မိုင်ရိုစ်မှာမူ ညက အိပ်မက်ဆိုးတွေ မက်ခဲ့သည်ကိုပင် မေ့လျော့စွာ ကြည်နူးနေတော့သည်။

..

နွေတို့ မနက်စာ စားပြီးသည်နှင့် ဟန်လင်းသို့ ကားဖြင့် သွားကြသည်။မိုင်ရိုစ်သည် လိုအပ်သည့် ပစ္စည်းအစုံ ထည့်ထားသည့် ဘေးလွယ်အိတ်အနက်ကို လွယ်ထားပြီးစတိုင်ပန် နက်ပြာရောင်နှင့် အဖြူရောင်ရှပ်အင်္ကျီလက်ရှည်ကို တံတောင်ဆစ်ထိ ခေါက်ဝတ်ထားသည်။နွေမှာမူ ပိတောက်ခြောက်ရောင် ဝမ်းဆက်ကို ဝတ်ထားပြီး ရှည်လျားသည့် ဆံပင်တို့ကို တစ်ဝက်စီးထားသည်။

သူရိန်နေမင်းသည် ခေါင်းနှင့် တည့်တည့်ကျရောက်နေသဖြင့် နာရီမကြည့်လည်း မွန်းလွဲပြီမှန်း သိသာလေသည်။

ကားလေးကို မောင်းလာရင်း နွေသည် ဘယ်ဘက်လမ်းထဲသို့ ကျွမ်းကျွင်စွာ ချိုးကွေ့ဝင်လိုက်သည်။
နှစ်ယောက်သား စကားမပြောဖြစ်ကြ။နွေသည် ကားကို ဂရုတစိုက် မောင်းနေပြီး မိုင်ရိုစ်မှာမူ laptop ပေါ်တွင် တတောက်တောက်နှင့် စာရိုက်နေသည်။

ဟန်လင်းကျေးရွာ၏ အဝတွင်ကားကို ရပ်လိုက်သည်။
ထို့နောက် တောလမ်းလေးသဖွယ် ထင်ရသော ရွာလမ်းမ အတိုင်းလျှောက်လာကြသည်။သစ်ပင်ရိပ်တို့ကြောင့် ပူလောင်လှသော နေမင်းသည်လည်း နွေတို့နှစ်ယောက်ကို ပူလောင်ခြင်းငှာ မစွမ်းနိုင်တော့ပေ။

သစ်ပင်ကြီးတို့ကြောင့် အေးမြမှုကို ခံစားလိုက်ရသဖြင့် မိုင်ရိုစ်သဘောတကျပြုံးလိုက်သည်။ပြုံးလိုက်လျှင် ခွက်ဝင်သွားသော ပါးချိုင့်တို့ကို နွေသည် ‌တမေ့‌တမော ငေးနေမိသည်။

" အန်တီ.. ရိုစ်တို့ ဘယ်သွားကြမှာလဲဟင်"

ရွာလမ်းကို မျှော်ကြည့်ရင်း မေးလိုက်သော်လည်း နွေဆီက ဘာသံမှ မကြားသဖြင့် စောင်းငဲ့ကြည့်လိုက်ရာ ရိုစ်ကို ငေး‌ကြည့်နေသည့် နွေနှင့် အကြည့်ချင်းဆုံသွားသည်။

တစ်စက္ကန့်...
နှစ်စက္ကန့်...
သုံးစက္ကန့်.....

    သုံးစက္ကန့်မျှ အကြည့်ချင်းဆုံပြီး နွေက ဦးစွာ မျက်လွှာချလိုက်သည်။နားသယ်စပ်က ဆံနွယ်တို့ကို ရှက်ရွံ့စွာ သပ်တင်လိုက်သည့်အခါ နီရဲနေသော နားရွက်လေးကို မိုင်ရိုစ်တွေ့လိုက်ရသည်။

လွမ်းမောစရာ ခေတ်ဟောင်းမြေ (လွမ်းမောစရာ ခေတ်ဟောင်းမြေ)Where stories live. Discover now