ရေချိုးပြီးတော့ ...ဗိုက်ဆာလာသဖြင့် ဝတ်မှုံအောက်သို့ ဆင်းလာခဲ့သည်။ ဧည့်ခန်းထဲတွင် စကားထိုင်ပြောနေသည့် သိပ်ချစ် တို့နှစ်ယောက်ကိုမြင်တော့ ရင်ထဲမှာ ပိုလို့တောင်ဝမ်းနည်းလာသည်။ ဘာတွေများ အလေးအနက်ပြောနေကြသည် မသိ နှစ်ယောက်စလုံး၏ အမူအယာ ဟာသိသိသာသာ ပျက်နေကြသည်။ ညနေစာမစားတော့ပဲ အပေါ်ပြန်တက်မည် လုပ်ပေမဲ့ လူမှုရေး မရှိဟု ထင်ခံရမှာဆိုးသဖြင့် သူတို့နှစ်ယောက် ရှိရာသို့ ဝတ်မှုံ သွားတော့....
“ ကဲ သိပ်ချစ် ကိုကြီး ပြန်တော့မယ်...”
ဘာသဘောလဲ။ နှစ်ယောက်သား စကားပြောနေကြတာ အကောင်းသား၊ဝတ်မှုံရောက်တော့မှ စကားဖြတ်ကာ ပြန်ဖို့ပြင်နေသည့် လူကို ဝတ်မှုံ အနည်းငယ် စိတ်ဆိုးချင်သည်။
“ ဟင်ပြန်တော့မှာလား ညဉ့်နက်နေပြီ ဒီမှာပဲအိပ်လိုက်တာ မဟုတ်ဘူး”
သိပ်ချစ် သည်ဝတ်မှုံကို အရေးမလုပ်လျက် ဂျွန်ကို ညအိပ်ဖို့ပင်ပြောနေသည်။
“ မအိပ်တော့ဘူးလေ အိမ်မှာ အလုပ်တွေ ရှိသေးလို့ပါကွာ ကဲ ဒီက ညီမလေး ကိုကြီးသွားပြီနော်၊ သိပ်ချစ် သူငယ်ချင်းဆိုတော့ ကျွန်တော့် သူငယ်ချင်းပါပဲ ကဲ! သွားပြီနော်”
ဝတ်မှုံ ခေါင်းအသာလေးငြိမ့်ပြလိုက်သည်။ စိတ်နှလုံးတွေမှာတော့ ကြေကွဲနေပြီ။ သိပ်ချစ်မှာ အပြစ်မရှိသူပီပီ အနေအေးနိုင်လှသည်။
......................
“ ဘာသူငယ်ချင်းလဲ!! ဟမ်! ပြောလေ”
ဂျွန်ပြန်သွားတာနှင့်ပင် ဝတ်မှုံ ၏ဒေါသတို့ သိပ်ချစ်အပေါ် ကျရောက်တော့သည်။ မြိုသိပ်လာခဲ့တဲ့ ခံစားချက်တွေဟာ ဒီညတော့ ပေါက်ကွဲတော့မည် ထင်ပါရဲ့။
“.....”
“မင်းအဲ့လို ဘာမှမပြောပဲ မနေစမ်းနဲ့! တို့မေးနေတာဖြေ တို့က မင်းသူငယ်ချင်းလားလို့!အဟင့်”
ဒေါသတို့နှင့်အတူ မျက်ဝန်းထက်မှကြေကွဲမျက်ရည်တို့ကို မချုပ်တည်းနိုင်တော့ပါ။ ဘာတစ်ခွန်းမျှမပြောတဲ့ သိပ်ချစ်ကို ဝတ်မှုံ ပိုလို့တောင် ဒေါသထွက်သွားသည်။
“ အေး ...တို့ပြောမယ် မင်းသူငယ်ချင်း တွေထဲမှာ မင်းရဲ့ အိပ်ယာပေါ်က ဆန္ဒကို ဖြည့်ဆည်းပေးဖူးတဲ့ သူငယ်ချင်းတွေရှိလား ပြောပါအုံး! ပြောပါအုံး နေနိုင်သူကြီးရဲ့! အဟင့် ဟင့်”
“ မမက ညီမရဲ့ သူငယ်ချင်း မဟုတ်ဘူးဆို ဘာလဲ”
“ဘာ! တို့က မင်းရဲ့ ဆန္ဒတွေကိုအကြိမ်ကြိမ် ဖြည့်ဆည်း ပေးခဲ့တာတောင် တို့က မင်းရဲ့ Friend Zoneထဲ ကမထွက်နိုင်သေးပါလား ဟင်”
“....”
