စားပွဲပေါ်ကဟင်းပွဲတွေကိုကြည့်ကာ စကားဖြူ
ဘယ်ဟင်းခွက် အရင် နှိုက်ရမှန်းမသိဖြစ်နေသည်။
ရွာဦးကျောင်းဆရာတော်ဆီ လာရောက်ဂါရဝပြု၍
ဆေးရုံအကြောင်း လျှောက်တင်ပြီးနောက် ဆရာတော်က ဘုန်းကြီးကျောင်းမှာ နေ့လည်စာ
စားသွားစေသည်။
ကပ္ပိယကြီးက သူမအတွက် ထမင်းပွဲပြင်ပေးရင်း
"ဆရာမလေး..စားနော်..ဟင်းတွေလဲထည့်စား
ကျုပ်က ဆရာမလေး ဘာကြိုက်မှန်းမသိတော့
ထည့်မပေးရဲဘူးဗျ"
"သရက်ချဥ်သုပ်၊ ပဲညှောက်ပေါက်ကြော်၊ မုန်
လာဥချဥ်ရည်ဟင်း ၊ဒါက မျှစ်သုပ် ၊ ဝက်ပုန်းရည်
ငပိရည် ၊ တို့စရာ စားချင်တာထည့်စားဗျ "
"ဟုတ်ကဲ့"
ကပ္ပိယကြီးက ဟင်းပွဲနာမည်တွေရွတ်ပြရင်း
ထပ်ပြောသည်။
စကားဖြူ မုန်လာဥချဥ်ရည်ဟင်းကို ဇွန်းဖြင့်
ခပ်၍ သောက်လိုက်သည်။
"ဟို..ငယ်ထွေး ကော ဘယ်ရောက်သွားလဲ
မသိဘူး"
ထမင်းတစ်လုပ် စစားခါနီး ကပ္ပိယကြီးကိုမေး
လိုက်သည်။
ဘုန်းကြီးကျောင်းကိုလာခဲ့တုန်းက သူမတစ်ယောက်
တည်းမဟုတ်ချေ။
သူကြီးက ဟိုဘက်ရွာမှာ နာရေးရှိသည်ဆို၍ လိုက်မလာနိုင်။ဒါကြောင့် သူ့သမီးကို လိုက်ပို့စေတာကြောင့်
ငယ်ထွေး နှင့်အတူ လာခဲ့ခြင်းဖြစ်သည်။
"သြော်...စောနကပဲ ကိုယ်တော်လေး ဘာခိုင်း
လိုက်သလဲမသိဘူး ရွာထဲပြန်သွားတယ်
ဂွတို ပြန်မလာသေးလို့ သူ့ကိုခိုင်းလိုက်တာဖြစ်မယ်
ပြန်မရောက်သေးဘူး ၊ ဆရာမလေး ပြန်ရင်
ဂွတို ပြန်ရောက်နေပြီ သူလိုက်ပို့ပေးလိမ့်မယ်"
"ဟုတ်ကဲ့"
စကားဖြူ ထမင်းဆက်စားလိုက်သည်။
ထမင်းစားပြီးတော့လဲ အချိုတည်းဖို့ဆိုပြီး
အညာဒေသထွက် မုန့်တွေနှင့် ဧည့်ခံပြန်သည်။
ဘုန်းကြီးကျောင်းဆိုတော့လဲ စားစရာကပေါသား။
အုန်းမလိုင်ခဲလေး တစ်ခုကိုစားနေချိန်မှာပဲ
ငယ်ထွေး ဆွမ်းစားကျောင်းပေါ် တက်လာတာကို
တွေ့လိုက်ရသည်။
"ကပ္ပိယကြီး မုန့်လေးဘာလေးကျွေးပါဦး
အမလေး မောလိုက်တာ "
မုန့်တောင်းပြီးမှ မောရမှန်းသတိရသွားသည့်
ငယ်ထွေးက ခေါင်းမှာဆောင်းလာသည့် ဝါးခမောက်
ကိုချွတ်၍ ယက်ခက်ရင်း ပြောသည်။
တိုင်တစ်လုံးကို ကျောမှီ၍ ထိုင်လိုက်ပြီး စကားဖြူ
