"ဆရာ ... ဆရာလေး"
ညဉ့်သုံးယံ၏ နောက်ဆုံးသောအပိုင်းအခြားဖြစ်သည့် မိုးသောက်ယံအချိန်တွင် ကြားလိုက်ရသော လူတစ်ယောက်အသံ။ စားပွဲခုံလေးပေါ် ခေါင်းမှောက်အိပ်နေသော ဘုန်းလျှံတစ်ယောက် လန့်ဖျတ်သွားရသည်။
"ဟင် ... ဗျာ"
"သားအဖေ သွေးတွေအန်နေလို့ ... လုပ်ပါဦး၊ လိုက်ကြည့်ပေးပါဦးဗျာ"
"ဟုတ်လား လာမယ်၊ လာမယ်"
ခဏမှေးနေချိန် ငေါက်ခနဲထရပ်လိုက်တာမို့ ဘုန်းလျှံခေါင်းထဲ မူးဝေသွားသည်။ သို့သော် သတိမပျက်စေရ၊ မနေ့ညနေကမှရောက်လာသည့် Alcoholic လူနာဆီလိုက်ဖို့ပြင်ရမည်။ ဒါမို့တစ်ဆက်တည်းပဲ သွေးအန်သက်သာစေဖို့ လိုအပ်တာတွေနှင့် Azeptil ပါတစ်ခါတည်း စုပ်ယူလိုက်သည်။
ဘုန်းလျှံမောင် လူနာဆီရောက်တော့ဖြင့် PG ကျဲကျဲပါ ရောက်နေပြီ။ ၁၃နှစ်သာသာလောက် ရှိဦးမည့်ကောင်လေးက သူ့တင်မက ကျဲကျဲကိုပါ ထပ်ခေါ်သွားပုံရ၏။ လူနာဆိုတာလည်း ၄ပေမီးချောင်း၏ အလင်းရောင်အောက်တွင် သွေးတွေအန်ထားလိုက်တာ ထွေးခံသုံးလုံးတောင် မလောက်ငှချင်တော့။ ခြုံစောင်ကြီးလည်း သွေးစသွေးနတွေပေကျံနေတာ အရှင်းသားမြင်နေရသည်။
"အေး ဘုန်းလျှံအတော်ပဲ၊ ကျဲကျဲကို လာကူဦး"
"ဟုတ်"
စာတော်ရုံမက လှုပ်လှုပ်ခတ်ခတ်ဖြစ်နေသည့် အခြေအနေကိုပါ ကျဲကျဲက ကြည့်ထိန်းပေးနိုင်သည်။ ခဏကြာတော့ AS အစ်ကိုရန်ပိုင်လည်း ဘယ်ကဘယ်လိုကြားသည်မသိ။ သူလိုအလုပ်သင်ဆရာဝန်ပဲဖြစ်သည့် မေသစ္စာနှင့်အတူ လာကူပါသည်။
လူခြေတိတ်ချိန်မှ Shock ဝင်နေသည့်လူနာဦးလေးကြီးမှာ ထိုးအန်နေလိုက်တာ တဝေါ့ဝေါ့ပါပဲ။ နီညိုရောင်သွေးတွေက လူနာ၏ပါးစပ်ကသာမက နှာခေါင်းပေါက်ကပါ အရှိန်လွန်ပြီး စီးကျလာသည်။ ဘေးရှိလူကုန် ပျာယာခတ်ကုန်ကြတာ သူဆိုလျှင်ခြေမကိုင်မိ၊ လက်မကိုင်မိ။ ကျဲကျဲတို့ခိုင်းသမျှ လုပ်နေရလို့သာ တော်သေးသည်။ ကိုယ်တစ်ယောက်တည်းသာဆို အတွေ့အကြုံမရှိတာနှင့် လွယ်လှမှမဟုတ်ပေ။
"BP ကျလာပြီ။ သွေး Urgent လိုတယ်၊ မြန်မြန်သွားရှာထားတော့"