သိပ်ချစ်ဘာတစ်ခွန်းမှ ထပ်မပြောတော့ပေ။
“ တို့ ကမင်းသူငယ်ချင်း ဖြစ်ချင်လို့ မင်းရဲ့လိုအင် တွေကို လိုက်လျောခဲ့တာမဟုတ်ဘူး၊ မင်းရဲ့ မိန်းမ ဖြစ်ချင်လို့ကွ သိရဲ့လား! ”
“အခု လည်းဖြစ်နေတာပဲ လေ ”
“အခုတို့က မင်းရဲ့ အပျော်မယား သာသာ ပါပဲ၊ အတူတူရှိတဲ့အချိန် တွေဆို မင်းရဲ့ ပျော်တော်ဆက်ပေါ့၊ တစ်ခြားအချိန်တွေဆိုရင်ဖြင့် တို့က မင်းရဲ့ သူငယ်ချင်း!ဟင့်! ဟုတ်တယ်မလား!ဟုတ်တယ်မလားလို့!”
သိပ်ချစ်၏ ရင်ဘက်ကို ထုရင်း ရှိုက်ကာ ပြောနေသည့် မမ ကို သိပ်ချစ်သနားပါသည်။ မမ ပြောတာတွေဟာ အကုန်မှန်ပါသည်။ နှစ်ယောက်တည်း ရှိတဲ့ အချိန်တွေဆို မမဟာ သိပ်ချစ်ရဲ့ ပဲ့ကိုင်ရှင် ဇနီးတစ်ယောက်ပါ။ သို့သော် ထိုအရာကို အများရှေ့မှာ ချပြဖို့ သိပ်ချစ် သတ္တိမရှိ သေးတာကိုတောင်းပန်ပါတယ်မမ။
................
ဧည့်ခန်းရှိနာရီကို ကြည့်လိုက်တော့မနက် 1နာရီတောင် ထိုးနေပြီ။ သိပ်ချစ် မှာခုထိအိပ်မရသေး။ တွေးရင်း တောရင်း ရှေ့မှာရှိတဲ့ ဝိုင်ပုလင်းဟာလဲ တစ်ဝက်ကျိုးနေပါပြီ။ ဒီလောက်ဆို အိပ်ပျော်ဖို့သင့်ပါပြီလေ။ အခန်းထဲကို ဝင်လိုက်တော့ မမဟာ အိပ်ပျော်နေလေပြီ။ နှစ်နှစ်ခြိုက်ခြိုက်တော့ မဟုတ်ပေမဲ့ပေါ့။ အနည်းငယ် ဝဲကျနေသည့် မမ ရဲ့ ဆံနွယ်လေးတွေကိုသပ်တင်ကာ နဖူးထက်သို့ အနမ်းခြွေလိုက်သည်။ ပထမဆုံး မြတ်မြတ်နိုးနိုးနဲ့ မမကို နမ်းခြင်းပါ။ ထိုမှ တစ်ဆင့် ပါးပြင်လေးကို ခပ်ဖွဖွလေး ထပ်နမ်းမိသည်။ ကြည်နူးဖို့ကောင်းလိုက်တဲ့ အခိုက်အတန့်ပင်။ နှုတ်ခမ်းလေးတွေကို နမ်းဖို့ ပြင်တော့ မမရဲ့ မျက်လုံးတွေဟာ ဖွင့်လာခဲ့ပြီး သိပ်ချစ်ကို တွန်းထုတ်လိုက်သည်။
“ မထိနဲ့ တို့ အသားကို!”
“ ထိတော့ မမ ဘာလုပ်ချင်လဲ”
ထိုသို့ပြောပြီး မမ ရဲ့နှုတ်ခမ်းတစ်စုံကို သိမ်းပိုက်လိုက်သည်။
“မင်း! ရွံတယ် မင်းကို”
“ မမ ကောင်းတယ်လို့ ပြောတဲ့ အရာကို ထပ်လုပ်ရ အောင်လေ...စိတ်မဆိုးနဲ့ တော့နော် လာပါ”
“ တောင်းပန်ပါတယ်၊ ဘာခံစားချက်တွေမှ မရှိပဲနဲ့ တို့ကို နှိပ်စက်နေတာ ရပ်ပါတော့ အဟင့်!”
ချုပ်ထားသည့် လက်များကို အတင်းဖြည်ချကာ မမဟာ အလေးအနက်နဲ့ တောင်းပန်နေတယ်။ မျက်ဝန်းတို့မှာလည်း မျက်ရည်များ ဖြိုင်ဖြိုင်ကျလို့။ ကိုယ်မကြည့်ရက်လိုက်တာ မရယ်။
“ ခံစားချက်မရှိပဲ ဘယ်သူက လုပ်မှာလဲကွာ
မမကို အရမ်း ချစ်ချင်နေလို့ပါ ခွင့်ပြုပါနော်”
“ ဟင့်အင်း! တို့တကယ် တောင်းပန်တာပါ”
ချူပ်ထားသည့်လက်များကို လွှတ်ကာ မမရဲ့ ဘေးမှာ သိပ်ချစ်ဝင်လှဲလိုက်သည်။ ပြီးတော့ ရီဝေနေသည့်မျက်ဝန်းများဖြင့် မမ ကိုမော်ကြည့်ကာ....
