"ပဲခူးမြို့ လှိုက်လှဲစွာ ကြိုဆိုပါ၏"ဟူသော
မြို့အဝင်ဆိုင်းဘုတ်က ရန်ကုန်ကို ကျောခိုင်းခဲ့သော ကားအဖြူလေးအား ဝတ္တရားမပျက် ကြိုဆိုနေခဲ့သည်။ အရှေ့ဘက်မြင်ကွင်းမှတဆင့် ပြောင်းလဲသွားသော ပတ်ဝန်းကျင်တွေက နိုင်းစစ်အတွက် ရိုးအီနေပြီဖြစ်သော်လည်း အလွမ်းစိတ်ကတော့ ခံစားလိုက်ရချိန်တိုင်းမှာ အသစ်အဆန်းတစ်ခုသဖွယ် နင့်နင့်နဲနဲ။
ချမှတ်ထားသော လမ်းကြောင်းတစ်ခုမှ
သွေဖယ်သွားခြင်း မရှိသော အချိန်နာရီတွေမှာ အသားကျဖို့အတွက် ပင်ပန်းကြီးစွာ ကြိုးပမ်းအားထုတ်နေရခြင်းကပဲ နိုင်းစစ်၏ စိတ်ကို ပိုအိုစာသွားစေခဲ့သလား မသိ။ မေတ္တာဓာတ်ကလေးနှင့် ကင်းရချိန်ဟာ နှစ်ဆယ့်လေးနာရီပင် မပြည့်သေးသော်လည်း နိုင်းစစ်ကတော့ မိုင်ပေါင်းငါးဆယ်အကွာအဝေးမှာတင် သက်ပြင်းမောများကို မရေမတွက်နိုင်အောင် ဖန်တီးယူပစ်ခဲ့သည်။
ဒီလိုနဲ့ နီးကပ်လာတဲ့တစ်နေ့မှာ နိုင်းစစ်တို့နှစ်ယောက်ရဲ့အကွာအဝေးက
မိုင်ပေါင်းငါးထောင်ကျော်သို့ ရောက်ရှိသွားခဲ့မည်ဆိုလျှင်...။
"အခုကတည်းက လွမ်းလိုက်ရတာ crystalရယ်"
တစ်ကိုယ်တည်း ရေရွတ်မိခြင်းက လျော့ရဲသော
အပြုံးစအချို့ကို ဖြစ်တည်စေသည်။ ကမ္ဘာသစ်ကတော့ အေးချမ်းသည့် ပိတောက်ပင်ရိပ်အောက်မှာ မပြောင်းလဲသော တည်ရှိမှုဖြင့် နေခြည်နွေးနွေးကို ခံယူနေဆဲ။ ထို့အပြင် ကမ္ဘာသစ်ဟာ ရွက်ဟောင်းကြွေပြီး ရွက်သစ်ဝေသော ကာလစက်ဝန်းမှာ စွန့်ခွာပြီးသား ရွက်ဟောင်းတို့အတွက် လွမ်းဆွတ်တမ်းတခြင်းကင်းသော သစ်ပင်ကြီးတစ်ပင်အဖြစ်လည်း ရပ်တည်ခိုင်မာခဲ့ပြန်သည်။
တကယ်တမ်း မခိုင်မာခဲ့သူက နိုင်းစစ်တစ်ယောက်သာ...။
"ချစ်ကိုရေ နင့်ဆရာပြန်လာပြီဟေ့။"
ထမင်းစားဆောင်ကနေ နှစ်ထပ်တိုက်ဘက် ကူးလာသော