ရှေ့က မုန့်တွေထည့်ထားသည့် လင်ဗန်းကို လှမ်း
ကြည့်သည်။
သူမတို့နှစ်ယောက်ထိုင်နေသည်က ခြောက်ပေလောက်တော့ လှမ်းသည်။
"ဆရာမလေး ဒါက သံပုရာအချိုပေါင်း
စားကြည့်ပါလား "
ကပ္ပိယကြီးက ငယ်ထွေးကို အဖက်မလုပ်ပဲ စကားဖြူ ကိုသာ အရေးတယူနှင့် ပြောနေသည်။
ငယ်ထွေးက နှာခေါင်းရှုံ့ကာ မျက်နှာလွှဲသွားသည့်
ပုံကြောင့် စကားဖြူ ပြုံးလိုက်မိသည်။
ထို့နောက် ကပ္ပိယကြီးကို ငယ်ထွေးအား မုန့်တွေ
ချပေးရန် အချက်ပြလိုက်တော့
"စားပါဆရာမလေးရယ် သူကဒါတွေစားဖူးတယ်
အလကား ငတ်ကြီးကျနေတာ ၊ ဆရာမလေးတို့က
ဒီရောက်မှ အညာဒေသကထွက်တဲ့ မုန့်တွေ တဝ
ကြီးစားရတာ "
"ကျုပ်ကလဲ အဲ့မုန့်ကို တောင်းနေတာမဟုတ်ပါဘူး
ဘဘုန်းကို ဟိုတနေ့က မြို့ကဧည့်သည်တွေ လှူ
သွားတဲ့ ဘီစကစ်မုန့်ကို တောင်းနေတာ
ဘဘုန်းက သချီးထူလို့ ကျုပ်ကိုအဲ့မုန့်ပုံးပြန်စွန့်
လိုက်တယ် အဲ့ဒါ ကျက်သရေခန်းထဲက သွားထုတ်
ပေး "
"အထွေးရယ် နင်ကလဲ ဇွတ်
ပြန်ရင်ပေးမယ် ဟုတ်ပြီလား အစားအသောက်နဲ့
ဆို ရကိုမရဘူး "
"ဒါကတော့ များများစားမှ အလုပ်များများလုပ်
နိုင်မှာပေါ့"
ငယ်ထွေးက ထိုင်ရာမှထကာ ရေအိုးထဲမှ ရေတစ်ခွက်ခပ်သောက်၍ ပြန်ပြောသည်။
စကားဖြူကတော့ သူတို့နှစ်ယောက် အပြန်လှန်
ပြောနေကြတာကိုပဲ နားထောင်နေလိုက်သည်။
.......
ကပ္ပိယကြီးလက်ထဲက ဘီစကစ်မုန့်ပုံးကိုမြင်တော့
ငယ်ထွေးမျက်နှာ ဝင်းလက်သွားသည်။
"ကိုယ်တော်လေး နင့်ကိုဘာခိုင်းတာလဲ"
"ဘကြီးဦးဖေတင့်ဆီက တရားစာအုပ်တွေ သွားယူ
ခိုင်းတာ မြို့က ဘကြီးရဲ့သားဝယ်ပေးလိုက်တာဆို
လား ၊ အဲ့ဒါသွားယူရင်း လှည်းပါယူလာလို့ ကြာနေ
တာ "
"သြော်"
"ဆရာမ ပြန်တော့မလား "
"အင်း ပြန်ကြမယ်လေ ဆေးရုံကိုလဲ သွားရဦးမယ်"
ငယ်ထွေးကခေါင်းညိတ်ပြကာ ဆွမ်းစားဆောင်ပေါ်
ကနေအရင်ဆင်းသွားသည်။
စကားဖြူ ကပ္ပိယကြီးကို နှုတ်ဆက်ပြီးထွက်လာခဲ့
သည်။
ငယ်ထွေးကမုန့်ပုံးကိုပိုက်၍ လှည်းပေါ်အရင်တက်
သည်။ သူကတော့ဘောင်းဘီနှင့်မလို့ ကျော်ခွ၍
