မိုင်းရဲ့ဒဏ်ရာကို မြို့နယ်ဆေးရုံမှာ ကုသလိုက်ရသည်။ ဒဏ်ရာက အတော်နက်တာမို့ အသေးစားခွဲစိတ်မှုလည်း လုပ်လိုက်ရသေးသည်။ ဆုံးရှုံးသွားတဲ့ သွေးအတွက် သွေးသွင်းခြင်းကိုပါ လုပ်ထားရ၏။
သွေးတွေတစက်စက်ကျနေတဲ့ ဒဏ်ရာကြီးနဲ့ မိုင်းကို ကျောပိုးပြီး တပ်စုတွေရှိတဲ့ နေရာကို ဆန်းရောက်သွားမိတော့ အကုန်လုံးက စိုးရိမ်သွားကြရသည်။ ကစားပွဲလည်း ပျက်သွားရပြီး အကုန်လုံး ပြာယာခတ်ကုန်သည်။
တစ်ညနေစောင်းလုံး စီနီယာတွေရော တခြားကျောင်းသားတွေရော ဆေးရုံမှာ ရှိနေကြပေမယ့် ညမိုးချုပ်တော့ အကုန်လုံး တည်းတဲ့နေရာကို ပြန်သွားကြလေ၏။
ဒဏ်ရာကို ဆေးကုပြီးပေမယ့်လည်း ထပ်၍ အနားယူရဦးမှာမို့ ဆေးရုံမှာပဲ ဒီညနေရမှာပါ။
ညအိပ်စောင့်ဖို့အတွက်က သဏ္ဍာန်ဆန်းနဲ့ လင်းရဝေသာ ကျန်ခဲ့တာဖြစ်သည်။
လင်းရဝေက ဆေးရုံအခန်းထဲကနေ ခဏအပြင်ထွက်သွားခဲ့ပြီး မိုင်းနဲ့ ဆန်းက အခန်းထဲမှာ နှစ်ယောက်ထဲသာ။ သူနာပြုပေးသွားတဲ့ သောက်ဆေးတွေကို မိုင်း အရံသင့်သောက်ဖို့အတွက် ပြင်ဆင်လုပ်ကိုင်ပေးနေသော သဏ္ဍာန်ဆန်း။ ကုတင်ပေါ်မှာ ပက်လက်ဖြစ်နေတဲ့ မိုင်းက ထထိုင်ဖို့ ပြင်လိုက်တာမို့ ...။
"မင်း ဘာလုပ်မလို့လဲ မိုင်း ..."
"ထိုင်မလို့လေ... မင်းငါ့ကို ဆေးတိုက်တော့မှာ မဟုတ်လား ..."
"အဲ့ဒါ ငါလုပ်ပေးမှာပေါ့ကွာ ...ဘာလို့ ကိုယ့်ဘာသာ ထထိုင်ဖို့ လုပ်နေရတာလဲ ...မင်းကတော့လေ ..."
ပြောပြောဆိုဆိုနဲ့ ဆန်းက အနားရောက်လာသည်။ မိုင်း နောက်မှီပြီး သက်သောင့်သက်သာ ထိုင်လို့ရအောင် ကုတင်ခေါင်းရင်းမှာ ခေါင်းအုံးကိုထောင်လိုက်ပါ၏။ ပြီးမှ မိုင်းကို ထူပေးပြီး ကျကျနန ထိုင်စေသည်။ လုပ်ကိုင်ပေးနေတာက တကယ့် စေတနာပါပါနဲ့။
"ထိုင်တာလောက်ကတော့ ငါ့ဘာသာ လုပ်နိုင်ပါတယ် ဆန်းရာ ..."
"မလုပ်နဲ့ မင်းလက်က ဒဏ်ရာကြီးက ပူပူနွေးနွေး ခွဲစိတ်ထားတာ ဘာကြာသေးလို့လဲ ...ချုပ်ရိုးတွေပြဲကုန်မယ် ငြိမ်ငြိမ်နေ ...မင်း ဘာပဲလုပ်ချင်ချင် ငါ့ကိုပြော ငါလုပ်ပေးမယ် ..."
"အင်းပါ ..."
ဆန်း မမြင်အောင်လို့ မိုင်းက မသိမသာ တစ်ချက်ပြုံးလိုက်မိပါသည်။ ဂရုစိုက်ခံနေရတဲ့ အခြေအနေကို သဘောကျသွားမိတာကြောင့်။
"ရဝေရော ဘယ်သွားလဲ ..."
"မနက် မင်း ဆေးရုံဆင်းလို့ ရမရ ဆရာဝန်တွေကို သွားမေးနေတာ ..."
"အော် ..."
"ဆင်းလို့ရတယ်ဆိုရင် မနက်ကျ ကျောင်းအဖွဲ့နဲ့ တစ်ခါထဲ ငါတို့ပြန်မယ် ...ဆင်းလို့ မရသေးဘူး ဆိုရင်တော့ ငါတို့ ဒီမှာပဲ တစ်ရက်လောက်ဆက်နေရမယ်လေ ..."
