သည်မောင် လက်ခုပ် တီးပါ့မယ် (...
Od moe_for_more
144K 11.5K 3.1K
အစ်ကိုထွင်းက ဇာတ်စင်ပေါ်မယ် အချိုးအချိတ်ကျကျ လှလှကလေး ကကြိုးဆင်ပါလေ....သည်မောင်ကတော့ ဇာတ်စင်အောက် တစ်နေရာကနေ... Více
Author's note
၁ (Z)
၂(Z)
၃(Z)
၄ Z
၅(Z)
၆(Z)
၇(Z)
၈(Z)
၉(Z)
၁၀
၁၀(Z)
၁၁
၁၁(Z)
၁၂
၁၂ (Z)
၁၃
၁၃ (Z)
၁၄
၁၄ (Z)
၁၅
၁၅ (Z)
၁၆
၁၆ (Z)
၁၇
၁၇ (Z)
၁၈
၁၈ (Z)
၁၉
၂၀
၂၀ (Z)
၂၁
၂၁ (Z)
၂၂
၂၂ (Z)
၂၃
၂၃ (Z)
၂၄
၂၄ (Z)
၂၅
၂၅ ( Z)
၂၆
၂၆ (Z)
၂၇
၂၇ (Z)
၂၈
၂၈ (Z)
၂၉
၂၉ (Z)
၃၀
၃၀ (Z)
၃၁
၃၁ (Z)
၃၂
၃၂ (Z)
၃၃
၃၃ (Z)
၃၄
၃၄ (Z)
၃၅
၃၅ (Z)
၃၆
၃၆ (Z)
၃၇
၃၇ (Z)
၃၈
၃၈ (Z)
၃၉
၃၉ (Z)
၄၀ (ဇာတ်သိမ်းပိုင်း)
၄၀ (ဇာတ်သိမ်းပိုင်း) (Z)
အခပျြပို
အချပ်ပို
အခပျြပို၂
အချပ်ပို၂
မောင့်ဒိုင်ယာရီ
မောင့်ဒိုင်ယာရီ
နောက်ကျမှ ရေချိုးမိတဲ့အခါ (ေနာက္က်မွ ေရခ်ိဳးတဲ့အခါ)
ပေသလူးနဲ့ တို့များတစ်ခေတ်မောင်
အဆုံးသတ်မဟုတ်လေသော အဆုံးသတ်
Book Announcement
book cover and details
၁၉ (Z)
549 31 0
Od moe_for_more
Zawgyi
"~~တကူကူးကူ....တကူကူးကူ~~
~~ထူးတင့်သံသာ မြူးရွှင့်မှန်စွာ~~
~~ရွှေချိုးဖြူမယ် ကူတယ်လေ~~
~~ကူမယ် နေမယ် ကြူတယ် ကြူတယ်~~
~~မ, သံပေးလို့ကူ~~~
~~သံဆာဆာ ဖန်ခါခါ~~
~~သာသာယာယာဆိုတဲ့ ~~
~~ညိုနွဲ့ကြိုတဲ့ ချိုမြည်သံတွေ~~
~~~တကူကူးကူ~~~"
ချိုမြကြည်လင်သော အသံကလေးကြောင့် အိုးပုတ်ဂျိုးရုပ်ဖြင့် ဆော့ကစားနေရာမှ ခေါင်းလှုပ်ရှားကစားကာ ရှာဖွေကြည့်မိသည်။ လရောင်ခိုသည့်နေရာလေးတွင် ပုခက်အတွင်းမှ ကလေးအား သီချင်းကလေးဆိုကာ ချော့သိပ်နေသူ။ ထိုအမျိုးသမီးမှာ အသက်အရွယ်အားဖြင့် ကြီးရင့်နေပြီဖြစ်ပါ၏။ ပါးရည်နားရည်များတွန့်ကာနေပြီး ခါးလည်းအနည်းငယ်ကိုင်းနေပါပြီ။ သူမမျက်နှာထက်တွင်တော့ လရောင်ပမာ ကြည်လင်အေးမြလှသော အပြုံးတစ်ပွင့်ချိတ်ဆွဲလို့ပင်။ ပုခက်စွန်းနှစ်ဖက်အား လက်ဖြင့်ဆုပ်ကိုင်လျက် ခပ်ဖြည်းဖြည်းခပ်လွှဲနေသော သူမကို အကြည့်မခွာနိုင်ဘဲဖြစ်နေရသည်။
"~~တကူကူးကူ~~တကူကူးကူ~~
~~ရွှေချိုးဖြူမယ် ကူတယ်လေ ~~
~~ကြူ. ကြူ. ကြူလို့နေ~~
~~ချိုညင်းသံသာ ကြိုရင်းဖန်ခါ~~
~~ကူကူကူးလို့ မြူချိုစွာ သူဆိုကာ~~
~~ကူကူကူကူးကူလို့သာ~~"
ပုခက်တွင်းမှ ကလေးအား အကြည့်မလွှဲလေပဲ အေးမြသော အသံဖြင့် ချော့မြူသိပ်နေသူ။ လိမ္မာလွန်းသည့် ကလေးငယ်မှာလည်း တအီအီဖြစ်မနေပါချေ။ မျက်ဆံကလေးပြူးလျက် သူမ၏ မျက်နှာကလေးကို မော်ကြည့်ကာ ကောင်းမွန်စွာ သီချင်းနားထောင်နေပုံရပါ၏။
"~~တကူကူးကူ~~တကူကူးကူ~~
~~လေနှင်ရာ တိမ်ကြောထက်ဝဋ္ဌာ~~
~~ယှက်တောင်ပံ ငှက်မောင်နှံ~~
~~ရွှေလည်တွဲ ပျံဝဲ ပျော်လို့သာ~~
~~မြင်သူ သွင်ကူ ရွှင်မြူးချင်လှပါ~~
~~တကူကူးကူးးးးးးး~~"