စုချစ်ပိုင်က ကမ္ဘာသစ်ခြံဝန်းထဲသို့ ဝင်လာသည့် ကားအဖြူလေးကို မြင်မြင်ချင်း ချစ်ကို,ကို အသံစာစာနှင့် အော်ခေါ်သည်။ ကားအဖြူလေး စက်သတ်ချိန်နှင့် နှစ်ထပ်တိုက်ကနေ ချစ်ကိုတစ်ယောက် ပြေးထွက်လာချိန်က တစ်ချိန်တည်း။ ထို့နောက် စုချစ်ပိုင်၏ လက်ဟန်ပြမှုအတိုင်း ချစ်ကိုက နိုင်းစစ်ထွက်လာမည့် ကားတံခါးကို အဆင်သင့် ဖွင့်ထားပေးပြီး စုချစ်ပိုင်ကတော့ နိုင်းစစ်ကမ်းလာမည့် လက်ဆွဲအိတ်ကို စောင့်ယူသည်။ ရန်ကုန်မှ ပြန်လာချိန်တိုင်း နိုင်းစစ်ဆီမှာ သူတို့အတွက် တစ်ခုခု ပါလာတတ်သဖြင့် ထိုအချိန်ဆိုလျှင် စုချစ်ပိုင်နှင့် ချစ်ကိုတို့ နှစ်ယောက်စလုံး ဤကဲ့သို့ပင် စည်းလုံးညီညွတ်သွားတတ်ကြမြဲ။
"ကိုကြီး မျက်နှာလည်း မကောင်းဘူး။ ဘာဖြစ်လာလို့လဲ။"
ကားပေါ်က ဆင်းဆင်းချင်း စုချစ်ပိုင်မေးခွန်းက နိုင်းစစ်ဆီ တန်းရောက်လာသည်။ သလင်းနီကို လွမ်းသည့်စိတ်ကြောင့် အကောင်းအတိုင်းဖြစ်သော ကိုယ်ခန္ဓာကပင် နိုင်းစစ်ကို မနာခံချင်ဘဲ နွမ်းဖတ်ဖတ်။ "ဘာမှ မဖြစ်ဘူး"ဟူ၍ ပေးဖြစ်သော အဖြေတစ်ခုကိုပင် ညီမဖြစ်သူက မယုံချင်သလို မျက်နှာနှင့် ငေးလာသောအခါ ခပ်ဟဟပြုံးရင်း ချစ်ကိုဘက်သို့သာ လှည့်လိုက်ရသည်။
"နောက်ခန်းမှာ ဂျေဒိုးနတ်တွေ ပါလာတယ်။ ကိုကြီးသလင်းနီက သားအတွက် ဝယ်ပေးလိုက်တာ။ "
ချစ်ကိုက သူ့သွားအကြီးကြီးတွေကို နိုင်းစစ်ထံ လှစ်ခနဲပြကာ ကားနောက်ခန်းကို ခပ်မြန်မြန်ဖွင့်သည်။ ထိုင်ခုံအလယ်မှာ ပုံ့ပုံ့ကလေး ရှိနေသော ဂျေဒိုးနတ်မုန့်ဘူးတွေကို ဒီအတိုင်း မြင်လိုက်ရရုံနဲ့တင် ချစ်ကိုပျော်သည်။ ထိုအချိန်မှာ စုချစ်ပိုင်က သလင်းနီကို ထည့်ပေးလိုက်သော ချိုင့်ကြီးကို ဆွဲယူရင်း မကျေမနပ် ရေရွတ်လေ၏။
"ကိုကြီးcrystalလေးက ဘက်လိုက်တယ်တော့။
မိစုအတွက်ကျ ဘာမှ မပါဘူး။"
"ချစ်ကိုဆီက ယူစားပေါ့ မိစုရယ်။ ကလေးလည်း
မဟုတ်ဘဲ ဂျီကျနေသေးတယ်။"
စုချစ်ပိုင် ပြန်ကြားလိုက်ရသော နိုင်းစစ်အသံက
