မနက်ဖြန်နယ်မြို့ကလေးဆီပြန်မှာမို့ အဝတ်အစားနည်းနည်းနဲ့ဆေးစာအုပ်တွေကိုကြိုထည့်နေရတယ်။ ရှောင်းကျန့်ဆိုတာကအရင်တည်းကစာသာတော်တာ။ ဟိုဟာမေ့ဒီဟာမေ့ကအရမ်းဖြစ်တတ်တယ်။ ကိုယ့်ကိုယ်ကိုယ်လည်းသိတာမို့ အစောကြီးတည်းကစာရင်းကြိုရေးထားပြီးတစ်ခုချင်းလိုက်ထည့်နေတယ်။ တစ်ခုခုကျန်နေခဲ့ရင်ပြန်ယူရအောင်လည်းဇာတိနဲ့ပေကျင်းကအဝေးကြီး။
~Ring~Ring~Ring~
အဝတ်အိတ်ပြင်နေတုန်း စားပွဲပေါ်ချထားတဲ့ဖုန်းကအသံမြည်လာတာမို့အပြေးသွားလိုက်ရတယ်။ ဆေးရုံအုပ်ဆက်တာနဲ့ကြုံလို့ ဖုန်းကိုင်တာနောက်ကျရင်ပွားခံရမယ်ဆိုတာရှောင်းကျန့်သိတယ်လေ။ ဒါပေမယ့်ဖုန်းscreenမှာမြင်နေရတဲ့နာမည်ကြောင့်မျက်ခုံးတွေကတွန့်ခနဲဖြစ်သွားတယ်။ လူကြီးမင်းလို့မှတ်ထားတဲ့ဖုန်းနံပါတ်ကြီးကscreenမှာအခန့်သား။ ဒီလူဘာကိစ္စရှိပြန်ပြီလဲ။
'ပြော ဘာလဲ'
ဖုန်းကိုဆတ်ခနဲကောက်ကိုင်ပြီးရှောင်းကျန့်ခပ်စွာစွာပြောလိုက်တယ်။ အရင်တစ်ခါလာပြီးတည်းကဖုန်းနံပါတ်ကိုမှတ်ထားလိုက်တာ။ နံပါတ်တွေလွဲနေမှာစိုးလို့။
'ဆောင့်အော်နေတော့တာပဲ ရုပ်ကလေးနဲ့မှမလိုက်'
စိတ်ညစ်သွားတဲ့လေသံကြောင့် ရှောင်းကျန့်မျက်နှာမဲ့ခနဲ။ ဒါပေမယ့်မဆိုးပါဘူး။ ဒီလူကရှောင်းကျန့်ချောတာတော့သိသားပဲ။
'ဘာကိစ္စလဲ အခုဖုန်းဘာလို့ဆက်တာလဲ
လူကြီးမင်း'
'လွမ်းလို့ဗျာ လွမ်းလို့ လွမ်းလို့'
'ဘာ!!! လူကြီးမင်းစကားပြောတာကြည့်ပြောနော်'
ရွဲ့ပြီးဖြေမှန်းသိပေမယ့်ရှောင်းကျန့်မျက်နှာကရဲခနဲဖြစ်သွားတယ်။ ရှောင်းကျန့်ကဒေါသနဲ့ပြန်အော်တဲ့အခါခပ်တိုးတိုးရယ်နေတဲ့အသံရှရှကိုကြားရတယ်။ ဒီလူ ရှောင်းကျန့်ကိုစနောက်စရာများထင်နေလားမသိ။
'စကားဆုံးအောင်နားမထောင်တတ်တာခင်ဗျားရဲ့မွေးရာပါအကျင့်ထင်တယ်'
'လူကြီးမင်းနော်'
ခပ်စွာစွာပြန်အော်တော့နောက်တစ်ခါခိုးရယ်ပြန်တယ်။ ဒီလူကတော့အပြင်မှာသာဆိုတစ်ပွဲတစ်လမ်းနွှဲလိုက်မိတော့မှာ။ ရှောင်ရှောင်းကျန့်ကိုဘာထင်နေလဲမသိ။ အပြင်မှာတွေ့လို့ကတော့ရှောင်းကျန့်လက်သီးတစ်ချက်မြည်းသွားရမယ်။
'အဟမ်း..လွမ်းလွန်းလို့ထင်မနေနဲ့
