ သူ့လက်ကိုဆွဲထုတ်ဖို့ကြိုးစားလိုက်သည်။
ခွဲထုတ်လို့မရတဲ့နှစ်ယောက်ကိုကြည့်ရင်း ကောင်ချောလေးက အံကြိတ်ကာ ပါးစပ်ဟလိုက်သည်။
သူကလုရွှမ်းထက် ခေါင်းတစ်လုံးစာနီးပါးပုပြီး လုရွှမ်းကိုအောက်မှနေ၍ မျက်လုံးများပင့်ပြီးကြည့်သည့်အခါ သူ့ပုံစံကဖြူစင်ပြီးသနားစရာကောင်းတဲ့ပုံစံလေး ဖြစ်လို့နေသည်။
"အစ်ကိုလု...... ကျွန်တော်အစ်ကို့ကို သဘောကျနေခဲ့တာ အတော်ကြာပြီ။ ကျွန်တော့်ကို အခွင့်အရေးလေးပေးပါလားဟင်?"
ကောင်ချောလေးက လုရွှမ်းရဲ့နက်မှောင်သည့်မျက်ခုံးများကိုကြည့်လိုက်ပြီး သူ့နှလုံးသားအောက်ခြေမှ ကြောက်ရွံ့မှုများကိုခံစားလာရသည်။
လုရွှမ်းတစ်ယောက်တည်းရှိနေတဲ့အချိန်မှာ ဖွင့်ပြောချင်ပေမယ့်လည်း သူလုရွှမ်းကိုသိလာတာကြာပြီ၊ အတန်းချိန်တွေမှလွဲ၍ လုရွှမ်းသည် ယဲ့ယောင်အနားမှာရှိရင်ရှိ မဟုတ်ရင် ယဲ့ယောင်ဆီသွားတဲ့လမ်းမှာရှိနေတတ်သည်။
လုရွှမ်းက သူပြောနေတာကိုနားထောင်တာမရပ်ဘဲ တစ်ခြားသူစကားပြောနေတာကိုတောင် ယဲ့ယောင်အနားသို့လျှောက်သွားလိုက်သည်။
လုရွှမ်းစကားပြန်ပြောလာသည့်အချိန်တွင် သူ့အသံထဲ၌ ဘာခံစားချက်မှရှိမနေပေ။ "ငါယောက်ျားတွေကိုမကြိုက်ဘူးဆိုတာ ငါဘေးနားကလူတိုင်းသိမယ်ထင်ထားခဲ့တာ"
"ကောင်းပြီ ......" နူးနူးညံ့ညံ့ကောင်လေးက သူ့နှုတ်ခမ်းလေးကို ကိုက်လိုက်ကာ ယဲ့ယောင်ကိုတစ်ချက်ကြည့်လိုက်သည်။
ဒါပေါ့ လုရွှမ်းက လိင်တူဆက်ဆံခြင်းကိုမုန်းတီးသူဆိုတာသူသိတာပေါ့။ လိင်တူဆက်ဆံခြင်းကို ရွံရှာမုန်းတီးနေပေမယ့် ယဲ့ယောင်ကိုတော့ နေ့တိုင်းနီးနီးကပ်ကပ်နှင့် တွယ်ကပ်နေခဲ့ပြီး သူ့ဘဝရဲ့ရတနာလေးတစ်ခုလိုမျိုး ကာကွယ်စောင့်ရှောက်နေတယ်လေ။
လုရွှမ်းနဲ့ယဲ့ယောင်ကြားက ဆက်ဆံရေးကြောင့် လုရွှမ်းရဲ့လိင်စိတ်တိမ်းညွှတ်မှုအပေါ် သူသံသယရှိခဲ့တာတော့အမှန်ပင်။ သူသာဖွင့်မပြောဖြစ်ခဲ့ရင် ၎င်းတို့နှစ်ယောက်က သူတို့ကိုယ်တိုင်ပဲအတွဲတွေဖြစ်သွားနိုင်သည်။
ကောင်လေးက ထပ်ပြောလာတယ်။ "အစ်ကို့ရဲ့ဆက်ဆံရေးကိုမနှောင့်ယှက်ပါဘူး။ အစ်ကိုလု ကျွန်တော့်ကို ကြိုးစားဖို့အချိန်တစ်ပတ်လောက် ပေးပါလား?"