“ တကယ်မုန်းသွားပြီလား ဟင်”
“ ဟင့်အင်း မမုန်းပါဘူး” ပြောရင်း ခါးကို ဖက်ထားသည့် သိပ်ချစ်၏လက်တို့ကို ဖယ်ချလိုက်သည်။ ဒီညလဲ မျက်ရည်တွေနဲ့ အဖော်ပြုရပေအုံးမည်။
.......................................
“ ဟင် ဒီနေ့ ခြံထဲ မသွားဘူးလား”
“ ဟင့်အင်း”
ထိုမျှသာ ပြောပြီး နှစ်ဦးနှစ်ဖက်လုံးတိတ်ဆိတ်သွားကြတော့သည်။ ဝတ်မှုံသည် အဝတ်ခြင်းထဲရှိ လျှော်စရာအဝတ်များကို ထုတ်ယူနေသည်။
“ နေ နေ မမ သိပ်ချစ် ကိုယ့်ဟာကို လျှော်မယ်..”
“ ဘာလဲ အရင်ကလဲ လျှော်ပေးနေကြကို...တို့ လျှော်တာ မပြောင်လို့လား”
“ မဟုတ်ပါဘူး”
သိပ်ချစ် ဝတ်မှုံလက်ထဲရှိ သူမ၏ အဝတ်တွေကို ယူကာ ရေချိုးခန်းထဲဝင်သွားတော့သည်။ ကျွန်မ မမကို ဘယ်လိုမှ မခိုင်းရက်တော့ဘူး၊ မမက တာဝန်ကျေပြလေ သိပ်ချစ်လိပ်ပြာ မလုံလေမို့ပါ။ သိပ်ချစ်လို လူမျိုးကို နားလည်ပြီးအနားမှာ ရှိနေပေးလို့ ကျေးဇူးပါ မမ။ အနာဂတ်မှာ မမ ဟာ ကျွန်မ မိန်းမပါလို့ ပြောနိုင်အောင် ကြိုးစားမှာပါ။
..................
“ Hello ကိုကြီး”
“......”
“ဟင်! အခုလား”
“.....”
“ အဲ့ဒီ ဟော်တယ် မှာပဲလား”
“.....”
“ ok ok အခုထွက်လာခဲ့မယ်”
အခန်းထဲရှိ ကုတ်တစ်ထည်ကို ထုတ်ဝတ်ကာ အခန်းပြင်သို့ အထွက်....
“ ဟင်! မမ”
“ မင်းထပ်ပြီး ဘယ်သွားအုံးမလို့လဲ”
“ ဟိုသူငယ်ချင်း တွေဆုံလို့ပါ ခဏပဲ သွားတွေ့မှာ”
“ တို့လဲ လိုက်ခဲ့လို့ရလား...”
“ မရဘူး မမ”
“မင်း ပြောတော့ သူငယ်ချင်းတွေ ဆုံလို့ဆို၊ တို့လဲ အိမ်မှာနေရတာ ပျင်းလာလို့လေ”
“ ရှင်းပြနေဖို့ အချိန်မရှိဘူး ခန ပဲသွားမှာပါဆို”
ထိုသို့ပြောပြီး ကားမောင်းထွက်သွားသည်။ ဘာတဲ့ သူငယ်ချင်းတွေ ဆုံလို့ ဟုတ်လား။ အမှန်တော့ သိပ်ချစ် ဖုန်းပြောနေတာ ဝတ်မှုံ အကုန်ကြားပါသည်။ အမှတ်တမဲ့ နားထောင်မိသွားတာပါ။ ဟော်တယ် လိပ်စာကဒ်ကို အလွတ်ရသည်မို့ ဝတ်မှုံ လိုက်သွားရန် ပြင်တော့သည်။
.................