"ငါတို့ ...ငါတို့ဆိုတော့ ...မင်းက ငါဆေးရုံဆက်တက်ရမယ်ဆိုရင်လည်း ငါနဲ့အတူတူ နေခဲ့ပေးမလို့လား ..."
"အင်းလေ ..."
မိုင်းအတွက် ထူးဆန်းအံ့ဩနေပေမယ့် ဆန်းကတော့ အေးအေးလူလူ ပြန်ဖြေနေလေရဲ့။
"ဘာဖြစ်တာလဲ မျက်နှာက ..."
"အံ့ဩသွားတာ ..."
"ဘာကိုလဲ ..."
"ငါ့အနားမှာ နေပေးမယ်ဆိုလို့ ..."
"အံ့ဩစရာဘာရှိလို့လဲ ...ငါ့ကြောင့် မင်းဒီလိုတွေ ဖြစ်ခဲ့ရတာကို ...ငါက မင်းအနားမှာ မဖြစ်မနေ ရှိသင့်တာပေါ့ ..."
ပြောရင်းနဲ့ သောက်ရမယ့် ဆေးတွေကို မိုင်းလက်ထဲ ထည့်ပေးလိုက်ပြီး ရေခွက်ကိုပါ ကမ်းပေးလေသည်။ ဆေးသောက်ရင်း မိုင်းအတော်လေး သက်သာသွားရ၏။ ဆေးကြောင့်တော့ မဟုတ်ပါ။ ဆန်းကြောင့်ပဲ ဖြစ်သည်။ ရင်ထဲမှာ နွေးခနဲ အတော်လေး နေလို့ကောင်းသွားပါ၏။
"ဒါနဲ့ ကျောင်းသားတွေကို မင်းဘာလို့ ဒီဒဏ်ရာက ငါ့ကြောင့်ဖြစ်တာလို့ မပြောရတာလဲ ..."
မှန်သည်။ မိုင်းက ကစားရင်း ချော်လဲပြီး ဖြစ်သွားတာလို့သာ အားလုံးကိုပြောထားသည်။ ကန့်သတ်နယ်မြေကျော်ပြီး သူတို့ရောက်သွားတဲ့ ကိစ္စရော ချောက်ထဲကျတဲ့ အကြောင်းပါ ဘာတစ်ခုမှ ထည့်မပြောပေ။ သစ်လွင်အမြွှာနဲ့ လင်းရဝေကလွဲရင် ကျန်တဲ့သူတွေက အဖြစ်မှန်ကို လုံးဝမသိ။
"တကယ်လည်း ငါဒဏ်ရာရတာက မင်းကြောင့်မှမဟုတ်တာ ..."
"ဘာလို့ မဟုတ်ရမှာလဲ ...ငါ့ကိုလိုက်ရှာရင်းနဲ့ မင်း ဒီဒဏ်ရာကိုရတာ ...ငါ့ကိုကယ်ရင်းနဲ့ ဒီဒဏ်ရာက ဒီလောက်ထိ အခြေအနေ ဆိုးသွားခဲ့တာလေ ...အဲ့ဒါ ငါ့ကြောင့်တွေချည်းပဲ ..."
တိုက်ရိုက် မဟုတ်ရင်တောင်မှ ဒါက သွယ်ဝိုက်သောနည်းနဲ့ပါ။ သေချာတာကတော့ အဓိကပွိုင့်ဟာ သဏ္ဍာန်ဆန်းကြောင့်သာ။
"တချို့ကိစ္စတွေမှာ တချို့အကြောင်းအရာတွေကို ဖြစ်ကြောင်းကုန်စင် လူတိုင်းကို ပြောပြဖို့ မလိုအပ်ဘူးလေ ...ငါဘာမှ မပြောတာက မလိုအပ်လို့ မပြောတာ ...မင်းတောင် ပြောဖူးသေးတယ်လေ စကားဆိုတာ လိုအပ်မှ ပြောရတာဆို ..."
"ငါ့စကားနဲ့ ငါ့ကို လာမချိတ်နဲ့ မိုင်း ...မင်းအမှန်တိုင်းဖြေ ...ဘာလို့လဲ ..."
ကုတင်ပေါ်မှာ ထိုင်နေတဲ့သူကို ကုတင်ဘေးမှာ ရပ်နေတဲ့သူက မျက်လုံးတွေကို စိုက်ကြည့်ရင်း မေးနေပါသည်။
"သူများတွေ မင်းကို ငြိုငြင်သွားကြမှာကို ငါမလိုလားလို့ ..."
"ဘာရယ် ...ဘာဆိုင်လို့လဲ ..."