ထိုအမျိုးသမီးကြီးမှာ ကလေးချော့သိပ်နေရာမှ သည်ဘက်သို့ လှည့်ကြည့်ကာ နူးညံ့စွာ ပြုံးပြပြန်လေသည်။ ထိုအမျိုးသမီး၏ အပြုံးမှာ မြင်သူကိုပင် လိုက်လံပြုံးရယ်မိစေသည်အထိ စွမ်းဆောင်နိုင်လေသည်။ မိမိကိုယ်ပင် သတိမမူမိဘဲ အူလှိုက်သဲလှိုက်ရယ်မောမိတော့သည်။ ကလေးငယ်၏ တခစ်ခစ်ရယ်သံမှာ လရောင်ဖြာနေသော နှစ်ထပ်အိမ်လေးအတွင်း ပြည့်နှပ်သွားသည်နှင့် ထိုအမျိုးသမီးကြီးမှာ နှုတ်ခမ်းထက် လက်ညှိုးလေးနေရာယူကာ တိုးတိုးတိတ်တိတ်နေရန် ဟန့်တားလာတော့သည်။ အရယ်မပြတ်နိုင်သူမှာတော့ အောင့်အီးကာ ရယ်နေသေးသည်။ သို့နှင့် ထိုအမျိုးသမီးမှာ ပုခက်အတွင်းမှ ကလေးငယ်ဘက်သို့ ပြန်လှည့်ကာ သီချင်းနောက်ဆုံးပိုဒ်အား ဆိုညည်းလေတော့သည်။
"~~တကူကူးကူ~~တကူကူးကူ~~
(~~တကူကူးကူ~~တကူကူးကူ~~)
~~ချိုတေးသံသာ ပျိုလေးထံမှာ~~
(~~ချိုတေးသံသာ ပျိုလေးထံမှာ~~)
~~ချစ်တင်းနှော ပြောဖို့ ရွှင်ကြည်စွာ~~
(~~ချစ်တင်းနှော ပြောဖို့ ရွှင်ကြည်စွာ~~)"
ထိုင်ရာမှ ထ၍ ပုခက်နားသို့ လျှောက်ကာ သီချင်းကလေးအား သံယောင်လိုက် ညည်းဆိုမိသည်။ သည်သီချင်းကို သူအလွတ်ရနေပါပြီ။ ကလေးချော့သိပ်ချိန်တိုင်း အမြဲတစေ ကြားနေရသည်မဟုတ်လား။ သူ့ခြေတိုတိုတုတ်တုတ်ကလေးများဖြင့် ကြမ်းခင်းမှအသံမထွက်စေရန် ကိုယ်ဖော့လျှောက်ရင်း အမျိုးသမီးကြီးထံ ချည်းကပ်မိသည်။ သူ့ကို မြင်သည်နှင့် ထိုအမျိုးသမီးကြီးမှာ ထပ်မံပြုံးပြန်တော့သည်။
"~~တောင်သေလာ ချောင်ဟေမဝါ~~
(~~တောင်သေလာ ချောင်ဟေမဝါ~~)
~~မာလာဖော့ ညှာကျော့~~
(~~မာလာဖော့ ညှာကျော့~~)
~~ပျိုနွဲ့သူဇာ ကြိုလှည့်ပါ~~
(~~ပျိုနွဲ့သူဇာ ကြိုလှည့်ပါ~~)
~~တကူးကူးကူးကူးကူး~~
(~~တကူးကူးကူးကူးကူး~~)"
သီချင်းလေးအဆုံးတွင် သူ့မျက်ဝန်းများ ပိတ်ကျသွားသည်အထိ ပြုံးမိသည်။ ပုခက်ထဲမှ ကလေးငယ်အား တစ်ချက်ချောင်းကြည့်ကာ အသည်းတယားယားဖြစ်နေတော့သည်။ ပုခက်ထဲ၌ သူနှင့်တစ်ချိန်တည်းမွေးသူဖြစ်သော်ငြား ခန္ဓာကိုယ်သေးကွေးသည့် ချစ်စရာကလေးမှာ နှစ်ခြိုက်စွာ အိပ်မောကျသွားတော့သည်။
"ထွင်းငယ်....ဘွားမြေးကလေး...​​ထွေးငယ်ကလေး အိပ်မောကျနေတာ ချစ်ဖို့မကောင်းပေဘူးလား...."
သူ့ခေါင်းကို တဆတ်ဆတ်ငြိမ့်ပြမိသည်။ သူသည်လည်း ထွေးငယ်ကလေးကို အသည်းတယားယားဖြင့် ချစ်ရသည်မဟုတ်လား။
"ဘွားမြေးလေး ထွင်းငယ်ကလည်း အလွန့်ကို ချစ်ဖွယ်ကောင်းတာပါပဲ....ဘွားဖြင့် အသည်းယားလိုက်တာလေ...."
ထိုအမျိုးသမီးကြီးမှာ သူ့ခေါင်းလုံးလုံးအား ဆွဲဖွကာ တိုးတိုးရေရွတ်နေတော့သည်။ ပုခက်ထဲမှ ကလေးငယ် နိုးသွားမည်ကို စိုး၍ထင်ပါ၏။
"သည်ညတော့ ဘွားမြေးကလေးကိုလည်း ဘွားကိုယ်တိုင် ချော့သိပ်မယ်နော်....ဘွားမြေးလေး ဘယ်သီချင်းလေး နားထောင်ချင်လဲ"
"ဘွားဘွား...."
"ရှင့်~"
"ထွင်းငယ်ကို ကမပြဘူးလားဟင်....ဘွားဘွား ကတာ ကြည့်ပြီးရင်ဖြင့် ထွင်းငယ် အိပ်ပျော်နိုင်မယ်ထင်ရဲ့..."
