တရှူးရှူးတရှဲရှဲ အသံများ၊ ရယ်မောနေသံများ၊ တထောင်းထောင်းထနေသော အသားကင်နံ့နှင့် အရက်နံ့တို့ကြားတွင် ဆောင်းဟန်ဘင်းမှာ မသက်ဆိုင်သည့် အလား တစ်ယောက်တည်း ထီးထီးကြီး ထိုင်နေသော်လည်း မျက်နှာချင်းဆိုင်မှ ကျန်းဟောင့်မှာတော့ အသားလေးစားလိုက်၊ အရက်လေးကို မော့လိုက် စကားလေးပြောလိုက်၊ ရယ်လိုက် မောလိုက်ဖြင့် အင်မတန်ကို ပျော်ရွှင်နေတော့သည်။
လူ ၉ယောက်ကြားတွင် သူတစ်ယောက်ထဲသာ မည်သည်ကိုမှ မတို့မထိမိ။ အသားကင် မကျက်တကျက် ကလည်း ဝမ်းအတွက် မကောင်း၊ အရက်ကလည်း တစ်ခွက်သောက်ပြီး မှောက်သွားတတ်၍ မကြိုက်။ ကားမောင်းရမည် ဖြစ်၍ ပိုတောင် မသောက်ချင်သေး။
ပျော်နေသော ကျန်းဟောင့်မှာတော့ အဝင် တော်တော်များပြီး အာသွက် လျှာသွက် အပြင် လက်တို့ပါ သွက်လာပြီး ဘယ်ဘက်မှ မက်ချူး၏ ပခုံးပေါ်မှီလိုက်၊ ညာဘက်မှ ယူဂျင်း၏ပါးကို ကိုင်လိုက် တို့ကို လုပ်လာ၍ ဆောင်းဟန်ဘင်းမှာ မျက်ခုံးတို့ လှုပ်လာရတော့သည်။ လက်တွေပါလာပြီဆိုလျှင် မကြာခင် ဘေးလူကို ဖက်နမ်းတော့မည့် အနေအထား မဟုတ်ဘူးလား။
ကျန်းဟောင့်က နောက်တစ်ခွက်ကို ထပ်မံသောက်ဖို့ ပြင်နေတော့ ကျန်းဟောင့် လက်ထဲမှ ခွက်ကို လုယူလိုက်ရင်း တစ်ကျိုက်တည်း မော့လိုက်လိုက်တော့ အားလုံးက တိတ်ဆိတ်သွားပြီးနောက် စက္ကန့်ဝက်အကြာတွင်တော့ ဟေးခနဲ ထအော်ကြတော့သည်။
မကြာလိုက်ပါ ဌာနမှူးကင် ကိုယ်တိုင် ပုလင်းလိုက်ကို ယူချလာပြီး သူ့ဘေးဝင်ထိုင်ကာ ငှဲ့ပေးနေ၍ ယဥ်ကျေးမှုအရ ငြင်းမရဘဲ သောက်လိုက်ရတော့သည်။ ထူးထူးဆန်းဆန်း ဆောင်းဟန်ဘင်း အရက်သောက်နေသည်ကို မြင်ရ၍ တစ်ဌာနလုံးမှ ဝမ်းသာအားရဖြင့် တစ်ခွက်ပြီး တစ်ခွက် လာငှဲ့ပေးနေတော့လည်း ငြင်းမကောင်း၍ သောက်ရပြန်သည်။
၈ခွက်မြောက်ကို သောက်ပြီးချိန်တွင်တော့ ဆောင်းဟန်ဘင်းမှာ မခံရပ်နိုင်အောင် ဖြစ်လာရတော့သည်။ အစာအိမ်က လက်မခံနိုင်တော့သော်လည်း ဂယူဘင်းက အတင်းတိုက်၍ ထပ်သောက်ဖို့ ပြင်တော့ ငြိမ်နေသည့် ကျန်းဟောင့်က တားလာသည်။
"ဂယူ တော်လိုက်တော့။ သူတအား မူးနေပြီ"
မူးနေသည့် သူ့ဘေးကို ရောက်လာကာ ဆွဲထူပေးရင်း ကျန်းဟောင့်က ဌာနမှူးကို တစ်ခုခု လှမ်းပြောလိုက်သည်။ ဌာနမှူး ၂ယောက်က သူတို့ကို ခေါင်းညိမ့်ပြပြီး ကျန်းဟောင့် ၂ယောက်ကလည်း သူ့ကို ငုံ့ကြည့်နေသည်။ ကြည့်နေရင်း ကျန်းဟောင့်က ၄ယောက်တောင် ဖြစ်သွားတော့ သူ့မှာ ရယ်ရခက် ငိုရခက်။
"၄ယောက်တောင်မှ ငါ့ကို ပြုစားနေတာလား"
"ဗျာ!?"