လုရွှမ်းက စကားပြောဖို့စိတ်ရှုပ်ခံမနေဘူး။ သူကခေါင်းငုံ့လိုက်ပြီး ဖုန်းကိုဆွဲထုတ်လိုက်သည်။ သူ့မျက်လုံးတွေကတော့ အေးစက်နေလေတယ်။
တစ်စုံတစ်ခု မှားယွင်းနေပြီမှန်းခံစားမိ၍ ကောင်လေးကအနောက်ကို ခြေတစ်လှမ်းဆုတ်လိုက်ပြီး အပြုံးလေးနှင့်ပြောလာသည်။ "အစ်ကိုမလုပ်ချင်ရင်လည်း ကျွန်တော်တွန်းအားမပေးပါဘူး။ ကျွန်တော့်ရဲ့မူလနေရာကိုပဲ ပြန်ဆုတ်လိုက်ပါ့မယ်။ အရင်တုန်းကလို အစ်ကို့ရဲ့သူငယ်ချင်းအနေနဲ့ပေါ့"
ယဲ့ယောင်က လုရွှမ်းဘေးမှာမတ်တပ်ရပ်နေပြီး တစ်ဖက်ကိုကြည့်လိုက်ရုံနဲ့ လုရွှမ်းဘာလုပ်နေလဲဆိုတာ အလွယ်တကူမြင်နိုင်သည်။
လုရွှမ်းက သူ့ရှေ့ရှိလူရဲ့ အဆက်အသွယ်အသေးစိတ်အကုန်လုံးကို ဘာမပြောညာမပြောနှင့် blockပစ်လိုက်တော့သည်။ အကုန်လုပ်ပြီးနောက် သူမျက်လုံးကိုပင့်မြှောက်ပြီး ကောင်ချောလေးဆီကြည့်ကာ သူ့နှုတ်ခမ်းပါးရဲ့ထောင့်စွန်းက ရွံရှာစွာနှင့်ကွေးကျသွားသည်။
"ငါ့ကိုကြိုက်နေတဲ့ အဲ့လိုလိင်တူသူငယ်ချင်းမျိုးကို လက်မခံဘူး"
***
နွေရာသီမှာပဲရှိနေသေးပေမယ့် ယဲ့ယောင်ရဲ့လက်တွေက အေးစက်လို့နေတယ်။
သူတို့ကျောင်းကို လမ်းလျှောက်ပြန်လာရင်းနဲ့ ယဲ့ယောင်ရဲ့လက်က ကိုင်ထားခံနေရဆဲပင်။
"ဘာဖြစ်တာလဲ၊ ဘာလို့မင်းရဲ့လက်တွေက အရမ်းအေးနေတာလဲ?" လုရွှမ်းကမေးသည်။ "နေမကောင်းလို့လား?"