နှုတ်ခမ်းကလေး တထော်ထော်ဖြင့် တောင်းဆိုမိတော့ သူမမျက်ဝန်းညိုကလေးများ ရုတ်ချည်းဆိုသလို စိုစွတ်လာတော့သည်။ သို့သော်လည်း သူမမျက်နှာထက်မှ အပြုံးနုနုမှာ ပျောက်ကွယ်မသွားသေးပါချေ။
"ဘွားက ခါးမကောင်းတော့ဘူးလေ ​ထွင်းငယ်လေးရဲ့....ဘွားက အချိုးနဲ့အချိတ်နဲ့ မကပြနိုင်တော့တဲ့ လူအိုမကြီးဖြစ်နေပြီ မြေးရဲ့...."
"အို...ဘွားဘွားက လူအိုမကြီးမဟုတ်သေးပါဘူးနော်...."
သူ့အား ငုံ့ကာ စကားဆိုနေသော အမျိုးသမီး၏ ပါးနှစ်ဖက်အား ညင်ညင်သာသာ အုပ်ကိုင်ပေးမိသည်။ ထိုအမျိုးသမီးထံမှ မျက်ရည်များအား သူမြင်နိုင်စွမ်းမရှိပါလေ။
"ထွင်းငယ်က ဘွားဘွားရဲ့ ခေါင်း၊ ခါး၊ ခြေ၊ လက် အစုံစုံ ဖြစ်ပေးပါ့မယ်....သည်လိုကလေးလေ...."
သူပြုံးရယ်လိုက်ရင်း ယခင်က ဘွားဘွားသင်ပေးထားသော ဂွင်ထိုင်နည်းနှင့် ကကွက်ကလေးတစ်ကွက်အား ဇက်ခနဲ ကပြမိတော့သည်။ ဘွားဘွားဟူသော အမျိုးသမီးမှာ မျက်ရည်များကြားမှပင် ပီတိပြုံးပြုံးနေတော့သည်။
"ဟုတ်ပါပြီ....ဘွားမြေးကလေးက ဘွားရဲ့ ခေါင်း၊ ခါး၊ ခြေ၊ လက် အစုံစုံပါပဲကွယ်...."
ထို့နောက် လရောင်ကောင်းစွာကျရောက်နေသည့် ရေနံချေးနိုင်နိုင်သုတ်ထားသည့် ထိုအခန်းထဲ မြေးအဘွားနှစ်ဦး အပြုံးချင်းပြိုင်နေကြလေတော့သည်။
######
"ဘွားဘွား~~~"
အဆုံး၌ကား ချွေးစိုစိုဖြင့် သူရုန်းထမိတော့သည်။ ထွင်းအက္ခရာမှာ မောဟိုက်လို့နေသည်။ နှဖူးထက်၌ ချွေးများစိုကပ်နေပြီး ရင်အစုံသည်လည်း မြင့်ချည်နိမ့်ချည်ဖြစ်နေလျက်။
"ဘွားဘွား~~~"
သူ့ခေါ်သံတိုးတိုးမှာ ငိုသံစွတ်နေ၏။ ဘွားဘွား...ဘွားဘွား။ ဘွားဘွားမှာ သူပင်ပန်းနွမ်းနယ်နေသည့် အချိန်များရောက်တိုင်း အိပ်မက်ထဲတွင် ယခုကဲ့သို့ လာရောက်နှစ်သိမ့်တတ်သည်။ သီချင်းကလေးများလည်းဆိုပြတတ်သည်။ တစ်ခါတစ်ရံ အက,ကလေးများလည်း ကပြတတ်သည်။ ခေါင်းလုံးလုံးကိုလည်း ဆွဲဖွကာ အပြုံးနုနုဖြင့် လာရောက်ပြုံးပြတတ်သည်။ ဘွားဘွားမှာ သူငယ်စဉ်က ပေးခဲ့သော ကတိကလေးကို အမြဲတည်နိုင်လေအောင် သတိလာလာပေးတတ်သည်။ စိတ်ပင်ပန်းနေပါလျှင်လည်း အိပ်မက်ထဲတွင် နှစ်သိမ့်ပေးတတ်သည်။
ယခုအိပ်မက်ထဲ၌ ဘွားဘွားအပြင် ညီမငယ်လေးကိုပါ မြင်လိုက်ရသည်ကြောင့် လွမ်းဆွတ်လာမိကာ အိပ်ယာနိုးနိုးချင်း ငိုမိပြန်သည်။ ထိုလူသားနှစ်ဦးကို တမင်သက်သက်မဟုတ်ပေသော်ငြား သည်တစ်လျှောက် သူမေ့နေမိသည်မဟုတ်လား။ အိပ်မက်ထဲတွင် ညီမလေးမှာ ပုခက်လေးထဲ၌ နှစ်ခြိုက်စွာ အိပ်မောကျနေပါတကား။ ညီမငယ်လေးအား ထိုသို့သာ အေးချမ်းနေစေချင်သည်။ ညီမလေး....သူသိပ်ချစ်ရသည့် သူညီမလေး....ညီမလေး ထွေးအက္ခရာ။ သိပ်ကို လွမ်းမိပါရဲ့။