မာန်မဲခြင်းမရှိဘဲ ချိုသာနေသည်။ လွှတ်ခနဲထွက်သွားသော အခေါ်တစ်ခုအတွက် အပြစ်တင်ခြင်းအလျဥ်း မရှိသည့်စိတ်က တစ်စုံတစ်ယောက်၏ အမည်နာမကြောင့် ကြည်သာနေသလားမသိ။ "နင်တို့ဘဘကြီးဆီ သွားလိုက်ဦးမယ်" ဟူသော နှုတ်ဆက်စကားသံ အဆုံးမှာ ထိုနေရာ၌ စုချစ်ပိုင်နှင့် ချစ်ကိုတို့နှစ်ယောက်သာ ကျန်ရစ်ခဲ့သည်။ အချိုဓာတ်ကဲသော ဂျေဒိုးနတ်က ချစ်ကို,ကို ပျော်ရွှင်စေသလို သလင်းနီ၏ အမည်နာမလေးဟာလည်း နိုင်းစစ်ကို ပျော်ရွှင်စေခဲ့သည်။
ဘယ်လိုပဲ နာမည်ကလေး ကြားရုံသာ ဖြစ်နေပါစေပေါ့။
>>>>>>>>
"အပြာရောင်အချစ်ည မင်းလှမ်းကြည့်လိုက်စမ်း
မိုးကောင်းကင်ထက် များတဲ့ တို့အချစ်များ
ကြယ်စင်အားလုံးထက် လင်းတဲ့ တို့အချစ်များ
အပြာရောင်အချစ်ည ကမ္ဘာမှာ"
ဆယ်နာရီကျော်သည်အထိ ဂစ်တာဝိုင်းက ကောင်းနေဆဲ။
ဆယ်နာရီတွင် အလုပ်နားသော နိုင်းစစ်တစ်ယောက်
သလင်းနီနှင့် ဗီဒီယိုကောလ်ပြောရန် ပြင်ဆင်နေချိန်မှာ သီချင်းသံက ပြတင်းပေါက်ကို ဖြတ်ပြီး လွင့်လာခြင်းဖြစ်သည်။ ကောလ်ခလုတ်ကို နှိပ်ပြီးဖြစ်သောကြောင့် တစ်ဖက်သို့ ဖုန်းဝင်သွားပြီး သိပ်မကြာ စခရင်ပေါ်တွင် ပေါ်လာသော ချစ်မြတ်နိုးရသူ ။ ဗီဒီယိုကောလ် ပြောဖြစ်ခြင်း၏ ပထမဆုံး အတွေ့အကြုံမှာ နှစ်ယောက်သားက စကားတစ်ခွန်းမှ မပြောနိုင်သေးဘဲ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ရင်းသာ ရယ်နေခဲ့ကြသည်။ ထို့နောက် သလင်းနီက နားကြပ်ကို သူ့နားမှာ သေချာပြန်တပ်ရင်း နိုင်းစစ်ကို မေးလာသည်။
"အပြင်မှာ သီချင်းဆိုနေကြတုန်းလား ကိုနိုင်း။"
"ဟုတ်တယ် ချာတိတ်ရ။ အခုထိ ဝိုင်းကောင်းနေကြတုန်းပဲ။"
နိုင်းစစ်က နားကြပ်မတပ်ထားသောကြောင့် ကမ္ဘာသစ်ဝိုင်းတော်သားများ၏ အပြာရောင်အချစ်ည သီချင်းသံက သလင်းနီဆီ ရောက်သွားပုံရသည်။ သို့သော် သီချင်းသံ ဟူ၍သာ ဆန်းစစ်နိုင်ပြီး ဘာသီချင်းလဲဆိုသည်ကိုတော့ သိပုံမရ။ နိုင်းစစ် ရုံးခန်းထဲမှာ အတူတူရှိခဲ့သော ညတစ်ညမှာကဲ့သို့ ယခုလည်း သည်ရုံးခန်းတွင်ပင် နိုင်းစစ်တို့နှစ်ယောက် အတူရှိနေကြသည်။
