အိမ်က မျိုးရိုးနိမ့်မိန်းကလေးနဲ့ သဘောမတူတာကြောင့်လား ။
" ဒါပေမယ့် အဲ့မိန်းကလေးက အိမ်ရှေ့စံမင်းသမီးဖြစ်နေခဲ့တယ်လေ ။ "
ဒီလောက်မျိုးရိုးမြင့်တာ ဘာလို့သဘောမတူကြတာလဲ ။
" အိမ်ရှေ့စံမင်းသမီးဆိုရင်တောင်မှပဲ သခင်ငယ်လေးသာလိုချင်ရင် တင်တောင်းလို့ရနိုင်တဲ့အဆင့်အတန်းမျိုးမှာ ရှိပေမယ့် တစ်ခါက ပြဿနာကြောင့် အိမ်ရှေ့စံမင်းသမီးက သခင်ငယ်လေးကိုဆို ခါးခါးသီးသီး ဖြစ်နေခဲ့ပါတယ် "
" ဘာပြဿနာမို့လို့လဲ "
" တကယ်ပဲ နားထောင်ချင်တာလား ဗျာ "
သေချာအောင်မေးနေသည့်ဂန်းလေးကြောင့် သူ လန့်လာရသည် ။
ဘာထပ်ရှိသေးတာလဲဟ ။
" ပြော "
" တစ်ခါက သခင်ငယ်လေး အပြင်လျှောက်လည်တဲ့အချိန်မှာ အိမ်ရှေ့စံမင်းသမီးကလည်း သာမာန်သခင်မလေးအဖြစ်နဲ့ စျေးတန်းထဲမှာ ရှိနေခဲ့ပါတယ် ။ သခင်ငယ်လေးက အိမ်ရှေ့စံမင်းသမီးကို မြင်မြင်ချင်းသဘောကျသွားခဲ့ပြီး အဟမ်း "
ချောင်းဟန့်သံကြောင့် ဇာတ်ရှိန်ပြတ်သွားရသော
အခါ မင်ယွန်းဂီမှာ မချိတင်ကဲ ဖြစ်စွာ ရေရွတ်လိုက်မိသည် ။
ဂန်းလေးက မျက်နှာရိပ်ကိုကြည့်ပြီး ဆက်ပြောလာသည် ။
" သခင်ငယ်လေးက ဘယ်အိမ်တော်က သခင်မလေးလည်းဆိုပြီး နောက်ယောင်ခံလိုက်ရာကနေ အိမ်ရှေ့စံမင်းသမီးက သတိထားမိသွားပြီး ပြဿနာတက်ကြတော့တာပါပဲ ။ အိမ်ရှေ့စံမင်းသမီးရဲ့အစောင့်တပ်သားတွေက သခင်ငယ်လေးကို မကောင်းတဲ့လူလို့သတ်မှတ်ပြီး တိုက်ခိုက်ကြတော့ ကျွန်တော်တို့ဘက်က အစောင့်တပ်သားတွေကလည်း သခင်ငယ်လေးကို ကာကွယ်ဖို့ ခုခံရင်း ကြီးမားတဲ့ရန်ပွဲဖြစ်ပွားခဲ့ပါတယ် ။ အဲ့နောက်တော့ ရုံးတော်ကို ရောက်သွားခဲ့ပြီး အိမ်ရှေ့စံမင်းသမီးက သူ့သရုပ်မှန်ကို ဖော်ထုတ်ပြခဲ့တယ်လေ ။ ပြီးတော့ သခင်ငယ်လေးကို တရားစွဲတော့တာပဲ ။ ဒါပေမယ့် သခင်ကြီးနဲ့သခင်မကြီးအပြင် သခင်လေးရဲ့အစ်ကိုကြီးကပါ ဒူးထောက်တောင်းပန်လိုက်မှ အိမ်ရှေ့စံမင်းသမီးက ပြေငြိမ်းခွင့်ပေးခဲ့တာပါ ။ "
" ဒါပေမယ့် သခင်ငယ်လေးက အိမ်ရှေ့စံမင်းသမီးကို အရမ်းတွေစွဲလန်းနေခဲ့တာလေ ။ အဲ့တာကြောင့် နန်းတော်ထဲကို လူကြုံနဲ့ ချစ်ကဗျာတွေပေးလိုက် သူမအပြင်ထွက်ချိန်ကို သိရဖို့ ငွေစတွေဖြုန်း မရမက ချစ်ကြိုက်စကားတွေပြောလိုက်နဲ့ပိုးပန်းခဲ့ပေမယ့် သူမဖက်ကတော့ အခေါက်ပေါင်းမနည်း ငြင်းလွှတ်ခဲ့ပါတယ် ။ ဒါတောင်မှ လက်မလျှော့ဘဲ သခင်မကြီးကို တင်တောင်းဖို့ တောင်းဆိုခဲ့ပေမယ့် ဘယ်လိုမှမဖြစ်နိုင်ဘူးဆိုပြီး သခင်မကြီးက ငြင်းခဲ့တယ်လေ ။ သခင်ငယ်လေးကလည်း ဇွဲမလျော့ခဲ့ပါဘူး ။ ဒါပေမယ့် အဲ့နေ့ကတော့ အိမ်ရှေ့စံမင်းသမီးက နောက်ထပ်မနှောင့်ယှက်တော့ဖို့ သခင်ငယ်လေးကို ပါးရိုက်ပြီး ဆုံးမခဲ့တယ်လေ "
နည်းသေးတယ် ။
ငါသာဆို မိဘမျက်နှာငယ်အောင်လုပ်တဲ့ ဒီကောင်ကို သေအောင်ရိုက်သတ်မိမှာ ။
ကျစ် ။
ငါ့ရုပ်နဲ့လူကို ကျိန်ဆဲရတာ မကောင်းဘူးကွ !