ကျုပ်အဖေကခင်ဗျားဘယ်နေ့သွားမှာလဲမေးခိုင်းလို့'
ရှောင်းကျန့်ဒေါသထွက်နေတာကိုသိပုံနဲ့အမျိုးကောင်းသားက ချောင်းတစ်ချက်ဟန့်ရင်းမေးလာတယ်။
'မနက်ဖြန်သွားမှာ'
ဦးလေးကမေးတာဆိုတဲ့စိတ်ကြောင့် ရှောင်းကျန့်အသံကိုလျှော့ချလိုက်တယ်။ လူကြီးသူမကမေးတာကိုတော့ကဆောင့်ကအောင့်ဖြေတာမကောင်းဘူးမလား။ လူယဥ်ကျေးလေးဖြစ်တဲ့ရှောင်းကျန့်က ဒါတော့နားလည်ပါတယ်။
'ကားနဲ့လား'
'မဟုတ်ဘူး ခြေထောက်နဲ့'
'ကျစ်! ခင်ဗျားမရွဲ့နဲ့'
ခပ်ငေါ့ငေါ့ဖြေတော့ဒေါသထွက်သွားပုံပဲ။ တော်လိုက်တာ ရှောင်ရှောင်းကျန့်က။
'ကားနဲ့သွားမှာဟုတ်တယ် ဒါပဲမလား'
အဝတ်အစားတွေဆက်ထည့်ဖို့ကျန်နေသေးတဲ့ရှောင်းကျန့်က အဲ့ဒီလူနဲ့စကားစကိုမြန်မြန်ဖြတ်ချင်နေပြီ။ တစ်ခုခုမေ့သွားမှာတကယ်စိုးရတယ်။ ရှောင်းကျန့်ကအလိုလိုမှမေ့တတ်တဲ့သူ။ အာရုံတွေထွေသွားရင်ဘာမှကိုမမှတ်မိတော့ဘူး။ အကုန်ကျန်ခဲ့တော့မှာ။
'အင်း ဒါပဲ ခင်ဗျားမြန်မြန်ပြန်ခဲ့'
တီခနဲအသံနဲ့အတူ ပြောချင်ရာပြောပြီးဖုန်းချပစ်သွားတယ်။ ဒီလူတကယ့်ကိုလူမှုဆက်ဆံရေးမသိတဲ့လူပဲ။ ဖုန်းခေါ်တဲ့သူကလည်းသူ။ ဇွတ်ချသွားတော့လည်းသူပဲ။ အဝတ်အစားနည်းနည်းထပ်ထည့်ရင်းရှောင်းကျန့်ကမကျေမနပ်ပွစိပွစိနဲ့ပြောနေသေးတယ်။ အဝတ်နဲ့ပစ္စည်းတွေအကုန်ပြင်ပြီးတော့အိပ်ချိန်ရောက်သွားပြီ။ ပုံမှန်ညတွေဆိုဆေးစာအုပ်တွေဖတ်ရင်းညနက်တတ်သေးပေမယ့်မနက်ဖြန်ခရီးသွားမှာမို့စောစောအိပ်ဖို့ပြင်လိုက်တယ်။
တကယ်ပိုင်စိုးပိုင်နင်းနိုင်တဲ့အဲ့ဒီလူကြီးမင်း! အိပ်မက်ထဲထိတောင်မျက်ခုံးတွေတွန့်ချိုးထားသေးတယ်။ ရှောင်းကျန့်အမြင်ကပ်လိုက်တာ။
~~~
"အစ်ကို ကားကမထွက်သေးဘူးလားဗျ"
ကားဂိတ်ကိုရှောင်းကျန့်ရောက်သွားတော့စောနေသေးတယ်။ ကားလက်မှတ်ဖြတ်တော့ကားထွက်ချိန်ပါပေမယ့်အခုထိရောက်မလာသေးဘူး။ ထွက်ရမယ့်အချိန်ထက်နာရီဝက်လောက်နောက်ကျနေပြီ။
"ခဏနေထွက်တော့မှာပါ ညီလေး
ခဏတော့သည်းခံလိုက်ဦးကွာ"
"ဟုတ်ကဲ့"
