"အသင့်ကို မည်သူကမှ နာကျင်အောင်မလုပ်နိုင်ဖို့ရာ တားဆီးပေးမယ်။ Kingsley အပါအဝင်ပေါ့"

နားလည်နေသည့်ဟန် တောင်ပံပြင်းပြင်း နှစ်ချက်ခတ်ပြလာတော့ အိုင်းဆက်ပြုံးမိပြန်သည်။ မွေးဖွားခဲ့ပြီးချိန်ကတည်းက အတူတူရှိနေခဲ့သည့် ထိုလိပ်ပြာကြီးအ​ပေါ် မိမိဧ။် သွေးရင်းသဖွယ် တွယ်တာသည်၊ စောင့်ရှောက်လိုသည်၊ ချစ်ခင်သည်။ ထို့နောက်တွင်တော့ အိပ်ရာပေါ်အသာလှဲကာ အကြောင်းမဲ့ ကုန်လွန်ခဲ့ရသည့် နေ့ရက်တွေအကြောင်း ပြန်လှန်စဉ်းစားနေမိသည်။

မျှော်စင်ရင်ပြင်ကဖြစ်ရပ်တို့ကား အချိန်ကာလ ရက်သတ္တပတ်တခုမက ကြာမြင့်ခဲ့သည့်တိုင် စိုးရိမ်မှုကြီးမားနေသည့် ခမည်းတော်တို့ဧ။် အမိန့်ကြောင့် အိပ်ခန်းဆောင်မှလွဲ၍ မည်သည့်နေရာကိုမှ အိုင်းဆက်သွားခွင့်မရှိ​ပေ။ ထို့ကြောင့်ပင် ​နေ့စဉ်နီးပါး လာ​တွေ့ဆုံသည့် Kingsley ကိုသာ ပြောပြသင့်သလောက် ​ပြောပြထားခဲ့ပြီး မည်သည့်အရာကိုမှ အကောင်အထည်မဖော်နိုင်သေး။

"Kingsley"

ထိုနာမည်ကို နှုတ်မှ​ရေရွတ်မိတော့ တွေ့ဆုံချိန်တိုင်း မိမိ​ပြောသမျှ အလေးအနက်ထားကာ နားထောင်သည့်သွင်ပြင်၊ တခါတရံ မျက်ခုံးပင့်ကာ ပြုံး​နေတတ်သည့် အမူအရာနှင့်အတူ စားသောက်ဖွယ်ရာ​တွေထိ မစားသုံးမခြင်း သတိပေးတတ်ကာ အသီးအနှံတွေကအစ နွှာပေးတတ်ပုံတို့ကို အိုင်းဆက်မြင်ယောင်လာရသည်။

ယခင်တုန်းက အချိန်တွေလို တာဝန်နှင့်ဝတ္တရားကိုသာ အသက်ထက်ဆုံး ကျေပွန်ချင်သည့် Kingsley နှင့်မတူတော့ တဖက်လူအပေါ်ကြည့်သည့် မျက်လုံးအကြည့်ထဲမှာကိုက နွေးထွေးခြင်း၊ ဂရုစိုက်ခြင်းဆိုသည့် အရိပ်အယောင်များနှင့် ပြည့်နှက်နေသည့် Kingsley အဖြစ် ပြောင်းလဲလာအောင် ဘယ်အရာတွေကများ တွန်းပို့နေခဲ့သလဲ။

အတွေးဝင်၍ လူးလူးလှိမ့်လှိမ့်ဖြင့် အိပ်မပျော်နိုင်ရာက လင်းစပြုမှပင် အိပ်ပျော်သွားခဲ့ကာ အခန်းအပြင်ဘက်ဆီမှ တီးတိုးပြောနေကြသည့် အထိန်းတော်ကြီးနှင့် ရဲမက်တစ်ဦးဧ။် စကားသံများကြောင့် တဖန်ပြန်နိုးရလာဧ။်

𝔻𝕦𝕔𝕙𝕖𝕤𝕤 𝕆𝕗 𝕍𝕚𝕤𝕔𝕠𝕦𝕟𝕥 🦋Wo Geschichten leben. Entdecke jetzt