သည်လိုပြောတော့လည်း မနက်၃နာရီကြီး ဖနောင့်နှင့်တင်ပါး တစ်သားတည်းကျအောင်ပြေးရတာ ဘုန်းလျှံမောင်ပါပဲ။ သို့ပေမဲ့ သွေးဘယ်လောက်သွင်းသွင်း လူနာပြန်အန်တာ ပလတ်စတစ်ပုံး၂ပုံးစာမကတော့ ဘယ်လိုမှမလောက်ငှ။
အချိန်အားဖြင့် ၁နာရီကျော်၊ ၂နာရီနားပါး တောက်လျှောက်ကြည့်ပေးနေရသော ဆရာဝန်တွေလည်းပမ်း၊ ဘေးလူနာတွေလည်း မအိပ်ရပါပေ။ လူနာ၏မိန်းမနှင့် သားကလေးဆိုတာလည်း အဖေကြီးကိုကြည့်ပြီး တရှုံ့ရှုံ့ငိုယိုကြတာမပြောပါနှင့်။ ခြေတွေလက်တွေ အေးစက်လာသည့်လူနာကို သူက ရေနွေးအိတ်ကပ်ပေးရပြီး မေသစ္စာကတော့ လူနာရှင်နှစ်ယောက်ကို မငိုအောင်ချော့ပြောရသူပင်။
သည်လိုနှင့် မနက်ခင်းအလင်းဝင်လို့ အချိန်၅နာရီကျော်တော့မှ လူနာအခြေအနေက Stable ဖြစ်သွားသည်။
"ကျေးဇူးတင်ပါတယ် ဒေါက်တာတို့ရယ်။ ကျွန်မယောက်ျားမှာ ဒေါက်တာတို့ပေးတဲ့အသက်ပဲ ရှိပါတော့တယ်"
"ရပါတယ်ဗျာ၊ တစ်ခုခုဆိုအားမနာဘဲ ပြောပါ"
"ဟုတ်ကဲ့၊ ဟုတ်ကဲ့"
AS အစ်ကို၊ PG ကျဲကျဲနှင့် သူတို့ HS နှစ်ဦးလုံးလည်း ခြေကုန်လက်ပမ်းကျကြလေပြီ။
"ယောက်ျား ရှင် နေသာရဲ့လား။ အဲဒီအရည်တွေ မသောက်ပါနဲ့လို့ ကျွန်မနှစ်ချီပြောခဲ့တာ အခုတော့ခံလိုက်ရတာ..."
လူနာရှင်အန်တီကြီး၏ ကရုဏာဒေါသသံက သူတို့ဆရာဝန်လေးယောက်နောက်တွင် ကျန်ရစ်နေခဲ့ပြီ။
ကိုယ်စီအညောင်းညာဆန့်ရင်း Rest Room ကိုပြန်တော့ ကော်ရစ်တာတစ်လျှောက် အာရုဏ်ဦးအလင်းရောင်ဖြင့် လင်းထင်းနေသည်။ ဇွန်လ၏နံနက်ခင်းလေပြေက သူတို့လေးဦးအနီး တိုးတိုက်သွားတာ ခပ်နွေးနွေးပါပဲ။ မိုးမရွာတာလည်း သုံး၊ လေးရက်ရှိပြီဆိုတော့ လေထုတွင် အအေးဓာတ်လျော့နည်းနေချေပြီ။ ပင်ပန်းနေသည့်သူတို့အဖို့ လေပြည်အေးအေးလေး ဖျန်းလာတာဖြစ်ဖြစ်၊ မိုးသီးမိုးပေါက်လေးတွေ လွင့်စင်တာဖြစ်ဖြစ် ရှိစေချင်လှ၏။
သိုပေမဲ့ ကိုယ်ဖြစ်ချင်တိုင်း သူဖြစ်မပေးနိုင်တာ လောကနိယာမပဲမလား။
"ကဲ ဘယ်လိုလဲ ရှင်တို့နှစ်ယောက် ... Case လိုက်ချင်ကြတယ်ဆို၊ နဖူးတွေ့ဒူးတွေ့ဆိုတော့ ပျော်မှပျော်ရဲ့လား"
PG ကျဲကျဲက အခန်းထဲရောက်ရောက်ချင်း အလုပ်သင်ဆရာဝန်လေးတွေဖြစ်သည့် သူတို့နှစ်ယောက်ကိုစသည်။