ကားလက်မှတ်ရောင်းတဲ့အစ်ကိုကြီးရဲ့အပြောကိုရှောင်းကျန့်ခေါင်းတစ်ချက်ညိမ့်ပြလိုက်တယ်။ ပျင်းစရာကောင်းကောင်းနဲ့တစ်ယောက်တည်းထိုင်နေရတာမို့ဖုန်းဖွင့်ပြီးဆေးစာတွေရှာဖတ်နေလိုက်တယ်။ ရှောင်းကျန့်အနေနဲ့ဖုန်းသုံးနေတယ်ဆိုတာက ဒီလိုအချက်အလက်တွေရှာချင်လို့ဖြစ်ပြီးကျန်တာကအာပရိကပါပဲ။
/ခင်ဗျားပြန်သွားပြီလား/
အသိပေးချက်မြည်သံတိုလေးနဲ့အတူ စာတစ်စောင်ဝင်လာတယ်။ ဘယ်သူလဲမေးစရာမလိုအောင်အဲ့ဒီအနုပညာရှင်။ မဟုတ်မှဒီလူရှောင်းကျန့်ကအကြွေးကျေအောင်မဆပ်ဘဲထွက်ပြေးသွားမှာကိုအရမ်းကြောက်နေသလား။ တကယ့်လူပဲ။
/ကားဂိတ်ရောက်နေပြီ/
ခပ်ပြတ်ပြတ်စာတိုလေးတစ်ကြောင်းကိုပို့ပြီးဖုန်းကိုပြန်သိမ်းလိုက်တယ်။ ကားလည်းထွက်တော့မယ်နဲ့တူတယ်။ ဂိတ်ဝန်းထဲကလူတွေလည်းလှုပ်စိလှုပ်စိဖြစ်ကုန်ကြပြီ။
"ညီလေး ကားထွက်တော့မယ်တဲ့"
လက်မှတ်စစ်ပေးနေတဲ့အစ်ကိုကြီးကလာပြောတာမို့ ရှောင်းကျန့်လည်းချထားတဲ့ခရီးဆောင်အိတ်အသေးလေးကိုကောက်ကိုကောက်ကိုင်လိုက်တယ်။လျော့ချင်ချင်ဖြစ်နေတဲ့လည်ပင်းကမာဖလာအညိုရောင်လေးကိုနည်းနည်းပြင်ဝတ်ပြီးကားပေါ့တက်လိုက်တယ်။ ကားမူးတတ်တဲ့ရှောင်းကျန့်ကကားပေါ်ရောက်လိုက်တာနဲ့ရင်ထဲပျို့ချင်သလိုဖြစ်လာတာမို့အသင့်ဆောင်ထားတဲ့သံပုရာသီးကိုဇွတ်ထုတ်ရတယ်။ တော်သေးတယ် အရာရာနဲ့အကြောင်းကြောင်းဖြစ်တတ်တဲ့ရှောင်းကျန့်ကဒါတော့မမေ့လို့။
"ဝမ်ရိပေါ်ကစောက်ရမ်းချောတာပဲ ငါသေလို့ရပြီ"
အား! လာပြန်ပြီ ဒီဝမ်ရိပေါ်။ ဘေးကပ်ရက်ခုံမှာထိုင်နေတဲ့မိန်းကလေးကဖုန်းမျက်နှာပြင်ကိုသည်းကြီးမည်းကြီးကြည့်ရင်းပြောနေတယ်။ ရှောင်းကျန့်ဆိုသည်မှာလည်းအဲ့ဒီလူကြီးမင်းနဲ့လွတ်ကိုမလွတ်နိုင်ဘူး။ ဟိုနေရာသွားလည်းဝမ်ရိပေါ်၊ ဒီနေရာလာလည်းဝမ်ရိပေါ်။ အခုလည်းနယ်ပြန်ပါမယ်ဆိုကြားရပြန်ပြီ ဝမ်ရိပေါ်ဆိုတာ။ တကယ်ပဲ ဘယ်လိုရေစက်တွေမှန်းလည်းမသိဘူး။
စိတ်ညစ်ညစ်နဲ့သံပုရာသီးကိုနှာခေါင်းဝမှာတေ့ပြီးပြတင်းပေါက်ဖက်ကနေမြင်နေရတဲ့လမ်းမကိုပဲငေးနေလိုက်တော့တယ်။ ကားကလေးတစ်လိမ့်လိမ့်ထွက်လာတာနဲ့အမျှ မနက်အစောကြီးထထားရတဲ့ရှောင်းကျန့်ကမျက်ခွံတွေလေးလာတယ်။ နောက်ဆုံးကားမှန်ကိုမှီပြီးစိတ်ဒုန်းဒုန်းချအိပ်လိုက်တော့တယ်။ ဒါတောင်မအိပ်ခင်ဘေးနားကကောင်မလေးဆီကဝမ်ရိပေါ်အကြောင်းတစ်ကိုယ်တည်းချီးမွန်းခန်းဖွင့်တာကိုကြားဖြစ်အောင်ကြားလိုက်သေးတယ်။ ဘယ်လိုရေစက်တွေလဲ အဲ့ဒီလူနဲ့။
