မဒီက ကြမ်းတမ်းရင့်သီးသော စကားလုံးတွေနှင့် မိုးသောက်ယံကို ထိုးနှက်ပြီး ထွက်သွားသည် ။ ရှိုင်းက စိတ်ညစ်ညူးဟန်နှင့် ကျစ်ခနဲ စုတ်သတ်ကာ မဒီ့ နောက်ကို လိုက်သွားသည် ။

အခန်းထဲတွင် မိုးသောက်ယံ နှင့် ဒေါ်ခင်နွယ်သာ ကျန်ခဲ့ပြီး အေးစက်စက် ပတ်ဝန်းကျင်လေထုက နေရခက်စေသည် ။ ဒေါ်ခင်နွယ်က မိုးသောက်ယံကို စိုက်ကြည့်၍ သက်ပြင်းရှိုက်ကာ စကားဆိုသည် ။

"မင်းရဲ့လုပ်ရပ်ကို ငါ တော်တော် စိတ်ပျက်မိတယ် မိုးသောက်ယံ "

အေးစက်စက်လေသံနှင့် မာမီ့စကားက သူ့ကို တုန်လှုပ်သွားစေသည် ။ အားလုံး သူ့ကို အထင်လွဲနေရင်တောင် မာမီကတော့ နားလည်ပေးသင့်သည် မဟုတ်ပါလား ။ မဟုတ်ဘူး ။ အထင်လွဲစရာဖြစ်နေရင်တောင် နားလည်ပေးလို့မရနိုင်ဘူးလား ။

"မဟုတ်ဘူး မာမီ ။ သား တမင် လုပ်တာမဟုတ်ဘူး "

ဒေါ်ခင်နွယ်က ဘာတစ်ခွန်းမျှမဆိုတော့ဘဲ ထွက်သွားလေသည် ။ တဖြည်းဖြည်းနှင့် ဝေးဝေးသွားသော ​ခြေသံတွေက သူ့ကို ယောကျာ်းတန်မဲ့ အားငယ်စိတ်ကို ဖြစ်ပေါ်စေသည် ။ တိတ်ဆိတ်နေသော အခန်းထဲမှာ သူတစ်ယောက်တည်းသာ ရှိနေတော့သည် ။ မိုးသောက်ယံသည် မျက်ရည်တွေ ဝဲလာရသည် ။ သူ မငိုမိအောင် အံကိုကြိတ်၍ ထိန်းချုပ်ထားရသည် ။

သည်လိုအချိန်မှာ သူ့ကို နားလည်ပေးပြီး နှစ်သိမ့်ပေးမည့် သူတစ်ယောက်ကိုတော့ လိုချင်မိသည် ။ သို့သော် တိတ်ဆိတ်နေသော အခန်းလေးထဲမှာ သူတစ်ယောက်တည်း အဖော်မဲ့ဆဲ ။

***************
မနက်က အဖြစ်အပျက်တွေ ပြီးသော် ညနေစောင်း၌ ရှိုင်းသည် အပြင်က ပြန်ရောက်လာပြီး စကားပြောကြမည်ဆိုကာ သူ့ကို ခြံထဲ ဆင်းလာခိုင်းသည် ။ ခြံထဲရှိ ပိတောက်ပင်အောက်တွင် နှစ်ယောက်အတူရပ်နေခဲ့ပြီး အချိန်အတော်ကြာထိ စကားတစ်ခွန်းမျှ မဆိုမိကြ ။ တိတ်ဆိတ်သော လေထုကို ရှိုင်းကပဲ စတင် ဖြိုခွင်းလိုက်သည် ။

"မင်း ငါ့အခန်းထဲကို ဘယ်လိုရောက်လာတာလဲ "

ရှိုင်းအသံက တည်ငြိမ်နေသော်လည်း အေးစက်စက် နှင့် သူ့ကို ထိတ်လန့်တုန်လှုပ်စေသည် ။

ချစ်မိသူ  အရှုံး ( Completed) Onde as histórias ganham vida. Descobre agora