ကိုယ့်ရင်ထဲက ကံ့ကော်မြိုင်(Zawgyi)
Începe de la început
မွေးညှင်းရှိန်းသောလက်ချောင်းဖြူသွယ်သွယ်တို့မှာကား လှပဝင့်ကြွားသောဖိတ်စာပေါ်ရှိ နာမည်နှစ်ခုကို မထိတထိကိုင်နေသည်။
မောင်သွင်နေလင်း + မအဇဋာဝတ်ရည်
မှုန်နေအောင်မချောသော်လည်း ယဉ်လှသည့်နုမျက်နှာသည် ပြုံးယောင်သန်းသွားလေသည်။ မိန်းမပျို သည် ဝင်သက်ထွက်သွက်ကို ဖြည်းညင်းစွာပင်ရှူရှိုက်နေ၏။ ရှူရှိုက်နေစဉ်ဝယ် ကံ့ကော်ပန်းရနံ့တို့ ခပ်ဖျော့ဖျော့ လေးသင်းပျံ့နေရာမှ တဖြည်းဖြည်းနှင့် ထုံသင်းလာသည်။
လက်ထဲရှိဖြူလွလွကံ့ကော်တစ်ပွင့်သည် ဤသို့မမွှေးပျံ့နိုင်။ ခြံဝင်းထဲ၌လည်း ကံ့ကော်ပင်တို့မရှိချေ။ မိမိသိသလောက် ဘေးနှစ်ခြံထဲ၌လည်း ကံ့ကော်ပင်မမြင်ဖူးပေ။ အဘယ်အကြောင်းကြောင့် ဖိတ်စာ၌ကံ့ကော်ပန်းကိုပါ ထည့်ပေးမှန်း စိတ်မဝင်စားလှသော်လည်း ယခုအချိန်၌ ကံ့ကော်ပန်းများစွာမှသင်းပျံ့လာသည့်ရနံ့ရနေသည်မှာ မိမိစိတ်ထင်နေ၍ပေလော။ ခံစားမှုအဟုန်တို့ကြောင့် ဥပါဒါန်စွဲကပ်ခြင်းပေလော။
နှလုံးခုန်သံကိုလည်း တိုးသဲ့စွာကြားနေရပေ၏။
လွမ်းစရာဂစ်တာရှိုက်သံနှင့်အတူ အသံတစ်ခုသည်ပျံ့လွင့်နေ၏။
'နွေဦးကံ့ကော်များ...ဒီအချိန်လေးတိုင်းမှာ...ကိုယ်သတိရစရာတွေ...ပေါ်လာမြဲအချစ်ရေ...မမေ့ဘူးသိရဲ့လား... ကံမဆုံလည်း မမေ့နိုင်ဘူး'
နှလုံးအိမ်၌ပြင်းထန်လှိုက်လှဲမှုမဖြစ်ပေါ်သော်ငြား မျက်ဝန်းအိမ်ဝယ် မျက်ရည်စအချို့ရစ်သီလာခဲ့သည်။ မိန်းမပျိုသည် မသိမသာအံကြိတ်လိုက်ပြီး မျက်ရည်စတို့ကို လက်ဆစ်ဖြင့် အသာအယာသုတ်လိုက်လေ၏။
ခြံ၏ညာဘက်ခြမ်းမှ ပျံ့လွင့်လာသောတေးသံဖြစ်ပြီး အသံရှင်၏ခပ်ဩဩအသံသည် ချိုမြိန်မှု၊ လွမ်းဆွတ်မှုနှင့် ချွဲနွဲ့မှုတို့ရောယှက်လာခဲ့ပေ၏။
'စကားလေးပြောသလိုပဲ...သူကိုယ့်နားရောက်လာပြီးတော့ ကပ်ထိုင်သွားသလိုပဲ... ဒီအတိတ်ဆွေး ဟောင်းကမ္ဘာလေးဟာ ချစ်စရာလေးပါကွယ်'
လေအသင့်ဝယ် ကံ့ကော်ပန်းရနံ့တို့သည် ကြိုင်သည်ထက်ကြိုင်လာခဲ့ပြီး စိတ်အစဉ်မှာလည်း ညှို့ငင်ရာနောက်သို့ မလိုက်ပါမိစေရန် ကြိုးစားနေသည်။ ခြေလှမ်းတို့မှာကား ညာဘက်ခြံတံတိုင်းဆီသို့ လျှောက်နေပြီဖြစ်သည်။
ကိုယ့်ရင်ထဲက ကံ့ကော်မြိုင်(One Shot) / ကိုယ့္ရင္ထဲက ကံ့ကော်မြိုင်(One Shot)Unde poveștirile trăiesc. Descoperă acum