~~~
"ရိပေါ်"
"ပြော ပါး"
ဧည့်ခန်းထဲမှာဇာတ်ညွှန်းဖတ်နေတုန်း ပါးပါးကလာခေါ်တာမို့ဝမ်ရိပေါ်မော့မကြည့်ဘဲထူးလိုက်တယ်။
"ဒီနေ့check upလုပ်ရမှာ သားမေ့နေတာလား"
ပါးပါးစကားကြောင့် ဝမ်ရိပေါ်စိတ်ထဲကနေအားနာမိသွားတယ်။ တကယ်တော့မမေ့ဘူး။ ဆေးရုံကိုသွားချင်စိတ်ပေါ်မလာလို့ ပါးပါးကိုဘာမှမပြောဘဲနေနေတာ။ ဇာတ်ညွှန်းစာရွက်ကိုချပြီး ပါးစပ်ကိုလက်သီးဆုတ်နဲ့တေ့ရင်းအရှက်ပြေချောင်းတစ်ချက်အရင်ဟန့်လိုက်တယ်။
"နေရတာအဆင်ပြေရင်နောက်အပတ်လောက်မှသွားမလား ပါး
ဆေးရုံကိုခဏခဏသွားနေရတာလည်းမကောင်းဘူးမလား
ဆေးရုံဆိုတာအပျော်သွားစရာနေရာလည်းမဟုတ်ဘူးလေ ဆေးနံ့တွေကလည်းမွှန်ထူလို့"
ဝမ်ရိပေါ်စကားကိုကြားတော့ ပါးပါးကအကဲခတ်သလိုကြည့်လာတာမို့ မနေတတ်သလိုဖြစ်သွားတယ်။
"ကျွန်တော့်ကိုမကြည့်နဲ့
အဲ့ဒီဆရာဝန်မရှိလည်းတခြားဆရာဝန်တွေရှိတယ် ပါးသွားချင်ရင်ပြော"
ဝမ်ရိပေါ်ပြောတော့ပါးပါးကအသာရယ်တယ်။
"ပါးဘာမှမပြောရသေးဘူးလေ"
"ကျွန်တော်ကကြိုရှင်းပြတာ
မဟုတ်တာတွေတွေးမှာစိုးလို့"
"ထားပါတော့ကွာ"
ဝမ်ရိပေါ်ကိုပြုံးကြည့်ရင်း ပါးပါးကသူ့အခန်းဆီပြန်သွားတယ်။ တကယ်တော့ရှောင်းကျန့်နယ်ပြန်မယ့်ကိစ္စရော၊ကားနဲ့ပြန်မယ့်ကိစ္စရော ဝမ်ရိပေါ်ပြောမှပါးပါးကသိတာ။ ပါးပါးကတော့ဘယ်ဆရာဝန်မှဆိုတဲ့အတွေးမျိုးမရှိတာမို့ကိစ္စမရှိပါဘူး။ ဝမ်ရိပေါ်ကလည်းအဲ့ဒီဆရာဝန်မှဆိုတဲ့စိတ်မျိုးလုံးဝမရှိဘူး။ အကြွေးယူစရာရှိလို့သာ။
ဒါနဲ့ကားနဲ့သွားတာဆိုတော့ခေါင်းတွေများမူးနေမလား။ ခရီးတွေဘာတွေများပမ်းနေမလား။ လူကြည့်တော့ရှည်မျောမျောပျော့ဖတ်ဖတ်နဲ့လမ်းခရီးမှာအဆင်ပြေပါ့မလားမသိ။ ဟိုနေ့ကရေခဲမုန့်တွေစားထားတာချောင်းတော့ဆိုးမနေလောက်ဘူးမလား။ ဟိုး ရပ်တော့၊ရပ်တော့! ဘာတွေလိုက်ပူနေပြန်တာလဲ။ ကိုယ့်အဖေကိုယ်တောင်ဒီလောက်တွေးမကြည့်ဖူးဘူး။ အဲ့ဒီဆရာဝန်ကလည်းတကယ်ပဲ။ အာရုံထဲကိုမရ,ရအောင်တိုးဝင်တယ်။ တကယ့်အမှိုက်ထုပ်လိုဆရာဝန်။
