"ဟေ ဘာနံ့လဲကွ ဘထစ်"
"စိမ်းရွှေရွှေ အနံ့ကြီးလေကွာ"
ဘထစ်က နှာခေါင်းလေး ပွစိပွစိလုပ်ပြီး
ကျုပ်ကို ပြောတယ်ဗျ။ကျုပ်လည်း သူလိုပဲ
နှာခေါင်းလေး ပွစိပွစိလုပ်ပြီး အနံ့ခံကြည့်လိုက်တယ်။
"ဟာ …ဟုတ်တယ်ကွ ဘထစ်၊ စိမ်းရွှေရွှေအနံ့ကြီးကွ"
"အေး အဲဒါ မဖဲဝါ လာခါနီးရင် အနံ့ကြိုပေးလိုက်တာကွ။
အဲဒီအနံ့ကြီးရရင် သင်္ချိုင်းထဲက သရဲတစ္ဆေတွေ
တုပ်တုပ်တောင် မလှုပ်ရဲတော့ဘူးကွ တာတေရ"
"ဟင် ဟုတ်လား ဘထစ်၊ မင်း ဘယ်လိုလုပ်ပြီး
သိတာတုံး"
"ဒါတွေ မေးမနေနဲ့ တာတေ၊ ငါသိလို့ပြောတာ"
ကျုပ်လည်း ဘထစ်ကို ဘာမှမပြောတော့ဘူးဗျ။
"သင်္ချိုင်းရှင်မ မဖဲဝါ ၊ ရောက်လာပြီဆိုရင်
မဖဲဝါ အတွက် ပေးထားတဲ့ စားပွဲသောက်ပွဲကို
သဘောရှိ စားပါ။ သောက်ပါ မဖဲဝါ"
ဟော အထက်ဆရာကြီးလည်း ကျုပ်တို့ရတဲ့
အနံ့ကို ရသွားတယ် ထင်တယ်ဗျ။ မဖဲဝါ
ရောက်တော့မှာကို သိသွားပုံပဲ။
"ဟာ မဖဲဝါကြီး ရောက်နေပြီ တာတေ၊
စားပွဲတွေကို စိုက်ကြည့်နေတယ်ကွ"
ကျုပ်ဖြင့် ကြက်သီးတွေ ထလိုက်တာဗျ။
"ဟေ့ကောင် ဘထစ် ၊ မင်း မြင်နေရလို့လား"
"ဟုတ်တယ် တာတေ၊ ငါ မြင်ရတယ်။
ငါက မဖဲဝါတင်မကဘူး၊ တခြားတစ္ဆေ၊
သရဲတွေ အားလုံးကိုပါ မြင်ရတာ"
"ဟေ၊ မင်း တကယ်ပြောတာလား၊ မင်း
အရင်တုန်းက ငါ့ကို ပြောမဖူးပါဘူး"
"ဒီအကြောင်းကို ဘယ်သူမှ မပြောရဘူးလို့
ဘဘုန်းက မှာထားလို့ကွ"
"ဘဘုန်းဆိုတာ မင်းရဲ့ ဆရာတော်လား"
"မဟုတ်ဘူး တာတေ။ငါရဲ့ ဘဘုန်းက
ပျံတော်မူသွားပြီ။ ဒါကြောင့် ငါ့ကို သူ
မပျံခင်မှာ ဒီဆရာတော်ဆီကို ပို့ပေးသွားတာ"
"သြော် …ဒါထက် မင်းက တစ္ဆေ သရဲတွေကို
မွေးကတည်းက မြင်ရတာလား"
ကျုပ်က အရမ်းစိတ်ဝင်စားပြီး ဘထစ်ကို
မေးလိုက်တယ်။ဘထစ်က ခေါင်းခါပြတယ်ဗျ။
"ဘယ်ဟုတ်ရမှာလဲ တာတေရာ။ မွေးကတည်းက
မြင်တာ မဟုတ်ဘူး။ ဘဘုန်းမပျံခင်မှာ
ငါ့ကို ဆေးပေါက်ပေးတာကွ။ အဲဒီမှာတင်
ဆေးအောင်သွားတယ်လို့ ဘဘုန်းက ပြောတာပဲ၊
တဖြည်းဖြည်းနဲ့ နာနာဘာဝကို ငါ မြင်လာရတာ"
"ဆေးပေါက်တယ်ဆိုတာ ဘာလုပ်တာတုံးကွ"
"ဟကောင်ရ၊ လူကြီးတွေ ပေါင်မှာ ထိုးကွင်း
ထိုးတာ မင်းမြင်ဖူးတယ်မို့လား ၊ ကြေးစုတ်နဲ့