"မင်းစည်းကမ်းဖောက်ပြီး ကန့်သတ်နယ်မြေထဲကို ဝင်သွားတယ် ...ပြီးတော့ ငါဒဏ်ရာရတယ် ...ကျောင်းသားတွေရဲ့ ကစားပွဲလည်း ပျက်သွားရတယ်လေ ...အပျော်ခရီးထွက်လာကြတာကို အခုလိုမျိုး ပြဿနာတွေဖြစ်ပြီး အပျော်တွေပျက်ကုန်သလို ဖြစ်သွားတော့ ...မင်းကြောင့်ဆိုပြီး မင်းကို မကြည်ကြမှာဆိုးလို့ ..."
"ငါအပြောခံရ ငြိုငြင်ခံရလည်း ခဏပေါ့ ...အဲ့ဒါ ဘာဖြစ်သွားမှာမို့လို့လဲ ..."
"မသိဘူး ငါအဲ့ဒါကို မကြိုက်ဘူး ...ငါချစ်တဲ့သူကို သူများတွေ လက်ညှိုး ဝိုင်းထိုးနေကြမှာမျိုးကို ငါမလိုလားဘူး...ငါက မင်းကို ကာကွယ်ပေးချင်ရုံလေးပဲ ..."
ဒီလိုစကားတွေကို ဒီလိုမျိုး အကြည့်ချင်းဆုံပြီး ပြောရဲတာ တော်ရုံစကေးတော့ မဟုတ်။ ပြောတဲ့သူက ဘယ်လိုနေသည်မသိ။ အပြောခံရတဲ့သူကတော့ အကြည့်တောင် လွှဲလိုက်မိပြီး အနေရခက်သွားမိ၏။
"ကာကွယ်ပေးတာတွေ ခဏခဏ မလုပ်နဲ့ ..."
"ဘာလို့လဲ ..."
"ကျေးဇူးတင်စရာတွေ ခဏခဏ တိုးလာရင် ငါဝန်ပိတယ် ...ကျေးဇူးဆိုတာ အတင်ခံရရင် ပြန်ဆပ်ရတယ်... ငါ့မှာပြန်ဆပ်စရာ ဘာမှမရှိဘူး ...ငါကငမွဲ ဘာပိုင်ဆိုင်မှုမှ ရှိတဲ့ကောင် မဟုတ်ဘူး ..."
"ဘာပိုင်ဆိုင်မှုမှလည်း မလိုချင်ပါဘူး... မင်းဆီမှာ ငါလိုချင်တဲ့ အရာက မင်းပဲ ..."
ဒီအကြည့်တွေမှာ လိုချင်တပ်မက်စိတ်တွေ အပြည့်နှင့်။
"အသက်သခင် ကျေးဇူးရှင်ဆိုပြီးတော့ ...ငါက မင်းကို ခန္ဓာကိုယ်ကြီး ထိုးကျွေးပြီး ကျေးဇူးဆပ်မှာ မဟုတ်ဘူး ...စိတ်ကူးမယဉ်နဲ့ မိုင်း ..."
ဆန်းကလည်း ရွဲ့တဲ့တဲ့နဲ့ ပြန်ပြောသလို မိုင်းကလည်း ...
"အဟား ...ဘယ်သူကရော ခန္ဓာကိုယ်နဲ့ ဆပ်ခိုင်းနေလို့လဲ ...ငါမင်းကို ပြောလိုက်မိလို့လား ...ကျေးဇူးဆပ်တဲ့အနေနဲ့ ငါနဲ့ တစ်ညလောက်အိပ်ပေးပါ ဆိုပြီးတော့ ..."
"အဲ့လို ပြောလာလို့ကတော့ မင်းကိုငါ တသက်လုံး အထင်သေး သွားလိုက်မှာ အသေအချာပဲ ..."
"သိသားပဲ သဏ္ဍာန်ဆန်း အကြောင်းကို ...တွေ့တာတစ်နှစ်တောင် မပြည့်သေးဘူး ...လွန်ခဲ့တဲ့ နှစ်တစ်ရာက သိလာမိတဲ့ သူလိုမျိုးပဲ ...မင်းအကြောင်း အရမ်းသဘောပေါက် နားလည်နေပြီးသား ..."
"အေး သိရင်လည်း ပြီးတာပဲ ...ကျေးဇူးဆပ်ပါဆိုပြီးတော့ ပေါက်ကရတွေတော့ လာမတောင်းဆိုနဲ့ ..."
"ပေါက်ကရ မဟုတ်ဘူးလေ မင်းကိုပဲ တောင်းဆိုနေတာ ငါက ..."
"မင်းငါနဲ့ ရန်ဖြစ်ချင်နေတာလား ..."
"ရန်ဖြစ်တယ်ဆိုလို့ ငါသတိရသွားပြီ ... မနက်အစောကြီးတုန်းက တောင်ပေါ်မှာ ငါတို့ဖြစ်ခဲ့တဲ့ကိစ္စ ..."
"အဲ့ဒါဘာဖြစ်လဲ ..."