"ပျော်,မောကြီးပေါ့ ကျဲကျဲရာ"
"စရောက်ရောက်ချင်း တကယ်လန့်သွားတာ ကျဲကျဲရ။ သွေးတွေပုံးလိုက် အန်တာ၊ အန်တာဆိုတာ ဒီလူနာကိုယ်ထဲ သွေးရောကျန်ပါ့တော့မလားလို့ အူကြောင်ကြောင်တွေးမိသေးတယ်"
မေသစ္စာလည်း အမောပြောရေသောက်ပြီး ပထမဆုံးကြုံရသည့် Bouts (သွေးအန်) လူနာ အတွေ့အကြုံကို ခပ်ဟိုက်ဟိုက်ပြောပြန်၏။
ဘုန်းလျှံကတော့ ခန္ဓာကိုယ်သန့်ရှင်းပြီး ပြန်ဝင်လာခဲ့သည်။ ကမန်းကတမ်းထသွားရလို့ ချထားခဲ့ရသည့်ဖုန်းကို ကောက်ကိုင်လိုက်တော့ စာလေးတစ်ကြောင်းက ၂နာရီစာနွမ်းဟိုက်ခဲ့သော အမောတွေပြေသွားစေခဲ့သည်။
'Morning တေးတေး' တဲ့လေ။
မနက်၅နာရီကျော်မှာ ပို့ထားသည့်စာသည် မျက်လုံးနှစ်လုံးဖွင့်လို့ နိုးနိုးချင်းကတည်းက သူ့ကိုသတိရသည့်သဘောများလား။ သူ့နှုတ်ခမ်းမှာ လေးကိုင်းသဏ္ဌာန် ကော့ညွတ်သွားလိုက်တာ ပါးလေးတောင် မို့တက်သွား၏။
"အား ... ဗိုက်ဆာလိုက်တာကွာ"
AS အစ်ကိုရန်ပိုင်၏ မနက်ခင်းကြေကွဲသံစဉ်ပင်။ ဂျူတီမလဲရသေးတာမို့ တစ်ခါတည်းထွက်စားလို့လည်း မဖြစ်ကြသေး။
"အစ်ကို Snack bank ထဲမှာ မုန့်တွေရှိတယ်လေ။ ပေါင်မုန့်လုံးစားမလား၊ ခေါက်ဆွဲပြုတ်ပူပူလေးလည်း ရတာပဲ"
"တော်ပြီကွ။ အဲလို ready-made မဟုတ်ဘဲ မနက်ခင်းစာလေးတွေ စားချင်တာ။ After SO (Surgical Observation) တုန်းကစားနေကျ အီကြာကွေးပူပူလေးနဲ့ လက်ဖက်ရည်ပေါ့ဆိမ့်လေးရယ်၊ ဆရာမောင်အေးအိမ်က ထည့်ပေးလိုက်တဲ့ မုန့်ဟင်းခါးချိုင့်ဆွဲရယ်၊ တစ်ခါတစ်ခါ မာမီကြီးလာပို့တတ်တဲ့ မန္တလေးမြီးရှည်ရယ် အားဟား ... အဲလိုတွေအဖွဲ့လိုက်ကြီးစားရတာ အရမ်းသတိရတာပဲ"
"အစ်ကိုကတော့ မရှိတာတွေ တောင့်တပြီ"
ကျဲကျဲက ဖုန်းလေးကိုင်ရင်း အပြင်မထွက်ခင်ပြောသွားသေး၏။ ဘုန်းလျှံလည်း ခေါင်းတခါခါနှင့် ကိုးကိုးဆီဖုန်းခိုးဆက်ဖို့ လေသာဆောင်ဘက် ထွက်ခဲ့တော့၏။ Rest room ထဲမှာ အစ်ကိုရန်ပိုင်နှင့် စကားလက်ဆုံကျနေသူတွေ ရှိပါသေးသည်။
နားစည်တွင်ရိုက်ခတ်နေသော ဖုန်းခေါ်သံက တတူတူ။ အရှေ့လမ်းဖက်ကို မျက်နှာမူကာ သဘာဝလေကို တစ်ဝကြီးရှူရှိုက်လိုက်သည်။ ရနေကျ ပိုးသတ်ဆေးအနံ့မဟုတ်တော့ ဘုန်းလျှံ ကျေနပ်သွား၏။