ဂန်းလေးက မပြီးသေးဘဲ ဆက်ပြောလာသည် ။
" အဲ့တာနဲ့ သခင်ငယ်လေးက စိတ်ညစ်ပြီး သေရည်တွေသောက် ။ ပြီးတော့ လူအလစ်မှာ ခြံနောက်ဘက်က သစ်ပင်ကြီးမှာ ကြိုးဆွဲချဖို့ ကြိုးစားတယ်လေ ။ ကျွန်တော်တို့ရောက်လာတော့ သခင်ငယ်လေးက ကြိုးတန်းလန်းနဲ့ယက်ကန်ယက်ကန်ဖြစ်ပြီး ရုန်းနေတာ ။ ကျွန်တော်တို့အနားမရောက်ခင်မှာပဲ ကြိုးချီထားတဲ့သစ်ကိုင်းက ကျိုးပြီး သခင်ငယ်လေးခေါင်းပေါ်ကို ပြုတ်ကျပြီး တစ်ခါတည်း မေ့သွားတော့တာပဲ ။ အဲ့သစ်ပင်က သေနေတာကြာပြီလေ ။ သစ်ကိုင်းတွေက ဆွေးနေလို့ သူ့အလိုလိုတောင် ကျိုးကျနေတာ ။ "
ဂန်းလေးမှာ ပြောရင်း ထိုနေ့က သခင်ငယ်လေး၏ ပုံစံကို ပြန်မြင်ယောင်မိသွားရသည် ။
အဲ့နေ့က သခင်ငယ်လေးက မူးပြီး ခုံချော်ကျ လို့ ကြိုးတင်းမိသွားပုံရတယ် ။
မဟုတ်ရင် ဘာလို့ ယက်ကန် ယက်ကန် နဲ့ ရုန်းနေမှာလဲ ။
တည်ငြိမ်နေသည့်သခင်ငယ်လေးကို ဂန်းလေး သတိထား စိုက်ကြည့်နေမိသည် ။
ဖက်ခ် ! ဖက်ခ် ! ဖက်ခ် !!!
သေကြောင်းကြံတဲ့လူက ဘယ်နှယ့်ကြောင့် သေခါနီးကို ရုန်းနေရတာလဲဟ ။
မသေချင်သေးရင် စတန့်မထွင်နဲ့လေ ။
ဒီကြားထဲ သစ်ကိုင်းခြောက်က ခေါင်းပေါ်ပြုတ်ကျသေးတယ် ။
ခုံချော်ကျပြီး ကြိုးတင်းသွားလို့ ကယ်ပါ ယူပါ တဆာဆာလုပ်နေခဲ့တာလို့တော့ မပြောနဲ့နော် ။
အရမ်း ရှက်ဖို့ကောင်းတယ် ။
မင်ယွန်းဂီလေးမှာ ဒီခန္ဓာကိုယ်ကြီးကို စွန့်ပစ်ပြီး တစ်ခြားကိုယ်ထဲသာ ဝင်လိုက်ချင်မိသည် ။
မဟုတ်လည်း အခုချက်ချင်း ဇာတ်ကားတွေထဲကလို လျှာကိုက်သေပြီး အရင်ဘဝကို ပြန်သွားချင်မိတော့သည် ။
သခင်ငယ်လေးဆီကနေ ဟင်းခနဲ သက်ပြင်း
ချသံကြားလိုက်ရသောအခါ ဂန်းလေးက နားလည်မှုအပြည့်ဖြင့် နှုတ်သွက်စွာ ဆိုလာသည် ။
" သခင်ငယ်လေး ဒါတွေက အတိတ်ကဟာတွေပါ ။ အရမ်းတွေ မတွေးနေပါနဲ့တော့နော် ။ မဟုတ်ရင် ခေါင်းကိုက်လာလိမ့်မယ် ။ "
" အင်း ။ ပြန်ကြရအောင် "
အကြောင်းစုံကြားပြီးနောက် အတော်လေးကို နွမ်းလျသွားရသည် ။ သခင်လေးဆိုသည့်ကိုယ်၌ ရှင်သန်ရသော်လည်း ကံဆိုးစွာဖြင့် ပေါ်ကြော့သခင်လေး ။ မိဘမျက်နှာဖျက်သည့်သခင်လေး ။ အပျော်အပါးမက်သည့်သခင်လေး ဖြစ်နေခဲ့ပေသည် ။
အား ! ခေါင်းတွေတောင် ကိုက်လာပြီ ။
အခုရက်ပိုင်းတွေ၌ မင်ယွန်းဂီလေးမှာ အိပ်လိုက် ၊ စားလိုက်ဖြင့်သာ သခင်လေး၏စည်းစိမ်အပြည့်အဝကိုခံစားနေသော်လည်း ဟိုဖက်ကမ္ဘာကို ပြန်ရောက်ဖို့အတွက်တော့ ဦးနှောက်ကလေးကို အလုပ်ပေးနေရသည် ။ သိပ်မကြာခင်ကပဲ အနာကျက်၍ ပတ်တီးဖြည်ပြီးသွားခဲ့ခြင်း ဖြစ်ခဲ့သည့်ဦးခေါင်းကလေးမှာ အတိတ်မေ့ရုံသာမက ရူးသွားတော့မည်ပင် ။ လတ်တလောတွင်လည်း ဒီကိုယ်ခန္ဓာ၏အကြောင်းတွေကို လက်ခံနိုင်ဖို့လည်း စိတ်ပြင်ဆင်ထားနေရသည် ။
သူအနေဖြင့် အစားထိုးရောက်လာသော်လည်း လူကြီးမိဘတွေကို သိတတ်သည့်လူလိမ္မာလေးဖြစ်သော်ကြောင့် မနက်ပိုင်း၌ သခင်ကြီးနှင့်သခင်မကြီးတို့၏ အဆောင်ကို သွားရောက်လည်ပတ်ကာ နှုတ်ဆက်စကားဆိုဖြစ်နေသည် ။ အပြန်အလှန်သာကြောင်း မာကြောင်း ပြောဖြစ်ရင်း အကြောင်းတိုက်ဆိုင်စွာ ငယ်ဘဝအကြောင်းတွေ ပြောပြလာချိန်မှာတော့ နားထောင်ရုံသာ တတ်နိုင်ခဲ့သည် ။ သူ့မှာ အပို စကားပြောစရာမရှိသလို အမှတ်တရတွေကို ထောက်ခံဖို့အတွက်လည်း ဒီကိုယ်က သူ့ကိုယ်မဟုတ်တာကြောင့် သိမနေပါချေ ။