ဖုန်းစခရင်ပေါ်ကတဆင့် မြင်နေရတဲ့ မျက်နှာလေးကို မချင့်မရဲ ငေးကြည့်ရင်း၊ လေလှိုင်းထဲကနေ ကြားနေရတဲ့ ရှတတ စကားသံကို နားစွင့်ရင်း ၊ ပြီးတော့ ပွေ့ဖက်ထားချင်စိတ်ကို မြိုသိပ်ရင်း လွမ်းဆွတ်စိတ်ကို ဆိုရှယ်မီဒီယာပေါ်မှာ အတူတကွ ဖြေဖျောက်နေခဲ့ကြသည်ပဲ။
"ကိုနိုင်းရဲ့ ကိုယ်သင်းနံ့က အခုထိ မပျောက်သေးဘူး။ ကျွန်တော်လွမ်းတိုင်း ဒီဂျာကင်လေးကို အမြဲဝတ်ထားမယ်။"
စကားသံနဲ့အတူ သလင်းနီက သူဝတ်ထားတဲ့ အညိုရောင်ဂျာကင်ကို ခေါင်းလေးစောင်းကာ နမ်းလိုက်သည်။ "ဟောင်းနေတာကိုကွာ"လို့ နိုင်းစစ်ပြောတော့ ထိုကောင်လေးက ဂရုမစိုက်ဟန်နှင့် ခပ်သော့သော့ ရယ်နေပြန်၏။ဆယ်ကျော်သက်အရွယ်တုန်းက နိုင်းစစ် မက်မက်မောမော ဝတ်ခဲ့တဲ့ အညိုရောင်ဂျာကင်ကို ပဲခူးမပြန်ခင် ညမှာ သလင်းနီက နိုင်းစစ်ဆီမှာ တောင်းခဲ့ခြင်းဖြစ်သည်။
"ကိုနိုင်းမှာ အနွေးထည်ကောင်းတာလေးတွေ ရှိသေးလား။ ပြင်သစ်သွားရင် အနွေးထည်လိုမှာ။ ကျွန်တော် အသစ်လည်း မဝယ်ချင်လို့။"
"ရှိတော့ရှိဦးမယ် ထင်တယ်။ ဒါပေမယ့် အသစ်ပဲဝယ်ပါလား ချာတိတ်ရဲ့။ ကိုယ် လက်ဆောင်ပေးမယ်လေ။ နောက်တစ်ပတ် ရန်ကုန်လာရင် လိုက်ဝယ်ပေးမယ်။"
ထိုကဲ့သို့ ပြောခဲ့သည်ကိုပင် သလင်းနီက ကျေနပ်ဟန်မရှိဘဲ နိုင်းစစ်၏ အဝတ်ဗီရိုကိုမွှေပြီး အညိုရောင်ဂျာကင်ကို ယူသွားခြင်း ဖြစ်သည်။ ယခုတော့ သလင်းနီ၏ ရည်ရွယ်ချက်ကို နိုင်းစစ် သိရပြီ။
"ဒါကြောင့် အတင်းတောင်းသွားတာလား။ အဲ့ဂျာကင်ကို
ကိုယ့်အဖြစ် သတ်မှတ်ချင်လို့လေ။"
"ကိုနိုင်းက ဥာဏ်ကောင်းမလိုနဲ့ဗျာ အခုမှ သိရလား။"
"မင်းက လူလည်လေးကိုး။"
"နောက်တစ်ပတ်လာရင်လည်း အသစ်ဝယ်ပေးဦးနော်။"
"အသစ်မဝယ်ချင်ဘူးဆို။"
"ကိုနိုင်း ဝယ်ပေးမှာကိုတော့ လိုချင်တယ်ဗျ။ ကိုနိုင်းရော ကျွန်တော့်ရဲ့ ရှူးဂါးဒယ်ဒီ မဖြစ်ချင်ဘူးလား။ "
"Crystal မင်းကတော့လေ..."
