အားကစားကွင်း၏အလယ်တွင် စတိတ်စင်တစ်ခု တည်ထားကာ ကျောင်းသားများအတွက် ဖျော်ဖြေမှုများလည်းရှိသေး၏။ ထိုနေ့တွင် စင်ပေါ်တက်သီချင်းဆို၍ ကိုယ်ကြိတ်ကြိုက်နေရသူအား ဖွင့်ပြောကြခြင်းလည်းရှိကာ ကျောင်းတွင် အတွဲအများဆုံးပေါ်ထွက်သောနေ့ပင်ဖြစ်သည်။

ဂျောင်ဂုသည် ကျောင်းသားများဖောသီနေသော အားကစားကွင်းထဲကို ငေးကြည့်ကာ ကျောင်းဂိတ်ပေါက်တွင် ရပ်နေသည်။ လူမကြောက်သော်လည်း လူများသည့်နေရာများကို တစ်‌ယောက်တည်းသွားရဖို့ အထီးကျန်သည်ဟု ထင်ရသောကြောင့် ထယ်ဟျောင်းလာခေါ်မည်ကို စောင့်နေခြင်းဖြစ်ပါသည်။

ထယ်ဟျောင်းက ဂျောင်ဂုနှင့်မတူပေ။ လူဝင်ဆံ့သည်။ ပေါင်းတတ်သင်းတတ်သည်။ တစ်ယောက်တည်းဖြစ်နေမည်ကိုမပူရကာ မည်သည့်သူငယ်ချင်းအုပ်စုနှင့်မဆို ဝင်ရောလို့ရသည့် လူမှုဆက်ဆံရေးတွင် ဆရာကျသူဖြစ်သည်။

ဂျောင်ဂုက ထိုသို့မဟုတ်ဘဲ သီးသန့်နေတတ်သည်။ သူပေါင်းနေကျ သူငယ်ချင်းများနှင့်သာလျှင် စကားရွှင်သူဖြစ်၏။ ပေါင်းသင်းဆက်ဆံတတ်သော်လည်း မရင်းနှီးသူများနှင့်ဆိုလျှင် စည်းတစ်ခုခြားထားတတ်သောကြောင့် သူငယ်ချင်းအသစ်ရဖို့ခက်ခဲသည်။

ယခုတွင်လည်း အုပ်စုလိုက်နေနေကြမည့် ကျောင်းသားများကြားသွားကာ ထယ်ဟျောင်းကိုမရှာချင်၍ ထယ်ဟျောင်းလာခေါ်မည်ကိုသာ စောင့်နေရပါတော့သည်။

အဝေးတွင်ပြေးလာနေသော ထယ်ဟျောင်းက ဂျောင်ဂုကိုတွေ့သည်နှင့် အပြုံးများ အပီအပြင် စွန့်ကြဲကာ လေဟုန်ကိုဆန်ရင်း အနားသို့ ရောက်လာခဲ့၏။

" အထဲကိုမဝင်လာဘဲ ဘာလို့ဒီမှာရပ်နေတာလဲ "

အသက်ရှူသံတစ်ဝက်နှင့် ထယ်ဟျောင်း၏မေးခွန်းကို ဂျောင်ဂုကပြန်မဖြေခင်တွင် လက်တွင်ပါလာသည့် ထမင်းဘူးလေးကို ထယ်ဟျောင်းမျက်နှာရှေ့သို့ မြှောက်ပြလိုက်သည်။

" ဒီနေ့က အမေ့မွေးနေ့လေ ထယ်ဟျောင်း။ အမေက အသားလုံးစပါဂတီလုပ်ကျွေးတယ်။ မင်းနဲ့အတူတူစားမလို့ ထည့်လာတာ "

" ဆိုတော့.... အစားအသောက်လက်မှတ်တွေမဝယ်တာ ဒါကြောင့်ပေါ့ "

" ဟုတ်တယ်။ အမေ့ရဲ့လက်ရာစပါဂတီကို မင်းကိုလည်းကျွေးချင်လို့ "

A Poem Titled Us [ Completed ]Wo Geschichten leben. Entdecke jetzt