~~~
"ညီလေး ရောက်ပြီ ရောက်ပြီ"
ပုခုံးကိုလှုပ်နိုးနေတဲ့ခံစားမှုရယ်၊ကိုယ့်ကိုဦးတည်ပြီးပြောနေတယ်ဆိုတဲ့အသံရယ်ကြောင့် ရှောင်းကျန့်မပွင့်တပွင့်ဖြစ်နေတဲ့မျက်လုံးတွေကိုခပ်ဖြည်းဖြည်းဖွင့်ကြည့်လိုက်တယ်။
"ညီလေးကားရပ်ပြီ ညီလေးဆင်းလို့ရပြီနော်"
အိပ်မှုန်စုံမွှားလုပ်နေတဲ့ရှောင်းကျန့်ကအဲ့ဒီအခါမှနယ်ပြန်လာခဲ့မှန်းသတိရသွားတယ်။ အိပ်မက်ထဲမှာတော့ရှောင်းကျန့်ကဆေးရုံရဲ့နားနေဆောင်ထဲငါးမိနစ်လောက်အိပ်ခဲ့ရုံလေးတင်ပါ။လက်တွေ့မှာတော့ငါးနာရီလောက်အိပ်ပြီးဇာတိမြို့တောင်ရောက်နေပြီတဲ့လား။ သိပ်အိပ်လိုက်ရတယ်လည်းမထင်လိုက်ဘူး။
"အာ ရောက်ပြီလား"
"ဟုတ်တယ် ညီလေး
ညီလေးကလမ်းတစ်လျှောက်လုံးအိပ်ပျော်နေလို့မသိတာ
အခုလည်းညီလေးတစ်ယောက်ပဲကျန်တော့တာလေ"
ကားဆရာအစ်ကိုကြီးစကားကြောင့် ရှောင်းကျန့်ရှက်ရယ်ရယ်ရင်းသွားဖြီးပြလိုက်ရတယ်။ မာဖလာလေးကိုပုံကျအောင်ပြန်ပြင်လိုက်တယ်။ အဝတ်အိတ်ကိုလက်ကနေဆွဲပြီးကားပေါ်ကနေစွေ့ခနဲခုန်ချလိုက်ပြီးမှကိုယ့်ကိုယ်ကိုရယ်ချင်သွားတယ်။ မားမားသာမြင်ရင် 'အားကျန့်ရယ် ဆရာဝန်ကြီးဖြစ်နေပြီးမှကလေးလိုလုပ်တုန်း'ဆိုပြီးပြောလိမ့်ဦးမယ်။ ဒါပေမယ့်ဆေးရုံမှာတော့တာဝန်အပြည့်နဲ့ဒေါက်တာရှောင်းကျန့်ပေါ့။ အိမ်ရောက်ရင်တော့အိမ်ရဲ့အငယ်ဆုံးလေးအားကျန့်လုပ်ဦးမှာပဲ။
"ပါး! မား! ကျင်းကော်! ကျွန်တော်ပြန်လာပြီ"
ခြံတံခါးအသေးလေးကိုတွန်းဖွင့်နေရင်းကနေလှမ်းအော်လိုက်တော့ ရှောင်းကျန့်ရဲ့အချစ်တော်ကျင်းကော်ကအပြေးရောက်လာတယ်။ ဒီဟာမလေးဟာတော့လေ။
"အားကျန့်လာပြီပဲ မျှော်နေတာ"
ခပ်ပွပွအနွေးထည်ကြီးဝတ်ထားတဲ့မားမားကရှောင်းကျန့်အနားကိုပြာပြာသလဲရောက်လာတယ်။ မီးဖိုထဲကထွက်လာပုံရတဲ့မားမားမျက်နှာမှာအိုးမဲတွေလည်းနည်းနည်းပေနေသေးတယ်။ အသက်အရမ်းကြီးနေတာမဟုတ်ပေမယ့် မငယ်တော့တဲ့မားမားအတွက်အိမ်အကူခေါ်ထားဖို့ရှောင်းကျန့်ပြောဖူးတယ်။ 'မင်းပါးပါးကမားမားချက်ကျွေးမှစားချင်တာ'ဆိုတဲ့စကားကြောင့်အထမမြောက်ခဲ့ပါဘူး။ အကဲပိုလွန်းတယ်လို့လည်းရှောင်းကျန့်တွေးဖူးတယ်။