"မဟုတ်ပါဘူး၊ အအေးသောက်လိုက်တော့ ငါ့ခန္ဓာကိုယ်ကအပူချိန်ကို မထိန်းညှိနိုင်ရုံပါပဲ" ယဲ့ယောင်သူ့အသံကို တည်ငြိမ်အောင်ထိန်းလိုက်ရင်း လက်ကိုဆွဲထုတ်ဖို့ကြိုးစားလိုက်သည်။ "မကိုင်နဲ့တော့"
သူအများကြီးရုန်းလိုက်မိတယ်။ ဒါပေမယ့်သူရုန်းလေလေ သူ့လက်ကပိုပြီးတင်းကြပ်စွာဆုပ်ကိုင်ခံရလေပဲ။
"မင်းလက်ကိုငါကိုင်ထားတော့ ဘာဖြစ်လို့လဲ? ကိုင်လို့မရလို့လား?" လုရွှမ်းကပြုံးလိုက်ပေမယ့် သူ့လက်ကိုဆုပ်ကိုင်ထားတဲ့ခွန်အားကိုတော့ နည်းနည့်လေးမှလျော့မပေးခဲ့ဘူး။
ယဲ့ယောင် အတော်ကြာတိတ်ဆိတ်နေပြီးနောက်မှ ညင်သာစွာသက်ပြင်းချလိုက်သည်။ "မင်းငါ့ကို ဒီလိုမျိုးဆက်ဖက်ထားနေရင် မသိတဲ့သူတွေက မင်းယောက်ျားလေးတွေကိုကြိုက်တယ်လို့အထင်လွဲသွားလိမ့်မယ်။ မင်းရှင်းပြဖို့ကြိုးစားရင်တောင် မင်းရဲ့လိင်စိတ်ခံယူမှုကို ဖုံးကွယ်နေတယ်လို့ပဲထင်သွားကြလိမ့်မယ်။ အဲ့ဒါကြောင့် ကောင်လေးတွေမင်းကိုချစ်ကြောင်း အမြဲတမ်းလာဝန်ခံနေကြတာ"
စာကြောင်းဆုံးသွားသည်နှင့် ယဲ့ယောင်ရင်းနှီးတဲ့ပွေ့ဖက်မှုနှင့် ကြိုဆိုခံလိုက်ရသည်။
အရပ်ရှည်တဲ့လူငယ်လေးက သူ့ကိုအနောက်မှပွေ့ဖက်ထားခဲ့ပြီး ဝင်သက်ထွက်သက်ပူပူနွေးနွေးတွေက သူ့နားရွက်ရဲ့အရည်ပြားပေါ်သို့သွန်ကျလာခဲ့ပြီး အရည်ပြားအကွက်လေးတွေကိုတစ်လက်မ မကျန်ပူထူသွားစေသည်။
လုရွှမ်းရဲ့ ရယ်သွမ်းသွေးနေတဲ့အသံကို ယဲ့ယောင်ကြားလိုက်တယ် "တစ်ခြားသူတွေရဲ့အထင်အမြင်တွေကို ဘာကိုဂရုစိုက်ရမှာလဲကွာ? သူတို့တွေရဲ့အတွေးမှားတွေကြောင့်နဲ့ ငါကမင်းကိုဖက်လို့တောင်မရတော့ဘူးလား?"
•••••
သူတို့အိပ်ဆောင်ကို ပြန်ရောက်တဲ့အထိ လုရွှမ်းကယဲ့ယောင်ရဲ့လက်ကို ကိုင်ထားဆဲပင်။
အိပ်ဆောင်ထဲရှိ တစ်ခြားအခန်းဖော်နှစ်ယောက်ကမြင်တော့ ပေါက်ကွဲထွက်မတက်ရယ်ကုန်ကြသည်။
"အိုး ညီအစ်ကိုလုရေ မင်းနဲ့ယဲ့ယောင် ဟန်းနီးမွန်းထွက်ပြန်ပြီလား?"