တက်လိုက်ပေမယ့်
စကားဖြူမှာတော့ လှည်းပေါ်တက်ဖို့အခက်တွေ့နေသည်။
လှည်းတစ်ခါမှ မစီးဖူးတာကြောင့် ရှေ့ကငယ်ထွေး
ကို ကြည့်လိုက်သည်။
လှည်းကလဲ သူမခါးစောင်းထက်အနည်းငယ်ပိုမြင့်
နေသည်။
ငယ်ထွေး နောက်ကိုလှည့်ကြည့်လိုက်တော့ စကားဖြူက အခုထိလှည်းပေါ် မတက်ရသေးတာကြောင့်
"ဆရာမတက်လေ...ဘာဖြစ်လို့လဲ"
"ဟို...လှည်းက မြင့်နေလို့ "
ငယ်ထွေး လက်ထဲကကြိမ်လုံးကိုပြန်ချကာ လှည်း
ပေါ်က ပြန်ဆင်းလာပြီး ကျောင်းဝန်းထဲ ဟိုဟိုသည်
သည် ကြည့်ကာ သစ်တုံးတစ်တုံးကို မလာလေသည်။
"ဒီပေါ်ကိုနင်းပြီး တက်လိုက် "
စကားဖြူ ငယ်ထွေးပြောသလို သစ်တုံးပေါ်သို့
နင်း၍ တက်လိုက်သည်။
သူမနင်းလိုက်သည်နှင့် သစ်တုံးကအနည်းငယ်
လှုပ်သွားတာကြောင့် လန့်ပြီး ငယ်ထွေးပခုံးကို
လှမ်းကိုင်လိုက်တော့ ငယ်ထွေးကလဲ လန့်ပြီး
သူမခါးကိုလက်နှစ်ဖက်ဖြင့် ကိုင်၍ ထိန်းလိုက်ရ
သည်။
ဒီတိုင်းဆိုလျှင် ဒီနေ့အဖို့ လှည်းပေါ် ရောက်မည်မ
ဟုတ်တော့ ။
ထို့ကြောင့် ငယ်ထွေး စကားဖြူရဲ့ ခါးသွယ်သွယ်
ကနေလက်နှစ်ဖက်ဖြင့် မ၍ချီကာ လှည်းပေါ်
တင်ပေးလိုက်တော့သည်။
"အင့်.."
တင်ပါး အနည်းငယ်နာသွားပြီး
ငယ်ထွေးရဲ့ ပခုံးနှစ်ဖက်ပေါ် တင်ထားသော လက်
တွေကို ပြန်ရုတ်ကာ စကားဖြူ
ရှက်ရှက်ဖြင့် ခေါင်းငုံ့ထားလိုက်သည်။
စိတ်ကလဲ နည်းနည်းမှ မရှည်ပါ့လားနော်။
လူကိုများ ကော်ပတ်ရုပ် ထင်နေသလားမသိ။
နေပူနေပြီး စကားဖြူခေါင်းမှာ အဆောင်းမပါ
တာကြောင့် ငယ်ထွေးက သူ့ခမောက်ကို ချွတ်၍
စကားဖြူခေါင်းပေါ် ဆောင်းပေးလိုက်သည်။
ညင်ညင်သာသာတော့ တစ်ချက်မှမရှိ။
ဒါကတော့ သူ့နဂိုဗီဇကြောင့် ဖြစ်ပါလိမ့်မည်။
အခုလိုကျပြန်တော့လဲ သူက အလိုက်သိတတ်
သားပဲ။
စကားဖြူ ဦးထုပ်ကို သေချာဆောင်းကာ ပြုံးလိုက်
သည်။ငယ်ထွေးက သစ်တုံးကိုပြန်မ၍ နေရာတကျပြန်ထားကာ လှည်းပေါ်ပြန်တက်လာပြီးနောက်
လက်ထဲကကြိမ်ဖြင့် နွားတွေကို တို့လိုက်ကာ
"ဟဲ့..သားကြီးတို့...သွားကြမယ်ဟေ့"
.....
