စီနီယာမင်ဟျောင်း။
မှောင်မည်းနေတဲ့ ပတ်ဝန်းကျင်ကြောင့် စီနီယာသာ လမ်းမီးတိုင်အောက်မှာ ရပ်နေတာမဟုတ်ရင် ဟယ်ချန်း စီနီယာ့ကိုမှတ်မိမှာမဟုတ်ဘူး။

စီနီယာမင်ဟျောင်းက လမ်းမီးတိုင်ကိုမှီရင်း လက်ပိုက်ပြီးရပ်နေတာ။ ပြီးတော့ စီနီယာ့အကြည့်တွေက သူတို့အဆောင်ဘက်မှာ။ အတိအကျပြောရရင် သူ့ရဲ့ အခန်းကိုကြည့်နေတာ။

ဒီလိုနဲ့ပဲ မာကျူရီမီးရောင်အောက်က မျက်ဝန်းတွေနဲ့ အကြည့်ချင်းဆုံခဲ့ပါရဲ့။ သူမြင်ဖူးတဲ့ ခပ်ညွတ်ညွတ်နှုတ်ခမ်းထောင့်တွေ မဟုတ်ဘူး။ တောက်တောက်ပပမျက်လုံးတွေလည်း မဟုတ်ခဲ့ဘူး။

မရင်းနှီးဖူးတဲ့ အေးစက်ခြင်းတွေ။

တစ်ကိုယ်လုံးက အာရုံကြောတွေကို ရေခဲနဲ့အတို့ခံလိုက်ရသလို ကျဉ်တက်သွားတဲ့ ခံစားချက်ကြောင့် ဟယ်ချန်း လန့်ဖြန့်ပြီး နောက်ကိုခြေတစ်လှမ်းဆုတ်လိုက်တယ်။ ဒါပေမယ့်လည်း စိတ်ရဲ့စေခိုင်းမှုပါပဲ။ နောက်ကိုခြေတစ်လှမ်းဆုတ်ပြီး ရှေ့ကိုခြေနှစ်လမ်းတိုးမိတယ်။

ခဏကြာတော့ စီနီယာက လမ်းမီးတိုင်ကို လျော့ရိလျော့တွဲမှီနေရာကနေ ခါးကိုမတ်လိုက်ပြီး သူ့ကိုလာခဲ့ဖို့ လက်ယပ်ခေါ်တယ်။ သူကလည်း တားထားခဲ့တဲ့ စည်းတွေကို ဒီနေ့တစ်ရက်အတွက် လိုလိုလားလား ချိုးဖောက်ပစ်တယ်။ စက္ကန့်ပိုင်းလေးတောင် မတွေဝေနေဘဲ အဆောင်ကိုအောက်ကိုပြေးဆင်းသွားလိုက်တယ်။ ဒီအချိန်ဆို အဆောင်တံခါးပိတ်နေပြီ။ ဒါပေမယ့် အဆောင်မှူးဆီက တံခါးသော့သွားတောင်းဖို့ သူစဉ်းစားထားပြီးသား။ ဒီနေ့အတွက်တော့ ကံကောင်းခြင်းလက်ကျန်​လေးက သူ့ဆီမှာရှိသေးတယ်။ လှေကားအောက်ထပ်ကိုရောက်တော့ အဆောင်မှူးအခန်းကိုတောင် သွားစရာမလိုဘဲ ဧည့်ခန်းထဲမှာ မီးဖွင့်ပြီး စာထိုင်ဖတ်နေတဲ့ အဆောင်မှူးကိုတွေ့လိုက်ရတယ်။

အကျိုးအကြောင်းပြောပြီး သော့ကိုတောင်းတော့ အဆောင်မှူးက ဆိုဖာပေါ်မှာ စာထိုင်ဖတ်နေရာကနေ အပျင်းကြောတစ်ချက်ဆွဲပြီး သော့သွားယူပေးတယ်။ သော့ကို ကမ်းပေးနေရင်းနဲ့ အရမ်းနောက်မကျစေနဲ့လို့လည်း ပြောသွားသေးတယ်။

Restore The 90sWhere stories live. Discover now