မှိုင်း part 15 update 28.9.2021 10:30 PM
Unicode
သွေးတို့ ချင်းချင်းရဲနေသော ခန္ဓာကိုယ်လေးကို မင်းမြတ် ဆွဲပွေ့ကာ အရူးတစ်ယောက်လို ငိုရှိုက်ရင်း
"မောင် ကိုယ့်ကို မနောက်ပါနဲ့တော့…
မကြာခင် လက်ထပ်ကြမယ်ဆို…ကိုယ့်မိဘတွေက မောင့်ကို လက်ခံပြီတဲ့လေ…မောင် ဒါကို အကြာကြီး မျှော်လင့်ထားတာမလား…ကိုယ့်ကို စိတ်ကောက်မနေပါနဲ့တော့ ထတော့မောင်…"
တဖြည်းဖြည်း အေးစက်လာသော ခန္ဓာကိုယ်လေးကို မင်းမြတ်ထွေးပွေ့ရင်း နဖူးလေးကို
အနမ်းဖွဖွ ခြွေမိသည်။ထို့နောက်
"ဝေသစ် အိမ်ကို ပြန်လှည့်မောင်းတော့"
မင်းမြတ်စကားကြောင့် ဝေသစ် အံ့အားသင့် သွားပြီး
"ဗျာ ဟို…"
"နောက်ကျသွားပြီ မောင် ငါ့ကိုထားသွားပြီ ဆေးရုံသွားရင်လည်း လူအာရုံစိုက်ခံရတာပဲ
ရှိမှာ မောင့်ကိုငါ နောက်ဆံမတင်းပဲ သွားစေချင်တယ် အိမ်ကို အခုမောင်း…ကျန်တဲ့ကောင်တွေကို အိမ်မှာ လူစုခိုင်းလိုက် ငါပြောစရာရှိတယ်"
အမြဲလိုလို ရည်ရည်မွန်မွန် နေတတ်သော
မင်းမြတ်ရဲ့ တစ်ဖက်ခြမ်းကို မြင်လိုက်ရသော ဝေသစ်မှာ အလန့်တကြားဖြင့် အိမ်အပြန်လမ်းကို ဦးတည် မောင်းလိုက်ရသည်။
ကားရပ်သွားသည်နှင့် မင်းမြတ် မြတ်နိုးရသူလေးကို အသာအယာ ပွေ့ချီကာ အခန်းထဲသို့ ခေါ်ဝင်သွားလိုက်၏။ထို့နောက် bathtub ထဲ အသာအယာ ချပေးပြီး ရေများကို ဖွင့်ချလိုက်ကာ သွေးချင်းချင်းရဲနေသည့် အင်္ကျီကို ဆွဲချွတ်ပေးလိုက်တော့ ခါးစပ်နားတွင် တစ်ချက် ရင်ဘတ်နားတွင်တစ်ချက် ဝမ်းဗိုက်တည့်တည့်တွင် တစ်ချက်။မသေမချင်း ထိုးသတ်ရသည်မှာ ဘယ်လို အငြိုးကြောင့်လဲ။
မင်းမြတ် သွေးများ ပေပွနေသော စိုင်းနောင်ရဲ့ ခန္ဓာကိုယ်လေးကို ဖြေးဖြေးချင်း ကိုယ်လက် သန့်စင်ပေးပြီးနောက် စေ့စပ်ပွဲအတွက် စိုင်းနောင်နောင် မသိအောင် ကြိုပြင်ထားသော ရှမ်းဝတ်စုံလေးကို ဝတ်ပေးလိုက်ကာ ကုတင်ပေါ်သေချာ နေရာ ချပေးလိုက်သည်။ထို့နောက် ဖြူလျော့လျော့ နှုတ်ခမ်းပါးလေးကို ခပ်ဖွဖွ အနမ်းခြွေပြီးနောက် မြင်မြင်သမျှ အရာအားလုံးကို ဆုတ်ဖြဲ ပစ်တော့မည့် ခြင်္သေ့ တစ်ကောင်အလား မင်းမြတ် အခန်းထဲမှ ထွက်လာခဲ့လိုက်သည်။