"ပါးရော မား"
"မင်းပါးပါးစာကြည့်ခန်းထဲမှာရှိတယ်
သိတဲ့အတိုင်းသူကစာဖတ်ရင်ဘာမှသိတော့တာမဟုတ်ဘူး အဲ့တော့အားကျန့်အသံကိုမကြားဘူးနဲ့တူတယ်"
ရှောင်းကျန့်လက်ထဲကခရီးဆောင်အိတ်ပေါ့ပေါ့လေးကိုလက်လွှဲယူရင်းမားမားကပြောပါတယ်။ ချစ်ခြင်းမေတ္တာဆိုတာဘာလဲလို့မေးရင်ကိုယ်တိုင်မကြုံဖူးခဲ့ပေမယ့် ပါးပါးနဲ့မားမားကိုကြည့်ပြီးသိလာခဲတယ်။ ပါးပါးအတွက်မားမားချက်ပေးတဲ့သီးသန့်ဟင်းလျာတွေ၊ မားမားသဘောကျလို့ဆိုပြီးပါးပါးစိုက်ခဲ့တဲ့ခြံထဲကပန်းပင်တွေ စသဖြင့်အရာအားလုံးဟာချစ်ခြင်းမေတ္တာရဲ့ပြယုဂ်တွေပါပဲ။
"ကျင်းကော် ကိုကို့ဆီလာ
ကိုကိုကအများကြီးလွမ်းနေတာ"
အိမ်ထဲရောက်တော့ခြေထောက်နားမှာပွတ်သီးပွတ်သပ်လာလုပ်နေတဲ့ကျင်းကော်ကိုရှောင်းကျန့်ပွေ့ချီထားလိုက်တယ်။ ရှောင်းကျန့်ရဲ့အချစ်တော်ဆိုတဲ့ဂုဏ်ပုဒ်နဲ့ထိုက်တန်စွာပဲ ကျင်းကော်ကရှောင်းကျန့်လက်တွေကြားထဲမှာငြိမ်ဝပ်ပိပြားလို့။
"ကိုကိုမရှိတုန်းရည်းစားတွေများထားနေသေးလား ရှောင်ကျင်းကော်
ကြောင်အိမ်ထဲကပုစွန်ခြောက်တွေခိုးစားချင်စား
ရည်းစားတော့မထားနဲ့"
ကြောင်တစ်ကောင်ကိုတယုတယနဲ့ကလေးဆန်ဆန်မေးခွန်းတွေမေးနေတာကိုသာ ဆေးရုံကလူနာတွေမြင်ရင် 'ဒါဒေါက်တာရှောင်းကျန့်မှဟုတ်ရဲ့လား'ဆိုပြီးရင်ဘတ်ဖိပြီးမေးကြလိမ့်မယ်။ ရှောင်းကျန့်ကသူ့အိမ်မှာတော့ကလေးပဲ။ ရှောင်ကျင်းကော်ကတော့သူ့ညီမလေးပေါ့။
"အားကျန့် ခရီးပမ်းလာသေးလား"
ကျင်းကော်ကိုစကားပြောနေတုန်း ပါးပါးရောက်လာတာကြောင့်ရှောင်းကျန့်လည်းကျင်းကော်ကိုအရင်အောက်ချလိုက်တယ်။ ညီမတော်ကျင်းကော်ကတော့ထွက်ပြေးသွားပြီ။ ရှောင်းကျန့်ပြောတာကိုအဟုတ်ထင်ပြီးပုစွန်ခြောက်တွေသွားခိုးစားတာတော့မဟုတ်လောက်ဘူးမလား။ မားမားကဆူရင်ရှောင်းကျန့်နဲ့မဆိုင်ဘူး။ ကိုယ့်ဘာသာခံ။
"တစ်လမ်းလုံးအိပ်ပျော်လာတာဆိုတော့မပမ်းဘူးပဲပြောရမှာပေါ့ ဘာမှလည်းမသိလိုက်ဘူးလေ"