ယိုင်ထိုးနေသည့် သူ့ကို မနည်းတွဲကာ ကားပါကင်ဆီသို့ လျှောက်လာရင်း သူ့အမေးကြောင့် ကျန်းဟောင့်မှာ လမ်းလျှောက်နေရာမှ ရပ်သွားပြီး သူ့ပခုံးပေါ်မှ ဆောင်းဟန်ဘင်းကို ငုံ့ကြည့်လာသည်။
"ကားပေါ် အရင်တက်ရအောင်။ အပေါ်ရောက်မှ မေးတော့နော်"
"ဟုတ်ကဲ့ပါ ခင်ဗျ!"
ယဥ်ယဥ်ကျေးကျေး အသုံးကြောင့် ကျန်းဟောင့်က ရယ်သံစွက်ကာ သူ့ထက် အလေးချိန်ရော အရပ်အမောင်းပါ ပိုသာသည့် ဆောင်းဟန်ဘင်းကို မနည်းဆွဲခေါ်ရင်း အချိန်တစ်ခု အကြာတွင်တော့ ၂ယောက်လုံး ကားပေါ်သို့ အောင်မြင်စွာ ရောက်ရှိသွားလေတော့သည်။
ကားထိုင်ခုံကို မှီရုံသာမှီထားပြီး ငြိမ်နေသော ဆောင်းဟန်ဘင်းကြောင့် ခါးပတ်ကို ပတ်ပေးဖို့ရန် ကျန်းဟောင့်က အနားတိုးမိတော့ ဆောင်းဟန်ဘင်း၏ ပိတ်ထားသော မျက်လုံးတို့က ရုတ်တရပ် ပွင့်လာပြီး သူ့ခါးနားသို့ ရောက်စပြုနေသည့် ကျန်းဟောင့်လက်တို့အား ချုပ်ကိုင်လာတော့သည်။
"ကျွန်တော် ခါးပတ် ပတ်ပေးမလို့ပါ"
"ပြီးမှလုပ်"
"ဗျာ!"
မျက်ခုံးအစုံကို အလယ်သို့ တွန့်ချိုးပြရင်း တစ်ချက် ဟန့်လိုက်သည့် ဆောင်းဟန်ဘင်းကြောင့် ကျန်းဟောင့်မှာ ခေါင်းကိုသာ လိမ်လိမ်မာမာ ညိမ့်ပြရင်း ဆောင်းဟန်ဘင်းဘက်သို့ ယိုင်နေသည့် ကိုယ်ကို ကားမောင်းသူနေရာသို့ ရောက်အောင် ပြန်ဆုတ်မိတော့ ဆောင်းဟန်ဘင်းက သူ့လက်ကို လွှတ်မပေးသည့်အပြင် အနားသို့ နီးအောင်ပင် ပြန်လည် ဆွဲယူလိုက်တော့ နီးကပ်သွားသည်က သူတို့၏ မျက်ဝန်းအစုံ ၂ခု အကြား အကွာအဝေး။
နီးကပ်နေသော အနေအထားနှင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားသောကြောင့် ကျန်းဟောင့်ဆီမှ ရနေကြဖြစ်သည့် ခပ်စူးစူး ရေမွှေးရနံ့က ဆောင်းဟန်ဘင်း၏ နှာဖျားဝသို့ တတိတိ တိုးဝင်လာလေသည်။