"အတွဲတွေက ကြင်စဦးတွေထက် ပိုကောင်းတာပဲ။ မင်းတို့နှစ်ယောက်ကကောင်းလိုက်တာနော်။ နေ့တိုင်းကြင်စဦးလေးတွေလို ဟန်းနီးမွန်းထွက်ဖို့ နှုတ်ဆက်ပွဲလုပ်နေစရာတောင်မလိုဘူး"
လိင်တူချစ်ခြင်းကိုမုန်းတီးသည့် လုရွှမ်းသည် သူနဲ့ယဲ့ယောင်ကို ဟာသလုပ်နေတာကြားပေမယ့် စိတ်မဆိုးသည့်အပြင် အဲ့ဒီအစားပြုံးလိုက်ပြီး သူသယ်လာသည့်မုန့်တွေကိုစားပွဲပေါ်တင်လိုက်ကာ "ငါတို့ချစ်ခြင်းကို မနာလိုတာလား? ဒီမှာမင်းတို့ရဲ့မင်္ဂလာသကြားလုံး၊ စားလိုက်"
(TN/ Chinaမှာ မင်္ဂလာဆောင်ရင် ပွဲကိုလာတဲ့သူငယ်ချင်းမိတ်ဆွေတွေကို မင်္ဂလာသကြားလုံးဝေပေးပါတယ်တဲ့)
အခန်းထဲတွင် အော်ဟစ်အားပေးသံများထွက်ပေါ်လာပြီး အခန်းဖော်နှစ်ယောက်က ဘာမပြောညာမပြောနှင့် စတင်စားသောက်ကြတော့သည်။ နှစ်လုပ်လောက်စားပြီးနောက် ရှောင်ပန်က လုရွှမ်းနဲ့ယဲ့ယောင်ဘက်လှည့်လာကာ သွားဖြဲ၍ပြုံးပြလာပြီးလက်မထောင်ပြလာတယ်။ "ညီအစ်ကိုလုနဲ့ ယဲ့ယောင် သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးဘဝလေးပိုင်ဆိုင်နိုင်ပါစေ!"
သူ့ဘေး၌ အစားအစာထဲခေါင်းမြှုပ်နေတဲ့ ဝမ်ခဲ့ကလည်းလှည့်လာပြီး လက်မထောင်ပြကာတုံ့ပြန်လာတယ်။ "ကလေးလည်း အမြန်မွေးပါစေ!"
ယဲ့ယောင် :"......"
တကယ်ကြီးလားဟ။
လုရွှမ်းက မျက်မှောင်ကြုတ်လိုက်ပြီး သူ့လက်ကယဲ့ယောင်ခါးလေးကို ဆွဲဖက်လိုက်တယ်။ "သူတို့ရဲ့အဓိပ္ပာယ်မရှိတဲ့စကားတွေကိုနားမထောင်နဲ့"
ယဲ့ယောင်ကကြက်သေ,သေနေပြီး တစ်စုံတရာပြောမည့်အချိန်တွင် လုရွှမ်းကရုတ်တရတ်ကြီး ထရယ်လာပြန်ကာ သူကိုယ်တိုင်ပဲ ဟာသလုပ်လာပြန်သည်။
လုရွှမ်းက ယဲ့ယောင်ရဲ့ဝမ်းဗိုက်ကိုထိတွေ့ပွတ်သပ်ကာပြုံးလိုက်ပြီး "ကိုယ်တို့က ချစ်လို့တောင်မဝသေးတာ ကလေးယူဖို့အစီအစဥ်မရှိဘူးလေနော့်"
"......" ယဲ့ယောင်ထပ်ပြီး သည်းမခံနိုင်တော့ဘူး။ သူလုရွှမ်းရဲ့လက်ကိုအဝေးသို့ရိုက်ထုတ်လိုက်ကာ "ထွက်သွား!"