မနိုင်တော့ဘူးဆိုသည့်သဘောနှင့် ခပ်ကျိတ်ကျိတ်
ရေရွတ်မိတော့ သလင်းနီက ရယ်သည်။ တချို့သူတွေအတွက် တိုတောင်းကောင်း တိုတောင်းနေနိုင်သည့် ညတာတစ်ခုက နိုင်းစစ်အတွက်မူ သလင်းနီ၏ ရယ်သံလွင်လွင်လေးကြောင့် ကြာရှည်ရ၏။ ရင့်ကျက်သော အရွယ်တစ်ခုရောက်ရန်၊
သို့မဟုတ်၊ အားကိုးအားထားပြုထိုက်သော လူတစ်ယောက်ဖြစ်ရန် ကျော်ဖြတ်ခဲ့ရသည့် ကာလတွေမှာ စောင့်ဆိုင်းခြင်းတွင် အသားကျခဲ့သော နိုင်းစစ်က ထိုစံနှုန်းများကို သလင်းနီကြောင့်ပဲ ချိုးဖျက်ချင်ခဲ့ရသည်။
လိုရာခရီးကို ရောက်ရန် သိမ်သိမ်မွေ့မွေ့ စီးဆင်းနေသော စမ်းချောင်းငယ်လေးကိုပင် နိုင်းစစ်မှာ ဆရာတင်သင့်သည့်အလား...ရေစီးနှင့်အတူ မျောပါရခြင်း အဆုံးသတ်၌ မြတ်နိုးရသော ယောကျ်ားပျိုလေးတစ်ယောက် ရှိနေပါစေဟုသာ မျှော်လင့်မိရင်း အချိန်တွေဟာ တရွေ့ရွေ့၊ အလွမ်းစိတ်ဟာလည်း တမြေ့မြေ့...။
>>>>>>>>>>
ကားဟွန်းကို သုံးချက်ဆင့်တီးလိုက်မှ ခြံဝန်းထဲက
ထွက်လာသော လူအရိပ်ကို မြင်ရသည်။ ရန်ကုန်အိမ်ကို စောင့်ပေးနေတဲ့ ခြံစောင့်ဦးလေးက အသက်ကြီးပြီမို့ နားသိပ်မကောင်း...။ ခါတိုင်းတုန်းကဆိုလျှင် နိုင်းစစ် ရောက်လာတတ်တဲ့အချိန်ကို မှန်းပြီး ကြိုစောင့်နေတတ်သော်လည်း ဒီနေ့ကတော့ ပဲခူးကနေ စောစောထွက်လာလို့ ပုံမှန်ထက် စောရောက်ခြင်း ဖြစ်သည်။ ခြံတံခါးကို ဖြတ်လာတော့ ဦးလေးက နိုင်းစစ်ကို လှမ်းနှုတ်ဆက်ပြီး ခြံပြင်က ဓာတ်တိုင်မီးကို သွားဖွင့်သည်။
ရန်ကုန်ဝင်စမှာ ဆည်းဆာရောင်ခြည် ပျောက်ကွယ်လုနီးနီး ဖြစ်ခဲ့သော ပတ်ဝန်းကျင်က ယခုမူ အမှောင်ထုထဲသို့ လျင်မြန်စွာ တိုးဝင်သွားရင်း ကြယ်ကလေးတွေကို သူနှင့်အတူ အဖော်ပြုစေသည်။ တိမ်လွှာတစ်ထပ်ဖုံးနေသော လမင်းကြီးကတော့ စောင်ခြုံအောက်မှာ ကွေးနေသည့် ကလေးငယ်တစ်ယောက်ပမာ ကောင်းကင်တစ်ခွင်မှာ အေးချမ်းစွာ မှေးစက်လျက် အစွမ်းပြရမည့်အချိန်ကို စောင့်ဆိုင်းနေပုံ။
နိုင်းစစ်အတွက်တော့ ဝေးကွာပြီးနောက် ပြန်လည်
နီးစပ်ခွင့်ရသော နယ်မြေတစ်ခုဟာ တိမ်ဖုံးနေသော