အလန့်တကြား ဖြစ်သွားသော မျက်ဆံညိုညိုတို့က ဘယ်ညာပြေးနေပြီး ကျန်းဟောင့်၏ ဝင်သက်ထွက်သက်တို့ကလည်း ဆောင်းဟန်ဘင်း၏ မျက်နှာပေါ် စည်းချက်ညီစွာ ကျရောက်လာတော့သည်။
အဝေးမှသာ ငေးကြည့်ဖူးသော၊ တစ်ပါးသူအတွက် ပြုံးပြလျှင် အမြဲသဝန်တိုရသော၊ တစ်ချိန်က အမုန်းကြီး မုန်းခဲ့ဖူးသော မျက်နှာလှလှလေးကို အနီးကပ် မြင်ရချိန်တွင်တော့ မူးနေသည့် စိတ်များမှာလည်း ကြက်ပျောက်ငှက်ပျောက်။
ဆောင်းဟန်ဘင်းမှာ အရက်သောက်ပြီး ရဲဆေးတင် ကြသည့် အဖြစ်အပျက်များအား ကြားဖူးနားဝ ရှိသော်လည်း သူ့ကိုယ်တိုင်ပါ ဤ အခြေအနေသို့ ရောက်လာလိမ့်မည်ဟု တစ်ခါမှ မတွေးဖူးခဲ့။ အရက်ကို အာသွက်စေရန် သောက်ခဲ့ခြင်း မဟုတ်သော်လည်း မဖြစ်မနေသောက်ခဲ့ရ၍ အာသွက်စ ပြုလာသည်တော့ အမှန်ပင်။
ကျန်းဟောင့်၏ ရဲရဲနီနေသော နှင်းဆီဖူးသဖွယ် နှုတ်ခမ်းအစုံတို့အား မကြည့်မိစေရန် သတိထားနေသော်လည်း မကောင်းသည့်အရာဆိုလျှင် တားဆီး၍ မရနိုင်သော လူတို့၏ စိတ်ကြောင့် ထိုနှုတ်ခမ်းတို့အား ဖျတ်ခနဲ ခဏတာ ကြည့်ပြီးလျှင် အကြည့်လွှဲလိုက်မည်ဟု တွေးလိုက်ကာ သွားကြည့်လိုက်မိသည်က ပြဿနာတွင်းထဲသို့ ခုန်ဆင်းလိုက်ခြင်းသာ ဖြစ်တော့သည်။
သူစိုက်ကြည့်နေသည်ကို မြင်သွား၍ အံ့သြကာ ခပ်ဟဟ ဖြစ်သွားသည့် နှုတ်ခမ်းဖူးဖူးလေးက သူ့အတွက်တော့ သိမ်းပိုက်လှည့်ပါဟု စကားဆိုနေသည့်အလား။
သေမထူး နေမထူးတော့ပြီမို့ ရဲဆေးကို အဆုံးထိတင်ပြီး ဘယ်ဘက်လက်ဖြင့် ကျန်းဟောင့် မျက်နှာ နူးနူးညံ့ညံ့လေးကို အုပ်ကာကိုင်လိုက်ပြီး မျက်စိကို စုံမှိတ်ကာ ရှေ့ဆက်မိတော့ နောက်သို့ တွန့်သွား၍ ညာဘက်လက်ဖြင့် ကျန်းဟောင့်၏ ခေါင်းကိုထိန်းကာ အနမ်းမိုးတို့အား ရွာသွန်းမိတော့သည်။