"တေးတေး အိပ်ပျော်နေတာလား"
၅နာရီခွဲခါမှ ဖုန်းပြန်ဆက်တော့ သူ့ကိုအိပ်ပျော်နေသည်ထင်။
"မဟုတ်ရပါဘူးဗျာ ... မနေ့ညနေကဝင်လာတဲ့လူနာက မနက်၃နာရီကြီး Bouts တွေရနေလို့ ခုနကမှပြန်နားရတာ။ ကိုးကိုးသိလား၊ သွေးတွေအန်တာ,အန်တာဆိုတာ ထွေးခံတွေလည်း မလောက်ဘူး၊ ပုံးတွေပါကူခံရတယ်။ ပြီးတော့ BP တွေထိုးကျ၊ သွေးတွေသွင်းတာလည်း ဘယ်လိုမှမလောက်ချင်ဘူး"
"ဟာ ... ဟုတ်လား၊ ရန်ပိုင်တို့ရှိရဲ့လား။ အခုရောဘယ်လိုနေလဲ"
"ကိုရန်ပိုင်ရော၊ ကျဲကျဲရောရှိပါတယ်။ လူနာလည်း Stable ဖြစ်သွားပြီ။ ဒီကကိစ္စတွေ ဘာမှစိတ်မပူပါနဲ့၊ ကိုးကိုးသာ အိပ်ရေးဝဝအိပ်"
ဘေးကသူနာပြုဆရာမလေးနှစ်ယောက် ဖြတ်လျှောက်သွားတော့ ဘုန်းလျှံမောင်တစ်ယောက် သူ့အသံလှိုင်းကို နှိမ့်ကာပြောလိုက်ရ၏။ အခုချိန်မှာ သူရည်စားရနေတာ ဘယ်သူမှမသိစေချင်သေး။ နှစ်ယောက်တည်း တိတ်တိတ်ကလေး ခိုးချစ်ချင်သေးသည်။
"ကိုယ်ကနိုးနေကျပါ၊ ခဏနေရင်တောင် ထွက်ခဲ့တော့မလို့။ ဒါဆို Ward-1 ရဲ့ စူပါဟီးရိုးလေးတွေ ဗိုက်ဆာနေလောက်ကြရောပေါ့။ ကိုယ် တစ်ခုခုဝယ်လာခဲ့မယ်၊ ဘာစားချင်လဲ"
"အီကြာကွေး အီကြာကွေး"
"အဟမ်း ... တေးတေးက အီကြာကွေးစားချင်တာဆိုတော့ အရှည်ကြိုက်လား၊ အတိုကြိုက်လား။ ဘယ်နှလက်မလောက်ဆို အဆင်ပြေလဲ"
"ဘယ်ဆိုင်က အီကြာကွေးကို လက်မနဲ့တိုင်းရောင်းလို့လဲ၊ မညစ်ပတ်နဲ့"
"ဟောဗျာ ... တကယ်ပါဆို"
ခပ်အေးအေးလူပျိုကြီးက ဒါမျိုးတွေညစ်တီးညစ်ပတ် စနောက်တတ်တယ်ပြောရင် ဘယ်သူမှယုံနိုင်မှာမဟုတ်။ တစ်ခါတလေဆို နှစ်ကိုယ်ကြား ရုတ်တရက်ပြောလိုက်သည့် စကားတချို့က လူကိုကြက်သီးဖြန်းဖြန်းတောင် ထစေသည်။
"ကိုးကိုးနော် မစနဲ့တော့၊ ခုနကကိုရန်ပိုင် အီကြာကွေးစားချင်တယ်ဆိုလို့ မှာပေးတာပါ"
"ဪ ... ဒါဆိုတေးတေးကတော့ အီကြာကွေးမကြိုက်ဘူးပေါ့"
"အဲလိုတော့မဟုတ်ဘူးလေ၊ ကြိုက်တော့ကြိုက်ပါတယ်"
"အင်းလေ၊ အဲဒါမို့တေးတေးက ဘယ်နှလက်မလောက်ကြိုက်..."
