အီဂျောင်ဟျွန်းတို့ ထယ်ရယ့်ဆီကနေ ဆိုးလ်ကို ရောင်နေပြီဆိုတဲ့ စာကို ရတဲ့နေ့ကတည်းက ထိုင်မရ ထမရ။ ဟုတ်သည်လေ။ သူထယ်ရယ့်ကို သိပ်တွေ့ချင်နေပြီ။ နှစ်တွေအကြာကြီး စောင့်ခဲ့ရသည် မဟုတ်လား။
သူနှင့်ရွယ်တူ တက္ကသိုလ်ပထမနှစ်တက်မယ့် ထယ်ရယ်က ဘယ်လိုပုံစံလေးဖြစ်မလဲ။ ဘယ်လို အသံမျိုးရှိမလဲ။ အမျိုးမျိုးစိတ်ကူးယဉ်ကြည့်ခဲ့ရတာ။ ဒါပေမဲ့ ထယ်ရယ်ကော သူကော စကားမစမိသေး။ ထယ်ရယ်ကတော့ ကျောင်းကိစ္စတွေနှင့် နေဖို့ထိုင်ဖို့ စီစဉ်နေရတာကြောင့် မအားတာမျိုး ဖြစ်နိုင်ပေမဲ့ သူကတော့ ချိန်းဖို့ကို မရဲသေးတာ။
ဘာပဲဖြစ်ဖြစ် တစ်နေ့တော့ ငါတို့တွေ တွေ့ကြမှာပဲလေ။ တစ်ခါမှ မတွေ့ဖူးပေမဲ့ ဒီကြားထဲ အမှတ်မထင်များ တွေ့ခဲ့ကြရင် နှလုံးသားလေးက မင်းကို မှတ်မိကောင်းပါရဲ့။
ထယ်ရယ် ဆိုးလ်ကို ရောက်ကတည်းက အချိန်ပိုင်းအလုပ် ကျောင်းကိစ္စ အဆောင်ကိစ္စများ စီစဉ်နေရတာနှင့် မအားလပ်။ သို့ပေမဲ့လည်း ဂျောင်ဟျွန်းနှင့် စကာရပြောဖို့ကိုတော့ အချိန်သေချာ ပေးဖြစ်သည်။
ထယ်ရယ့်အတွက် ဆိုးလ်စရောက်ကတည်းက အရာရာဟာ ပင်ပန်းစရာချည်းသာ။ ထို့ကြောင့် ဂျောင်ဟျွန်းဆီရင်ဖွင့်ရင်း အားကိုးရာရှာမိခြင်း။
ဂျောင်ဟျွန်းကို ရင်ဖွင့်လိုက်တိုင်း ထယ်ရယ့်စိတ်တွေ ပေါ့ပါးသွားရသည်။ ဂျောင်ဟျွန်းကလည်း သေသေချာချာနားထောင်ပေးပြီး အကြံကောင်းတွေလည်း ပေးတတ်သည်။
မေ့နေတာက ဂျောင်ဟျွန်းနှင့်တွေ့ဖို့။ အမှန်အတိုင်းဝန်ခံရရင် မြင်ဖူးတွေ့ဖူးချင်နေပေမဲ့ ထယ်ရယ် မဝံ့မရဲဖြစ်နေသေးသည်။ ဘာကြောင့်လဲ မသိပေမဲ့ ဂျောင်ဟျွန်းကို တွေ့ရမယ်တွေးမိတိုင်း အဆမတန်ခုန်လာတဲ့ ရင်ခုန်နှုန်းတွေကြောင့် စကားမစမိတာဆို ပိုမှန်မည်။
မူမမှန်သည့် ရင်ခုန်သံတွေကြောင့် တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ်ပင် သံသယဝင်လာပြီး ဂျောင်ဟျွန်းက သူငယ်ချင်းဆိုသည့် အချက်ကို ခေါင်းထဲ ပြန်ရိုက်ထည့်ရသည်။
အခုလည်း အခန်းနေရာချနေရင်း ဂျောင်ဟျွန်းအကြောင်းက ခေါင်းထဲ ရောက်လာပြန်တာနဲ့ အမြန်ပင် ခေါင်းကို ခါရမ်းလိုက်သည်။