*ကိုယ်ခွင့်မလွှတ်ဘူးမောင်…*
အောက်ထပ် စုဝေးခန်းတွင်တော့ မင်းမြတ်ရဲ့ လူများမှာ မျက်နှာ မကောင်းစွာဖြင့်
"ဝေသစ် တကယ်ပဲ စိုင်းနောင် ဆုံးသွားပြီလား"
တယောက်တပေါက် အမေးများကို ဝေသစ် စိတ်မကောင်းစွာဖြင့်
"အရင်တစ်ခေါက် ပစ္စည်း အရောင်းအဝယ်ကိစ္စကို ကျွန်တော်တို့ လက်ဦးမှု ရကတည်းက အဲ့ကောင်တွေ မကျေနပ်ဘူးဖြစ်နေတာ။ဒီကြားထဲ စိုင်းနောင်နဲ့ အလဲအလှယ် တစ်ခုမှာပါ ကတောက်ကဆ ဖြစ်ခဲ့တော့ အဲ့ကောင်တွေ ခွေးကျင့် ခွေးကြံကြံလိုက်တာပဲ။"
အားလုံးထဲတွင် အသက်အကြီးဆုံး လူကြီးမှာ သက်ပြင်းချကာ
"ဪ စိုင်းနောင်ရယ်…မကြာခင် ခွန်မင်းမြတ်က လူကြီးစုံရာနဲ့ စေ့စပ်ဖို့တောင် ကြိတ်စီစဉ်ထားတာကို မသိသွားရှာဘူး။မင်းမြတ်တော့ အရူး တစ်ပိုင်း ဖြစ်နေတော့မှာပဲကွယ်…ငါတို့အားလုံးရဲ့ ပေါ့ဆမှုကြောင့်ပဲ…"
ရုတ်တရက်ကြားလိုက်ရသော ခြေသံကြောင့် အကုန်လုံးလှည့်ကြည့်မိတော့ လှေကားမှ တစ်ထစ်ချင်း ဆင်းလာကာ လွတ်နေသော နေရာတွင် သွေးအေးအေးဖြင့် ဝင်ထိုင်လာသော
မင်းမြတ် ခေါ် ခွန်မင်းမြတ်။
ဖြူစွတ်စွတ် အင်္ကျီပေါ်တွင် သာမက လက်တစ်ခုလုံးတွင်ပါ စွန်းပေနေသော သွေးများကြောင့် ပို၍ စိတ္တဇဆန်နေပြီး မျက်ထောင့်နီကြီးဖြင့် အကုန်လုံးကို ဝေ့ကြည့်လာ၍ ကြက်သီးများပင်ထလာရသည် အထိ။
"ကျွန်တော် ခေါ်လိုက်ရတဲ့ ကိစ္စကို အကုန်လုံး သိကြမယ်လို့ ထင်ပါတယ်။ကျွန်တော့်ရဲ့ အမျိုးသား စိုင်းနောင်နောင် တိမ်းပါးသွားပြီ
မလို့ လုပ်သင့် လုပ်ထိုက်တာကို လုပ်ကြပါ။
ပြီးတော့ ရဲစခန်းမှာ အမှုဖွင့်စရာမလိုဘူး"
ခွန်မင်းမြတ် စကားကြောင့် အကုန်လုံး ကြွက်စီ ကြွက်စီ ဖြစ်သွားကာ
"ဘော့စ် ဒါက…"
"အဲ့ကောင်ကို ကျွန်တော် ကိုယ်တိုင်ရှင်းမယ်…ထောင်ထဲ ထည့်လိုက်ရုံနဲ့ မကျေနပ်နိုင်ဘူး။ခင်ဗျားတို့ အမှုပတ်မှာ ကြောက်ရင်ဘေးဖယ်နေ"