လှည်းတစ်စီးထဲပေါ်မှာ ကျောခိုင်းလျက်သားနှင့်
လိုက်ပါလာကြသည်။
ငယ်ထွေးကတော့ လှည်းကို ဖြည်းဖြည်းပဲ မောင်း
နေသည်။စကားမပြောဖြစ်ကြ။
တကယ်တော့ ငယ်ထွေးက စကားပြောချင်သည်။
သို့သော် ဘယ်ကစပြောရမှန်းမသိပဲ အခက်တွေ့
နေသည်။
ဆရာမလေး ရောက်စက သူဧည့်ဝတ်ကျေကျေနဲ့
မဆက်ဆံခဲ့မိဘူး မဟုတ်လား။
ဘုန်းကြီးကျောင်းကို အသွားတုန်းကလဲ ခြေလျင်
ဆိုတော့ သူကအရှေ့က ဆရာမလေးက အနောက်
က တစ်လမ်းလုံး စကားမပြောဖြစ်ကြပဲ ရောက်
သွားတာ ။
တစ်အိမ်ထဲ အတူနေပြီး (အဲ..အရှေ့အိမ်နဲ့ အနောက်
အိမ်တော့ ကွာတာပေါ့) စကားမပြောဖြစ်တာကတော့
မဟုတ်သေးဘူး ဟု သူထင်သည်။
အစ်ကိုနှစ်ယောက်နှင့်တောင် ဆရာမက ရင်းနှီးနေပြီ။
"အထွေး....အထွေး....လုပ်ပါဦး"
ဆေးရုံထဲရောက်ရုံရှိသေး ကလေးကိုပွေ့၍
ဆေးရုံဘက်ပြေးလာနေသည် ကိုကြီးဘဦး
ကိုမြင်တော့ ငယ်ထွေး လှည်းပေါ်က ဆင်းလိုက်ကာ
"ဘာဖြစ်လာတာလဲ ကိုကြီးဘဦး"
"ငါ့သားပိုးထိလို့ဟ "
"ဟင်..."
စကားဖြူ လှည်းပေါ်ကနေခုန်ချကာ ကလေးပွေ့
ထားသော လူဆီသို့အပြေးသွားလိုက်သည်။
"ကလေးကို ဆေးရုံထဲခေါ်သွား "
"ဘာမြွေကိုက်တာလဲ "
"မြွေပွေး "
နောက်ကလိုက်လာသည့်ဘထူးက သူ့လက်ထဲက
မြွေသေကောင်ကို ပြရင်းပြောသည်။
ဘဦးမျက်နှာ သွေးမရှိတော့သည့်နှယ် ဖြူစုတ်နေ
သည်။ သူ့လက်ထဲကပွေ့ထားသော ကလေးကတော့
နှုတ်ခမ်းတွေပြာနှမ်းကာ မှိန်းနေသည်။
"ကလေးကိုသတိမလစ်စေနဲ့ "
စကားဖြူက သူနာပြုဆရာမကို လိုအပ်သည့်ဆေး
နှင့်ပစ္စည်းတွေ ယူလာခိုင်းလိုက်ပြီး
ကလေးကိုစမ်းသပ်စစ်ဆေးသည်။
"ဒီလိုဖြစ်တာဘယ်လောက်ကြာပြီလဲ"
"ဆယ့်ငါးမိနစ်လောက်တော့ရှိမယ်ထင်တယ်
လျှောက်ဆော့နေရင်းက ပြန်လာပြီး အိမ်ယာထဲ
ခွေနေလို့ သွားကြည့်ရင်းက ပိုးထိမှန်းသိတာ
ဆရာမလေးရယ် ကျုပ်သားလေးကို ကယ်ပေးပါ
နော် ကျုပ်သားလေးကိုကယ်ပေးပါ "
ဘဦးကမျက်ရည်တွေကျရင်း စကားဖြူကို
လက်အုပ်ချီ၍ တောင်းဆိုနေသည်။
စကားဖြူ ခေါင်းညိတ်ပြကာ ကလေးရဲ့ခြေထောက်က မြွေကိုက်ဒဏ်ရာကိုဆေးကြောပေးပြီးနောက်
အဆင့်ဆင့်ဆက်လက်ကုသသည်။
သူမကတဆင့်ချင်းကို စိတ်အေးအေးထားပြီး
လုပ်ဆောင်သွားသည်။
တစ်နာရီကျော်လောက်ကြာတော့
"ကျွန်မသားလေး....ကျွန်မသားလေး..."