"ကင်မ်ထယ်ရယ် အခုခဏလေးပဲ ဂျောင်ဟျွန်းကို မေ့ထားပြီး မနက်ဖြန် ကျောင်းအတွက် အားတင်းထားရအောင် ဖိုက်တင်း"
ကိုယ့်ကိုယ်အားပေးရင်း မနက်ဖြန်အတွက်အားပေးရင်း အိပ်ရာဝင်လိုက်တော့သည်။
ကျောင်းပိတ်ရက်များ ကုန်ဆုံးသွားကြပြီဖြစ်၍ ကျောင်းသားများသည် ခြေဦးမလှည့်လျင်သည့် ကျောင်းတော်ကြီးဆီသို့ ပြန်လာရပြန်သည်။
ထယ်ရယ်ကတော့ ပထမဆုံး ကျောင်းတက်ရက်မလို့ ကျောင်းတွင် လုပ်စရာကိစ္စများရှိသည်မလို့ ခါတိုင်းထက်ပင် စောစောထကာ ပြင်ဆင်နေသည်။
အဖြူရောင် တီရှပ်ပေါ်မှ အဝါနုရောင် ရှပ်အင်္ကျီကို ထပ်ဝတ်လိုက်ပြီး ဂျင်းဘောင်းဘီ အရောင်နုလေးနှင့် တွဲဝတ်လိုက်သည်။ ထို့နောက် အညိုရောင်ဆံပင်တို့အား သပ်သပ်ရပ်ရပ်ဖြစ်အောင် သေချာပုံသွင်းကာ မှန်ရှေ့တွင် ခေါင်းအစခြေအဆုံး ပြန်ကြည့်လိုက်သည်။
စိတ်တိုင်းကျသွားသည်မလို့ အပြုံးခပ်ရေးရေးလေးလည်း ပေါ်လာခဲ့သည်။ ပါးချိုင့်လေးကတော့ အဆစ်ပေါ့။
"ဖိုက်တင်း ကင်မ်ထယ်ရယ်"
ကိုယ့်ကိုယ် အားပေးရင်း တက်ကြွသော ခြေလှမ်းတို့ဖြင့် တက္ကသိုလ်သို့ ဦးတည်သွားလိုက်တော့သည်။
တစ်ဖက်မှာတော့ ကြည်လင်နေသော ရာသီဥတုနှင့်မှမလိုက်ဖက်စွာ တိတ်ဆိတ်အုံ့မှိုင်းနေသည့် ထမင်းဝိုင်းတွင် ထိုင်နေကြသည့် အီဂျောင်နှင့် သူ့အမေ။
"အကုန်အဆင်ပြေတယ်မလား"
"လုပ်ချင်ရာ လုပ်ခိုင်းပြီး အဲ့လိုမေးသေးတယ်နော်"
"အီဂျောင်ဟျွန်း"
သူဌေးမကြီး၏ အော်သံနှင့် အားပြင်းပြင်းစောင့်ချလိုက်သည့် ဇွန်းသံကြောင့် အိမ်တော်အတွင်းရှိ အားလုံးသည် လန့်သွားရသည်။
အီဂျောင်ကလည်း အလျော့မပေးပဲ
"အားလုံးစိတ်တိုင်းကျ လုပ်ပေးမှာမလို့ စိတ်မပူလည်းဖြစ်တယ်။ နောက်ပိုင်း အိမ်ကို ပြန်လာဖို့လည်း မခေါ်ပါနဲ့။ သွားလိုက်ပါဦးမယ်"
အီဂျောင်အိမ်ကို မပြန်လာချင်ပေမဲ့ ထုံးစံအတိုင်း ခြိမ်းခြောက်ကာ ခေါ်သည်မလို့ ရောက်လာရသည်။ ရောက်ရင်လည်း ပြဿနာတာတက်ရသည်မလို့ ဒီနေ့မနက်ခင်းကလည်း ထိုအတိုင်းပင်။
အာရုံနောက်စရာ ကိစ္စများကို မေ့လိုက်ပြီး မွန်းဂျောင်ကို ဝင်ခေါ်ကာ ကျောင်းလိုက်ပို့ပေးရမည်။ နောက်ပြီး ကိုယ်တိုင်လည်း ကျောင်းသွားရမည်။