***
ရေချိုးပြီးနောက် moistureလေးလိမ်းပြီး အိပ်ရာပေါ်ယဲ့ယောင် လှဲချလိုက်တယ်။
အိပ်ဆောင်ထဲတွင် ရှောင်ပန်နှင့်ဝမ်ခဲ့က အောက်ထပ်၌ဂိမ်းကစားနေကြချိန် ယဲ့ယောင်ကသူ့မျက်နှာကိုစောင်ပုံထဲတွင် နစ်မြှုပ်ထားပြီး ခန္ဓာကိုယ်ကိုဖြည်းညင်းစွာဖြေလျော့နေလေတယ်။
အိမ်ပြန်လမ်းပေါ်မှာ သူ့လက်တွေအေးစက်နေခဲ့ရုံသာမက သူးနှလုံးသားလည်းအေးစက်နေခဲ့တယ်။
လုရွှမ်းက သူငယ်ချင်းလို့ခေါ်သည့် လူတွေကိုတုံ့ဆိုင်းခြင်းမရှိပဲ blockကာ သူ့ကိုဆွဲဆောင်သည့်လူကို သူငယ်ချင်းအဖြစ်တောင်လက်မခံဘူးလို့ ပွင့်ပွင့်လင်းလင်းပြောလိုက်တာမြင်ပြီးနောက် သူ့နှလုံးသားက အေးခဲလာခဲ့တယ်။
ဘာကြောင့်ဆိုသူလည်း ....... လုရွှမ်းကိုသဘောကျနေတာကြောင့်ပင်။
သူကိုယ်တိုင် သတိမထားမိလိုက်ပဲနှင့် သူတို့ရဲ့ခင်မင်မှုတွင် တစ်စုံတစ်ခုက သိမ်မွေ့စွာပြောင်းလဲသွားခဲ့သည်။ သူသဘောပေါက်သွားသည့် အချိန်တွင်တော့ ဖြူစင်သည့် သူငယ်ချင်းဆက်ဆံရေးကို ပြန်သွားဖို့နေနေသာသာ မငြိမ်းသတ်နိုင်သည့် တောက်လောင်နေသောမီးလိုဖြစ်လာခဲ့သည်။
လုရွှမ်းက ရေမရောသည့်အဖြောင့်ကောင်စစ်စစ်ပင်။ သံသယအနည်းငယ်လေးတောင် ဝင်စရာမလို။ သူတို့နှစ်ယောက်ကြားက စနောက်၍ပရောပရည်လုပ်သည့်စကားများကို လက်ခံနိုင်ပေမယ့် လိင်တူဆီမှချစ်ခင်နှစ်သက်မှုကိုတော့ လုရွမ်းကလုံးဝလက်ခံမှာမဟုတ်ပေ။ သူ့စိတ်ထဲဘာရှိနေလဲဆိုတာ လုရွှမ်းသိသွားတာနဲ့.....သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကသွားပြီပဲ။
မီးပိတ်ချိန်ရောက်သည့်အခါ အိပ်ဆောင်ကမှောင်မဲသွားပြီး ရှောင်ပန်နဲ့ဝမ်ခဲ့လည်း အိပ်ရာထဲရောက်သွားခဲ့ပြီ။ သို့ပေမယ့် ရံဖန်ရံခါတွင် သူတို့ဆီမှအသံခပ်သဲ့သဲ့ကြားရတာကြောင့် နားကြပ်တပ်၍ဂိမ်းဆက်ကစားနေမှန်း သိသာလှသည်။
ယဲ့ယောင်ကလှဲနေပြီး စိတ်အနှောင့်အယှက်ဖြစ်စွာနှင့် မျက်လုံးပိတ်လိုက်သည်။ သူ့နားထဲတွင် ရုတ်တရတ်ကြီးတရှဲရှဲမြည်သည့်အသံ ကြားလိုက်ရတာကြောင့် မျက်လုံးပြန်ဖွင့်လိုက်သည့်အခါ သူ့အိပ်ရာရဲ့ကန့်လန့်ကာက မ,တင်ခံလိုက်ရပြီး အရပ်ရှည်ရှည်ပုံရိပ်က အောက်မှနေ၍သူ့အိပ်ရာထဲသို့ တွယ်တက်လာတာကိုမြင်လိုက်ရသည်။
ညသန်းခေါင်ကြီး သူ့အိပ်ရာထဲတွယ်တက်လာသည့်သူက ဘယ်သူဆိုတာယဲ့ယောင်ခန့်မှန်းနိုင်သည်။ သူမျက်လုံးကန်းနေရင်တောင်မှ သူ့ခြေဖဝါးနဲ့တင်ခန့်မှန်းနိုင်သည်။