"ဘာဖြစ်လဲ မလုပ်နဲ့ ...မင်း မနက်က ငါ့ကို စွပ်စွဲပြောဆိုနေတာလေ ...ငါ့မှာ ဘာရည်ရွယ်ချက်မှ မရှိပါဘူးလို့ ပြောပြရှင်းပြနေတာကို လက်မခံဘူး ...သူထင်ချင်သလို ထင်ပြီး ...မင်းလိုကောင်ရဲ့ စကားကို ငါက ယုံရမှာလား ဘာလားနဲ့ ...ငါ့ကိုအထင်အမြင်သေးပြီး ရန်လုပ်ခဲ့တာလေ... မင်းမေ့သွားပြီလား ..."
အငြိုးအတေးကလည်း ကြီးပါ့။ မနက်က ကိစ္စကို အခုထိ အခဲမကျေနိုင်ဘဲ ရှင်းချင်နေသေးသည်။
"မင်းရော မေ့သွားပြီလား ...ငါညနေက ချောက်ထဲကျနေတုန်းက ဘာစကားပြောခဲ့သလဲ ..."
"ဘာပြောလို့လဲ ..."
"ငါမင်းကို ယုံတယ်လို့ ပြောတယ်လေ ..."
"အဲ့ဒါယုံတာက စွန့်ပစ်မသွားဘူးဆိုတာကို ယုံတယ်လို့ ပြောတာလေ ...အခု ငါပြောနေတာက ငါ့ကို အလိမ်အညာကောင် ဆိုပြီးတော့ ငါ့ကိုမယုံကြည်တဲ့ ကိစ္စကို ပြောနေတာ ...ဘာဆိုင်လို့လဲ ..."
"အတူတူပဲလေ ငါမင်းကို ယုံကြည်တယ်လို့ ပြောလိုက်ထဲက အရာအားလုံးပဲပါတယ် ...လူတစ်ယောက်ကို ငါတကယ် ယုံကြည်လိုက်မိရင် အဲ့ဒီ့လူ ဘာပြောပြော ငါလက်ခံတယ် ငါယုံတယ်... ဘာလို့လဲဆိုတော့ လူကိုမဟုတ်ဘဲ ...သူ့စိတ်ဓာတ်ကို ငါယုံကြည်ပေးလိုက်တာမို့လို့ပဲ ..."
"ဒါဆို ငါပြောတာတွေကို မင်းယုံကြည်ပြီပေါ့ ..."
"အင်း အခုကစပြီး နောက်အမြဲတမ်း မင်းပြောသမျှကို ငါယုံပေးမယ်... ဒါပေမယ့် ငါ့ရှေ့မှာတော့ မင်းရိုးသားပါ အတတ်နိုင်ဆုံးပေါ့ ...မင်းရဲ့မျက်နှာ နှစ်ဖက်က ငါ့ရှေ့မှာ သုံးဖို့တော့ မလိုအပ်ဘူးမို့လား ..."
"စိတ်ချ ငါမင်းကို ဘယ်တော့မှ မလိမ်ဘူး ..."
ဆန်းက ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီးနောက် ...
"ပြန်လှဲအိပ်နေလေ ဆေးသောက် ပြီးပြီးဆိုတော့ အနားယူပြီး အိပ်လိုက် ..."
"ဟင့်အင်း ငါမအိပ်နိုင်သေးဘူး ..."
"ဘာလို့လဲ ...ဒဏ်ရာက နာနေသေးလို့လား ...သူနာပြုကတော့ ဆေးထဲမှာ အကိုက်အခဲ သက်သာတဲ့ဆေး ထည့်ပေးထားတယ်လို့ ပြောသွားတာပဲ ..."
"ဒဏ်ရာကြောင့် မဟုတ်ဘူး မင်းကြောင့် ..."
"ဟမ် ဘာဆိုင်လဲ ငါနဲ့ ..."
"ငါအမှန်တိုင်း ပြောမှာနော် ...ငါမလိမ်ဘူး... "
စကားကို ရှည်ရှည်ဝေးဝေး လှည့်ပတ်ပြောနေပြန်တဲ့ ဆီဇာနေရဇ္ဇ။ ဆန်းက သူ့ကို သိပ်မသင်္ကာတော့ပေ။
"မအိပ်ခင် အနာသက်သာအောင်လို့ မင်း ငါ့ကို အာဘွားလေး တစ်ချက်လောက်တော့ ..."
"တိတ်စမ်း ..."
ပြောလက်စ စကားက ခပ်ဆတ်ဆတ် ပိတ်အော်လိုက်တဲ့ အသံကြောင့် တိခနဲ ရပ်သွားခဲ့သည်။ ကြောက်လို့ ရပ်သွားခြင်းတော့ မဟုတ်။ တမင်ကျီစယ်စနောက်နေခြင်းသာ။ အခုလည်းကြည့် သူပြောပြီး သူရယ်နေတဲ့ မိုင်းပါပဲ။
"အော်လိုက်တာကွာ မင်းကလည်း ဒါလေး ပြောတာကို ...အဟား ..."