ထို့အပြင် အလွန်အမင်းကို တရင်းတနှီးလည်း မနေပြချင်ပေ ။ အနှေးနှင့်အမြန်ဆိုသလို ဟိုဖက်ကမ္ဘာကို ပြန်သွားမည်ဖြစ်သောကြောင့် လွမ်းကျန်ရစ်မည့်သံယောဇဥ်တွေ မထားခဲ့သည်မှာ ပိုကောင်းပေသည် ။
မနေ့ကတော့ မင်အိမ်တော်၏ ဒုသခင်မလေး တစ်ဖြစ်လည်း သူ့၏အစ်မဖြစ်သူက အခေါ်တွေ့လွှတ်သော်ကြောင့် သွားရောက်တွေ့ဆုံခဲ့ရပေသည် ။ ထိုအခါမှပင် ဒုသခင်မလေး၏ အကြောင်းကို အနည်းငယ် သိသွားခဲ့တော့သည် ။ သခင်မလေးဆိုသည့်ဂုဏ်ပုဒ်နှင့်အညီ သူမမှာ နူးညံညင်သာမှုတို့လွှမ်းခြုံလျက် တိတ်တဆိတ်နေတတ်သူဖြစ်သည် ။ အပြင်သို့ ထွက်ခဲလှပြီး သူမ၏ အဆောင်တော်မှာ နေထိုင်ရင်း ချည်ထိုးလိုက် ၊ ကဗျာစာတွေ ရေးလိုက်ဖြင့် မပျင်းမရိဖွယ် ဖြတ်သန်းနေသည့် အမျိုးသမီးလေး ဖြစ်သည် ။
အရင်ကမ္ဘာမှာတော့ သူ့၌ အစ်ကိုသာရှိခဲ့ဖူးပြီးအစ်မတစ်ယောက်ရှိခြင်းကို မတွေ့ကြုံခဲ့ဖူးသောကြောင့် မောင်အနေဖြင့် မည်သို့ စကားစမြည်ပြောရကောင်းမှန်း သူ မသိပါချေ ။ ထို့ကြောင့် တိတ်တဆိတ်ဖြင့်သာ ချည်ထိုးနေသည့်သူမကို ကြည့်ရှုနေခဲ့လိုက်သည် ။ သူမဖက်ကနေ စတင်ပြီး စကားဆိုလာသော်လည်း သူမသိသည့်အကြောင်းအရာတွေသာ ဖြစ်သောကြောင့်ခေါင်းညိတ်လျက် အင်းသာလိုက်လိုက်သည် ။
သူ မရင်းနှီးသည့်လူတွေနှင့် နေရာစိမ်းတစ်ခု၌ နေထိုင်ရခြင်းမှာ ထင်သလောက်မလွယ်ကူပါချေ ။ သူ့ကို နွေးထွေးပျူငှာစွာဆက်ဆံနေကြသောလည်း သူ့ကိုယ်သူ အစားထိုးတစ်ယောက်လို့သာ ပို၍ မြင်ယောင်လာခဲ့ပြီး အားနာချင်မိရသည် ။ ထို့ကြောင့်ပင် အရင်ကမ္ဘာကို အမြန်ပြန်ရောက်ချင်မိတော့သည် ။
မနက်ခင်းလေးတစ်ဖြတ် အဆောင်ကူးပြီး နှုတ်ဆက်ဂါဝရပြုသည်ကလွဲ၍ ကျန်တစ်ချိန်လုံးကို သူ့အိမ်ဆောင်ထဲမှာအောင်းရင်းသာ အချိန်တွေကိုကုန်လွန်ခဲ့သည် ။ ယနေ့၏ ညနေမှာတော့ အခန်းတွင်းအောင်းနေရခြင်းကို ငြီးငွေ့လာသောကြောင့် ခြံဝင်းထဲလမ်းလျှောက်ရန် စိတ်ကူးလိုက်သည် ။ အိမ်ဆောင်တွေ တစ်ခုပြီး တစ်ခုကူးသန်းနေသော်လည်း ယခုအချိန်ထိ ခြံဝင်းထဲကို လျှောက်မကြည့်ရသေးပေ ။
ပြောလို့မရဘူး...လမ်းလျှောက်ရင်းနဲ့လည်း သက်တောင့်သက်သာ သေနိုင်မယ့်နည်းလမ်းတွေ့ရင်လည်း တွေ့မှာပေါ့ ။
ထို့ကြောင့် ဂန်းလေးကို ခေါ်ပြီး ခြံဝင်းထဲ လမ်း
လျှောက်ထွက်ခဲ့တော့သည် ။
ဂန်းလေးမှာ သူ့ရှေ့ကနေ တည်ငြိမ်အေးဆေးစွာဖြင့်လမ်းလျှောက်နေသည့်သခင်ငယ်လေး၏ နောက်ကနေ တပ်ကြပ်မကွာ လိုက်လာလိုက်သည် ။
အရင်ကဆို သခင်ငယ်လေးက ခြံဝင်းထဲ လမ်း
လျှောက်ဖို့နေနေသာသာ အိမ်မှာတောင် ကပ်တာမဟုတ်ဘူးလေ ။
အတိတ်မေ့သွားတာနဲ့ အကျင့်တွေပါ ပြောင်းကုန်တာများလား ။
ကျယ်ဝန်းသည့်ခြံဝင်းဖြစ်သောကြောင့် လမ်း
လျှောက်ရသည်မှာ ရှည်ကြာလှပြီး မင်ယွန်းဂီလေးမှာ မောပန်းလာပြီ ဖြစ်သည် ။
ပြန်ရင် ဒီလမ်းကိုပဲ ထပ်လျှောက်ရဦးမှာ ။
နောက်ပြန်လှည့်ရင်ကောင်းမလားပဲ ။
ရှေ့မလှမ်းမကမ်း၌ ရေတွင်းတစ်တွင်းအနားဝယ် အစေခံတွေမှာ ရေခပ်နေကြပေသည် ။
ရေတွင်း...။
ညောင်းချိနေသည့်ခြေထောက်တွေမှာ သွက်လက်လာခဲ့ပြီး မင်ယွန်းဂီမှာ ထိုနေရာသို့ မပြေးရုံတမယ် ခပ်သွက်သွက်လေး သွားလိုက်သည် ။ နောက်က ဂန်းလေးမှာလည်း ခပ်မြန်မြန် လိုက်ရပေတော့သည် ။
ဘာတွေ့လို့လဲဟ ။