မင်းမြတ် စကားဆုံးသည်နှင့် အကုန်လုံးမှာ ငြိမ်ကျသွားတော့သည်။
"ဘယ်လို စဖြစ်တာလဲ"
မင်းမြတ်ရဲ့ အမေးကို ဝေသစ် တုံ့ဆိုင်းစွာဖြင့်
"တစ်ဖက်ကလူက မူးနေပြီး ကိုစိုင်းနောင်ကို လာစတာ ကိုစိုင်းနောင်ရဲ့ ဖြစ်တည်မှုကို စော်ကားပြီး ဘောစ့်ကိုပါ…"
ဝေသစ် ဆက်မပြောရဲတော့၍ တုံ့ဆိုင်းနေမိသည်။
"ဆက်ပြော ဝေသစ်…"
"ဘောစ့်က အကိုနောင်ကို အပျော်ကြံတာတဲ့…ပြီးတော့ တခြား လူတွေနဲ့ပါ ဘောစ့်က…"
မင်းမြတ် အကြောများက တုံ့ဆိုင်းသွားပြီး သွေးကြောတစ်ခုလုံး ပေါက်ထွက်မတတ် လက်သီး ဆုပ်ထားမိသည်။အမြဲလိုလို အေးအေးဆေးဆေး နေတတ်သော ချစ်ရသူက မင်းမြတ်ကို အပုတ်ချသော စကားတစ်ခွန်းကြောင့် ခံပြင်းခဲ့သည်တဲ့။
*ဒီစကား တစ်ခွန်းကြောင့်နဲ့ တန်လို့လား တန်ရဲ့လား မောင်ရယ်*
မင်းမြတ် တွေဝေ မှိုင်ထွေစွာဖြင့်အခန်းပြင်သို့ ပြန်ထွက်လာခဲ့လိုက်သည်။
မှိုင်း အိမ်ပြန်ရောက်လာသည့် အချိန်တွင် ဧည့်ခန်းရှိ ခုံများအကုန်ရှင်းထားပြီး ဧည့်ခန်းအလည်တွင် နေရာယူထားသည်က မောင်စိုင်းနောင်နောင် (၁၉)နှစ် ဟူသည့် အခေါင်းတစ်ခု မှိုင်း မယုံကြည်နိုင်စွာဖြင့် မှိုင်း ထိုနေရာသို့ သွားမကြည့်ရဲ။မှိုင်း တကယ်ကို ကြောက်မိသည်။
"ဝေးခို အမ်အိုဝ့်သမိုင်"
"ဟား…ဟား…မတောက်တစ်ခေါက်လေးနဲ့ကွာ မှိုင်းရေ မင်းရဲ့ အန်ကယ်လေးကို အကို့ကိုယ်စား ခွေရတ်နား လို့ပြောပေး လူချင်းတွေ့ အဖြေပေးဖို့ကြ ငါရှက်လို့။ဦးမင်းမြတ်နဲ့ ငါနဲ့လက်ထပ်ပြီးရင် ငါ့ကို ဦးနောင် လို့ခေါ်ရမှာနော်။မင်းကို ပစ်ထားတဲ့ မင်းမိဘတွေဆီပြန်စရာမလိုဘူး ငါနဲ့လူကြီးရဲ့ မွေးစားသားလုပ် ငါ့အသက်က 19နှစ်ပဲရှိသေးပေမယ့် မင်းကို အဖေတစ်ယောက်လို ဂရုစိုက်ပေးနိုင်အောင် ကြိုးစားပါ့မယ်ကွ။ သောက်ကလေး ငါကလှတာ မဟုတ်ဘူး ချောတာ ခန့်ညားတာလို့"
မှိုင်း စိုင်းနောင်စကားများ ကြားယောင်ရင်း အခေါင်းရှိရာသို့ တဖြည်းဖြည်းတိုးလာပြီး ကြည့်လိုက်မိတော့
"မှိုင်းရေ…မှိုင်း…!"