လမင်းကဲ့သို့ နွေးထွေးမှုရှိမယောင်နှင့် စိမ်းကားလွန်းလှချေ၏။ ထို့အပြင် တစ်ကိုယ်တည်းသမားဘဝဖြင့် မရပ်တည်နိုင်တော့သော နေ့စွဲတွေကလည်း နှလုံးသားပြက္ခဒိန်ပေါ်မှာ ပိုမို ထင်ရှားလာသောအခါ နိုင်းစစ်၏ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းတွေက သလင်းနီတစ်ယောက်တည်း အပေါ်မှာသာ မှီတည်သွားတော့မလို...။
"ကျွန်တော် လုပ်စရာလေးရှိလို့ စနေညနေကျမှ
ကိုနိုင်းနဲ့ တွေ့ဖြစ်တော့မယ်"
"ရန်ကုန်ရောက်ရင် အိမ်တန်းပြန်နော်။ ကျွန်တော့်အိမ်ရှေ့ လာချောင်းနေလည်း ကျွန်တော့်ကို တွေ့မှာမဟုတ်ဘူး"
"See you ကိုနိုင်း"
"ချစ်တယ်"
ကားထဲက မထွက်ခင်မှာ My Crystalအမည်နဲ့
ဝင်ထားတဲ့ စာတိုလေးတွေကို နောက်တစ်ကြိမ်ပြန်ဖတ်ရင်း နိုင်းစစ်တစ်ယောက် သက်ပြင်းဖွဖွချမိသည်။ ပဲခူးကနေ စောထွက်လာရခြင်း ရည်ရွယ်ချက်က လမ်းတစ်ဝက် မရောက်ခင်မှာဘဲ ပျက်သွားခဲ့ရပြီးသား။ အိမ်ထဲမဝင်ဖြစ်သေးဘဲ ကားထဲမှာ ထိုင်ငိုင်နေသော နိုင်းစစ်အနား ခြံစောင့်ဦးလေး ရောက်လာချိန်ကျမှ ဘယ်တတ်နိုင်မလဲဟု ကိုယ့်စိတ်ကိုယ် ဖြေသိမ့်ရင်း ပဲခူးက ပါလာတဲ့ ငါးချဥ်လက်ဆောင်ကို ခပ်သွက်သွက် ကမ်းပေးရသည်။ ဦးလေးက ထုံးစံအတိုင်း "ဘာလုပ်ပေးရဦးမလဲ" ဟူသော မေးခွန်းကိုမေးပြီးမှ နိုင်းစစ်အနားက ထွက်သွားလေ၏။
ထို့နောက် ကားဆီကနေ အိမ်တံခါးမကြီးသို့ ဦးတည်လိုက်သော နိုင်းစစ်ခြေလှမ်းများ...။
အိမ်တံခါးဖွင့်ဖွင့်ချင်း အမှောင်ထုနှင့်သာ
ရင်ဆိုင်တိုးရသည့်အတွက် မီးရောင်စုံလင်းနေသော
ခြံဝန်းထဲသို့ ဘာရယ်မဟုတ် လှမ်းကြည့်မိတော့ ပန်းခြံနား ရပ်နေသော ဦးလေးက နိုင်းစစ်ကို ပြန်ကြည့်ပြီး ပြုံးပြသည်။
နိုင်းစစ်ရောက်လာမှ ဓာတ်တိုင်မီး ဖွင့်ရသော အခြေအနေတစ်ခု ဖြစ်ခဲ့သည်မို့ အိမ်အတွင်းမှာ မှောင်နေခြင်းကိုလည်း နိုင်းစစ်က ထူးဆန်းသည်ဟု မထင်ခဲ့။ ထို့ကြောင့် အမှောင်ထုထဲသို့ တိုးဝင်ရင်း၊ မီးခလုတ်ဆီသို့ စိတ်မှန်းဖြင့် လှမ်းသွားရင်း အမှောင်ထဲမှာပင် တစ်စုံတစ်ယောက်နှင့် တိုက်မိခဲ့ချိန်...။
"Crystal..."