'တကူကူးကူ' သီချင်းလေးမှာ သူတို့မောင်နှမနှစ်ဦးအား အဘွားဖြစ်သူ အမြဲတစေ ဆိုပြညည်းပြတတ်သော သီချင်းကလေး။ သူယခုအထိ ရနေပါသေးသည်။ 'ချစ်သက်ဝေ' ဓာတ်ရှင်အား ကြည့်ပြီးကတည်းက ဘွားဘွားတမ်းတမ်းစွဲခဲ့သော သီချင်းကလေး။ သည်သီချင်းလေးကို အချိန်ရတိုင်း ညည်းနေတတ်သည်။ ဘွားဘွားပြောဖူးသည်ကတော့။ ပွဲကနားသည့်အချိန်တိုင်း ဘိုးဘိုးမှ ဘွားဘွားအား 'ကူကူးကူးးးး'ဟု အသံပေးကာ အမြဲတစေ အပြင်ခိုးထုတ်တတ်သည်တဲ့လေ။ ဘွားဘွားမှာ ဘိုးဘိုးအကြောင်းပြောလေတိုင်း နူးညံ့စွာပြုံးကာ မျက်ရည်ဝဲတတ်သည်ဖြစ်သည်။ ဘယ်ဟုတ်မလဲ မျက်နှာကလေး ပန်းရောင်ပြေးကာ ရှက်ဝဲကလေးလည်း ဝဲတတ်သေးသည်။ ဘွားဘွား ပြောသည်ကတော့ သည်သီချင်းကလေးညည်းတိုင်း ဘိုးဘိုးကို သတိရမိကာ ရင်ဖိုရပါသည်တဲ့လေ။
ဘွားဘွားအကြောင်း၊ ဘိုးဘိုးအကြောင်း၊ ညီမငယ်အကြောင်းတို့ ခေါင်းထဲဝဲလာသည်မို့ သူ့မယ် မျက်ရည်မထိန်းနိုင်။ သည်ကမ္ဘာတွင် သူ့ဆွေမျိုးတို့ မရှိတော့ပါ။ တစ်ကိုယ်တည်း တစ်ကောင်ကြွက်ဖြစ်နေ၏။ သူ့တစ်ဦးတည်း ရပ်တည်ရသည်မှာ မလွယ်ကူ။ တစ်ခါတစ်ရံ ဘွားဘွားထံ ပေးထားသည့် ကတိ၊ ညီမငယ်ထံ ပေးထားသည့်ကတိတို့အား ချိုးဖျက်ကာ အဝေးသို့ ပြေးချင်မိသည်။ သို့ပေတိ မတတ်နိုင်ခဲ့။ ဆွေမရှိ မျိုးမရှိ ဘဝကြီးထဲ၌ တစ်ဦးတည်း ရပ်တည်နေရတုန်းပင်။ ထို့ကြောင့်ပင် တစ်ခေတ်မောင်အား သူနားလည်ပေးနိုင်ခြင်း။ တစ်ခေတ်မောင်နှင့်သူမှာ ဘဝတူလေ၏။ သို့တည်းကြောင့် အသနားပိုမိသည်။ ချစ်အားလည်း ပိုမိပါ၏။ အိုလေ....ဘာတွေတွေးနေပါလိမ့်။
ပါးပြင်ပေါ်ရှိ မျက်ရည်လက်ကျန်များအား ဖိသုတ်လိုက်ရင်း မျက်နှာသစ်သန့်စင်ဖို့ရာ အခန်းတွင်းမှ ထွက်မိသည်။ ရိုးရာမပျက် မွှေးအီစွာ အသင့်စောင့်ကြိုနေသော ဝရန်တာလက်ရန်းမှ စံပယ်ပန်းကုံးကလေး။ ထွင်းအက္ခရာ၏ မျက်နှာလေးမှာ ပြုံးတလှည့်၊ မဲ့တလှည့်ဖြစ်လို့သွား၏။ စံပယ်ပန်းကုံးလက်ခံရရှိ၍ ပျော်ရသော်ငြား ပေးသူကို မမြင်တွေ့ရ၍ မကျေမနပ်ဖြစ်နေမိသည်။ ဘယ်အချိန်အထိများ သူ့အား ရှောင်ပြေးနေမယ်မှန်းမသိသော်လည်း 'အနားရှိနေသည့်တိုင် အနှောင့်အယှက်မဖြစ်ရပါဘူးလေ'ဟု ကျယ်ကျယ်လောင်လောင်အော်ဟစ်လိုက်ချင်တော့သည်။ စိတ်ညွှန်တိုင်း ကိုယ်မရောက်လေတော့ နှုတ်ဆိတ်စွာပင် အိမ်အောက်သို့ဆင်း၍ မျက်နှာသစ်သန့်စင်လိုက်တော့သည်။
တစ်ဦးတည်းသာ ပြင်ဆင်ခြယ်သပြီးနောက် ဒေါ်ပွကြီးထံမှ ဆီထမင်းဝယ်ရန် အောက်ထပ်သို့ ဆင်းလာခဲ့တော့သည်။ ပြင်ဆင်ခြယ်သသည်ဆိုသည်မှာ အခြားမဟုတ်။ ဆံပင်ကလေး ဖြစ်သလိုစည်း၊ သနပ်ခါးကလေး ဘယ်ညာကွက်ရုံပင်။ အောက်ထပ်ရောက်လေတော့ ဆရာရသက စောစီးစွာ နိုးနေလေပြီး ကွပ်ပျစ်ပေါ် အကြမ်းရည်ထိုင်သောက်နေသည်ကို တွေ့ရ၏။
"အစောကြီးပါ့လား ဆရာရသ..."
"စောမပေါ့...ညက အိပ်မှမပျော်ပဲ...ရန်ကုန်မြို့ကြီး စည်သထက်စည်လာတာတော့ ရင်လေးစရာ... ညဘက်တွေတောင် လူသံသူသံတွေ ဆူဆူညံလာပြီမဟုတ်လား..."
"ဟုတ်ပါရဲ့ ဆရာရသရယ်..."
ဆရာရသနှင့် သူ့ဆက်ဆံရေးမှာ ယခင်ကအတိုင်း တရင်းတနှီးရှိတုန်းပင်။ ထွင်းအက္ခရာသည်လည်း မေမြို့မှ ပြဿနာနှင့်ပတ်သက်ပြီး အရေးထားမနေသလို ဆရာရသကလည်း တစ်ခွန်းမဟပါချေ။
"ထွင်းအက္ခရာ...ခဏလောက် စကားပြောလို့ရမလား...."
"ရပါရဲ့..."
