အမြဲတမ်းအကောင်းချည်းအရေးခံနေရမှာမဟုတ်တာလည်း အမြဲနှလုံးသွင်းထားရပါသည်။ အကောင်းရေးခံရလို့ပျော်ရင် အဆိုးရေးခံရတဲ့အချိန်ကျလည်း ခံနိုင်ရည်ရှိရမှာပေါ့။ ရောင်စဥ် ကြံ့ကြံ့ခံနိုင်ပါသည်။ တင်တဲ့သူထဲကမှ အနားမှာရှိနေတဲ့ သော်ဇင့်ကိုလည်းအပြစ်မမြင်ခဲ့ပါ။ ဒါဆို ရောင်စဥ်ဘာကိုစိတ်ခုရလဲဆိုရင် ချက်ကောင်းကိုစောင့်နေတဲ့ ဒယ်ဒီနဲ့မာမီကိုစိတ်ခုခြင်းဖြစ်သည်။

အဲ့ဒီ့နေ့ညကပဲ ရောင်စဥ့်ကို မပြောမဆိုနဲ့ ကိုယ့်ဘာသာ ဖြေရှင်းချက်ထုတ်ရကောင်းလားဆိုပြီး ဒယ်ဒီကခေါ်ဆူသည်။
ဒါမျိုးကျ "နောက်ကျလည်းသမီးကြုံရမယ့်ကိစ္စမို့လို့ သမီးဘာသာဖြေရှင်းကြည့်" ဆိုတဲ့ အရင်ကစကားမျိုးတွေထွက်မလာတော့ဘူး။  ဖြေရှင်းချက်ထုတ်လို့ မကောင်းတဲ့အရာမှရှိမသွားတဲ့ကိစ္စ။ တကယ်လည်းသတင်းတွေကို အတန်အသင့်တော့ငြိမ်းစေခဲ့တာပဲလေ။

ကာယကံရှင်နှစ်ဦးစလုံးက လတ်တလောလူတွေအာရုံအစိုက်ခံရဆုံးသူတွေဖြစ်နေကြသည်နှင့်အညီ နှစ်ဦးစလုံးနှင့်ပတ်သတ်သည့်သတင်းတစ်ခုက အချိန်ကိုက်ထွက်ပေါ်လာသည့်အခါ ကောင်း၏ဆိုး၏ဝေဖန်ချက်တွေထက် ပွဲလန့်တုန်းဖျာခင်းတဲ့ ယောင်တောင်ပေါင်တောင်တွေကြောင့် မိုးမွှန်အောင်ထောင် တက်သွားခဲ့တာ။ ဒီလောက်ကြီးတဲ့မီးတောက်ကြီးကို ရောင်စဥ်တို့နှစ်ဦးဖြေရှင်းတင်လိုက်တဲ့ စာနှစ်ခုက ကာယကံရှင်နှစ်ယောက်ဖြစ်တဲ့အတွက်ကို အများကြီးအုပ်သွားပြီးသား။ ဒါကို ဒယ်ဒီကအရှင်းပျောက်အောင်ဆိုပြီး အကြမ်းနည်းသုံးသေးတာ။

အမှန်တော့ ဒယ်ဒီကိုယ်တိုင်ဝင်ရှင်းလိုက်မှ သတင်းတွေအုပ်သွားရတဲ့သဘောမျိုးရောက်အောင် တမင်လုပ်တာ။ ရောင်စဥ့်ကို အားနည်းချက်တွေရှိနေသေးတဲ့ပုံလုပ်ပစ်တာ။

သားအဖနေနဲ့မဟုတ်ပဲ သူ့ကုမ္ပဏီကသူ့မင်းသမီးနဲ့ပတ်သတ်တဲ့ မဟုတ်မကသတင်းတွေဖြန့်ဝေနေတဲ့သူတွေကို ထိထိရောက်ရောက်အရေးယူမယ်ဆိုပြီးထုတ်ချလိုက်တော့ သတင်းတွေပိပိပြားတော့တာပေါ့။ မြန်မာ့အအောင်မြင်ဆုံး ရုပ်ရှင်ကုမ္ပဏီကြီးက သူတို့မင်းသားမင်းသမီးသတင်းနဲ့ပတ်သတ်ရင် နည်းနည်းလေးမှအထိအခိုက်မခံတာကိုသိကြတော့ သတင်းမီးတောက်ကြီးအပြီးငြိမ်းရတော့တာပေါ့။ ရောင်စဥ်ကတော့အဲ့လိုအကြမ်းနည်းသုံးတာကြီးကို ကြိုက်ကိုမကြိုက်ဘူး။ အထူးသဖြင့် ဆယ်လီတွေရဲ့အကြောင်းတွေဆို ဆိုင်ဆိုင်မဆိုင်ဆိုင် ဖန်ဟုတ်ဟုတ်မဟုတ်ဟုတ် ဝင်ယောင်တတ်တဲ့သူတွေကတော့ ပူပူနွေးနွေးတော့တစ်စခန်းထတတ်ကြတာပဲလေ။ သူ့ဟာသူဘယ်လောက်သတင်းဖုံးအောင်ကို တစ်စခန်းထ ထ ကောက်ရိုးမီးလိူခဏလေးနဲ့ ပြန်ကျတာပဲ။

IDOLUnde poveștirile trăiesc. Descoperă acum