မိုးဖွဲဖွဲလေးရွာနေရာမှ သည်းသထက် သည်းလာကာ လေပြင်းတို့ပါ ဝင်လာချိန်တွင်တော့ လက်သီးဆုပ်တို့က ဆောင်းဟန်ဘင်း ရင်ကို အဆက်မပြတ်လေး ထုရိုက်လာတော့သည်။ အရှိန်ကို မရပ်တန့်နိုင်သေး၍ ရှေ့ဆက်နေသော်လည်း ထုရိုက်ခြင်းက စိပ်လာပြီး ပိုမို နာကျင်လာရ၍ သိမ်းပိုက်ထားသော နှုတ်ခမ်းတို့အား လွှတ်ပေးလိုက်မိတော့သည်။
ထိုအခါမှသာ လစ်လပ်သွားသော အောက်စီဂျင်ကို အဝရှူရှိုက်ကြရင်း ပူးကပ်နေရာမှ ခွာမိကြတော့သည်။ မိမိမှာ မူးနေသည်ဟု ထင်နေသော်လည်း လုံးဝ မမူးတော့သည့်အပြင် အတွေးတိမ်ပြီး ရူးမိုက်စွာ ကျူးလွန်မိသည့် မိမိ၏လုပ်ရပ်ကြောင့် ဆောင်းဟန်ဘင်းမှာ ကားထဲမှ ဆင်းပြေးကာ တိုင်နှင့်ခေါင်းကိုသာ သွားဆောင့်ချင်နေတော့သည်။
အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ကျန်းဟောင့်ဘက်မှ စကားကိုစလာသည်။
"ဆောင်းဟန်ဘင်း အိမ်ကို လိုက်ပို့ပေးပါ့မယ်။ ဒီမှာ location လေး တစ်ချက်လောက်"
"ဟုတ် ဟုတ်ကဲ့"
ကားစတင် ထွက်လာကတည်းက လမ်းတစ်ဝက်ကျိုးသည်အထိ ကားထဲမှ ဖွင့်ထားသော သီချင်းသံ တိုးတိုးလေးမှ လွဲ၍ မည်သည့် သက်ရှိဆီကမှ စကားသံ မထွက်လာကြ။ မျက်နှာပူနေသော ဆောင်းဟန်ဘင်းကသာ ဆုံးဖြတ်ချက် အကြိမ်ကြိမ်ချပြီး တောင်းပန်စကားကိုသာ စပြောလိုက်တော့သည်။
"ကျွန်တော် တောင်းပန်ပါတယ်"
"ရပါတယ်။ ဆောင်းဟန်ဘင်းက မူးနေတာဆိုတော့"
"ကျွန်တော် မမူးနေပါဘူး"
"ဆောင်းဟန်ဘင်းက နောက်တယ်ဗျာ။ မမူးဘူး ဆိုကတည်းက မူးနေတာပဲလေ။ ဒါတွေက ဘာမှတော့ မဟုတ်ပါဘူး။ ကျွန်တော် နားလည်ပါတယ်။ အေးဆေးပေါ့ဗျာ။ မူးနေတုန်းတောင် မှားတတ်ကြသေးတာပဲ။ နမ်းတာလောက်ကတော့ အိုကေပါတယ်။ ကျွန်တော်တွေ့ဖူးတဲ့ တစ်ခြားသူတွေဆို အခုထက် ပိုဆိုး...."
"ကျန်းဟောင့်!!!"
ဆောင်းဟန်ဘင်း၏ ဒေါသတကြီး ထအော်သံကြောင့် ကျန်းဟောင့်ခမျာ ကားမောင်းနေရာမှ ဘရိတ်ပင် အုပ်မိတော့မလို ဖြစ်သွားရသည်။
"ကားရပ်လိုက်!!"