ထိုးတာလေ"
"အေး မြင်ဖူးတာပေါ့ကွ"
"အဲဒီလို ကြေးစုတ်နဲ့ ဆေးပေါက်တာကို
ပြောတာကွ။ ဟောဒီ မျက်ခွံနဲ့ မျက်ခမ်းလေးတွေမှာ
ပေါက်တဲ့ ဆေးတွေက စွမ်းသွားတာကွ၊
ဒါကြောင့် ငါ ဒါတွေ မြင်ရတာ"
"ဟာ မင်း အဲဒါတွေ မြင်နေရတော့ မကြောက်ဖူးလားကွ"
"မြင်ခါစတုန်းကတော့ ကြောက်တာပေါ့ကွ၊
နောက်တော့လည်း ရိုးသွားတာပါပဲကွာ"
"ဒီအကြောင်းကို ငါ အခုမှသိတာ။ မင်းကလည်း
အင်မတန် ပါးစပ်လုံတဲ့ ကောင်ပဲ"
"အခုတောင် မင်းကို ငါ လုပ်ပေးစရာရှိလို့
ဒီအကြောင်းပြောပြတာကွ"
"ဟေ ငါ့ကို ဘာလုပ်ပေးမှာတုံး"
"မင်း ငါမြင်သလို မြင်ကြည့်ချင်လား။ ကြောက်သလား"
"ဟေ အဲဒီလို လုပ်ပေးလို့ရလို့လား ဘထစ်"
"ငါမေးတာ မင်းဖြေလေ တာတေရာ၊
မင်း ကြည့်ချင်သလား"
"အေး ကောင်းပြီ၊ မင်းလက်ဖဝါးနဲ့ ငါ့လက်ဖဝါးနဲ့
ကပ်ပြီး ဆုပ်လိုက်၊ အေး ဟုတ်ပြီ၊ မင်းမျက်စိ
ခဏမှိတ်ထား"
ကျုပ်ကလည်း ထူးဆန်းတာမှန်သမျှ သိပ်စမ်းသပ်ချင်တာ
ဆိုတော့ ဘထစ် ခိုင်းတဲ့အတိုင်း လုပ်တာပေါ့ဗျာ
"ဆေးစောင့်ကြီး၊ ကျုပ် မြင်သလို ကျုပ်သူငယ်ချင်း
တာတေက မြင်ချင်လို့တဲ့။ သူ့ကို ဒီတစ်ည မြင်အောင်
ကျုပ်ဆီက ဆေးကို ကူးပေးလိုက်ပါဗျာ"
ကျုပ်တစ်ကိုယ်လုံး ပူခနဲ့ ဖြစ်သွားတယ်ဗျ။
ပြီးတော့ မျက်လုံးတွေက လှုပ်ခနဲ ဖြစ်သွားတယ်။
ကျုပ် နှာခေါင်းထဲမှာ အနံ့သင်းသင်းကလေး
မွှေးသွားတယ်။ ကတိုးနံ့လိုလိုပဲဗျ။
"မွှေးလား တာတေ"
"အေး မွှေးတယ်ကွ"
"ကဲ ဒါဆိုရင် မင်းမျက်စိကို ဖြည်းဖြည်းဖွင့်၊
မင်း မကြောက်နဲ့နော်၊ ငါ့လက်ကိုလည်းဆုပ်ထား၊
မဖြုတ်လိုက်နဲ့ "
"အေးပါကွ၊ ငါ မကြောက်ပါဘူး ဘထစ်ရ"
ကျုပ်က မျက်စိကို ဖြည်းဖြည်းဖွင့်လိုက်တယ်။
"ကြည့် ကြည့်၊ ဟိုလူကြီးတွေဘက်ကို လှမ်းကြည့်"
ဘထစ်ပြောတဲ့အတိုင်း ကျုပ်ကြည့်တယ်
"ဟာ ဘထစ်၊ ဟိုမှာ စားသောက်နေတာ မဖဲဝါကြီးလားကွ"
"အေးလေ၊ အဲဒါ မဖဲဝါကြီးပေါ့ကွ၊ မင်း ကြောက်လား"
"ဟာ မကြောက်ပါဘူးကွ"
မဖဲဝါက အရပ်အရှည်ကြီးဗျ။ ကျုပ်စိတ်ထင်
ဆယ်ပေလောက်ရှိမယ် ထင်တာပဲဗျာ။ ဆံပင်က
ဖားလျားကြီး ချထားတယ်ဗျ။ ရှေးခေတ်က
