Chapter 9 (Unicode)

4K 322 15
                                    

ကောင်းကင်သစ်တို့ ပုဂံခရီးမှ ပြန်လာပြီးနောက်ရက်မှာ ကောင်းကင်သစ်ကို ကြွေရုပ်က ဖုန်းဆက်ပြီး တွေ့ကြဖို့ ချိန်းခဲ့သည်။ ကောင်းကင်သစ်လည်း ကြွေရုပ်ချိန်းသည့် မနော်ရမ္မံကစားကွင်းသို့ စိတ်ညစ်ညူးစွာ ထွက်လာခဲ့လိုက်သည်။ ကြွေရုပ်နှင့်တွေ့လျှင် သူ့ကို ဘယ်လိုတွေ ရန်တွေ့ဦးမည်ဆိုတာ သူတွေးကြည့်ရုံနှင့်တင် စိတ်ပျက်မိသည်။

ကောင်းကင်သစ် မနော်ရမ္မံဥယျာဥ်သို့ရောက်ချိန်တွင် ကြွေရုပ် မရောက်ခဲ့သေးပါ။ သည်ဥယျာဉ်သို့ သူတို့ ရောက်ဖြစ်တိုင်း ထိုင်ပြီး စကားပြောဖြစ်ခဲ့ကြသည့် ဥယျာဉ်အဝင် တံတားလေးဘေးက ခုံတန်းလေးမှာပဲ ထိုင်ရင်း ကြွေရုပ်ကို စောင့်နေလိုက်သည်။ ခဏအကြာ‌မှာတော့ ကြွေရုပ်လည်း ရောက်လာခဲ့သည်။

ညနေ နေဝင်ချိန်မှာတောင် ကြွေရုပ်၏ အလှသည် လန်းဆန်းနုပျိုစွာနှင့် တောက်ပလျက်ရှိသည်။ တကယ်ကို နာမည်နှင့် လိုက်ဖက်အောင် သိပ်ကိုလှသည့် ကြွေရုပ်လေး။ ကြွေရုပ်က တံတားပေါ်က ဖြတ်လာလိုက်ရင်း ထိုင်ခုံပေါ်တွင် ထိုင်နေသည့် ကောင်းကင်သစ်ကို လက်လှမ်းပြကာ ချိုမြကြည်လင်စွာ ပြုံးပြလိုက်သည်။

"ကို ရောက်နေတာကြာပြီလား"

"မကြာသေးပါဘူး ကြွေ"

ကြွေရုပ်၏ မျက်နှာလေးသည် ပြုံးရွှင်ချိုသာ၍ နေလေသည်။ အသံလေးသည်လည်း လွင်မြူးလန်းဆန်းလျက်ရှိသည်။

ကြွေ...သူ့ကို စိတ်ဆိုးပြေသွားပြီလား...။ မဖြစ်နိုင်ပါဘူး။ သူ ချော့တောင် မချော့ရသေးဘူးလေ။ ကြွေရုပ်၏ စိတ်အခြေအနေသည် ခန့်မှန်းရ ခက်နေခဲ့သည်။

"ကိုယ် ဟိုနေ့က ကိစ္စအတွက် တောင်းပန်ပါတယ်"

"ဟင့်အင်း ကို၊ ကို တောင်းပန်ရမယ့်ကိစ္စမဟုတ်ပါဘူး။ သေချာပြန်တွေးကြည့်လိုက်တော့မှ ကြွေ့စကားတွေ လွန်သွားတယ်။ ဒါပေမယ့် ကိုရယ်...ဒါတွေက ကို့ကို ချစ်တဲ့စိတ်တစ်ခုထဲကြောင့်ပါ။ ကို့ကို ချစ်လွန်းလို့ သဝန်တိုမိပြီး ‌ကြွေ ပြောမိပြောရာတွေ ပြောလိုက်မိတာ"

"ကိုယ့်ကို ချစ်တဲ့စိတ်ကြောင့် ဖြစ်သွားတာကို ကို နားလည်နိုင်ပါတယ်။ ဒါပေမယ့် ကြွေ...ကြွေ့စကားတွေ အတွက် တိမ်ပြာ့ကို ကြွေ တောင်းပန်သင့်တယ်"

ကောင်းကင်သစ်၏ မိုးတိမ်ပြာ (Complete)Where stories live. Discover now