"တော်ပြီ တော်ပြီ၊ ကိုးကိုး ကြိုက်တဲ့ဆိုဒ်သာဝယ်ခဲ့တော့ ... ဒါပဲနော်"
ခြေကလိမ်ကွတ်ပြီး ရပ်နေမိသည့်တေးတေးတစ်ယောက် အူတွေအသည်းတွေ လှိုက်ဖိုလာသည်။ ရင်ခုန်သံဆိုတာလည်း ကန်ရေပြင်ကို ခဲတစ်လုံးပစ်ချလိုက်သလို လှိုင်းလေးတအိအိ။ မတွေးချင်သော်လည်း မြင်ယောင်လာသော မဟုတ်က၊ ဟုတ်ကတွေကြောင့် မျက်လုံးကိုတအားပိတ်ချပြီး ခြေထောက်လေးခုန်ဆွ၊ ခုန်ဆွလုပ်နေမိသည်။ ရည်းစားထားရတာလည်း ဘာမှမဟုတ်လည်း သည်လိုတပြုံးပြုံးပါပဲလား။
"ဟဲ့"
"ကိုးကိုးပလုတ်တုတ်!"
ကျောပြင်ဆီကျလာသော လက်သံကြောင့် ကြောက်အားလန့်အားနှင့် အော်တာတောင် ကိုးကိုးပါမိသည့်အဖြစ်။ တင်နီလာဝင်းများ လက်သံပြောင်ချက်ပါပဲ။
"ဘာကိုးကိုးပလုတ်တုတ်လဲ"
"လက်ထဲမှာဒီလိုထည့်ပြီး လှည့်တဲ့ဟာလေ ... အာ မဟုတ်ပါဘူး၊ ငါလည်းဘာတွေပြောနေမိမှန်း မသိဘူး"
"နင် မရိုးသားဘူးနော်"
ဘုန်းလျှံ ရှက်ရမ်း,ရမ်းပြီး တင်နီလာဝင်းနဖူးပြင်ကဆံစတွေကို လက်ချောင်းတွေဖြင့် ရှုပ်ဖွပစ်လိုက်သည်။ တင်နီလာမဆိုတာ ရှေ့ကဆံမြိတ်ကို သူ့အသက်ထက်တန်ဖိုးထားတာ၊ ဘတ်စ်ကားစီးလို့ ရုတ်တရက်ကားဘရိတ်အုပ်ရင်တောင် သူ့ကိုယ်လုံးထက် ဆံမြိတ်ကိုအရင်ဖိထိန်းသည့် ဆံမြိတ်ရူးမ။
"နင်ကမှမရိုးသားတာ၊ ဂျူတီမချိန်းခင် ဘာလို့အစောကြီးလာတာလဲ"
"ကိုရန်ပိုင်လေ ... Report ကြည့်ပေးစေချင်ရင် သူ့ဂျူတီမချိန်းခင် လာဆိုလို့"
"အဲဒါဆိုလည်း ကိုယ့်လမ်းကိုယ်သွားပါ သခင်မရယ်၊ ဒီမှာကြည်နူးနေတာတောင် ဆန့်ငင်ဆန့်ငင်နဲ့ ဖီးလ်ပျက်တယ်"
သူ တင်နီလာဝင်းကို အခန်းဘက်ဆီတွန်းပို့လိုက်တော့ ကြက်တူရွေး အမွှေးညပ်သည့်အသံနှင့် လှည့်အော်သွားသေးသည်။