လမ်းရှိ Taxi တစ်စီး ငှားကာ သိပ်ချစ်ကားနောက် အသာလေး လိုက်ခိုင်းသည်။
“ ဦးလေး အဲ့ဒီ ကားနောက်ကို လိုက်ပေးပါ မမှီစေနဲ့နော် ဒီတိုင်းလေးပဲ အဲ့ဒီကား ဘယ်သွားနေလဲ အတိအကျ သိချင်လို့”
“ဟုတ်ပါပြီ ”
ဟောတွေ့ပါပြီ ။ လိပ်စာထဲက အတိုင်းဆိုရင် ဒီဟော်တယ်ပါပဲ။ မြင်တာနဲ့တင် ရွံဖို့ကောင်းသည်။ အတွဲတွေဟာ ဟိုတယ်အတွင်း ဝင်ထွက် သွားလာနေကြသည်။ သိပ်မကြာခင်မှာပင် သိပ်ချစ်နှင့်အတူ ကားထဲမှ လူတစ်ယောက်ထွက်လာသည်။ သေချာပေါက် ဂျွန်ပဲပေါ့။ ထို့နောက် ဟိုတယ် အတွင်းသို့ နှစ်ဦးသား လက်ချင်းချိတ်ကာဝင်သွားကြသည်။နာကြည်းလိုက်တာ၊ ဝမ်းနည်းလိုက်တာ၊ ကြေကွဲလိုက်တာ ဆိုသည်မှာလေ။ အစ်မမှာတော့ မင်းကို မြတ်နိုးလိုက်ရတာကွယ်.....ရက်စက်လိုက်ကြတာ
.......................
အချိန်မှာ 12နာရီ။ သိပ်ချစ် ထွက်သွားတာ ၈နာရီ ကတည်းကပင်၊ ဒီလိုဆိုတော့လဲ စိတ်ပူရပြန်ရော။ ဝတ်မှုံ အိမ်ပြန်ရောက်တာတောင် အတော်ကြာပြီ။ ဒီလိုနဲ့ ဖုန်းခေါ်ရပြန်တယ်။
“Hello ချစ် မင်းပြန်မလာသေးဘူးလား”
“ ........”
“ ဘယ်လို! ဒီည ပြန်မလာတော့ဘူး ပေါ့”
“.......”
“ ........”
“ အင်းပါ မင်းအဆင်ပြေရင် ပြီးတာပါပဲ ဒါပဲနော်”
.....................
ရုတ်တစ်ရက် အနောက်ဘက်က လာတဲ့ လေပြင်းတွေဟာ မြည်ဟည်းနေသလို ၊အထက်ကောင်းကင်မှလဲ မိုးစက်တွေဟာ တစ်ရှိန်တိုး ကျဆင်းလာသည်။ ထို့အတူ လျှပ်စီးများဟာလည်း ကြောက်စရာ ၊လန့်စရာပင် ။ မိုးဦးတဲ့လေ ရင်ထဲက ဝေဒနာတွေဟာ ဒီမိုးနှင့်အတူ ပါသွားရင် ကောင်းမှာပဲ။
ဂျိန်း!!🌩️🌩️
“အမေ့!”
ကြောက်မက်ဖွယ် မိုးချိန်းသံကြီးဟာ ဝတ်မှုံကို ခြောက်လန့်နေသည်။ ပြင်းစွာသော လေတွေဟာ တစ်ဟူးဟူးတိုက်သည်မှာ နှစ်ထပ်တိုက်ပင် လှုပ်ခါသွား စေသည်။ ဤမျှလောက် ကြောက်မက်ဖွယ် ရာတွေဟာ ဝတ်မှုံကို အဆုံးအထိ ခြိမ်းခြောက်နေသယောင်။ ကြောက်စိတ်တွေ ကြောင့် ဝတ်မှုံ အသံတိတ် ရှိုက်နေမိသည်။
“ မိုးရွာတာ ရပ်ပါတော့! ကျွန်မ ကြောက်လွန်းလို့ပါ”
ရောင်ရမ်းကာ စကားတွေ ပြောနေမိသည်အထိ လိပ်ပြာလွှင့်မတတ် ကြောက်နေသော ထိုမိန်းကလေးဟာ စိတ်နာစ ပြုလာလေပြီ။ တို့မှာတော့ သေမတတ်ကြောက်နေရပြီး၊ မင်းကျတော့ မင်းအဖော်နဲ့ အေးဆေးအနားယူနေမှာပေါ့နော်။ ယုံကြည်ကာအရူးအမူး ဆွဲဆုပ်လိုက်တဲ့ လက်တစ်စုံဟာ နာကျင်မှုတွေပဲ ပေးတဲ့ လက်တစ်စုံဖြစ်နေခဲ့ရင် ....။စွန့်လွတ်ရမှာကြောက်သည်။သို့သော် ထိုကလေး ဆီက အချစ်နဲ့ ပတ်သက်လို့ ဘာတစ်ခုမှ မခံစားရဖူးတာမို့.......။
ဒီကြိုးကို အစ်မကိုယ်တိုင် ဖြတ်တောက်လိုက်တဲ့အခါ အရင်ဆုံး လွတ်လပ်မည့် သူဟာ မင်းဖြစ်ပါစေ ကလေးရယ်။
...................
Hsan Kyal 🍁☕