တစ်ခွန်းမဟ ဟု တွေးရုံရှိသေး သူ့အား စကားပြောဖို့ရန် ခေါ်လေပြီ။ ထိုအကြောင်းတွေးမိတိုင်း အသက်ပြင်းစွာ ရှူသွင်း ရှူထုတ်မိတော့၏။ ဆရာရသစကားဆိုပေတော့လည်း ငြင်းပယ်၍မရ။ ထို့ကြောင့် ကွပ်ပျစ်တွင် ထိုင်လိုက်လေတော့သည်။
"အင်းးးးး မိမွှေးပြောလို့ အကုန်သိပြီးပါပြီ ထွင်းအက္ခရာ...ငါဖြင့် အရမ်းကို အားနာမိပါရဲ့...သည်လိုအထိ သည်သူဌေးလေး စော်ကားရဲလိမ့်မယ်မထင်လို့ မင်းကို တိုက်တွန်းမိရုံပါ....တကယ် မှားသွားတယ်ကွယ်...."
"ပြီးတာတွေလည်း ပြီးပြီပဲ ဆရာရသ...သည်ကိစ္စကို ထပ်မပြောတာ ပိုကောင်းပါလိမ့်မယ်....ကျွန်တော်လည်း ဆရာရသကို စိတ်မကွက်ပါဘူးလေ..."
"အဲ့တာကြောင့်မို့ ပိုအားနာရသပေါ့....နောင်ခါဆို ငါ့သဘင်အဖွဲ့သားတွေကို အလိုမပါဘဲ တိုက်တွန်းတာမျိုး ငါမလုပ်တော့ပါဘူးလေ..."
"ကောင်းတာပေါ့ ဆရာရသရဲ့...."
သူပြုံးမိပါ၏။ သည်လိုစကားမျိုး ကြားရသည်ကို ပီတိဖြစ်မိပါ၏။ သူ့ကို စံနမူနာထားကာ အခြားအဖွဲ့သားများအားလုံး တိုက်တွန်းခံရသည်မျိုးရှိလာတော့မည်မဟုတ်သည်ကြောင့် အတိုင်းမသိပျော်မိ၏။
"ဒါဖြင့် ကျွန်တော် ဆီထမင်းနဲ့ ကောက်ညှင်းပြန်ပေါင်း သွားဝယ်လိုက်အုန်းမယ်နော်...."
"တစ်ယောက်တည်းလား ထွင်းအက္ခရာရဲ့...တစ်ခေတ်မောင်ကော ဘယ်မလဲ...သူနဲ့ သွားဝယ်နေကျမဟုတ်လား..."
ဆရာရသမှာ အပေါ်ထပ်သို့ လည်ပြန်ငေးကာ ပြောလာ၏။
"ထားလိုက်ပါလေ....တစ်ခေတ်မောင်လည်း နေမကောင်းဖြစ်ထားတော့ ဝဝလင်လင် အိပ်ချင်မှာပေါ့...သူ မရောက်ခင်ကလည်း ကျွန်တော်တစ်ဦးတည်း သွားဝယ်နေကျမဟုတ်လား...အဆင်ပြေပါတယ်..."
"အေးအေး...ဒါဖြင့်ရင်လည်း...."
ဆရာရသက ခေါင်းငြိမ့်ပြလာသည်မို့ ခြံထဲမှ စက်ဘီးကလေးထုတ်ကာ သွားဖို့ဟန်ပြင်မိသည်။
"ဂရုတထား နင်းအုန်းနော်!!!"
ဆရာရသ၏ စိုးရိမ်တကြီးအော်ဟစ်လိုက်သံကြောင့် 'တွေးပူတတ်ရန်ကော'ဟူသော အကြည့်တစ်ခုပေးကာ ဆူးလေဘုရားဘက်သို့ ထွက်လာခဲ့တော့သည်။ မနက်ဝေလီဝေလင်းဆိုလေတော့ လမ်းပေါ်မယ် လူသိပ်မရှိ။ မော်တော်ကားတို့လည်း အသွားနည်းသေးသည်။ ဒါကိုပင် သူကျေးဇူးတင်တတ်သည်။ သူ့ဘဝမှာ ပွဲသွားကသည့် အချိန်များမှ လွဲ၍ အခြားအချိန်များတွင် ပုန်းလျှိုးကွယ်လျှိုးနေရသော ဘဝဖြစ်၏။ သဘင်အိမ်အတွင်းနေစဉ် မနက်ခင်းဝေလီဝေလင်း သည်လိုအချိန်တစ်ချိန်သာ အပြင်ထွက်ခွင့်ရှိပြီး ပုဝါမဖြစ်မနေခြုံရသေးသည်။ သို့ကြောင့်မို့ အပြင်လောကနှင့်ထိတွေ့ရသည့် ရှားရှားပါးပါးအချိန်ကလေးအား သူတန်ဖိုးထားမိသည်။ ဆူးလေဘုရားနားရောက်တော့ ဒေါ်ပွကြီးမှာ ထုံးစံအတိုင်း ဆိုင်ခင်းတုန်းပင်။ ဒေါ်ပွကြီးဆိုင်တွင် သူက အစောဆုံး ဝယ်သူဖြစ်၏။
"ဒေါ်ကြီး~"
"ရှင့်~"
အလုပ်များနေရာမှ ထွင်းအက္ခရာအား မော့ကြည့်လာ၏။
"အက္ခရာလေးပါလား....ပုံမှန်အတိုင်းပဲ မဟုတ်လား...ဒေါ်ကြီး ထုပ်ပေးမယ်နော့...."
ဒေါ်ကြီးမှာ ကွမ်းဂျိုးကပ်နေသော သွားများပေါ်သည်အထိ ရယ်ပြလာသည်။ အပြုံးမှာ စစ်မှန်လှသည်မို့ ရင်ကို အေးစေသည်မှာအမှန်။
"ကဲ ရပြီ အက္ခရာလေးရေ့...."
ထွင်းအက္ခရာလည်း ပေးနေကျ ငွေပမာဏအတိုင်း ဒေါ်ပွကြီးလက်ထဲ ထည့်ပေးလိုက်တော့။ ဒေါ်ပွကြီးက သွက်သွက်ရေကြည့်နေ၏။
"ပြည့်ပတော်...ဒါနဲ့ ဟို ကျုပ်ကို ဈေးဆစ်တဲ့ သူငယ်လေးရော ပါမလာပါ့လား...ကျုပ်ဖြင့် အဲ့သူငယ်ရဲ့ ဈေးဆစ်သံမကြားရလို့ အိပ်လို့တောင် ပျော်ပါဘူးတော်...."