သီဟနဲ့ ယိင်းတို့ အော်လိုက်သည်ကိုသာ မှိုင်းသိလိုက်သည်။
Flash Back--------
"ကိုစိုင်းနောင်က ဆေးရုံမရောက်သွားဘူးလား"
မင်းခရဲ့ အမေးကြောင့် မှိုင်း မျက်ရည်များ ဝဲတက်လာကာ ခေါင်းခါပြရင်း
"အကိုနောင်က ဆေးရုံမရောက်ခင် အန်ကယ်လေး လက်ပေါ်မှာပဲ ဆုံးသွားတာ ကျွန်တော်တောင် မမှီလိုက်ဘူး။"
ထို့နောက် မှိုင်း မျက်လုံးများက စူးရှသွားသော်လည်း ဖျတ်ခနဲ သာ ဖြစ်သွား၍ မသိသာလိုက်။
"ကျွန်တော် ပြန်နိုးလာတော့ တစ်ရက်လုံး အိပ်ပျော်နေတာတဲ့။အဲဒီရက်တွေထဲ ဖျားသွားလို့ အန်ကယ်လေးက ကျွန်တော့်ကို အခန်းအပြင်ကို ပေးမထွက်ဘူး။သီဟနဲ့ ယိင်းကို အဖော်နေ ခိုင်းတယ်။အကိုနောင်ကို သဂြိုဟ်မဲ့ ရက်ကြမှ ကျွန်တော် တောင်းဆိုခဲ့လို့ လိုက်ပို့ခွင့် ပြုခဲ့တာ"
မှိုင်းအသံက ပြောနေရင်း တဖြည်းဖြည်း တိုးဝင်သွားသလို တစ်ကိုယ်လုံး တုန်ရီလာကာ
"အဲ့နေ့က ကျွန်တော် အန်ကယ်လေးနဲ့ အတူလိုက်သွား သင့်တာ။ကျွန်တော်သာ လိုက်ခဲ့ရင် အကိုနောင်ကို လက်လွှတ်လိုက်ရမှာမဟုတ်ဘူး။ရုတ်ရုတ်သဲသဲ အခြေအနေကြားမှာ အန်ကယ်လေး ကျွန်တော့်အတွက် စိတ်ပူနေရလို့…ကျွန်တော် လိပ်ပြာမလုံဘူး။အကိုနောင်ဆုံးပြီး တစ်နှစ်နီးပါး အန်ကယ်လေး စိတ္တဇ ဖြစ်သွားတယ်။သူ့ကိုယ်သူ ဘယ်သူ ဘယ်ဝါလဲ မမှတ်မိတော့ဘဲ အခန်းထဲထည့်ပြီး သော့ခတ်ထားရတဲ့အထိပဲ။အဲဒီအချိန်က စပြီး သူ့အလုပ်အပေါ်မှာပဲ ခေါင်းနှစ်ထားတာ ကျန်တဲ့အချိန်တွေမှာလည်း အခန်းအောင်းနေတာ။"
မင်းခ ရင်မောသွားရသည်။ထိုအချိန်က မင်းခ အလုပ်တစ်ဖက် စာတစ်ဖက်နှင့် အဆက်အသွယ် ပြတ်နေချိန်ဖြစ်ရာ မင်းခ ထိုကိစ္စများကို မသိလိုက်၍ အပြစ်ရှိသလို ခံစားလိုက်ရသည်။သို့သော်လည်း မင်းခ မသိရသည်မှာ မင်းမြတ်က ဒီအကြောင်းအရာများကို မင်းခ မသိအောင် ပိတ်ထားခြင်း ဖြစ်နိုင်သည်။
*ဒီတူဝရီး နှစ်ယောက်က အချစ်ရေး ကံဆိုးတာပါ တူနေပါရောလား*
"မှိုင်း…ကိုယ့်ကိုကြည့်…"