သာမာန်ဆို ဒီခြေလှမ်းမျိုးက မိန်းမပျိုလေးတွေကို နောက်ယောင်ခံလိုက်တဲ့နေရာမှာ သုံးတဲ့အကွက်လေ ။
ဘာတွေများ စိတ်ဝင်စားသွားတာလဲ ။
ရေတွင်းနားကို သူရောက်လာသောအခါ အစေခံတွေက ဘေးဖယ်ပေးလာကြသည် ။ မင်ယွန်းဂီမှာ ရေတွင်းကို ငုံ့ကြည့်လိုက်ပြီး ကြိတ်ပျော်မိသွားရသည် ။
အဟား...ရေတွင်းထဲ ခုန်ချဖို့ မစောင့်နိုင်တော့ဘူး ။
သူသာ လူအလစ်မှာ ရေတွင်းထဲခုန်ချနိုင်ပါက လူတွေမှာ သူ့ကို ကယ်ဆယ်ဖို့အတွက် အချိန်နှောင်းသွားမည် ဖြစ်သည် ။ မဟုတ်၍ အမြန်ဆုံးအရှိန်နဲ့ရောက်လာခဲ့လျှင်တောင်မှ ဟိုးအောက်ဆုံးမှာ ရေနစ်နေသည့်သူ့ကို ကယ်ဖို့ အချိန်လိုပေသည် ။ ထိုကြာချိန်မှာ သူ ဟိုဖက်ကမ္ဘာကိုပြန်ရောက်ဖို့ လုံလောက်ပေသည် ။
မင်ယွန်းဂီက အစေခံတွေကို ရေဆက်ခပ်ကြရန် ပြောလိုက်ပြီး ဘေးဘီဝဲယာကို အကဲခတ်လိုက်သည် ။
သူ သက်ပြင်းလေး ချမိလိုက်သည် ။
စောင့်ကြည့်ခံရတဲ့ခံစားချက်ကြီးက တကယ်မကောင်းဘူးနော် ။
" ဂန်းလေး...သူတို့ အဲ့လိုပဲ စောင့်ကြည့်နေတော့မှာလား ။ ငါ အခု နေလည်းကောင်းသွားပြီလေ ။ ပြီးတော့ အဲ့လိုမဟုတ်တာတွေလည်း ထပ်လုပ်တော့မှာ မဟုတ်ဘူး ။ သူတို့ကို တခြားသွားခိုင်းလို့ မရဘူးလား "
ဂန်းလေးက နောက်လှည့်ကာ အဝေးတစ်နေရာကို ကြည့်လိုက်ပြီးနောက် ရှေ့သို့ပြန်လှည့်လာပြီး ဆိုလာသည် ။
" မရပါဘူး ။ သူတို့က အခုမှ လိုက်စောင့်ရှောက်တာ မဟုတ်ဘူးဗျ ။ ဟိုးအရင်ကတည်းက သခင်ငယ်လေးကို လိုက်စောင့်ရှောက်နေတဲ့အစောင့်တပ်သားတွေပါ ။ သခင်ကြီးခန့်ထားတဲ့အစောင့်တပ်သားတွေဖြစ်လို့ တစ်ခြားနေရာကို သွားခိုင်းလို့တော့ မရဘူးဗျ ။ "
" ဘာလို့လဲ "
ယောကျ်ားလေးတစ်ယောက်ပဲလေ ဘာလို့ အရမ်းတွေ ကာကွယ်ထားနေတာလဲ ။
" သခင်ကြီးက သခင်ငယ်လေးကို အရမ်းချစ်တော့ ထိခိုက်ဒဏ်ရာ မရစေချင်ဘူးလေ ။ အဲ့ဒါကြောင့် သခင်ငယ်လေးကို ကာကွယ်ဖို့ ခန့်ထားပေးတာ ။ သခင်ငယ်လေး မတော်တဆဖြစ်တုန်းကဆိုရင် သခင်ကြီးက အစောင့်တပ်သားတွေကို ပေါ့လျော့လို့ဆိုပြီးအပြစ်ပေးခဲ့တယ်လို့ ကျွန်တော်ကြားမိတယ်ဗျ ။ "
ကျစ် ။ သေချာပေါက်ကို စောင့်ကြည့်နေကြတော့မှာပဲ ။
" ပြန်ကြရအောင် "
အခန်းထဲပြန်နားပြီး နောက်ထပ်အစီအစဥ်ထပ်ဆွဲရပေမည် ။
နောက်တစ်နေ့၏နေ့လယ်ခင်းတွင် မင်ယွန်းဂီမှာ စာကြည့်ဆောင်ထဲ၌ ပျင်းရိလေးတွဲစွာဖြင့် ထိုင်နေရင်းသေကြောင်းကြံစည်ရန် စဥ်းစားနေစဥ် ဂန်းလေးမှာဝင်ရောက်လာခဲ့သည် ။
" သခင်ငယ်လေး...သခင်ငယ်လေးရဲ့အစ်ကိုကြီးက အပန်းဖြေဆောင်မှာ နေ့လယ်စာစားဖို့ စောင့်နေပါတယ်ခင်ဗျ "
" အစ်ကိုကြီး မင်ဆွန်းဝူ "
" ဟုတ်ပါတယ် ခင်ဗျ "
သူ့၌ အစ်ကိုကြီးရှိသည်ကို အစကတည်းက သိထားပြီးသား ဖြစ်သည် ။ သို့ပေမယ့် ယခုအချိန်ထိ တစ်ခါမှမမြင်ဖူးသေးပေ ။ သူ့အာရုံနှင့်သူ ဗျာများနေသော်ကြောင့် အစ်ကိုကြီး ဖြစ်သူ၏အကြောင်းကို မေးဖို့နေနေသာသာ အခုမှပင် ပြန်သတိရမိခြင်းဖြစ်သည် ။
" သွားကြရအောင် "
အစ်ကိုကြီးဖြစ်သူနှင့်တွေ့ရန် အပန်းဖြေဆောင်သို့ ထွက်လာခဲ့လိုက်သည် ။
အပန်းဖြေဆောင်၌ ယောကျ်ားပျိုတစ်ဦး ရှိနေလေပြီး ထိုသူ၏ ကျောပြင်မှာ ထောက်တိုင်သဖွယ် ထောင်မတ်နေလျက် ရေနွေးကြမ်းအား တတိတိသောက်နေပါ၏ ။ အဝေးမှကြည့်ရုံဖြင့်ပင် ထိုသူ၏သွင်ပြင်မှာတည်ငြိမ်အေးဆေးမှုနှင့် နွေးထွေးဖော်ရွေမှုတို့ဖြင့် လွှမ်းခြုံနေလျက် ချစ်ခင်ဖွယ်ကောင်းနေပါ၏ ။ အပန်းဖြေဆောင်တွင်းသို့ဝင်လာပါသော သူ့အား မြင်သောအခါ မင်ဆွန်းဝူမှာ ထိုင်ရာမှထလာပြီး သူ့ထံသို့ လျှောက်လာသည် ။