မတင်အေးကပုဆိုးစလေးကိုင်ကာ ဆေးရုံထဲ
ငို၍ ပြေးဝင်လာသည်။
တစ်ကိုယ်လုံးလဲချွေးကိုရွှဲလို့ ၊ခြေထောက်နှင့်
ခပ်တိုတိုဝတ်၍ထားသော ချည်
ထဘီအောက်အနားစမှာလဲ ဖုန်တွေပေနေသည်။
စျေးလိုက်ရောင်းနေရာမှ သူ့သားသတင်းကြား
ပြီး အပြေးရောက်လာတာဖြစ်မည်။
ဖိနပ်ပင်မပါချေ။
"မြွေဆိပ်ဖြေဆေး ထိုးပေးထားတယ်
အသက်အန္တရာယ်တော့မစိုးရိမ်ရတော့ဘူး"
စကားဖြူ့စကားကို သူတို့မယုံရဲယုံရဲနှင့် နား
ထောင်နေကြသည်။
လင်မယားနှစ်ယောက်လုံး မျက်ဝန်းထဲ မျက်ရည်
တွေအပြည့်နှင့် ။
စကားဖြူ ပြုံးပြကာ
"စိတ်မပူနဲ့ ဆေးရုံကိုဒီ့ထက်နောက်ကျမှ ရောက်
လာရင် မြွေဆိပ်ပြန့်ပြီး အသက်အန္တယ်မဆုံးရှုံး
ရင်တောင်မှ ကိုယ်ခန္ဓာအစိတ်အပိုင်းတချို့ ဆုံး
ရှုံးသွားတတ်တယ် ၊ဥပမာ ခြေထောက် ဖြတ်ရတာ
မျိုးပေါ့ ၊ အစ်မ သားလေးက အခု အဲ့ဒီ့အခြေနေ
ကနေ လွတ်မြောက်သွားပြီ "
"ကျေးဇူးတင်ပါတယ် ဆရာမလေးရယ် ၊ ကျေး
ဇူးတင်ပါတယ် "
မတင်အေးက ကျေးဇူးတင်စကား တဖွဖွဆိုရင်း
စကားဖြူကို လက်အုပ်ချီ၍ ကန်တော့ဟန်ပြုတော့
"အို...အဲ့လိုမလုပ်ပါနဲ့...အစ်မရဲ့..ကျွန်မငရဲကြီး
ပါ့မယ်..သားကို ကျွန်မညွှန်ကြားတဲ့အတိုင်း
လိုက်နာပြီး ဂရုစိုက်ပေး ဟုတ်ပြီလား"
"ဟုတ်ကဲ့ဆရာမလေး.."
စကားဖြူက ဆောင်ရန် ရှောင်ရန်တွေကို
သေချာပြောပြပေးသည်။
ထို့နောက် ထိုနေ့ည သူမလဲ ဆေးရုံမှာပဲ အိပ်မည်
ဆိုသောကြောင့် ငယ်ထွေးတစ်ယောက်ထဲ အိမ်ပြန်
လာခဲ့သည်။
အိမ်ရောက်တော့ အမေက သူပြန်ရောက်ရောက်ချင်း
"ဟဲ့...ဘဦးသား ဖိုးလုံး ပိုးထိလို့ဆို
ဟုတ်လား"
"ဟုတ်တယ် အမေ ၊ ဆေးရုံမှာ ဆရာမကုပေး
လိုက်လို့ အသက်အန္တရာယ်မစိုးရိမ်ရတော့ဘူး
တဲ့ "
"အမလေး တော်ပါသေးရဲ့ ၊ ဆရာမလေး ရှိလို့
ပေါ့...ဘုရား သိကြား ကယ်တာ..."