မှိုင်း မျက်ထောင့်နီကြီးဖြင့် မင်းခကို မော့ကြည့်လိုက်တော့ မင်းခက မှိုင်းပုခုံးနှစ်ဖက်ကို သူ့လက်ကြီးဖြင့် အသာအယာ ဆွဲ မ ထားပြီး
"မှိုင်းကြောင့် မဟုတ်ခဲ့တာမလို့ မှိုင်း အပြစ်ရှိသလို ခံစားနေစရာမလိုဘူး။မှိုင်း အခုလို မှိုင်းကြောင့် မှိုင်းအပြစ်ဆိုပြီး နာကျင်နေရတာကို ကိုမင်းမြတ်က မသိဘူးလို့ထင်နေတာလား…သူ့ချစ်ရသူကို ဆုံးရှုံးထားရတဲ့ အပြင် တူဖြစ်သူကပါ အပြစ်မကင်းတဲ့ စိတ်နဲ့ နာနာကျင်ကျင် အသက်ရှင်နေရတာကို မြင်နေရတာ သူပျော် နိုင်ပါ့မလား…"
မှိုင်း အသာအယာ ခေါင်းခါပြမိတော့ မင်းခ မှိုင်းရဲ့ ဆံပင်ကို အသာအယာ ဆွဲဖွလိုက်ပြီး
"ဟုတ်တယ်…သူလည်းပိုပြီး အပြစ်ရှိသလို ခံစားနေရလိမ့်မယ်။အဲတာကြောင့် မှိုင်း ကိုစိုင်းနောင်ကို အားနာတယ် ဆိုရင် မှိုင်းရဲ့ အန်ကယ်လေးကို ပျော်အောင် ထားသင့်တာ မဟုတ်ဘူးလား။ကိုစိုင်းနောင်ကလည်း မှိုင်းတို့ နှစ်ယောက် ပျော်ပျော်ရွှင်ရွှင် ရှင်သန်နေတာကိုပဲ မြင်ချင်မှာ ကိုယ်ပြောချင်တဲ့ ဆိုလိုရင်းကို နားလည်တယ်မလား…"
မှိုင်း ခေါင်းတဆတ်ဆတ်ငြိမ့်ပြရင်း ကျလုဆဲဆဲ မျက်ရည်စများကို လက်ဖဝါးဖြင့် ပွတ်သုတ်လိုက်သည်။
"ကျွန်တော် သီဟတို့ဆီ သွားလိုက်ဦးမယ်"
တရွေ့ရွေ့ ထွက်ခွာသွားသော ကျောပြင်လေးကို ကြည့်ပြီး မင်းခ သက်ပြင်း အခါခါချမိသည်။
အိမ်အပေါ်ထပ် အခန်းထဲရှိ မင်းမြတ်မှာ သွေးများပေနေသော ဝတ်စုံလေးကို ကြွေကျသွားမှာ စိုးသည့်အလား တယုတယ ကိုင်ကာ ရင်ခွင်ထဲ ထည့်ဖက်ထားမိပြီး
"မောင်… 6နှစ်တောင် ရှိသွားပြီ ကိုယ် မင်းကို လွမ်းလိုက်တာ ကလေးရယ်…"
🎶ငါ့နားမှာ မင်းမရှိတာ
ဒီတစ်ခါ ဆောင်းနွေမိုးတွေပြီးရင်
နောက်ထပ် တစ်နှစ်ပါလား…
မင်းရှိသည် ဖြစ်စေ မင်းမရှိသည် ဖြစ်စေ
ဒါဟာ ငါ့ရဲ့ သစ္စာတရား…
ရင်မှာ မင်းတစ်ယောက်ပဲ
ငါ မြတ်နိုးလို့ တန်ဖိုးထား…🎶
မင်းမြတ် ဖွင့်ထားသော ရေဒီယိုမှ သစ္စာ သီချင်းက အခန်းတွင်းသို့ ပျံ့နှံ့လျက်