ရှောင်းကျန့်စကားကြောင့် ပါးပါးကရယ်တယ်။
"ကျင်းကော်ကတော့အချိန်ရှိသ၍မင်းအခန်းထဲဝင်ခွေနေတော့တာပဲ
အားကျန့်ကိုတော်တော်သတိရနေတယ်ထင်တယ်"
ဘယ်ကနေဘယ်လိုပြန်ရောက်လာမှန်းမသိတဲ့ကျင်းကော်ကိုမေးငေါ့ပြရင်းပါးပါးကပြောတယ်။ ရှောင်းကျန့်လည်းကျင်းကော်ကိုအချိန်ရှိသ၍သတိရပါတယ်။ ပြီးတော့ရှောင်းကျန့်အတွက်အဖော်ဆိုတာကျင်းကော်ပဲရှိခဲ့တာကို။ ကျင်းကော်ကရှောင်းကျန့်ရဲ့ညီမအရင်းလေးလိုပါပဲ။ တစ်ခါတစ်လေပုစွန်ခြောက်တွေခိုးစားတဲ့အခါတော့အမျိုးမတော်ချင်ဘူး။ မားမားကအဲ့လိုအခါတိုင်း 'အားကျန့် မင်းညီမကိုဆုံးမဦး'ဆိုပြီးရှောင်းကျန့်ကိုပါရောဆူတတ်တယ်။
"ဆေးရုံမှာအဆင်ပြေရဲ့လား အားကျန့်"
မီးဖိုထဲကနေပြန်ထွက်လာရင်းမားမားကမေးတယ်။ တရားဝန်ဆရာဝန်စဖြစ်တဲ့အချိန်ကနေစပြီး အိမ်ကိုပြန်ဖြစ်တဲ့အချိန်တိုင်း မားမားကမမေ့မလျော့မေးတတ်ပါတယ်။
"ပြေပါတယ် မားရဲ့
ဒါကျွန်တော့်အလုပ်ပဲဟာ"
"အားကျန့်တောင်အများကြီးရင့်ကျက်လာပြီ"
မားမားကရှောင်းကျန့်ပုခုံးကိုအသာပုတ်ရင်းပြောတယ်။ ဒီအတောအတွင်းရှောင်းကျန့်ကလူကြီးလေးဖြစ်လာပြီလို့လည်းမားမားကခဏခဏပြောတယ်။ ပါးပါးကတော့အဲ့လိုအခါတိုင်းပြုံးကြည့်နေတတ်ပါတယ်။
"မား ညကျဖက်ထုပ်လုပ်ကျွေး"
"ဟုတ်ပါပြီ အားကျန့်သဘောပါ"
"ငယ်ငယ်ကလိုဝက်ရုပ်ကလေးလုပ်ပေးနော်"
ရှောင်းကျန့်အပြောကြောင့် မားမားရော၊ပါးပါးရောရယ်ကြတယ်။ ရှောင်းကျန့်ငယ်ငယ်တုန်းကဖက်ထုပ်ပြုတ်စားတိုင်း မားမားကအရုပ်လေးတွေလုပ်ပေးတတ်တယ်။ ခွေးရုပ်၊ဝက်ရုပ်စသဖြင့်ပေါ့။ ရှောင်းကျန့်ကခုထိဝက်ရုပ်ဖက်ထုပ်ကိုစားချင်နေတုန်းပဲ။
"အားကျန့်ကတော့လေ တကယ့်ကလေးလိုပဲ"
မားမားစကားကိုကြားတော့ရှောင်းကျန့်ပါလိုက်ရယ်မိသွားတယ်။ အဲ့ဒီလိုပါပဲ။ ဇာတိဟာခဏဆိုလည်းအေးချမ်းတယ်။
#TayyYizhan
31.1.2023(Tue)
A/N အပ်ပုဒိတ်အရမ်းကြာတော့တင်ရမယ့်တေးတေးတောင်ရင်တွေခုန်နေတာ🤣
ဒါနဲ့ကိုကိုကလေဆရာဝန်ဆိုပေမယ့်အရမ်းရင့်ကျက်တာမျိုးမဟုတ်ဘဲနဲ့ ကလေးလေးလိုသွက်"လက်"လေးပုံစံပါနော်။