မွန်းဂျောင်၏ အိမ်ရှေ့ရောက်တော့ ထိုကလေးက အိမ်ရှေ့တောင် ထွက်စောင့်နေပြီဖြစ်သည်။
"တက်ကြွနေပါရောလား"
"ဟျောင်းသာနောက်ကျနေတာ"
"အခုကားပေါ်က ဆင်းချင်နေတာလား"
"နောက်တာပါ ဟျောင်းကလည်း"
မွန်းဂျောင်ကို ကျောင်းပို့ပေးတော့ ကျောင်းသူလေးတွေက ကားပေါ်ကသူ့ကို လိုက်ကြည့်နေတာကြောင့် ညီတော်လေးက မြန်မြန်ပြန်လွှတ်နေသည်။ နောက်ပြီး ပြောသွားသေးသည် ညနေပြန်လာမကြိုနဲ့လေ။
အီဂျောင်ကတော့ ရယ်ရင်းသာ ထွက်လာလိုက်တော့သည်။ နာရီကိုကြည့်လိုက်တော့ ကျောင်းချိန်ကလိုသေးပေမဲ့ တခြားလည်း မသွားချင်တာကြောင့် ကျောင်းသို့သာ လာခဲ့လိုက်တော့သည်။
ကျောင်းရောက်တော့ ကားကို ကားပါကင်တွင် သေချာရပ်နေတုန်း နေရာပြန်ညှိရင် နောက်ကို ပြန်အဆုတ် တစ်ယောက်ယောက်ကို တိုက်မိသွားတာမလို့ အမြန်ပင်ကားပေါ်က ဆင်းကြည့်ရသည်။
ထိုအချိန် မြင်လိုက်သည့် မြင်ကွင်းကြောင့် အီဂျောင်၏ ကမ္ဘာသည် ရပ်တန့်သွားသလိုပင်။
'ငါ နတ်ပြည်ရောက်သွားတာများလား'
ထယ်ရယ် ကျောင်းဝင်းထဲတွင် သွားရမည့်ဌာနကိုရှာနေရင်း တစ်ခုခုကဝင်တိုက်မိတာကြောင့် လန့်ကာ လက်ထဲက စာအုပ်တချို့ ပြုတ်ကျသွားရသည်။ နောက်ပြီး သိပ်မကြာလိုက် ကားပေါ်မှ ဆင်းလာသည့် လူ။
ကားပေါ်ကနေတော့ ဆင်းလာပြီး လူကိုစိုက်ကြည့်နေကာ ဘာမှမပြောသည့်သူကြောင့် ထယ်ရယ်ကပင် စကားစရတော့သည်။
"ထူပေးပါလား"
တစ်ဖက်က အသံထွက်လာတော့မှ အီဂျောင်လက်ရှိကမ္ဘာနှင့် ပြန်လည်ချိတ်ဆက်မိပြီး ကူပြီးထူပေးရသည်။ ထို့နောက် ကျသွားသည့် စာအုပ်များကိုလည်း ပြန်ကောက်ပေးလိုက်သည်။
"ဟို ဘယ်နားထိသွားသေးလဲ"
"ဗျာ အာ ဘာမှမဖြစ်ပါဘူး လန့်ပြီးတော့ လဲကျသွားတာ ကျေးဇူးတင်ပါတယ်ဗျ"
ပြောပြီး ပေနေသည့်ဖုန်တစ်ချို့ကို ခါကာထသွားသည့်သူကို အီဂျောင်တဆုံးလိုက်ကြည့်နေမိသည်။ လွယ်အိတ်ပေါ်က ဘဲရုပ် ကီးချိန်းလေးကိုတွေ့တော့ မဆီမဆိုင်တွေးမိလိုက်သည်က ကင်မ်ထယ်ရယ်များလားပေါ့။
ဘာပဲနေနေ ပထမဆုံးကျောင်းတက်ရက်မှာ အီဂျောင် တစ်စုံတစ်ယောက်ကို ဝင်တိုက်မိသလို အဝါရောင် နေရောင်ခြည်လုံးကိုလည်း မြင်မြင်ချင်း ချစ်မိသွားခဲ့ပါသည်။