ဒေါ်ပွကြီး၏ အမေးစကားကြောင့် မချိတင်ကဲ ပြုံးလိုက်မိသည်။ အရာရာမှာ ထိုသူ့အား လွမ်းဆွတ်ဖို့သာ ရည်ညွှန်းနေလေတော့ အဘယ်သို့ လုပ်ရမည်နည်း။ သည်နေရာလည်း တစ်ခေတ်မောင်၊ ဟိုနေရာလည်း တစ်ခေတ်မောင်ဖြစ်နေသည်မဟုတ်လား။ ဤသို့ ဤသို့ တစ်ခေတ်မောင်အား လွမ်းဆွတ်နေသည်မှာ ညီငယ်တစ်ဦးလို သဘောထား၍မဟုတ်ကြောင်းကိုတော့ သူကောင်းကောင်းနားလည်လာမိသလိုပင်။
"သူ နေမကောင်းလို့ပါ ဒေါ်ကြီး...နောင်များမှ ခေါ်လာခဲ့ပါ့မယ်...."
"လိုပါဘူးတော်...အဲ့သူငယ်လေး ဈေးဆစ်မှာကို ကြောက်ရတယ်တော့....ကဲကဲ ခဏနေဆို နေပူလာတော့မယ် ပြန်ပေတော့ အက္ခရာလေး...."
ထွင်းအက္ခရာအကြောင်း ရိပ်စားမိနေသော ဒေါ်ကြီးမှာ ထွင်းအက္ခရာအား လူမြင်မခံစေချင်။ အမြန်ပြန်စေချင်နေ၏။ ထွင်းအက္ခရာလည်း ခပ်​ဖြည်းဖြည်းသာ စက်ဘီးနင်းထွက်လာမိတော့သည်။ အခန့်သား လိုက်ပါစီးနင်းသူနေရာမှမဟုတ်ဘဲ တစ်ဦးတည်း မောင်းနှင်သူ နေရာမှာ ဆိုလေတော့ ရင်တွင်းမှ လစ်ဟာမှုမှာ ကြီးလှသည်။ သည်ရက်တွေအတွင်း သူ့မယ် ပီပီပြင်ပြင်ပင် မပြုံးနိုင်တော့။ သက်ပြင်းသည်လည်း ချရသည်မှာ အခါခါပင်။ တစ်ခေတ်မောင်မှာ ထိုမျှလောက်ထိ သူ့စိတ်အား စေစားနိုင်သည်လား။ ဟုတ်ပါရဲ့ဟု သူရေရွတ်မိလောက်မည်။ မဖြစ်နိုင်မှန်းသိရက်၊ ရှေ့ဆက်မတိုးသင့်မှန်း သိရက်နှင့် တစ်ခေတ်မောင်ဟူသော နွံ့ရိုင်းတွင် သူကျွံကျွံဝင်နေမိသည်မှာ တစ်ရစ်ပြီးတစ်ရစ်။
သဘင်အိမ်သို့ ထွင်းအက္ခရာပြန်ရောက်ချိန်တွင် သဘင်သားတိုင်း အိပ်ယာနိုးကြလေပြီ။ ထွင်းအက္ခရာဝယ်လာလေသော ကောက်ညှင်းပြန်ပေါင်းနှင့် ဆီထမင်းအား မြိန်ရေယှက်ရေစားကြတော့သည်။ ထွင်းထွက်နေသူမှာ တစ်ခေတ်မောင်ပင်။ ချောင်တွင် ကပ်ကာ ငပိရည်ဖြင့် ထမင်းကြမ်းခဲကိုသာ သဲကြီးမဲကြီးစားနေလေ၏။ ထွင်းအက္ခရာဘက်သို့ အကြည့်တစ်ချက်မျှပို့လွှတ်မလာပါချေ။ ဘာကြောင့်ရယ်မသိ ရင်အတွင်း၌ တင်းကြပ်စွာ ခံစားရသည်။ ထွင်းအက္ခရာဘက်မှသာ ခြေတစ်လှမ်းတိုးလိုက်လျှင် သည်ဝေဒနာတွေ ပျောက်ကင်းသွားနိုင်မည်လား။
#####
အစ်ကိုထွင်း စံပယ်ပန်းမပန်သည်မှာ ကြာပြီဖြစ်၏။ မနက်ခင်းတိုင်း အစ်ကိုထွင်းအတွက် စံပယ်ပန်းသီကာ မသိလေအောင် ပေးပေမဲ့ လက်ခံယူ၍ ပန်ဆင်ခြင်းရှိမလာ။ ထို့ကြောင့် တစ်ခေတ်မောင်မှာ ဟင်းခနဲသာ သက်ပြင်း၊သက်မ ချရတော့သည်။ အစ်ကိုထွင်းအနားလည်း သူ မကပ်ရဲပါချေ။ သူ့ကြောင့် အစ်ကိုထွင်း စိတ်ရှုပ်ထွေးပြီး မျက်မှောင်ကြုံ့မည်ကို သူကြောက်မိသည်။
အစ်ကိုထွင်းထံမှ အပြုံးနုနုတို့ကိုသာ သူလိုလား၏။ သူ့ကြောင့်ဖြစ်စေ၊ အခြားသူကြောင့်ဖြစ်စေ ဖြစ်တည်တတ်သော အစ်ကိုထွင်း၏ နှုတ်ခမ်းထက်မှ အေးချမ်းသည့်အပြုံးကိုသာ သူလိုအပ်၏။ သူ့တွင် ပေါ်ပေါ်ထင်ထင်ငေးခွင့်မရှိ။ ချောင်အကွယ်မှ အမြဲငေးရသည်မှာ သည်ရက်တွေအတွင်း သူအကျင့်ဖြစ်လို့နေပြီ။ သို့ပေတိ သူမျှော်လင့်သော အပြုံးများမှာ သည်ရက်များအတွင်း အစ်ကိုထွင်း နှုတ်ခမ်းထက်၌ ဖြစ်ထွန်းမလာ။ နွမ်းနယ်နုံးချိသော အပြုံးများနှင့် မချိတင်ကဲအပြုံးများသာ နေရာယူနေလေ၏။