လုရွှမ်းက ယဲ့ယောင်ရဲ့စောင်ကို ကျွမ်းကျင်စွာမ,လိုက်ပြီး အထဲဝင်လာတယ်။
အိပ်ဆောင်ထဲရှိ တစ်ယောက်အိပ်ကုတင်က အလုံအလောက်မကျယ်ဝန်းပေ။ အရပ်ရှည်သောလူနှစ်ယောက်က ဒီလိုမျိုးဖျစ်ညစ်ပြီးနေနေတော့ လှုပ်ရှားလို့ရလောက်သည့် နေရာလွတ်အသေးလေးပဲရှိတော့သည်။
ယဲ့ယောင်လှုပ်ရှားလို့ရအောင် နေရာလွတ်လေးတစ်ခု ကြိုးစားလုပ်လိုက်ပေမယ့် သန်မာတဲ့လက်မောင်းက သူ့ခါးပေါ်ရောက်လာပြီး ချက်ခြင်းပင် လုရွှမ်းရဲ့လက်မောင်းတွေထဲ ချုပ်နှောင်ခံလိုက်ရသည်။
လုရွှမ်းက သူ့အနေအထားကိုချိန်ညှိပြီး အကောင်းဆုံးအနေအထားတစ်ခုရမှ အားရကျေနပ်စွာနှင့်ရပ်လိုက်သည်။
ယဲ့ယောင်သည်းခံကာ လုရွှမ်းရဲ့အပြုအမူတွေကိုလျစ်လျူရှူပြီး သာမန်သူငယ်ချင်းတွေအဖြစ် တစ်လျှောက်လုံးကြိုးစားခဲ့သည်။ သို့ပေမယ့်လုရွှမ်းကသူ့ကို တင်းကြပ်စွာဖိထားတာကြောင့် လုရွှမ်းရဲ့မာကျောနေတဲ့ ဝမ်းဗိုက်ကြွက်သားတွေက သူ့ဗိုက်မှာပါလာကပ်နေတာကို ရှင်းရှင်းလင်းခံစားလိုက်ရသည်။
ဒါ့အပြင်အောက်ဘက်က.....
မင်းကြိုက်နေတဲ့သူက မင်းကိုဒီလိုမျိုးလာကပ်နေပြီး တုံ့ပြန်မှုမရှိရဘူးလို့ပြောလာရင် အလွန်ကိုရက်စက်ရာကျပေသည်။ ယဲ့ယောင်ခံစားချက်တွေကို ထပ်ပြီးမထိန်းချုပ်နိုင်တော့တာကြောင့် ဘာသဲလွန်စမှပေါ်မလာခင် လုရွှမ်းကိုအဝေးသို့တွန်းထုတ်လိုက်တော့သည်။
"ဖာ့ခ် ဒါနွေရာသီကြီးလေ။ မင်းမပူဘူးလား" ယဲ့ယောင်တိုးတိုးလေး ဆဲဆိုလိုက်သည်။
"ဝိုး ငါတို့ရဲ့လိမ္မာတဲ့ကျောင်းသားလေးလည်း ကြမ်းတမ်းလာပြီပဲ" လုရွှမ်းကအသံလျှော့ကာ တခစ်ခစ်ရယ်လာသည်။ "ဘယ်လိုပူတာလဲ။ အဲကွန်းမဖွင့်ထားဘူးမလား? လာပါ။ ငါကလည်း လူသားလေအေးပေးစက်ပဲလေ"
လုရွှမ်းသူ့ဆီ ထပ်ချဥ်းကပ်လာတာမြင်တော့ ယဲ့ယောင်အလျင်အမြန်ပဲ လက််ကိုဆန့်ထုတ်ကာ လုရွှမ်းကိုအဝေးတွန်းထုတ်ပြီး ခြိမ်းခြောက်ဖို့ကြိုးစားလိုက်သည်။ "မင်းဒီမှာလာအိပ်ရင် သတိထားနော်။ တစ်နေ့ငါမင်းကိုကြွေသွားမိရင် ညကျမင်းကို ခိုးထိနေမှာ"
လုရွှမ်းကငြိမ်ကျသွားသည်။ ယဲ့ယောင် ဒီခြိမ်းခြောက်မှုက လွန်သွားကာ လုရွှမ်းရဲ့လိင်တူချစ်သူမုန်းတီးရေးမိုင်းတွင်းကို နင်းများနင်းမိသွားလားလို့တွေးနေချိန် လုရွှမ်းရဲ့အသံကိုတစ်ဖန်ထပ်ကြားလိုက်ရသည်။
လုရွှမ်းရဲ့လေသံက တိုးဖျော့စွာပေါ်ထွက်လာပြီး စိတ်အနှောင််အယှက်ဖြစ်နေရမယ့်အစား အလွန်ကျေနပ်နေသော အသံကြီးဖြင့် "ဒီလိုကောင်းတဲ့အရာတွေ တကယ်ရှိတာလား?"