ကံတရားက အီဂျောင်ဘက်ကို ပါသည်ထင်သည်။ အတန်းထဲဝင်လိုက်တာနဲ့ နောက်ဆုံးတန်းမှာ တွေ့လိုက်ရတာက စောနကဝင်တိုက်မိသည့် အဝါလုံးလေး။ ဘေးနားနေရာလွတ်နေသေးသည်မလို့ မည်သူမှ မရောက်ခင် အမြန်ပင် နေရာသွားဦးကာ ထိုင်လိုက်တော့ ကြောင်တောင်တောင်လေး မော့ကြည့်လာသည်။
အတန်းထဲတွင် စာထိုင်ဖတ်နေတုန်း ဘေးနားတစ်ယောက်ယောက်ရောက်လာသလို ခံစားမိတာကြောင့် မော့ကြည့်လိုက်တော့ စောနကအဖြူရောင်ပြိုင်ကား ပိုင်ရှင်။ ထယ်ရယ့်ကို ပြုံးပြကာ ရွှန်းရွှန်းစားစားကြည့်နေရင်း စကားစလာသည်။
"နာမည် သိလို့ရနိုင်မလား"
ထယ်ရယ်လည်း လူမှုရေး ခေါင်းပါးတဲ့သူ မဖြစ်ချင်တာမလို့ ပြောပြလိုက်သည်။
"အာ ကျွန်တော်လား ထယ်ရယ် ကင်မ် ထယ် ရယ်"
တစ်လုံးချင်းစီ မိတ်ဆက်လာသည့် အမည်နာမလေးနောက်တွင် အီဂျောင်၏ အပြုံးတို့သည် ပို၍ ဝေဆာလာရသည်။ နောက်ပြီး နှလုံးခုန်သံဟာလည်း ပိူ၍ပင် အဆမတန်တိုးခုန်လာခဲ့တော့သည်။
'ရှာတွေ့ပြီ ငါ့ရဲ့ ထယ်ရယ်'
စာသင်ချိန်တွေပြီးသွားတော့ ထယ်ရယ်စာအုပ်တွေ သိမ်းပြီး အချိန်ပိုင်းအလုပ်သွားဖို့လုပ်ရသည်။ ဘေးက အမည်မသိရသေးတဲ့သူကတော့ စာသင်ချိန်တစ်ချိန်လုံး ထယ်ရယ့်ကိုသာ သိသိသာသာကော မသိမသာကော ငေးနေသည်မလို့ ထယ်ရယ်ဖြင့် အသက်ပင် ဖြောင့်ဖြောင့်မရှူရဲ။
ဘာကြောင့်လဲမသိပေမဲ့ ပထမဆုံး တွေ့ဖူးတဲ့ ထိုသူကို ထယ်ရယ့်ရဲ့ မသိစိတ်က ရင်းနီးနေသရောင် ရှိနေခဲ့သည်။ အခုက အဲ့တာတွေ တွေးနေရမှာ မဟုတ်သေးဘူး။ အလုပ်သွားရမယ်။
"ထယ်ရယ် တာ့တာ နောက်နေ့တွေလည်း တွေ့ကြမယ်"
"ဟင် အင်း အွန်း တာ့တာ"
ကြောင်တောင်တောင်လေး ပြေးထွက်သွားတဲ့ ထယ်ရယ်ကို အီဂျောင် ရယ်ရင်းသာ လိုက်ကြည့်နေခဲ့ပါသည်။
မွန်းဂျောင် ညနေကျောင်းဆင်းတော့ သူငယ်ချင်းတွေနှင့် ဂိမ်းဆိုင်သို့ သွားခဲ့သည်။ အဲ့တာကြောင့်လည်း အီဂျောင် ဟျောင်းကို လာမကြိုခိုင်းခဲ့တာ။
အခုသူငယ်ချင်းတွေနဲ့ လမ်းခွဲခဲ့ပြီး အိမ်ကိုအပြန် ရပ်ကွက်ထဲက စတိုးဆိုင်ရှေ့မှ ဖြတ်မိတော့ တစ်ခါသာမြင်ခဲ့ဖူးပေမဲ့ ရင်းနီးနေတဲ့ ပုံရိပ်လေးကြောင့် အနီးကပ်သွားကြည့်မိသည်။