တစ်ခါမှ မကြားဖူးသော ဆောင်းဟန်ဘင်း၏ ဒေါသတကြီး အော်သံကြောင့် ကျန်းဟောင့်မှာ အင်မတန်ပင် ကြောက်မိသွားရပြီး ကားကို လမ်းဘေးသို့ ကပ်ကာ ရပ်လိုက်ရတော့သည်။
"ခင်ဗျား ဘာစကားပြောလိုက်တာလဲ"
ကားရပ်ပြီးသည်နှင့် သူကို လက်၂ဖက်ဖြင့် ဆွဲလှည့်ကာ မေးလာသည့် ဆောင်းဟန်ဘင်းကြောင့် ကျန်းဟောင့်မှာ စကားအမှားများ ပြောလိုက်မိလေသလားဟု စဥ်းစားရတော့သည်။
"ကျွန်တော် နမ်းလိုက်တာကို မူးနေလို့ လိုက်နမ်းတယ်ထင်တာလား"
"အဲ မဟုတ်။ ကျွန်တော်က ခင်ဗျား အနေခက်မှာ စိုးလို့လေ"
"မူးရင် မှားတတ်ကြတယ်ဆိုတော့ ခင်ဗျားက ဘယ်သူတွေနဲ့ မှားလိုက်သေးတာလဲ။ မူးတိုင်း လိုက်နမ်းနေတာလား"
မာနကို ထိခိုက်လာတော့ အေးဆေး ငြိမ်ကာ နားထောင်နေသည့် ကျန်းဟောင့်မှာလည်း မငြိမ်နိုင်တော့။
"စကားပြောတာ လွန်နေပြီ မထင်ဘူးလား၊ ဆောင်းဟန်ဘင်း။ ခင်ဗျား ကျွန်တော့်ကို စော်ကားတာတွေ များနေပြီနော်။ သည်းခံတယ်ဆိုတိုင်း ရောင့်တက်မလာနဲ့ဗျ"
"ခင်ဗျားက ဘာကိုသည်းခံလို့လဲ။ မူးနေတိုင်း သည်းခံပြီး လူတိုင်းဆီက အနမ်းခံတာကိုလား။ မဟုတ်ရင် အရက်မူးတိုင်း မှား ...."
ထူပူသွားသော ပါးတစ်ဖက်နှင့် အတူ ခပ်တိုးတိုးလေး ကြားလိုက်ရသော ရှိုက်သံတစ်ချို့။ ပါးရိုက်ခံလိုက်ရမှ အသိစိတ်ကပ်သွားရပြီး တစ်ဖက်သို့ လှမ်းကြည့်မိတော့ မျက်ရည်ဝဲကာ သူ့ကို ကြည့်နေသည့် ကျန်းဟောင့်။
"ကျန်းဟောင့်... ကျွန်တော်...ကျွန်တော် တောင်းပန်ပါတယ်"
"မူးနေတာလို့ သတ်မှတ်ထားတဲ့အပြင် ခင်ဗျားဖြစ်နေတာမို့လို့ ကျွန်တော် သည်းခံလိုက်မယ်။ နောက်တစ်ခါ ကျွန်တော့ ကိုယ်ကျင့်တရားကို မစော်ကားမိပါစေနဲ့။ ခင်ဗျားပါးစပ်က ပြောတာမို့လို့ ပိုပြီး ရင်နာရတယ်။ အိမ်ပြန်ရောက်ရင် ကောင်းကောင်းနားလိုက်ပါ"
"ကျွန်တော် တစ်ကယ် တောင်းပန်ပါတယ်။ အသိစိတ် လုံးဝလွတ်သွားတာ မို့လို့ပါ။ ကျွန်တော် အသုံးမကျတာမို့လို့ ကျန်းဟောင့် မကျေနပ်ရင် ကျွန်တော့် မျက်နှာကို စုတ်ပြတ်သတ်သွားတဲ့အထိ ထိုးတာဖြစ်ဖြစ်၊ ရိုက်တာ ဖြစ်ဖြစ် လုပ်လိုက်ပါ"
"ခင်ဗျား အခု အရမ်း စိတ်ဆတ်နေတာမို့လို့ အေးဆေးဖြစ်သွားမှ စကားဆက်ပြောကြတာပေါ့။ တအားနောက်ကျနေပြီလေ"
ပင်ပန်းနေသည့် လေသံကြောင့် ဆောင်းဟန်ဘင်း မည်သည်ကိုမှ အထွန့်မတက်တော့ဘဲ တိတ်တဆိတ်သာ နေလိုက်တော့သည်။ စိတ်ထဲတွင်တော့ မိမိကိုယ်ကို ဓါးဖြင့် နုတ်နုတ်စဥ်းနေရင်းပေါ့။
×××××
Error ထပ်တက်လို့ ၃ပိုင်းထိ ခွဲရပြန်ပါပြီ။ ㅠ
18.07.23