"နှာဘူးကောင် ..."
"ဟာ ဟေ့ ဟေ့ ...ငါ့ကို အဲ့လို မပြောနဲ့ ငါသာနှာဘူးကောင်ဆိုရင် မနေ့ညထဲက မင်းနဲ့တစ်ခုခု ဖြစ်ပြီး သွားလောက်ပြီ သိလား... မနေ့ညက ငါ့လည်ပင်းကို လာနမ်းနေတာ ငါ့မှာ အရူးတပိုင်းလိုပဲ ..."
"အဲ့ဒီ့အကြောင်း ခဏခဏ ထည့်မပြောစမ်းပါနဲ့ ..."
"ဘာလို့လဲ ...ရှက်လို့လား ..."
ပြန်တွေးမိတိုင်း ရှက်နေမိရတဲ့ အဖြစ်အပျက်ဟာ ဆီဇာနေရဇ္ဇ လည်ပင်းကိုမှ သွားနမ်းမိလေခြင်း။ ပြီးတော့ ထိရုံလေးလည်း မဟုတ်ခဲ့။ အနီကွက်တွေ ပေါ်လာတဲ့အထိ သူမနေ့ညက ဘယ်လောက်ထိတောင် နမ်းခဲ့မိပါလိမ့်။
"ဒါရှက်စရာမှ မဟုတ်တာ ...အရက်မူးရင် ကျွဲခိုးပေါ်ဆိုတဲ့ စကားတောင်မှ ရှိသေးတယ်လေ ...မင်းအသွေးအသားက တောင့်တနေလို့ ငါ့ကို ဒီလိုလုပ်တာပေါ့ မဟုတ်ဘူးလား ...အဟက် ..."
အရှက်သည်းတတ်တဲ့ ကောင်လေးကို ထပ်ထပ်၍ အနိုင်ယူ စနောက်နေရခြင်းအား မိုင်း အတော်လေး ကျေနပ်နေပါ၏။
"ဆီဇာနေရဇ္ဇ ...ငါမင်းကို လုပ်မိတော့မယ်နော် ...မင်းပါးစပ်ပေါက်ကို ပိတ်ထားလိုက်တော့ ..."
"ဘာလို့ ပိတ်ရမှာလဲ ငါ့သဘောပဲ ...အဲ့ဒီ့ညက ဘာတဲ့ ...မင်းပြောနေတာလေ ...မင်းအနံ့လေး ငါကြိုက်လိုက်တာ အရမ်းကြိုက်တာပဲ ဆိုတာလေးလေ ...ငါတကယ် ရင်ခုန်တာသိလား မင်းအဲ့လိုပြောတာလေးကို ..."
"မင်းအပေါက် မပိတ်ရင် ငါပိတ်ပေးမယ် ..."
ပြောလည်းပြော လက်ကလည်း မိုင်းရဲ့ ပါးစပ်ကို လိုက်ပိတ်နေပါသည်။ မိုင်းကလည်း ခေါင်းကို အတင်းရှောင်ဖယ် ရုန်းကန်နေလေရဲ့။
"အပေါက်ကို ပိတ်စေချင်ရင် အာဘွားပဲ တစ်ချက်ပေးလိုက် ...ငါငြိမ်ငြိမ်လေး အိပ်လိုက်တော့မယ် မင်းကို မနှောင့်ယှက်တော့ဘူး ..."
"ဘာလို့ ပေးရမှာလဲ ပေးစရာလား ..."
"ပေးစရာပေါ့ ငါက မင်းရဲ့ အသက်သခင်ကျေးဇူးရှင်လေ ...ကျေးဇူးဆိုတာ ဆပ်ရတယ် ..."
"မဆပ်နိုင်ဘူး ...ငါက ကျေးဇူးကန်းတတ်တဲ့ကောင်ပဲ ...အဲ့ဒါကို မင်းသိထားလိုက်တော့ ..."
"ကျေးဇူးမသိတတ်တဲ့ကောင် ကျေးဇူးရှင်ကို ဒါလေးတောင် မလိုက်လျောပေးနိုင်ဘူးလား ..."
"ဆောရီးပဲ တခြားဟာသာ တောင်းဆိုလိုက် ..."
ဆေးဘူးတွေ ရေခွက်တွေ ကောက်သိမ်းနေတဲ့ ဆန်းရဲ့လက်ကို မိုင်းက လှမ်းဆွဲထားလိုက်ပြီး ရီဝေဝေ အကြည့်တွေနဲ့ ပြောလာ၏။
"အဲ့ဒါဆို ငါနဲ့ တွဲရအောင် ..."
ချက်ချင်းပြန်မဖြေဘဲ ဆန်းက သူ့ကို ငေးကြည့်နေခဲ့ပါသည်။
"ဖြေလေ ငါနဲ့တွဲမလား ...ငါတို့ တွဲရအောင် ဆန်းလေး ..."