မှန်နံရံမှတဆင့် ငေးကြည့်နေမိသည်က ကောင်တာတွင်ထိုင်ရင်း အိပ်ငိုက်နေသည့် ပုံရိပ်ငယ်လေး။ အတိအကျပြောရရင် ပြီးခဲ့တဲ့ ၂လလုံး အီဂျောင့်ကို ကောင်းမွန်သော နှောက်ယှက်ခြင်းတွေ ပေးနေခဲ့တဲ့ ပုံရိပ်လေး။
ဘယ်တော့ထပ်တွေ့မလဲ မသိနိုင်တာမလို့ ယခုတွေ့တုန်း အခွင့်အရေးကို အမိအရယူကာ ဆိုင်ထဲသို့ ဝင်လိုက်သည်။ ဘဲလ်သံကြောင့်ထင်သည်။ ငိုက်နေသည့် ထိုလူသားပိစိက ထလာကာ နှုတ်ဆက်သည်။
"မင်္ဂလာပါ ၂၄နာရီစတိုးဆိုင်မှ ကြိုဆိုပါတယ်"
ကျွန်တော်လည်း ဖျော်ရည်ဘူးတစ်ဘူးနဲ့ မုန့်တစ်ခုယူလိုက်ပြီး ကောင်တာတွင် တင်လိုက်သည်။ လိုအပ်သည်များကိုသာ လုပ်နေသည့် ထိုလူသားကြောင့် ကိုယ့်ကိုယ်မမှတ်မိဘူးဆိုတာက ရာနှုန်းပြည့်။
"ဝမ် ၄၀၀၀ပါ"
"ဟို ကျွန်တော့ကို မှတ်မိလား"
ကျွန်တော့ အမေးမှာ လူကိုကြည့်ရင်း စဉ်းစားနေသည့် ထိုလူသားက အတန်ကြာမှာတော့ မှတ်မိသွားဟန်တူပါသည်။
"ဟို ဖျော်ရည်စက်ကျောင်းသားလေး"
"မှတ်မိတာပဲ"
"အာ ထူးခြားနေခဲ့လို့ပါ အရမ်းချစ်စရာကောင်းတဲ့ မျက်နှာလေးမလို့"
အာ ဒီလူကတော့ ချစ်စရာကောင်းတယ်ဆိုတာကို ထပ်သုံးပြန်ပြီ။ နေပါ အခုကအဲ့တာကို တွေးနေရမှာ မဟုတ်ဘူး နာမည် နာမည်မေးရမယ်။
"အစ်ကို့နာမည်က"
"ထယ်ရယ် ကင်မ်ထယ်ရယ်"
"အာ ကျွန်တော်က ဂျောင်ဟျွန်း မွန်းဂျောင်ဟျွန်းပါ"
ဟင်.. ဂျောင်ဟျွန်း ကြားလိုက်ရတဲ့ နာမည်ကြောင့် ထယ်ရယ်ကြည့်လိုက်တော့ ထိုကောင်လေးက သူ့ရှေ့ကနေ ထွက်သွားပြီဖြစ်သည်။
ထို့ကြောင့် ထယ်ရယ်ဆိုင်ထဲကနေ ထွက်ပြီး ထွက်သွားသည့် နောက်ကျောပြင်ကို ကြည့်ရင်း သူတိူ့ပြောနေကျ လေလှိုင်းမှတဆင့် စာပို့လိုက်သည်။ တိုက်ဆိုင်စွာပင် တစ်ဖက်မှလည်း ဖုန်းကိုထုတ်ကြည့်လိုက်လေသည်။
"တကယ်ပဲ မင်းလား"
ဒါပေမဲ့ ဘာလို့ ငါ့နာမည်ကြားတုန်းက မအံ့ဩသွားရတာလဲ။
တစ်ဖက်တွင်
💬 မွန်းဂျောင် ပြန်လာနေပြီလား နောက်ကျနေပြီ
💬 ပြန်လာနေပါပြီ အီဂျောင် ဟျောင်း
✰✰✰✰✰✰✰✰✰✰
အရှုပ်တွေလုပ်ပေးလိုက်ပါပြီ 😁😁