ယဲ့ယောင်ရဲ့ လက်ကဆုပ်ကိုင်ခံလိုက်ရပြီး တစ်ဖက်ကယောက်ျားရဲ့ ဝမ်းဗိုက်ကြွက်သားတွေပေါ်သို့ ချက်ခြင်းပင်ယူသွားခြင်းခံလိုက်ရသည်။
ယဲ့ယောင် :"......"
သံမဏိချောင်းလို အဖြောင့်ကောင်တွေက တကယ်ကိုဥပဒေမဲ့တာပဲ။
ယဲ့ယောင်သည်းမခံနိုင်တော့တာကြောင့် သူ့လက်ကိုပြန်ဆွဲလိုက်ပြီး လုရွှမ်းကိုကျောပေးကာ နံရံဘက်မျက်နှာမူလိုက်သည်။ ဒီနည်းလမ်းက သူ့တွင်မဖြစ်သင့်သည့်ခန္ဓာကိုယ်တုံ့ပြန်မှု တစ်စုံတစ်ရာဖြစ်ခဲ့ရင်တောင် လုရွှမ်းကချက်ခြင်းသတိထားမိမှာမဟုတ်ပဲ ဖုံးကွယ်ဖို့အချိန်ရလောက်သည်။
လုရွှမ်းက ရယ်မောကာ သူ့ကိုအနောက်မှပွေ့ဖက်လိုက်ပြန်သည်။
တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးစွာပွေ့ဖက်ထားကြပြီး လုရွှမ်းရဲ့နှလုံးခုန်သံကို ယဲ့ယောင်ရှင်းလင်းစွာခံစားရကာ တစ်ချက်ပြီးတစ်ချက် သူ့နှလုံးသားကိုချောက်ချားလာစေသည်။
ယဲ့ယောင် အသံရှူခြင်းကိုထိန်းညှိလိုက်ပြီး မျက်လုံးကိုမှိတ်လိုက်သည်။
သူ့ခံစားချက်တွေကို ဆက်လက်ဖုံးကွယ်ထားပြီး လုရွှမ်းကိုသူဘယ်လောက်ပဲ သဘောကျနေပါစေ၊ သူဖော်ပြနိုင်သမျှက သူငယ်ချင်းဆက်ဆံရေးတစ်ခုသာ။
သူ့ရဲ့သရုပ်ဆောင်မှုတွေက လုံလောက်စွာကောင်းမွန်ပြီး ဘာအပြစ်အနာအဆာအက်ကြောင်းမှ မဖော်ပြမိစေဖို့မျှော်လင့်တယ် မဟုတ်ရင် သူ.....လုရွှမ်းနဲ့ဝေးရာသို့ဆွဲထုတ်သွားခံရလိမ့်မယ်။
အဲ့ဒီလိုနေ့မျိုး ဘယ်တော့မှရောက်မလာဖို့ မျှော်လင့်ကြတာပေါ့။
×××××××
Thanks for Reading
17/3/2023
Avocado