သူ့တွင် အစ်ကိုထွင်း၏ အပြုံးတို့အား ငေးရန်ပင် ကံမပါလာပုံရပါ၏။ သူကသာ စိုးရိမ်တကြီး ရှောင်တိမ်းနေပါသော်လည်း အစ်ကိုထွင်းမှာ သူ့အား အကြည့်လိုက်ဆုံနေသည်ဟု ထင်မိသည်။ ဟုတ်မှလည်းဟုတ်မည်။ မဖြစ်နိုင်သည်ကတော့ အမှန်။ အစ်ကိုထွင်းက သူ့အား စတင်အကြည့်လိုက်ဆုံသည်တဲ့လား။ မဖြစ်နိုင်ပေ။ သူစိတ်ထင်နေမိသည်သာ ဖြစ်နိုင်၏။ အစ်ကိုထွင်းအား ရှောင်ဖယ်နေကာ ချောင်အကွယ်မှ ချောင်းနေရသော်လည်း သူ့ရင်တွင်း ဝေဒနာတို့မှာ သက်သာမသွားပါချေ။ အစ်ကိုထွင်းထံမှ တုံ့ပြန်သက်ရောက်လာမည့် အချစ်ဆေးနှင့်မှ သက်သာပျောက်ကင်းမည်ထင်ပါ၏။ သို့အတွက် သည်တစ်သက်တော့ သည်ဝေဒနာမှာ ပျောက်ကင်းနိုင်တော့မည်မဟုတ်။ စစ်မရောက်ခင် မြားကုန်သည်ပဲ ဆိုဆို သူက လူပြက်ကလေး၊ အစ်ကိုထွင်းက ခေါင်းဆောင်အငြိမ့်မင်းသမီး။ မတန်မရာမဟုတ်ပေလား။
ဟင်းးးးးးး။
သက်ပြင်းချမိပြန်ပါ၏။ အတွေးတို့ကို ဖျက်ကာ ပြက်လုံးတိုက်ရန် အခန်းထဲ ဝင်မိသည်။ အခန်းထဲ၌ နှဲဆရာကြီး ဦးဘသောင်းမှာ သူ့နှဲကြီးကို အဝတ်စဖြင့် ပယ်ပယ်နယ်နယ် သန့်ရှင်းနေလေ၏။
"ဗျို့ ဆရာကြီးဦးဘသောင်း...."
"ဝေ့...အော် တစ်ခေတ်မောင်...ပြက်လုံးတိုက်ဖို့ လာသလား..."
"ဟုတ်ပဗျာ..."
"မင်းအစ်ကိုကြီးတွေကတော့ ဟိုးဘက် အိမ်မယ်ပဲ ရှိသေး....ဗုံတွေ သန့်ရှင်းရေး လုပ်မယ်ဆိုလား...."
"ကျုပ်ကိုတော့ မခေါ်ပါ့လား...."
"မင်းက နေကောင်းခါစဆိုတော့ မခေါ်တာနေမပေါ့...."
ဆရာကြီးဦးဘသောင်းဘေးတွင် တင်ပျဉ်ခွေကာ ထိုင်ချလိုက်တော့သည်။ သို့နှင့် ဆရာကြီးက သန့်ရှင်းပြီးသော နှဲကြီးအား အစမ်းမှုတ်ကြည့်နေတော့သည်။ ဆရာကြီးမှာ အတွေ့အကြုံရင့်သောသူတစ်ဦးဖြစ်ကြောင်း သူ့နှဲသံက သက်သေပြ၏။ အရည်တို့တွန့်နေသော်ငြား ပညာမှာ မတွန့်ခေါက်သေး။ လေးစားဖွယ်ကောင်းပေသည်။
"ကျုပ်တစ်ခုလောက် ဆရာကြီးကို မေးလို့ရမလား..."
"မေးစမ်းပါလေ..."
"ကျုပ် သည်သဘင်အဖွဲ့ထဲရောက်တာ လများကြာရောပေါ့...သည်သဘင်အဖွဲ့ထဲ အငြိမ့်မင်းသားတွေ မပါပါ့လား....ပွဲကရင်လည်း မင်းသမီးတွေချည်း ကကြတာ နော့..."
သည်မေးခွန်းကို မေးချင်သည်မှာ ကြာခဲ့ပါပြီ။ အငြိမ့်မင်းသားမပါ၍ ထူးဆန်းပါသော်လည်း အပူတစ်မီးငြိမ်းရသည်။ အစ်ကိုထွင်းအား အခြားအမျိုးသားတစ်ဦးနှင့် နှစ်ပါးသွားကနေမည်ကို သူ့မယ် ကြည့်နိုင်မည်မဟုတ်။ အငြိမ့်မင်းသားမပါလေ ကောင်းလေ ဆိုပါသော်ငြား ဤကဲ့သို့ အငြိမ့်မင်းသားတစ်ဦးတစ်လေမှ မပါခြင်းက မဆန်းပေဘူးလား။
"ထွင်းအက္ခရာက အဆိုမှာ အောင်တယ်...အကမှာ တော်တယ်....ငိုဆိုလည်းငို...ရယ်ဆိုလည်းရယ်နိုင်တယ်...ချစ်သူမျှော်ဆိုလည်း မျှော်နိုင်တာပဲ....သူက အင်မတန် ပညာထက်လွန်းတော့ သူ့အမှီလိုက်နိုင်မဲ့ အငြိမ့်မင်းသားက ရှာရခက်သပ...ကနဦးကတော့ သည်အဖွဲ့ထဲမယ် အငြိမ့်မင်းသားတစ်ဦးရှိတယ်...သို့ပေမဲ့ သူက ထွင်းအက္ခရာလောက် ပညာစွမ်းမထက်လေတော့ ပုရိသတ်တွေကိုယ်တိုင်က ထွင်းအက္ခရာနဲ့ တွဲကဖို့ လက်သင့်မခံခဲ့ကြဘူးလေ....အင်းးးး သည်လိုနဲ့ တစ်ယောက်ပြီး တစ်ယောက်ပြောင်းပြီး အငြိမ့်မင်းသားနေရာပေးကကြည့်ပေမဲ့ အဆင်​မပြေခဲ့ပါဘူးလေ..."