ဆန်းလေးလို့ ခေါ်မိတာ ဒါက ပထမဆုံး။ ဘာကြောင့် ဒီလို အသုံးအနှုန်း အခေါ်အဝေါ်မျိုး နှုတ်ကနေ ထွက်သွားသလဲ မပြောတတ်။ "ဆန်းလေး" ဆိုတာ မသိစိတ်ကနေလာတဲ့ ချစ်ခြင်းရဲ့ နာမ်စားလေးများလား။
"မဖြစ်နိုင်သေးဘူး ..."
ဆန်းက လက်ကို ခပ်ဖြေးဖြေး ပြန်ရုန်းလိုက်ရင်းနဲ့ ဆိုသည်။
"ဘာလို့လဲ ...ငါမင်းကို စွန့်ပစ်သွားမှာ စိုးရိမ်နေတာလား ...ငါ့အချစ်ကို မယုံကြည်သေးလို့လား ..."
"ငါမင်းကို ယုံတယ်လို့ ပြောထားပြီးပြီပဲ ...မင်းငါ့ကို အရမ်းချစ်တာတွေ ဂရုစိုက်တာတွေ ငါအကုန်နားလည်တယ် သိတယ် ..."
ဒီယောင်္ကျားဟာ သူ့ကို ဘယ်လောက်ထိ ချစ်မြတ်နိုးကြောင်း မျက်မြင်သိရှိ ထားပြီးပါပြီ။ ဒါပေမယ့်လည်း ချစ်ခြင်းဆိုတာက တစ်ဖက်ထဲက ချစ်နေရုံနဲ့ လက်တွဲလို့ရတာမျိုးမှ မဟုတ်တာ။
"ဒါဆို ဘာလို့ ငါ့အချစ်ကို လက်မခံသေးတာလဲ ဘာလို့လဲ ..."
"မင်းက မင်းချစ်တဲ့ အကြောင်းတွေပဲ ပြောပြီးတော့ ငါနဲ့တွဲချင်နေတာ ...ငါကရော မင်းကို ချစ်ရဲ့လားဆိုတာ မင်းနည်းနည်းလောက် မတွေးကြည့်မိဘူးလား ..."
"မင်းက ငါ့ကို မချစ်ဘူးလား ..."
"သေချာပေါက် မချစ်ဘူးပေါ့ ...ငါတို့တွေ့တာ မကြာသေးဘူး ...ကြားမှာ ငါတို့တွေ ကတောက်ကဆတွေ အထင်လွဲမှုတွေနဲ့ မတည့်ခဲ့ကြဘူးလေ ... မေတ္တာတွေ သံယောဇဉ်တွေက ဘယ်မလဲ ...ငါတို့နှစ်ယောက်လုံးက ဂေးတွေ မဟုတ်ဘူးလေ ...အဲ့တော့ လိင်ဆွဲဆောင်မှု သဘောသဘာဝအရ မိန်းမနဲ့ ယောင်္ကျားအတွဲတွေလိုမျိုး တစ်ယောက်နဲ့တစ်ယောက် ချက်ချင်း စိတ်ဝင်စားသွားဖို့က မလွယ်ဘူး ..."
"ငါက ယောင်္ကျားလေး တစ်ယောက်ဖြစ်နေလို့ မင်းဒီလို တွေဝေနေတာတော့ မဟုတ်ပါဘူးနော် ..."
"မဆိုင်ပါဘူး ငါသာ ချစ်မိခဲ့ရင် ယောင်္ကျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် အရေးမကြီးတော့ဘူး ...မင်းလည်း အဲ့လိုပဲမဟုတ်လား ...ငါ့ကိုချစ်မိလို့ ယောင်္ကျားလေးဖြစ်နေလည်း ဂရုမစိုက်တော့ဘူးလေ ...ငါတို့ တွဲဖို့ဆိုတာက ...အဓိကက ငါတို့ကြားမှာ နှစ်ဦးနှစ်ဖက် ချစ်နေကြဖို့က ပိုလိုအပ်တယ် ..."
"မင်းက ငါ့ကို ဘယ်တော့မှ ပြန်ချစ်နိုင်မှာလဲ ...မင်းချစ်လာအောင် ငါဘာတွေ လုပ်ရမလဲ ...ဒီတိုင်းတော့ မင်းကိုငါ လက်မလွှတ်လိုက်နိုင်ဘူး ..."
"ဘယ်သူကရော လက်လွှတ်ခိုင်းနေလို့လဲ ..."
"ဟင် ..."
ဆန်းရဲ့ စကားက သူ့ကို ကြောင်အသွားစေသည်။
"မင်းအခု ငါ့ကို ငြင်းနေတာ မဟုတ်ဘူးလား ...ပြန်မချစ်နိုင်ပါဘူး ဆိုပြီးတော့ ..."