" ယွန်းလေး "
သခင်လေးမင်ဆွန်းဝူက နူးညံစွာ ခေါ်လာသည် ။
" အစ်ကိုကြီး "
နူးညံသည့်အပြုံးလေးဖြင့် သူ ပြန်လည်ထူးလိုက်သောအခါ မင်ဆွန်းဝူက ပြုံးပြလာပြီး သူ့လက်ကို ဆုပ်ကိုင်လာသည် ။ ထို့နောက် သူ့အား ဆွဲခေါ်သွားလေပြီး ထိုင်ခုံမှာထိုင်စေလာသည် ။
မင်ဆွန်းဝူမှာ သူ့ဘေးနား၌ ဝင်ထိုင်လာပြီး နွေးထွေးပျူငှာစွာ စကားဆိုလာသည် ။
" သက်သာသွားပြီလား ။ ခေါင်းရော ကိုက်နေသေးလား "
သူ့ခေါင်းပေါ်သို့လက်လေးတင်လာပြီး တ
ယုတယ ပွတ်သပ်လာသည် ။
အိမ်က အစ်ကိုနဲ့များ ကွာပါ့ ။
" ဟုတ် ။ သက်သာသွားပါပြီ "
မင်ဆွန်းဝူက ခေါင်းငုံ့ကိုင်းကာ သူ့လည်ပင်းကို စစ်ဆေးလာသည် ။
" အင်း ။ အမာရွတ်တွေလည်း မကျန်ခဲ့ဘူးပဲ "
" ယွန်းလေးအကြောင်းကို အစ်ကို ကြားကြားချင်း လာတွေ့ချင်ခဲ့ပေမယ့် အလုပ်တွေရှုပ်နေခဲ့လို့ နောက်ကျသွားတယ် ။ "
မင်ယွန်းဂီမှာ ခေါင်းခါပြလိုက်သည် ။
" စိတ်ပူစေခဲ့မိလို့ တောင်းပန်ပါတယ် "
နူးညံသည့်သခင်လေးကို သူ တကယ် အား
နာနေမိသည် ။
မင်ဆွန်းဝူက ပြုံးလာသည် ။
" ယွန်းလေးက အရင်ကထက်ပိုပြီး နူးညံ့လာတာပဲ ။ မှတ်ဉာဏ်တွေပျောက်သွားပေမယ့်လည်း စိတ်ဓာတ်မကျဘဲနဲ့ ဖြေးဖြေးချင်းစီ ကြိုးစားကြည့်ပေါ့ ။ အကယ်၍ ပြန်မရဘူးဆိုလည်း စိတ်သစ် လူသစ်နဲ့ ဘဝသစ်ကို စတင်ရတယ်လို့ပဲ မှတ်ယူလိုက်ပြီး ပျော်အောင် နေရမယ်နော် ။ "
ဘဝသစ်...ဟုတ်တာပေါ့ ။
ဒါပေမယ့်လည်း ဘဝဟောင်းကိုပဲ ပြန်သွားချင်တာနော် ။
မပျော်ဘူး ! သိရဲ့လား !
" ဟုတ် "
" ဗိုက်ဆာနေပြီ မဟုတ်လား ။ စားကြတာပေါ့ ။ ပြီးတော့ ယွန်းလေးကြိုက်တဲ့အဆာပြေမုန့်တွေလည်း ဝယ်ခဲ့သေးတယ် ။ "
" ဟုတ် "
မင်ဆွန်းဝူမှာ တစ်လုံးတည်းသောအဖြေသာ ဖြေနေသည့်ညီအငယ်ဆုံး၏ခေါင်းလေးကို ပွတ်သပ်လိုက်ပြီး ရယ်ပြုံးလိုက်မိသည် ။
" ဒီလိုပဲ လိမ္မာအောင် နေနော် ။ ယွန်းလေးကို တစ်သက်လုံး အစ်ကို စောင့်ရှောက်ပေးနိုင်တယ် ။ "
ဖက်ခ် !
နဂိုပိုင်ရှင်ရေ...
ဒီလောက်တောင် သည်းသည်းလှုပ်ချစ်ခံနေရတာ...
ဘာကြောင့်များ သားလိမ္မာလေး မဖြစ်ချင်ရတာလဲ !
" ဟုတ် အစ်ကိုကြီး ။ ကျွန်တော် ကြိုးစားပါ့မယ် "
သူတို့က ငါ့အပေါ်ကောင်းပေးတော့လည်း...
မပြန်ခင်လေး သားလိမ္မာလေးက ဘယ်လိုလဲဆိုတာကို ပြပေးခဲ့လိုက်ပါ့မယ်လေ ။
နေ့လယ်စာကိုတော့ အေးဆေးစွာပင် စားဖြစ်လိုက်ကြသည် ။
မင်ဆွန်းဝူ၏ပုံစံသည် နွေးထွေးနှစ်လိုဖွယ်ကောင်းသည့်ဟန်ပန်မျိုးဖြစ်ပြီး သူ၏ပွင့်လင်းဖော်ရွေမှုအား အလုံးစုံလှစ်ဟဖော်ပြထားသောကြောင့် သူအား တွေ့လိုက်သည်နှင့် လူတိုင်း၏ ရင်ထဲ၌အတန်ငယ် နွေးထွေးသွားပြီး ယုံကြည်ခြင်းများ ဖြစ်ပေါ်လာကြလိမ့်မည်ပင် ။ မင်ယွန်းဂီမှာလည်း ထိုကဲ့သို့ ခံစားနေခဲ့ရပါသော်လည်း နေ့လယ်စာ စားပြီးကတည်းမှစကာ မင်ဆွန်းဝူထံမှ သူ့ငယ်ဘဝအကြောင်းတွေကို တစ်
လျှောက်လုံး ပြောခြင်းခံလာရသည့်အခါမှာတော့ ထိုနူးညံသည့်သခင်လေးထံမှထွက်ပြေးချင်မိတော့သည် ။
ဟေး...မမောဘူးလား ။ ရေရော မသောက်ချင်ဘူးလား ။
နားတွေငြီးလာပြီလို့ !!!