________________________________
ယနေ့ လပြည့်နေ့ဖြစ်၍ မှိုင်းတို့ 3ယောက် မနက်စောစောထကာ ဆွမ်းကပ်ပြီး ဘုန်းကြီးကျောင်းသွားဖို့ ပြင်ရသည်။
"မှိုင်းရေ မှိုင်း…"
"အေး အပြင်ကနေ ဇွတ်အော်မနေနဲ့ မိယိင်း အထဲ ဝင်လာခဲ့ဟ"
မှိုင်း ချာချာကို အစာကျွေးနေရာမှ အော်လာ၍ ယိင်း ခြံတံခါးကို ဖွင့်ဝင်လိုက်သည်။
"အိမ်မှာ ငါးထမင်းနယ် လုပ်စားလို့ လာပို့ပေးတာဟ…မီးဖိုခန်းထဲ ဝင်ထားခဲ့လိုက်မယ်နော်…"
"အေအေ"
မှိုင်း နာရီကိုကြည့်လိုက်ပြီး အခန်းသို့ပြန်ကာ ဘုန်းကြီးကျောင်းသွားဖို့ အဝတ်လဲလိုက်ပြီး ပြန်ဆင်းလာတော့ ယိင်းက မီးဖိုခန်းထဲမှ ထွက်လာပြီး
"ငါတစ်လက်စထဲ မနက်စာပါ ပြင်ပေးခဲ့တယ်နော်…သွားပြီ"
"တစ်ခါထဲ ဝင်စားသွားလေဟ…"
"အိမ်က ဘုန်းကြီးကျောင်းအပြန်ကြရင် ရွာဘက်အမျိုးတွေဆီ တစ်ခါထဲ သွားမှာမလို့ စောစောသွားမှာတဲ့လေ…ပျော်ရွှင်ဖွယ်ရာ သီတင်းကျွတ်လေးဖြစ်ပါစေ မှိုင်း…"
ယိင်းမှာ ပြာတိပြာယာဖြင့် ပြန်ထွက်သွားပြီဖြစ်သည်။
"မနက်စာပါ ပြင်ထားတာလား မှိုင်း"
မင်းမြတ်မှာ လှေကားမှ ဖြေးဖြေးချင်း ဆင်းကာ ပြောလာ၍ မှိုင်းခေါင်းခါပြလိုက်ပြီး
"ယိင်း ပြင်ပေးသွားတာ လေးလေးရေ။ကျွန်တော်တို့လည်း နေမမြင့်ခင် သွားရအောင်"
မှိုင်း မင်းမြတ်ကို လှမ်းပြောနေစဉ် လှေကားမှ ဆင်းလာသော မင်းခကြောင့် မှိုင်း အကြောင်သားလေး ငေးမိသွားသည်။လည်ကတုံးအင်္ကျီ အဖြူကို အစိမ်းရင့်ရင့် ပုဆိုးနဲ့တွဲဝတ်ထား၍ ဖုန်းကို ခါးကြားထိုးထားပြီး ပိုက်ဆံအိတ်ကို လက်မှကိုင်ထား၏။
မျက်လုံးလေးပြူးကာ ကြည့်နေသော မှိုင်းကို မင်းခ ဘာလဲဟူသော သဘောဖြင့် မေးဆတ်ပြလိုက်မှ မှိုင်းခေါင်းခါပြရင်း မီးဖိုခန်းသို့ ဝင်ပြေးသွားသည်။မင်းမြတ် နှစ်ယောက်လုံးကို ဝေ့ကြည့်လိုက်ပြီး မင်းခကို စောင်းကြည့်လိုက်တော့ မင်းခက ခပ်တည်တည်ဖြင့် မှိုင်းနောက်မှ လိုက်ဝင်သွား၏။
