[Zawgyi]
ရက်ကန်းရုံကနေ ပြန်ထွက်လာကြတော့ နေ့လည်စာစားချိန် ရောက်နေပြီ ဖြစ်တာကြောင့် Daniel နဲ့ စစ်မင်းကို လှေမောင်းသမားက ရေပေါ်စားသောက်ဆိုင်တစ်ဆိုင်ကို လိုက်ပို့ပေးသည်။ အင်းလေးဒေသကအိမ်တွေက ခြေတံရှည်အိမ်တွေ ဖြစ်သည့်အလျာက် စားသောက်ဆိုင်တွေကလည်း ခြေတံရှည်ဆိုင်တြွေဖစ်သည်။
နှစ်ယောက်သား ရောက်လာကြသည့်ဆိုင်က ဆိုင်ရှေ့မှာ ပဒေါင်တိုင်းရင်းသူတွေက ဆွဲဆောင်မှုတစ်ခုတစ်ခုအဖြစ်ရှိနေသည့် စားသောက်ဆိုင်လေးဖြစ်သည်။ လှေဆိုက်သည်နှင့် ဆိုင်ပေါ်ကိုတက်ခဲ့ကြပြီး အဆင်ပြေတဲ့နေရာမှာ မျက်နှာချင်းဆိုင်ဝင်ထိုင်ကြသည်။ စစ်မင်းရဲ့ ဘေးနားက ထိုင်ခုံမှာတော့ Daniel ဝယ်ပေးထားသည့် ကြာပုဝါလေးထည့်ထားတဲ့ အင်းလေးစတိုင်လ် ချည်ရှုံ့အိတ်လေးကို တင်ထားလိုက်သည်။
" ဘာစားရမလဲ baby "
" ခဏလေး ... မီနူးကြည့်မယ်လေ "
Daniel က နေ့လည်စာစားချိန်မလို့ ဘာစားရမလဲ မသိတာကြောင့် အသေးလုံးလေးကို အရင်မေးလိုက်သည်။ ရှေ့တည့်တည့်မှာထိုင်နေသည့် အသေးလုံးလေးက စားပွဲပေါ်က menu ကဒ်လေးကို ကောက်ကိုင်ကာ စိတ်ဝင်တစားငုံကြည့်နေသည်။ Daniel ရဲ့ ရှေ့မှာလည်း မီနူးကဒ်လေးရှိပေမယ့် ဘာအစားအစာတွေမှန်း သေချာမသိတာကြောင့် မကြည့်ဖြစ်ပေ။ Daniel အတွက် ကြည့်စရာက အသေးလုံးလေး တစ်ယောက်လုံးရှိတာမလို့ စားပွဲခုံပေါ်လက်တင်ပြီး မေးထောက်ကာ ရှေ့ကအသေးလုံးလေးကိုပဲ စိုက်ကြည့်နေလိုက်သည်။
" ရှမ်းထမင်းချဉ်စားချင်လား Dany "
" အင်း စားမယ်လေ ... ကောင်းလား "
" ရှမ်းပြည်ရောက်နေတုန်း ရှမ်းလက်ရာက မကောင်းပဲရှိမလားနော် ... ကောင်းတာပေါ့ ကိုကို့ကလေးလေးရ "
အသေးလုံးလေးဆီက ကြားလိုက်ရသည့်နာမ်စားကြောင့် စားပွဲပေါ်က ရေနွေးခွက်ကို လက်လှမ်းနေသည့် Daniel ရဲ့ လက်တွေက တုံ့ခနဲဖြစ်သွားသည်။ အသေးလုံးလေးကို မော့ကြည့်လိုက်တော့ ပုံမှန်အတိုင်း မီနူးစာအုပ်ကိုသာကြည့်နေသည်။
Daniel ကို အသည်းယားအောင်လုပ်သွားပြီး ခုလိုမျိုး မသိချင်ယောင်ဆောင်နေလို့ရော ရရောလား။