သို့ပေမယ့် မင်ယွန်းဂီ၏ မျက်နှာကလေးကတော့ နူးညံ့မှုတွေအပြည့်ဖြင့် စကားနားထောင်နေသည့် ညီလိမ္မာတုံးလေး ပုံစံကနေ မသွေဖယ်သွားပါချေ ။
ဟိုဖက်ကို ပြန်ရောက်လို့ကတော့ အနုပညာလောကထဲ ဝင်ပစ်လိုက်မယ် ။
မင်ဆွန်းဝူမှာ မရပ်မနားပြောခြင်းကို ရပ်တန့်လာပြီး ရေနွေးကြမ်းတစ်ခွက်ကို မော့သောက်လာသည် ။
တစ်ခွက်တည်းလား ။ ငါသာဆို တစ်အိုးလုံးသောက်ပစ်မှာကွ ။
" ယွန်းလေး တစ်ခုခုကိုများ ပြန်မှတ်မိသွားသလား "
No ! ငါက သူမဟုတ်ဘူးလေ ။
ဒါကြောင့် အချိန်တွေ မဖြုန်းနေနဲ့တော့ ။
ဇာတ်လမ်းတစ်ပုဒ်လိုတော့ နားထောင်လို့ကောင်းပါတယ် ။
" ဟင့်အင်း ။ ကျွန်တော် မမှတ်မိဘူး "
မင်ဆွန်းဝူမှာ သက်ပြင်းလေး မသိမသာချလိုက်မိပေမယ့် စိတ်ထဲမှာတော့ ထိုအဖြေကိုသဘောကျသလိုလို ဖြစ်နေသည် ။
" ကိစ္စမရှိပါဘူး ။ အရမ်းတွေ တွန်းအားပေးစရာမလိုဘူး ။ "
" နေစောင်းတော့မှာပဲ ။ ယွန်းလေးလည်း အခန်းပြန်ပြီးနားလိုက်ဦးပေါ့ ။ အစ်ကိုလိုက်
ပို့ပေးမယ် "
မင်ယွန်းဂီလေးမှာ ယခုမှပင် ပြုံးနိုင်တော့သည် ။
ညဥ်ယံ၏ တိတ်ဆိတ်မှုမှာ လောကတစ်ခွင်ကိုလွှမ်းခြုံသွားလေပြီး လူသားကမ္ဘာကို အိပ်မောကျစေခဲ့သည် ။ ထိုအချိန်ကို အခွင့်ကောင်းစောင့်နေသည့် မင်ယွန်းဂီမှာ တံခါးကို အသာလေးဖွင့်လိုက်ပြီး နံရံမှီလျက် အိပ်ပျော်နေသည့်ဂန်းလေးကို စစ်ဆေးလိုက်သည် ။ ထို့နောက် ခြေလှမ်းရွရွလှမ်းရင်း အိမ်ဆောင်ထဲကနေ ထွက်ရန် တံခါးကို တွန်းဖွင့်လိုက်သည် ။
ဘုတ် !
မဲမဲသဏ္ဍာန်ကြီးက သူ့မျက်နှာရှေ့သို့ ပြုတ်ကျလာသည် ။
အား !!!
" သခင်ငယ်လေး "
လူတစ်ကိုယ်လုံး တုန်တက်သွားမိပေသည် ။
လူရှေ့ကို တိုက်ရိုက်ကြီး မခုန်ချလာနဲ့လေ !
လန့်လို့ သေတော့မယ် !
" ဘာလိုအပ်လို့လဲဗျ "
ဒီက အစ်ကိုကြီးက လူအိပ်ချိန်မှာ မအိပ်ဘဲ ဘာလုပ်နေတာလဲ !
အရမ်းတွေ တာဝန်သိတတ်လို့ ငိုနေမိပြီကွ !
" အာ...အင်း "
မင်ယွန်းဂီမှာ တကယ်အကြပ်ရိုက်မိပြီး ဘာပြန်ဖြေရကောင်းမှန်း မသိတော့ပေ ။ ထို့ကြောင့် စိတ်ထဲပေါ်ရာသာ ဆိုလိုက်တော့သည် ။
" ဟို...အိမ်သာ သွားမလို့ "
အစောင့်တပ်သားက ဆိုလာသည် ။
" သခင်ငယ်လေးအခန်းထဲမှာ အိုး ရှိတယ်လေ "
ဟမ် ။
" အင်း ဟုတ်တယ် ။ အဲ့တာက ပြည့်နေလို့ "
" ဂန်းလေးကို ခိုင်းလိုက်လည်း ရတာပဲဗျ "
မင်ယွန်းဂီမှာ စိတ်မရှည်တော့ပေ ။
" အိပ်နေတော့ မနှိုးချင်တာနဲ့ ထွက်လာလိုက်တာ "
" ဪ ။ ဒါဆို ကျွန်တော် လိုက်ပို့ပေးပါ့မယ်ဗျ ။ "
ငါက သတ်သေဖို့သွားမှာလေ ။
မင်းကို အဖော်ခေါ်စရာလား !
" ထားတော့ မသွားတော့ပါဘူး "
" မဟုတ်တာ အောင့်ထားရင် ကျန်းမာရေးအတွက် မကောင်းဘူးဗျ "
" ရပါတယ် ။ ဒီက အစ်ကိုကြီးလည်း အနားယူလိုက်ပါဦးနော် "
အစောင့်တပ်သားမှာ သူ့အား စိတ်ပူပေးလာသည့် သခင်ငယ်လေးကြောင့် ရင်ထိသွားရတော့သည် ။
" စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့က သခင်ငယ်လေးကို ကာကွယ်ရမယ့်သူတွေပါ ။ နည်းနည်းလေးတောင် ပေါ့ဆလို့မရပါဘူး ။ သခင်ငယ်လေးကို ကာကွယ်ရမယ့်သူတွေပါ ။ နည်းနည်းလေးတောင် ပေါ့ဆလို့မရပါဘူး ။ သခင်ငယ်လေး စိတ်အေးသက်သာစွာ အိပ်ပါ ။ ကျွန်တော်တို့ ကာကွယ်ပေးထားပါ့မယ် "
ဟွန့် !
ချာခနဲ လှည့်ထွက်သွားသည့်သခင်ငယ်လေးကိုအစောင့်တပ်သားခင်မျာမှာ နားမလည်စွာ ငေးကြည့်မိတော့သည် ။
စိတ်ဆိုးသွားတာလား ။ ဘာလို့လဲ ?