3ယောက်သား မနက်စာစားကာ ကန်တော့စာထည့်ပြီးနောက် ကားဖြင့် အနီးအနားက တောကျောင်း 5ကျောင်းကို သွားကန်တော့ဖြစ်ကြသည်။အိမ်ပြန်လာသည့်အချိန်တွင် နေ့လည်စာစားချိန် ကျော်ပြီဖြစ်၍ အနီးအနား ထမင်းဆိုင် တစ်ဆိုင်တွင် တစ်ခါထဲ ဝင်စားပြီးမှ ပြန်လာလိုက်၏။
"အန်ကယ်လေး ခဏရပ်ဦး"
မှိုင်း ကားနောက်ခန်းမှ ရုတ်တရက် ထအော်လာ၍ မင်းမြတ် ကားကို လမ်းဘေးထိုးရပ်လိုက်တော့ မှိုင်းကားပေါ်မှ ပြေးဆင်းသွားပြီး တစ်ဖက် ကားလမ်းသို့ ကူးသွားကာ မုန့်ဆိုင်လေးထဲ ဝင်သွားသည်။မင်းခက ကားခါးပတ်ကြိုးကို ဖြုတ်လိုက်ပြီး
"ကျွန်တော် လိုက်သွားလိုက်မယ် ကိုမင်းမြတ်"
မင်းခ ပါးစပ်ကလည်း ပြောရင်း ကားပေါ်မှ ဆင်းသွားသည်။မှိုင်းအကြောင်း သိနေသော မင်းမြတ်က လိုက်ဆင်းမနေတော့ပဲ ဆေးလိပ်ဖွာရင်းသာ ထိုင်စောင့်နေလိုက်၏။အချိန်ခဏ ကြာပြီးနောက် မှိုင်းကော မင်းခပါ အိတ်ကိုယ်စီဖြင့် ပြန်ဝင်လာ၍ မင်းမြတ် ဆေးလိပ်မီးကို ငြိမ်းလိုက်ပြီးမှ
"ကဲ ကလေးကလားနဲ့ ညကြရင် ပိုက်ဆံမီးရှို့ ဦးမှာမလား"
မင်းမြတ် အပြောကြောင့် မှိုင်း ဟက်ခနဲ ရီလိုက်ပြီး
"ဘုရားမီး ပူဇော်တာပါ အန်ကယ်လေးရဲ့"
မင်းမြတ် စကားတတ်သော မှိုင်းကို မနိုင်တော့ဟန်ဖြင့် ခေါင်းခါလိုက်ရင်း ကားကို မောင်းထွက်လာခဲ့လိုက်သည်။ပြန်ရောက်သည်နှင့် မှိုင်း အထုပ်များကို ဆိုဖာပေါ် ပစ်ချကာ ပြေးတက်သွား၍ မင်းမြတ်နဲ့ မင်းခလည်း အပေါ်ထပ်သို့တက်ကာ အခန်းကိုယ်စီဝင်လာခဲ့လိုက်၏။
ဒေါက်ဒေါက်!
"အန်ကယ်လေးရေ မှိုင်း ကန်တော့ချင်လို့"
မင်းမြတ် အခန်းတံခါးဖွင့်ပေးလိုက်တော့ လင်ဗန်းတစ်ချက်ပေါ်တွင် အထုပ်ပလုတ်များ အစုံတင်ထားသော မှိုင်းက ဝင်လာပြီး ကုတင်ရှေ့ မလှမ်းမကမ်းတွင် ချလိုက်၍ မင်းမြတ် ကုတင်ပေါ်သို့ ထိုင်ချလိုက်သည်။
"အန်ကယ်လေး မှိုင်းကို ပြုစုစောင့်ရှောက်ပေးခဲ့တာတွေအတွက် ကျေးဇူးတင်ပါတယ်။ဒီအတောအတွင်း မှိုင်းက အန်ကယ်လေးအပေါ် ကာယကံ ဝစီကံ မနောကံနဲ့ ပစ်မှားမိတာရှိရင် ဝန်ချ တောင်းပန်ပါတယ်နော်"