"အချိန် ...အချိန်ကို စောင့်ခိုင်းနေတာလေကွာ ...မင်းက ငါ့ကျေးဇူးရှင် ဖြစ်သွားတာနဲ့ ချက်ချင်းမင်းကိုငါ ကြွေသွားရမှာလား ...အဲ့ဒါက အချစ်မဟုတ်ဘူးလေ ...အထင်ကြီးပြီး သဘောကျမိသွားရုံလေးပဲ ..."
"ဒါဆို မင်းက ငါ့ကို သဘောကျ ..."
မိုင်းစကား မဆုံးလိုက်ပါ။
"ရိုးရိုး သဘောကျတာ... ဟိုလိုသဘောကျတာ မဟုတ်ဘူး ..."
"အော် အင်း ..."
မိုင်းက လည်ပင်းဂုတ်စပ်ကို ဖိပွတ်ရင်းနဲ့ ပြုံးသွားသည်။ သူ တအားအလျင်လို သွားမိသလားပဲ။
"ဒါဆို ငါတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးက ဘယ်လို ရှေ့ဆက်ကြမှာလဲ ...ပြန်မချစ်နိုင်ဘူးဆိုပြီးတော့ ငါ့ကို ငြင်းလည်းမငြင်းဘူး ...မင်းက ငါ့ကို ကြိုးရှည်ရှည်နဲ့ လှန်ထားတာလား ...အဲ့လိုတော့ လာမလုပ်နဲ့နော် သဏ္ဍာန်ဆန်း ...မိုင်းဆိုတဲ့ကောင်က သူများကြိုးဆွဲရာ မကတတ်ဘူး ...ငါ့ကို အချိန်တစ်ခု စောင့်ပါလို့ ပြောထားပြီးတော့မှ ...အချိန်လည်းတန်ရော တခြားတစ်ယောက်နဲ့ လက်တွဲသွားလို့ကတော့ ငါက သတ်ပစ်မှာနော် ...မင်းကိုတော့ မဟုတ်ဘူး ...အဲ့တစ်ယောက်ကို ငါသတ်မှာ ..."
"ငါ့ကို ခြိမ်းခြောက်နေတာလား ...မင်းကိုပဲ မဖြစ်မနေ ရွေးချယ်ရမယ် ဆိုပြီးတော့ ..."
"သတိပေးတာပါ ခြိမ်းခြောက်တာ မဟုတ်ဘူး ..."
တကယ်တော့ အတူတူပါပဲ။ သူ့ကို မရွေးချယ်ရင် ရှင်းမရတဲ့ ပြဿနာတွေ ဖြစ်လာလိမ့်မယ်လို့ ခြိမ်းခြောက်နေခြင်းသာ။ ဆီဇာနေရဇ္ဇရဲ့ လိုချင်ဆန္ဒတွေဟာ ဘယ်သောအခါမှ လွယ်ကူရိုးရှင်း မနေခဲ့ပါ။ ဆန္ဒရှိသမျှ ပိုင်ဆိုင်နိုင်ရမည်။ မရနိုင်လျင် လုယူပစ်လိုက်မည်ဆိုတဲ့ လူစားမျိုး။
"မင်းခြိမ်းခြောက်နေလဲ အပိုပဲ ...ငါက မကြောက်တတ်တဲ့ ကောင်... အချိန်တွေ စောင့်ခဲ့ပြီးမှ အဆုံးသတ်ထိ မင်းကို မချစ်နိုင်ခဲ့ဘူးဆိုရင်တော့ ငါလည်း မတတ်နိုင်ဘူး ..."
"မင်း ခဏလာဦး ရှေ့တိုးခဲ့ ..."
လက်ချောင်းတွေနဲ့ လက်ယပ်လှမ်းခေါ်နေသော မိုင်း။
"ဘာလုပ်မလို့လဲ ..."
"လာစမ်းပါ ..."
လက်ကို ဆောင့်ဆွဲခံလိုက်တာမို့ ဆန်းမှာ ကုတင်ပေါ် လက်ထောက်လျက်သားနဲ့ မိုင်းအနားကို ရောက်သွားရသည်။
"အဆုံးသတ်ထိ ငါ့ကို မချစ်မိဘူးဆိုရင် မတတ်နိုင်ဘူး ဟုတ်လား ...အဲ့လို လုံးဝမဖြစ်စေရဘူး ..."
စကားတွေရဲ့အဆုံးမှာ ဆန်းရဲ့ ပါးပြင်တခြမ်းသည် နွေးသွားခဲ့ရပါသည်။ နူးညံ့တဲ့နှုတ်ခမ်းသား တစ်စုံက သူ့ပါးပြင်ကို ခွင့်ပြုချက်မရဘဲ လာရောက်ထိပါးသွားခဲ့သည်။
ပြီးတော့ မိုင်းက ပြောသေးသည်။
"ငါ့အပိုင်ဖြစ်ကြောင်း တံဆိပ်နှိပ်လိုက်ပြီ ...မရတော့ဘူး ...မင်းငါ့လက်ထဲကနေ ဘယ်တော့မှ မလွတ်မြောက်နိုင်တော့ဘူး ..."