အခုလည်း မင်ယွန်းဂီလေး အိမ်တွင်းအောင်းရင်း အကြံထုတ်နေမိသည် ။ ခြံဝင်းထဲရှိ ရေတွင်းကတော့ မည်သို့မျှ အဆင်မပြေပေ ။ အစောင့်တပ်သားတွေကလည်း မျက်စိဒေါက်ထောက်ကို လိုက်ကြည့်နေသော်ကြောင့် လှုပ်ရှားရခက်လှပေသည် ။ သို့ပေမယ့် ဇွဲ့မလျှော့ပါဘဲ နောက်တစ်နည်းကို စမ်းကြည့်ရန် စိတ်ကူးလိုက်သည် ။
ဒီဖက်ကမ္ဘာကို သူရောက်ရှိနေသည်မှာ ရက်အတော်ကြာပြီ ဖြစ်သော်လည်း အိမ်ထဲကနေ အပြင်ဖက်ကို ခြေတစ်လှမ်းမှ မထွက်ရသေးပေ ။ ထို့ကြောင့် အပြင်ဖက်လမ်းသလားကာ ဒီဖက်ခေတ်အခြေအနေကိုလည်း အကဲခတ်ရင်း ရေကန်ကြီးကြီးကို ရှာဖို့ ဆုံးဖြတ်လိုက်သည် ။
မင်အိမ်တော်၏ အငယ်ဆုံး တတိယသခင်လေးဆိုသည့်အဆင်အတန်းနှင့်အညီ တောက်ပြောင်သည့်အဝတ်အထည်တွေကို ဝတ်ဆင်ကာဖြင့် ဂန်းလေးနှင့်အတူ အပြင်ထွက်ခဲ့လိုက်သည် ။
ဂန်းလေးမှာ နောက်ကနေလိုက်ရင်း ဤသို့ တွေးနေမိသည် ။
ကြည့်ရတာ သခင်ငယ်လေးက မှတ်ဉာဏ်တွေ ပြန်ရချင်လို့နဲ့တူတယ် ။
ဒီလိုဆိုရင်...။
" သခင်ငယ်လေး...ရှေ့ကိုသာ ဆက်လျှောက်သွားပါ သိပ်မကြာပါဘူး ။ သခင်ငယ်လေး သဘောကျတဲ့ဖျော်ဖြေရေးအိမ် ရှိပါတယ် "
" အဲ့က သေရည်ကို သခင်ငယ်လေး အရမ်းကြိုက်တာပါ ။ ပြီးတော့ အဲ့ကမိန်းမပျိုလေးတွေကိုလည်း ကြိုက် အဲ ဟို သီချင်းကိုလည်း ကြိုက်ပါတယ် "
မင်ယွန်းဂီ၏ ခြေလှမ်းတွေမှာ တုံခနဲ ရပ်သွားရသည် ။ သူက ဂန်းလေးကို လှည့်ကြည့်လိုက်သည် ။
" ငါ အဲ့ဒီကို သွားမယ် ပြောလို့လား "
" ဟမ် "
" နောက်ဆို လောင်းကစားရုံတွေ ၊ ဖျော်ဖြေရေးအိမ်တွေအကြောင်း မပြောရဘူး ။ "
တကယ်ကြီးကို အကြိုက်တွေပါ ပြောင်းသွားတာပဲ ။
" ဟုတ်ကဲ့ပါ သခင်ငယ်လေး ။ "
" ဒါဆို သခင်ငယ်လေး အခု ဘယ်သွားချင်လဲဗျ "
" ရေရှိတဲ့နေရာ "
" ဗျာ "
ဂန်းလေးမှာ နားမလည်တော့ပေ ။
" ရေကန်တို့ ကမ်းစပ်တို့ ဘာတို့လေ ။ အပန်း
ဖြေလို့ကောင်းမယ့် နေရာမျိုး ။"
" အာ...ဟုတ် ။ ရှိပါတယ် ဗျ ။ ကျွန်တော်လမ်းပြပေးပါ့မယ် "
လူစည်ကားသိုက်မြိုက်ရာနေရာတွေကို ဖြတ်သန်းရင်း အတော်ကြာအောင် လျှောက်သွားပြီးသည့်နောက်မှာတော့ လူခြေတိတ်သွားသည့်နေရာ၌ ကန်အကြီးကြီးတစ်ခုကို မြင်တွေ့လိုက်ရသည် ။
မင်ယွန်းဂီမှာ ကျောက်အစွန်းနားကနေ ရပ်လိုက်ပြီး အောက်သို့ငုံကြည့်လိုက်သည် ။
ကွက်တိပဲ ။
မျက်စိတစ်ဆုံး ရေပြင်ကျယ်ကြီးသာ မြင်တွေ့နေရပြီး စိတ်အေးချမ်းသွားသလို ခံစားလိုက်ရသည် ။ စိတ်လည်း လှုပ်ရှားနေမိသည် ။
" သခင်ငယ်လေး...သတိထားပါခင်ဗျ "
ဂန်းလေးက သူ့ကို နောက်သို့ ဆွဲခေါ်လာသည် ။
မင်ယွန်းဂီက အလိုက်သင့်လေး လိုက်ဆုတ်လိုက်ပြီးနောက် သူ့နားမှာ ဝိုင်းနေသည့်အစောင့်တပ်သားတွေကို လှည့်ကြည့်လိုက်သည် ။
သခင်ကြီးက သူ့သားကို အတော်ချစ်ရှာတာပဲ ။
လူတစ်ယောက်ကို ကာကွယ်ဖို့ လုံလောက်တာထက် ပိုနေပြီ ။
" မင်းတို့တွေ ဟိုးဝေးဝေးကို သွားကြ "
" သခင်ငယ်လေး အန္တရာယ် ဖြစ်မှာစိုးရပါတယ် "
အစောင့်တပ်သားက စိုးရိမ်မကင်းဆိုလာသည် ။
" ဘာအန္တရာယ်မှ မရှိဘူး "
" ဒါပေမယ့် "
မင်ယွန်းဂီလေးမှာ မျက်နှာလေး ညိုးငယ်သွားပြီး အသံလေးမှာလည်း လောကကြီးကို စိတ်ကုန်နေသည့်လူတစ်ယောက်ကဲ့သို့ ဖျော့တော့တိုးလျသွားပေသည် ။
" မင်းတို့သိလား ။ ငါလည်း လူပဲမလို့ တစ်
ယောက်တည်း လွတ်လွတ်လပ်လပ်နေချင်တယ် ။ ဒီရက်တွေမှာ တောက်လျောက် စောင့်ကြည့်ခံနေရတာ အရမ်း စိတ်ညစ်ရတယ် ။ အခု ငါပေးတဲ့အမိန့်ကို မင်းတို့မနာခံဘူးဆိုရင် ငါ တကယ်ပဲ ဒီကန်ထဲ ခုန်ချပစ်လိုက်မယ် "
အဲ့လို ခြိမ်းခြောက်လို့ ဖြစ်တယ် မဟုတ်လား ။
" သခင်ငယ်လေး ! "
ဂန်းလေးကအစ အစောင့်တပ်သားတွေအကုန်လုံး အသံပြိုင်ထွက်လာကြသည် ။
" သခင်ငယ်လေးကို စိတ်ကျဥ်းကြပ်အောင် မလုပ်ရဲပါဘူး ။ ကျွန်တော်တို့ အဝေးမှာ နေပေးပါ့မယ် "