အဝတ်အစားမျိုး ဝတ်ထားတာဗျို့။ ခါးထောင်
အင်္ကျီဗျ။ ထမီက ထိုင်မသိမ်းထမီ။ မျက်လုံးနီနီကြီးတွေနဲ့
လူတွေကို လိုက်ကြည့်ရင်း ထမင်းတွေ ဟင်းတွေကို
စားနေတာဗျို့။
အထက်ဆရာကြီး ဦးမြို့သာကလည်း အကင်းတော့
ပါးသားဗျ။ မဖဲဝါကို သူ မမြင်ရပေမယ့် ထမင်းတွေ
ဟင်းတွေ လျော့သွားတာကို သတိထားမိပြီး
သူ့ဘေးက စစ်ဗိုလ်ကြီးကို လက်တို့ပြီး
အချက်ပေးနေတယ်ဗျ။
ဟော စစ်ဗိုလ်ကြီးကလည်း စာရွက်တစ်ရွက်ကို
ကပျာ ကယာဖြန့်ပြီး အသံကျယ်ကျယ်နဲ့
ဖတ်တယ်ဗျို့။ မဖဲဝါကြီးကတော့
စားရင်းသောက်ရင်း နားထောင်နေသဗျ။
"သင်္ချိုင်းစောင့် မဖဲဝါ သိစေရန် ၊ နိုင်ငံတော်ရဲ့
လေထု၊ ရေထု၊ မြေထု ၊ အားလုံးကို ပိုင်ဆိုင်တဲ့
အစိုးရမင်းကနေ ဒီအမိန့်ပြန်တမ်းကို
ထုတ်လိုက်တယ်။
ဒီသင်္ချိုင်းမြေဟာ တဖြည်းဖြည်း ကျယ်ပြန့်လာတဲ့
မြို့ရဲ့ အလယ်မှာ ရောက်နေတာကြောင့်
သင်္ချိုင်းမြေ ရှိသင့်တဲ့ မြို့စွန် ရွာစွန်သို့
ပြောင်းရွှေ့ရမှာ ဖြစ်တယ်၊ ဒါကြောင့် ဒီသင်္ချိုင်းမြေမှာ
မှီတင်းနေထိုင်ကြတဲ့ သရဲ၊ တစ္ဆေ၊ ပြိတ္တာ၊ မြေဖုတ်၊
ဘီလူးမှစပြီးနာနာဘာဝအားလုံး အခုချက်ချင်း
သင်္ချိုင်းမြေ အသစ်နေရာကို ပြောင်းနေထိုင်ကြစေ။
အစိုးရမင်းရဲ့ တစ်ချက်လွှတ် အမိန့်တော်။
နာနာဘာဝအားလုံး တစ်ကောင်မကျန်
ပြောင်းရွှေ့စေဖို့ သင်္ချိုင်းစောင့် မဖဲဝါက
တာဝန်ယူရမယ် ။ အမိန့်တော် "
စစ်ဗိုလ်ကြီးရဲ့ အောင်မြင်တဲ့အသံနဲ့
အမိန့်ပြန်တမ်းကို ဖတ်လိုက်ပြီးတော့
အထက်ဆရာ ဦးမြို့သာက ပြောပြန်တယ်ဗျ။
"သင်္ချိုင်းရှင်မ မဖဲဝါ။ ကျုပ်တို့ကို အကူအညီပေးဖို့
မေတ္တာရပ်ပါတယ်။ စားပါ ။ သောက်ပါ မဖဲဝါ။
အားလုံး အားရပါးရ စားပါဗျာ၊ ကဲ ဗိုလ်ကြီးတို့
ကားတွေ ခေါင်းလှည့်ထားကြ၊ နွားလှည်းတွေရောပေါ့"
ဆရာကြီးဦးမြို့သာက သတိပေးလိုက်တော့
စစ်ဗိုလ်တစ်ယောက်နဲ့ အရပ်ဝတ်လူကြီးသုံးလေးယောက်
ကားတွေနဲ့ နွားလှည်းတွေကို ခေါင်းလှည့်ဖို့
ပြောကြ၊ ဆိုကြ၊ ကားစက်နှိုးကြနဲ့ သင်္ချိုင်းထဲမှာ
ဆူဆူညံညံတွေ ဖြစ်လာရောဗျို့။
ဟော မဖဲဝါကြီးက စားသောက်ပြီး ရေသောက်တယ်။
ပြီးတော့ လက်တွေဘာတွေ ဆေးလို့ဗျ။ ဟာ စားပွဲပေါ်မှာ