ဆန်းက စိတ်ဆိုးဆိုးနဲ့ သူ့ပါးပြင်ကို လက်ဖဝါးနဲ့ ဖိပွတ်ရင်း ...
"ဆီဇာနေရဇ္ဇ ...မင်း ..."
စိတ်တိုပြီး တစ်ခုခု ပြန်လုပ်ဖို့ ပြင်လိုက်သော်လည်း ...
"အဟမ်း ..."
ဘယ်အချိန်ထဲက တံခါးဝမှာ ရောက်နေသလဲ မသိသော လင်းရဝေက ချောင်းဟန့်လာသည်။
"ငါရောက်လာတဲ့ အချိန်တိုင်းက အမြဲ အချိန်ကောင်းမဟုတ်ဘူးဘဲ ...ဆောရီး ငါဘာမှမမြင်ဘူးနော်..."
ဒီစကား ပြောပုံအရဆိုရင် တစ်ခုခုကို မြင်လိုက်ပြီမှန်း အသိအသာပါပဲ။ လင်းရဝေ မျက်နှာက ပြုံးဖြီးဖြီး လုပ်နေပြီး အခန်းထဲလည်း မဝင် အပြင်လည်း ပြန်မထွက်။
"ဆေးရုံက မနက်ဆို ဆင်းလို့ရပြီတဲ့သိလား ...ငါ စီနီယာကိုစိုင်းကို ဖုန်းလှမ်းဆက်လိုက်ဦးမယ် ...မနက် အတူပြန်ဖြစ်တဲ့ အကြောင်း ..."
သူဟာသူပြောပြီး အခန်းဝကနေ ပြန်ထွက်သွားလေတော့သည်။ လူမြင်သွားတာမို့ ဆန်းက ပို၍ ရှက်မိသွားရ၏။
"ငါတို့နှစ်ယောက်ကြားမှာ သူငယ်ချင်း ဆက်ဆံရေးပဲ ရှိရမယ်... လိုတာထက် ပိုမလာနဲ့ ... skin shipကို ငါလုံးဝ တားမြစ်တယ် ...မင်းငါ့ကို အဲ့လိုတွေ လာလာမလုပ်နဲ့ ..."
"ငါ့သဘောပဲ ..."
အမြင်ကတ်လိုက်တဲ့စကား။ အဲ့ဒီ့စကားကို တော်တော်လေး မျက်မုန်းကျိုးနေပြီဖြစ်သော သဏ္ဍာန်ဆန်းက ဒေါသတွေနဲ့ မိုင်းရဲ့ ကျောပြင်ဆီသို့ ထုရိုက်လိုက်လေသည်။
"အ အ အ ...နာတယ်ကွ ...ငါနေမကောင်းသေးဘူးနော် ...ဒီမှာဒဏ်ရာကြီးနဲ့ဟ ..."
"သေလိုက် ..."
"ရက်စက်လိုက်တာ ..."
"ရှေ့လျောက်လည်း ရက်စက်ဦးမှာပဲ... ငါ့ကို မဟုတ်တရုတ် လာလုပ်တိုင်း လက်သီးနဲ့ အထိုးခံရမယ် မင်း..."
"ဟုတ်လား အမလေး ကြောက်လိုက်တာ ..."
ပါးစပ်က ထွက်လာတဲ့ စကားတွေသည် သူ့မျက်နှာ မချိုမချဉ်နဲ့မို့ ရွဲ့ပြောနေတာမှန်း ပိုသိသာစေပါ၏။ ဒီတစ်ယောက်ကို ငါဘယ်လို ကိုင်တွယ်သင့်သလဲ ...။
သဏ္ဍာန်ဆန်း တွေးနေမိပါသည်။
မိုင်းဟာ ခင်ဖို့ကောင်းပြီး ယုံကြည်ရတဲ့ သူဖြစ်ပေမယ့်လည်း ဒီတစ်ခုကတော့ အတော်လေး ထိန်းချုပ်ရ ခက်နေပါ၏။
ဘယ်တော့မှ အလစ်ပေးလို့ မရပေ။
အလစ်သုတ်သမားလိုပါပဲ...။
နည်းနည်းလောက် သတိမထားမိလိုက်တာနဲ့ ကိုယ့်ဆီကနေ အမြတ်ထုတ် သွားတတ်သည်။
မိုင်းလည်း တွေးနေမိပါသည်။
သူမကြိုက်မှန်း သိပေမယ့် အမြင်ကတ်ခံ အရိုက်ခံပြီး သွားသွားစနေမိ၏။
ရင်ထဲကနေ သိပ်ချစ်လွန်းလို့ ဖြစ်ပေါ်လာတဲ့ ဆန္ဒတွေသည် မရိုးသားပေမယ့်လည်း ညစ်ညမ်းနေတာမျိုးတော့ မဟုတ်။
ဒါက ချစ်တာမို့လို့ ...။
**** ***** ***** ***** *****