ဟုတ်ပြီကွ ။
အကြံဆိုးကြီးနှင့် ကြိတ်ပြုံးနေသော်လည်း မျက်နှာလေးထက်ရှိအပြုံးလေးကတော့ ခပ်ဖျော့ဖျော့လေးသာ ဖြစ်ပေသည် ။
ပြောပါတယ် ။ အနုပညာပါရမီ ပါပါတယ်လို့ ။
" ဂန်းလေးရောပဲ "
" ဟင့်အင်း ။ ကျွန်တော် မသွားဘူး "
ဂန်းလေးက သူ့လက်မောင်းကို ဆွဲဖက်ထားပြီး ခေါင်းတခါခါနှင့် ငြင်းလာသည် ။
ကိစ္စမရှိ ။ ဂန်းလေးလောက်က အသာလေး လှည့်လို့ရသည် ။
အဝေးမှာ စောင့်ကြပ်နေသည့်အစောင့်တပ်သားတွေကို လှမ်းကြည့်လိုက်ပြီးနောက် ဂန်းလေး၏ လက်ကို ဆွဲဖြုတ်လိုက်သည် ။
ဂန်းလေးက သူ့ကို ကြည့်လာသောအခါ ခပ်ရေးရေးလေး ပြုံးပြလိုက်သည် ။
မင်ယွန်းဂီက အပေါ်ကို မော့ကြည့်လိုက်ပြီး
အံ့သြသင့်သလို ဆိုလာသည် ။
" ဂန်းလေး အပေါ်ကို မော့ကြည့်လိုက် "
ဂန်းလေးက သူပြောသလို မော့ကြည့်လာသည် ။
မင်ယွန်းဂီလေးက ခြေလှမ်းကို ဖြေးဖြေးချင်းစီ နောက်ဆုတ်ရင်း စကားဆိုလိုက်သည် ။
" တွေ့လိုက်လား ။ ရွှေရောင်ငှက်ကြီးလေ ။ မင်းမြင်လား "
" ရွှေရောင်ငှက် ဟုတ်လား "
တစ်ခါမှမမြင်ဖူးသောကြောင့် ဂန်းလေးမှာ ကောင်း
ကင်ယံထက်၌ တစ်ကောင်စ ၊ နှစ်ကောင်စ ပျံသန်းနေသည့်ငှက်တွေကို သေချာကြည့်ရှုလိုက်သည် ။
" တွေ့လား ။ ရွှေရောင်တောက်နေတာလေ ။ ဟိုးအဝေးကြီးမှာ "
ဂန်းလေးမှာ အမြင်အာရုံကောင်းစွာဖြင့် ကြည့်သော်လည်း မည်သည့်အရာကိုမှ မတွေ့ပါချေ ။
မင်ယွန်းဂီမှာ ဂန်းလေးကိုသာမက အစောင့်တပ်သားတွေကိုပါ ကောင်းကင်ပေါ်သို့ လက်ညိုးထိုးပြရင်း လိမ်ညာနေခဲ့ပေသည် ။ သူဘာပြောချင်သလဲကို နားမလည်သည့်အစောင့်တပ်သားတွေမှာ ကောင်းကင်ကြီးကို ကြည့်လိုက် ၊ သခင်ငယ်လေးကို ကြည့်လိုက်ဖြင့် ခေါင်းရှုပ်နေကြပေသည် ။
ခြေတစ်လှမ်းဆုတ်ပြီးသွားသည့်နောက်မှာတော့ လှိုက်ခနဲ ဖြစ်သွားရသည့် ခံစားမှုနှင့်အတူ မင်ယွန်းဂီမှာ ရေထဲသို့ ပြုတ်ကျသွားတော့သည် ။
နှုတ်ဆက်ပါတယ် ။
အေးစက်မှုတွေက သူ့ခန္ဓာကိုယ်ကို ရစ်သိုင်းထား
သည် ။ ကိုယ်ဖော့ထားခြင်းမရှိသောကြောင့် ရေနက်ထဲသို့ တစ်ဖြေးဖြေး နစ်မြုပ်သွားပေသည် ။ အသက်ရှူအောင့်ထားရသည်မှာ ကြာရှည်လာသောအခါ သတိလစ်သွားရတော့သည် ။
ဗွမ်း !
" သခင်ငယ်လေး...နောက်နေတာ မဟုတ်လား "
ဂန်းလေးမှာ ရေသံကြောင့် ဘေးသို့လှည့်ကြည့်လိုက်သောအခါ သခင်ငယ်လေးမှာ ပျောက်ချင်းမလှ ပျောက်သွားပေသည် ။ ကမ်းစပ်သို့ စိုးရိမ်တကြီး ငုံ့ကြည့်လိုက်ပြီးနောက် အစောင့်တပ်သားတွေကို လှမ်းမခေါ်ခင်မှာပင် သူ့ဘေးနားသို့ လျင်မြန်စွာ ရောက်လာကြသည် ။
" သခင်ငယ်လေး...သခင်ငယ်လေး ရေထဲပြုတ်ကျသွားလို့ ! ကယ်ပါဦး ! "
ဂန်းလေးမှာ ထိတ်လန့်တုန်လှုပ်လျက် ငိုချင်သွားရတော့သည် ။
အစောင့်တပ်သွားတွေမှာလည်း အချိန်မဆွဲဘဲ ရေကန်ထဲသို့ ထိုးဆင်းသွားကြတော့သည် ။
မင်ယွန်းဂီမှာ မျက်လုံးတွေကို ပြန်လည်ဖွင့်ကြည့်လိုက်သည် ။ ရင်းနှီးသလိုရှိခဲ့ဖူးသည့်မျက်နှာကျက်ကြီးကို မြင်လိုက်ရပြီး နံဘေး၌ တရှုံရှုံငိုသံများကို ကြားနေရသည် ။
စိတ်ကိုတင်းထားလိုက်ပြီး ခေါင်းလှည့်ကြည့်လိုက်သည် ။
" ယွန်းလေး..."
သခင်မကြီးမင်မှာ သူ့ကိုဖက်ကာဖြင့် ပို၍ သည်းထန်စွာ ငိုလာတော့သည် ။ ယခုအချိန်၌ မင်ယွန်းဂီမှာ ဘယ်သူ့ကိုမှ မနှစ်သိမ့်ပေးချင်ပေ ။ တစ်ယောက်တည်းသာ အခန်းတံခါးပိတ်ပြီး ထိုင်ငိုချင်နေမိသည် ။
ဘာလို့ ပြန်သွားလို့ မရတာလဲလို့ !!!
သခင်ကြီးမင်မှာ နူးညံသည့်အသံဖြင့် မိမိ၏ဇနီးကို ဖြောင်းဖျလာသည် ။
" ဇနီး...ယွန်းလေး သတိရလာပြီပဲ ။ စိတ်ကို ထိန်းပါကွယ် "
သခင်မကြီးမှာ သူ့ကိုဖက်ထားရာကနေ ဖယ်ခွာလာပြီး ဒုသခင်မလေး ကမ်းပေးလာသည့် လက်ကိုင်ပုဝါလေးဖြင့် မျက်ရည်တွေကို သုတ်လာသည် ။