ထွန်းထားတဲ့ ဖယောင်းတိုင်က မီးတောက်တွေ
အမြင့်ကြီး ထတောက်ပြီဗျို့။ မဖဲဝါက ဆံပင်
ဖားလျားကြီးနဲ့ ခေါင်းကိုမော့ပြီး ဘာတွေ
ပြောနေတယ် မသိဘူးဗျ။
ဆရာဦးမြို့သာကတော့ တော်တော်ကို အကင်းပါးတဲ့သူဗျ။
အခြေအနေကို သူ အကဲခတ်တယ်။ ဖယောင်းတိုင်
မီးတောက်ကြီးတွေ အမြင့်ကြီး ထတောက်တာ
တွေ့ကတည်းက သူ့လူတွေကို ခေါ်ပြီး အုတ်ဇရပ်
ကလေးဘက်ကို ထွက်သွားရောဗျို့။
အို အို ထွက်လာလိုက်ကြတာ။ နည်းနည်းနှောနှောမှ
မဟုတ်တာဘဲ။ ဒီသင်္ချိုင်းမှာ တစ္ဆေ၊ သရဲတွေ
ဒီလောက်များလိမ့်မယ်လို့ ကျုပ် တစ်ခါမှ
တွေးမကြည့်မိပါဘူးဗျာ။
"ဟေ့ကောင် တာတေ၊ တွေ့လား အများကြီးပဲကွ"
"အေးလေ၊ ငါ အဲဒါကို အံ့သြနေတာကွ။
ဟာ ဟိုကောင်က ခေါင်းကြီး အကြီးကြီးပါလားကွ။
ဟာ ဟို တစ်ကောင်က နားရွက်ကြီး
အကြီးကြီးပဲ ဘထစ်ရ"
"အေး ဟုတ်တယ်၊ မင်း ကြည့်နေ။
ကြည့်နေ၊ လျှာကြီးအရှည်ကြီးနဲ့ ပါးစပ်ပြဲပြဲ
ကောင်ကြီးတစ်ကောင် ရှိတယ်ကွ။ လာလိမ့်မယ်"
"ဟင် ဟုတ်လား ဘထစ်၊ မင်းတွေ့ဖူးတာပေါ့
ဟုတ်လား"
"အေး ငါ အဲဒီကောင်ကြီးက ခဏ ခဏ တွေ့ဖူးတယ်ကွ၊
သူ့လျှာက အရှည်ကြီးဆိုတော့ လိပ်တောင်ထားရတာကွ"
ကျုပ်ဖြင့် ကြက်သီးတွေ ထလိုက်တာဗျာ။
တဖြန်းဖြန်း ဖြစ်နေတာပဲ။
"အားလုံးဆိုရင် နှစ်ရာလောက်ရှိမယ် ထင်တယ်ကွ
ဘထစ်ရ"
"ငါ့စိတ်ထင်တော့ မကဘူး ထင်တယ်ကွ။
ကျော်လိမ့်မယ် ထင်တယ်။ ဟာ ကြည့်စမ်း တာတေ၊
မဖဲဝါကြီး ဒေါသဖြစ်နေတဲ့ပုံကွ၊ ဘာကို
မကျေနပ်တယ် မသိဘူး"
သရဲ၊ တစ္ဆေ၊ ဖုတ် ၊ ပြိတ္တာတွေ နှစ်ရာကျော်လောက်
မဖဲဝါကြီးရှေ့က ကွက်မှာ အားလုံးငုတ်တုတ်ကလေးတွေ
ထိုင်နေကြတယ်ဗျ။ မျက်လုံးနီနီကြီးတွေနဲ့ ဟိုကြည့်
ဒီကြည့် လိုက်ကြည့်နေတယ်ဗျ။မဖဲဝါကြီးက
တစ်ကောင်ချင်း လိုက်ကြည့်တယ်
"ဝူး ဝူး အီး"
ဟာ၊ မဖဲဝါ အော်လိုက်တဲ့ အသံကြီးက တကယ်ကို
ကြောက်စရာကြီးဗျ။ ဟိုအကောင်တွေ ငြိမ်ကျသွားရောဗျို့။
တစ်ကောင်မှကို မလှုပ်ရဲတော့ဘူး။ မဖဲဝါက
သူ့ခေါင်းကြီးကို တအားခါရမ်းလိုက်တယ်ဗျ။
ဆံပင်ဖားလျားကြီးက ဘေးကို ဝေ့ခနဲ ဝိုက်ခနဲ
လွင့်သွားတာပေါ့ဗျာ။