ဆရာကြီးမှာ မောသွားသည့်ထင် ဘေးရှိ အကြမ်းရည်ခွက်အား ယူကာ မော့သောက်လိုက်သည်။ ပြီးကာမှ စကားဆက်၏။
"နောက်ဆုံးတော့ 'ထွင်းအက္ခရာ'အငြိမ့်အဖွဲ့ ပုရိသတ်တွေက ထွင်းအက္ခရာကို တစ်ဦးတည်း ကခုန်တာ ကြည့်ချင်တယ်လို့ တောင်းဆိုလာကြလို့ မင်းသမီးတွေချည်း ကလာလိုက်တာ ယနေ့ထိပါပဲ...မင်းသိတဲ့အတိုင်း တို့အဖွဲ့ကလည်း သာမန်အဖွဲ့မဟုတ် လျှို့ဝှက်ချက်ကလည်း များပေတော့ လူရင်းတွေချည်း ဖွဲ့စည်းတာပဲ ကောင်းတယ်လေ...အငြိမ့်မင်းသား အသစ်သစ်တွေ အဖွဲ့ထဲထည့်ပြီး အလုပ်မပိုချင်တော့ဘူးဆိုပြီး မောင်ရသက ညည်းတော့ ငါတို့တတွေက ဘာများ ပြောနိုင်ပါ့မလဲ....အငြိမ့်မင်းသားမရှိလည်းပဲ တို့သဘင်အဖွဲ့ကြီးက လူသိများကျော်စောနေတာပဲ မဟုတ်လား...."
'တယ်လည်း ပညာစွမ်းထက်တဲ့ အစ်ကိုထွင်းပါလားလေ'ဟုသာ တိုးတိုးရေရွတ်မိသည်။ အစ်ကိုထွင်း၏ အဆိုအကမည်မျှ ရင်သပ်ရှုမောဖွယ်ကောင်းကြောင်း သူလည်း သိ၏။ အစ်ကိုထွင်းများ အငြိမ့်ကပြီဆိုလျှင် ပွဲလာပုရိသတ်တို့ လက်ခုပ်တီးဖို့ပင် မေ့ရသည်အထိ။ ပုရိသတ်ဘဝတုန်းကလည်း အစ်ကိုထွင်း ကပြဖျော်ဖြေသည့်အချိန်ဆို အသက်ပင်ရဲရဲမရှူရဲလောက်အောင် ငေးကြည့်ခဲ့ရပြီး လူပြက်ဘဝရောက်လာပြန်တော့လည်း ကန့်လန့်ကာနောက်မှ မျက်တောင်မခတ်တမ်း ခိုးကြည့်ရသည်လေ။ တွေးကြည့်လျှင် အစ်ကိုထွင်းနှင့် သူ၏ ဘဝမှာ မိုးနှင့်မြေပင်။ မည်သို့သော အချိန်တွင်မှ နီးစပ်လာလိမ့်မည်မဟုတ်။ အစ်ကိုထွင်းမှာ သူ့ကဲ့သို့ အညတရလူပြက်တစ်ဦး ခူးယူနမ်းရှိုက်လို့ရသည့် လမ်းဘေးပန်းမဟုတ်။ နန်းထိုက်သည့် တော်ဝင်ဂေါ်သဇင်ပန်းကလေး။ လူမသိလေအောင် ပျိုးထောင်နိုင်သော်လည်း ကိုယ်တိုင် သီကုံးပန်ဆင်ခွင့်မရသော စံပယ်ပန်းတစ်ကုံး။ အဝေးတစ်နေရာ၊ အကွယ်တစ်နေရာကနေသာ ခိုးခိုးငေးရနိုင်သော အငြိမ့်မင်းသမီးတစ်ဦး။
*မြတ်နိုးပါ၏။ နှစ်သက်ပါ၏။ မသိသာလေအောင် အဝေးကသာ ချစ်နိုင်ပါ၏။ လက်လှမ်းမမှီပါသော မောင့် ပန်းစံပယ်ကလေး အစ်ကိုထွင်း....ပျိုးရုံပျိုးထောင်မည်....မောင်ဖြင့် မခူးရက်ပါလေ.....*
====================
7.9.2022🖤ဆွေး🖤
သည်အပိုင်းမှာ ပါဝင်တဲ့ 'တကူကူးကူ'သီချင်းလေးက ဒေါ်ကြည်ကြည်ဌေး နဲ့ ဦးအေဝမ်းတင်မောင် သီဆိုထားတဲ့  'ချစ်သက်ဝေ'ဇာတ်ကားထဲမှ ဇာတ်ဝင်တေးကလေးပါ.....တကယ့်ကို နားထောင်ကောင်းတဲ့ သီချင်းကလေးမို့ mediaမယ် နားထောင်ကြည့်လှည့်နော်...
Pokračovat ve čtení
Mohlo by se ti líbit
1.3M 44.2K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
255K 6.8K 70
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
157K 8K 34
Start date : 22.3.2023 ဆန်းကြယ်တဲ့ချစ်ခြင်းမေတ္တာတရားတွေကလည်း လောကကြီးရဲ့တစ်စိတ်တစ်ပိုင်းပဲလို့ ပြောရင် ယုံကြမလား...အသွင်မတူတဲ့သူနှစ်ယောက်ရဲ့ချစ်ခြင်...
440K 23.1K 51