အတည်ပြုလိုသော အခေါ်တစ်ခုမဟုတ်။
သေချာနေသည့် ခိုင်မာခြင်းတစ်ရပ်ကို ထိုအမည်နာမလေးနှင့် ပြသခဲ့ပြီးနောက် နိုင်းစစ်ရင်ခွင်သို့ ခိုဝင်လာသော ချစ်ရသူ။ ကြားလေ မသွေးစေရသော ထွေးပွေ့ခြင်းမှာ အချိန်အတော်ကြာ ပျော်ဝင်ခဲ့ကြပြီးမှ မြတ်နိုးခြင်းကြောင့် ဖြစ်တည်သော အနမ်းများကို နူးညံ့စွတ်စို နှုတ်ခမ်းလွှာများမှတဆင့် ခပ်ဖွဖွ သဲ့ယူခဲ့ကြသည်။ စိတ်၏ ပိုင်ဆိုင်လိုခြင်းများဟာ အဆုံးမရှိသော အချစ်နွံထဲမှာ နစ်သထက်နစ်ရင်း... ထိုဆွဲဆောင်မှုကနေ မရမက ရုန်းထွက်နိုင်ချိန်၌ နှစ်ယောက်သား၏ ပြင်းရှရှ အသက်ရှူသံများသည်သာ ပတ်ဝန်းကျင်တွင် စိုးမိုးနေတော့သည်။
အလင်းရောင် ပြန်ရောက်လာချိန်မှာ ဦးဆုံးမြင်ရသည်က အညိုရောင်ဂျာကင်နှင့် ကောင်လေးတစ်ယောက်....။
"လုပ်စရာရှိတယ်ဆို"
နိုင်းစစ် ရယ်ရင်းမေးတော့ သလင်းနီက မီးခလုတ်နားကနေရွှေ့ကာ ကြမ်းပြင်ပေါ်ပြုတ်ကျထားသော နိုင်းစစ်၏ လက်ဆွဲအိတ်ကို ကောက်ယူရင်း ပြန်ဖြေသည်။
"လုပ်ပြီးသွားပြီလေ"
"ဒါကြောင့် အိမ်တန်းပြန်ခိုင်းတာလား။ မင်းက ကိုယ့်အိမ်မှာ ကြိုရောက်နေမှာမို့လို့...။"
"ဟုတ်တယ်လေ အဲ့ဒါမှပဲ ကျွန်တော် ကိုနိုင်းကို အကြာကြီးမစောင့်ရမှာပေါ့။"
"ဦးလေးကလည်း ကိုယ့်ကိုဘာမှမပြောဘူး။"
"ဘယ်ပြောမလဲ။ ကျွန်တော် နည်းနည်းလေး လာဘ်ထိုးထားတာကိုး။"
"လူလည်"
နိုင်းစစ်တစ်ယောက် မကျေမချမ်း ရေရွတ်ရင်း သလင်းနီအနားသို့ ခပ်မြန်မြန်လျှောက်သွားကာ မထီမဲ့မြင်ပြုနေသော နှုတ်ခမ်းထောင့်စွန်းလေးတွေကို အားထည့်ပြီး ဖိနမ်းပစ်လိုက်သည်။ ရုန်းရင်းဆန်ခတ် အပြုအမူကြားမှာ ရယ်မောဖို့လည်း မမေ့သော ကောင်လေးက နိုင်းစစ်သဘောကျရသည့် ရယ်သံလေးတွေကို အသည်းယားဖွယ်ကောင်းအောင် ထုတ်ဖော်နေပြန်တော့ နိုင်းစစ်သည်သာ ရူးပြီးရင်း ရူးရ၏။