အမေက မိုးပေါ်ကိုမော့ကြည့်ကာလက်အုပ်ချီ၍
ပါးစပ်ကလဲ ပွစိပွစိဖြင့် ရွတ်နေသည်။
"အဘပြန်မရောက်သေးဘူးလား
ဆရာမက ဒီည ဆေးရုံမှာ အိပ်မယ်တဲ့
ကလေးအခြေကို စောင့်ကြည့်ချင်လို့တဲ့"
"ရေချိုးဖို့တောင်ပြန်မလာဘူးလား"
"အမေကလဲ တစ်ရက်တလေ မချိုးတာ ဘာဖြစ်လဲ၊
ရေကုန်သက်သာတာပေါ့ ..
အမေဆို တစ်ပတ်လောက် ရေမချိုးပဲနေဖူးတယ်
မဟုတ်လား..
အဲ့ဒါ ကျုပ် ညနေ ထမင်းချိုင့်သွားပို့ရင်း အိပ်ယာ
လိတ် ယူသွားပေးလိုက်မယ် "
"အေးအေး.."
ငယ်ထွေးကပြောပြီး ထွက်သွားသည်။
ဒေါ်လှကြွယ် သိကြားမင်းနှင့် နတ်ဒေဝါတွေကို
မေတ္တာပြန်ပို့သနေရာမှ
"နေပါဦး...ဒင်းက စိတ်ကောင်းတွေဘာတွေ
ဝင်နေပါ့လား "
ငယ်ထွေး ရေချိုးပြီးနောက် ထမင်းကပြာသသီ
စားကာ မိအေးကိုအိပ်ယာလိတ်တက်ယူခိုင်းပြီး
နောက် လှည်းပေါ်သို့ ဘက်တ္ထရီအိုးနှင့် မီးချောင်း
ပါတင်လိုက်သည်။
ဒေါ်လှကြွယ် လှည်းနားသို့ရောက်လာကာ
"ဟဲ့ အိပ်ယာလိတ်က နှစ်ခုနဲ့ မိအေးပါလိုက်အိပ်
မလို့လား"
"မဟုတ်ဘူး ကျုပ်အိပ်ယာလိတ် ..
ဒီည ကျုပ်လဲ ဆေးရုံမှာပဲ အိပ်လိုက်တော့မယ်
ဆရာမလေး တစ်ယောက်ထဲ ဖြစ်နေမှာဆိုးလို့
မိအေး ထမင်းချိုင့်ယူခဲ့တော့ မမှောင်ခင်သွားမှ
ဆရာမလေး ဗိုက်ဆာနေရော့မယ်"
တစ်ယောက်ထဲအလုပ်တွေရှုပ်နေသည့်သမီးဖြစ်
သူကို ဒေါ်လှကြွယ် ရပ်၍ကြည့်နေတော့သည်။
ငယ်ထွေးက လှည်းမောင်းမထွက်ခင် သူ့အမေကို
လှည့်ကြည့်ကာ
"အဘပြန်ရောက်ရင် မလာနဲ့တော့လို့
မှောင်မှောင်မဲမဲလိုက်လာပြီး သူ့ပါ ပိုးထိနေမှ
ဆရာမလေး ဒုက္ခများနေမယ် "
"သြော်....အေးအေး..."
"ကျုပ်ထော်လာဂျီလဲ သေချာကြည့်ထားဦးနော်
ဆီကုန်လို့ရပ်ထားတာ တော်ကြာ ပစ္စည်းဖြုတ်
ခိုးသွားဦးမယ် "
ထိုသို့ပြောသွားသည့် ငယ်ထွေး က
ထော်လာဂျီစက်နှိုးသည့် ဂေါက်တံကို ခါးကြား
မှာ ထိုး၍ယူသွားလေသည်။
26 Aug 2023