မှိုင်း နှုတ်မှ ဝန်ချတောင်းပန်ရင်း မင်းမြတ်ကို သုံးကြိမ် ဦးချလိုက်သည်။မင်းမြတ်က သဘောတကျ ပြုံးကြည့်လိုက်ပြီး
"အန်ကယ်လေး ခွင့်လွှတ်ပါတယ်။ယခုလို အန်ကယ်လေးကို ကန်တော့တဲ့အတွက် ငါ့တူလေး ကျန်းကျန်းမာမာနဲ့ ဖြစ်ချင်တဲ့ ဆန္ဒတွေ အမြန်ဆုံးဖြစ်လာပါစေ"
"ပေးတဲ့ဆုနဲ့ ပြည့်ပါစေ"
မှိုင်း ပါးစပ်ကပြောကာ ဦးသုံးကြိမ် ကမန်းကတမ်းချလိုက်ပြီးမှ အသံပြဲကြီးနဲ့ အော်လိုက်သည်မှာ
"အန်ကယ်လေး မုန့်ဖိုး…"
_________________________________
မင်းခ အဝတ်လဲဖို့ ပြင်နေစဉ် တံခါးခေါက်သံ ကြားလိုက်၍ အခန်းတံခါးဖွင့်ကြည့်လိုက်တော့
"မှိုင်း…"
"အိမ်ကလူတွေကို ဦးဦးဖျားဖျား အရင်ကန်တော့ထားမလို့"
မှိုင်း ပါးစပ်ကပြောရင်း လင်ဗန်းလေးကို ကိုင်ကာ မင်းခ ကုတင်ရှေ့ မလှမ်းမကမ်းတွင် နေရာချလိုက်သည်။မှိုင်းစကားကြောင့် မင်းခ ချောင်း တဟွတ်ဟွတ်ဆိုးကာ မျက်နှာကြီးက နီရဲလာပြီး
"ကိုယ့်ကို ကန်တော့နေစရာ မလိုပါဘူး"
မှိုင်း မင်းခလက်ကို ဆွဲခေါ်လိုက်ပြီး ကုတင်ပေါ်ထိုင်ခိုင်းလိုက်ကာ
"မဟုတ်တာ လေးငယ်က မှိုင်း ဦးလေးပဲလေ။မှိုင်း ဦးလေးမှ မဟုတ်ဘူး။မှိုင်းထက် လပိုင်းလေးပဲကြီးရင်တောင် ကန်တော့မှာပဲ"
မှိုင်း မင်းခကို ဦးသုံးကြိမ်ချလိုက်ပြီး
"လေးငယ် အပေါ် ကာယကံ ဝစီကံ မနောကံနဲ့ ပြစ်မှားမိတာရှိရင် ခွင့်လွှတ်ပေးပါ လေးငယ်"
"အဟမ်း…ကိုယ် ခွင့်လွှတ်ပါတယ်။မှိုင်း နှစ်တွေအကြာကြီး အသက်ရှည်ကျန်းမာပြီး ပျော်ရွှင်နိုင်ပါစေ"
"ပေးတဲ့ဆုနဲ့ ပြည့်ပါစေ"
မှိုင်း ဦးသုံးကြိမ်ချလိုက်ပြီး မုန့်ဖိုးတောင်းဖို့ပြင်လိုက်စဉ်
"မှိုင်း မင်းရဲ့ ဘဏ်အကောင့် ကိုယ့်ကိုပေး"
Note-အကစ်အတွက် vote တွေ comment တွေအများကြီးတက်ဖို့ မမျှော်လင့်ထားပါဘူး။အခုလောက်အထိ တက်နေတာကိုပဲ အကစ်ထင်မထားလောက်အောင် ဝမ်းသာနေပါပြီ။ပထမဆုံးရေးတာ ဖြစ်တဲ့အတွက် လိုအပ်ချက်တွေ ရှိကောင်းရှိနေနိုင်ပါတယ်။အကစ်အတတ်နိုင်ဆုံးတော့ ကြိုးစားရေးသွားမှာမလို့ အကစ်နောက်ကနေ လိုက်ပေးကြပါဦးနော်။