"ကျွန်တော်ယားတယ် ကိုနိုင်းရ။ ကလိထိုးတာရပ်ပါတော့ နောက်မလုပ်တော့ပါဘူးလို့...။"
"မှတ်ပြီလား လူကြီးကို နောက်ချင်ဦး။"
"မှတ်ပါပြီ မှတ်ပါပြီ။ ယားတတ်တဲ့သူကို
နည်းနည်းလောက် ညှာတာပါဦး ကိုနိုင်းရာ။"
ပြန်ဖြေပုံကို သဘောကျစွာ ရယ်မိရင်း ခါးတစ်ဝိုက်မှာ ရစ်ပတ်ထားသည့် လက်တွေကို ဖယ်ပေးလိုက်တော့ သလင်းနီ၏ မျက်နှာက နိုင်းစစ်ပခုံးပေါ် ပြိုကျလာသည်။ ထို့နောက် လည်တိုင်ကို ယှက်သိုင်းလာသော လက်တစ်စုံ...။
အားပြင်းသလို နွမ်းလျခြင်းလည်း မကင်းသော ထိုလက်တစ်စုံက နိုင်းစစ်ကို ဘယ်လောက်အထိများ ပျော့ညံ့သွားစေလိုခဲ့သလဲ...။ လက်တွေ့မှာမူ တုန်လှုပ်ချင်ခဲ့သော နိုင်းစစ်လက်ချောင်းသွယ်များက တစ်စုံတစ်ယောက်၏ ကျောပြင်ထက်တွင်သာ ခေါက်တုံ့ခေါက်ပြန် ကူးလူးရင်း ရပ်တည်မှု မခိုင်မာချင်တော့သော ယိုင်နဲ့နဲ့ နှလုံးသားကိုတော့ ခပ်မြန်မြန် လျစ်လျူရှုလိုက်ရသည်။
"ပြန်လာမှာပဲမလား ကိုယ်စောင့်နေမှာပါ။"
"အကြာကြီး ဖြစ်နေမှာ ကိုနိုင်းရ။"
"ဘယ်လောက်ကြာကြာပေါ့ မင်းစိတ်ရှိတိုင်းသာ ပျံသန်းလိုက်။"
"ကျွန်တော် ထားမသွားချင်တာ သိတယ်မလား။"
"ကိုယ်လည်း မနေခဲ့ချင်ပါဘူး crystalရယ်။"
ပခုံးပေါ်ကျလာသော သက်ပြင်းငွေ့ငွေ့လေးက နိုင်းစစ်၏ ဘယ်ဘက်ရင်အုံသို့လည်း အဖျားခတ်သွားခဲ့သလို...။
အထိအတွေ့မဲ့သော စိတ္တဇနာမ်သာ ဖြစ်သော်လည်း သူ့ရဲ့ တည်ရှိခြင်းက လူသားတွေရဲ့ အသိဥာဏ်ကိုပါ စိန်ခေါ်နိုင်သည်အထိ အင်အားပြင်းလွန်းနေခဲ့ပြန်၏။ တစ်ထောင့်ငါးရာမေတ္တာဓာတ်၏ ပူလောင်ခြင်းကို နဖူးတွေ့ဒူးတွေ့ မခံစားရသေးခင်မှာတင် နိုင်းစစ်မှာ အလံဖြူပြချင်မိလျက်သား....။
သို့စေကာမူ ထိုကဲ့သို့ ပူလောင်ရခြင်းတစ်ဖက်မှာလည်း
မြတ်နိုးဖွယ်ရာ အိုအေစစ်လေးတစ်ခု ရှိနေခဲ့ပြန်တော့...။
>>>>>>>>>>>>>>>>>>>>>>
See you!
Love you all😘
Han_Me
(31.1.2022)