'ဟဲ့ ကိုးကိုးပလုတ်တုတ်ဆိုတာ ငါသိအောင်ရှာကြည့်မှာနော်၊ တွေ့လို့ကတော့ ဟင်းဟင်း' တဲ့လေ။ အတွေးထဲပြောနေမိတာတော့ ရှာတွေ့ဦးမှာ အံ့ဩပါ့ ... သူတောင်မှမတွေ့ဖူးတာ။ ပြီးမှသူ့အတွေးသူ ရှက်နေမိသည်၊ ဘာတွေလျှောက်တွေးနေလဲမသိ။ ကိုးကိုးစနောက်သွားတော့ သူ့မှာနေမရ၊ ထိုင်မရနှင့် ဂဏာမငြိမ်တော့ပေ။
ဘုန်းလျှံမောင်သည် မနက်ခင်းစောစောတွင် အော်မြူးလူးခါနေတတ်သော ငှက်ကလေးတစ်ကောင်နှင့် အလားသဏ္ဌာန်တူလှသည်။ ပင်ပန်းပေမဲ့ သွက်လက်တက်ကြွကာ တောင်ပံဖြန့်ချင်နေသလိုမျိုး။ အိုး ... ငှက်ဖြစ်ရင်တောင် ရိုမန်တစ်ဆန်ပြီး သစ္စာရှိတဲ့ အောင်လောင်(ခေါ်) အောက်ချင်းငှက်ပဲ ဖြစ်လိုက်ချင်ပါဘိဟု ရှူးနှမ်းနှမ်းထပ်တွေးလိုက်ပြန်တော့သည်။
.....................
"ဆရာညီက အီကြာကွေးတွေ ပုံးလိုက်ဝယ်လာတဟေ့"
မနက်ခင်းဂျူတီမချိန်းကြခင် အခန်းထဲ ရုံးစုဖွဲ့ကာရှိနေကြချိန် PG အစ်ကိုတစ်ယောက်က ထအော်လိုက်ခြင်းဖြစ်၏။ တင်နီလာဝင်းကို Report ကူပေးနေသော ဘုန်းလျှံမောင်မှာလည်း ဆရာညီဆိုတာနှင့် ကိုယ်လေးမတ်ကာ ခေါင်းကထောင်ပြီးသား။
"မနက်စောစောက Alcoholic လူနာ Shock ဖြစ်တယ်ကြားလို့ ... ဂျူတီဝင်တဲ့သူတွေလည်း မောနေကြရောပေါ့။ လက်ဖက်ရည်ဆိမ့်ရှယ်လေးပါ ဝယ်လာပါ့ဗျာ။ ပူတုန်းလေး လာဝိုင်းလိုက်ကြ"
ကျောပေးထားသည့် အခန်းဝကဝင်လာသော သူ့ချစ်သူကိုးကိုးက ခဲနှင့်အနက်ရောင်ရောစပ်ထားသော ပုဆိုးသန့်သန့်ကို ဝတ်ဆင်လာ၏။ အပေါ်တွင် အဖြူခံကိုမှခဲဖျော့စင်းရှပ်နှင့်။ ဆီလူးကာ ပြောင်နေအောင်သပ်တင်ထားသော ဆံစတွေက အနောက်ဆီသို့ အစီအရီ။ အိပ်ချင်မူးတူးဖြစ်နေသော ဘုန်းလျှံတစ်ယောက် ကိုးကိုးကိုမြင်လိုက်ရတာ နေပူပူမှ ရေအေးအေးသောက်လိုက်ရသလို၊ ငမ်းလိုက်ရတာဆိုတာလည်း ရင်ဘတ်ကကြိုးဆွဲမျက်မှန်ကိုပါ အားရပါးရ တပ်လိုက်သေး၏။
"မနက်ကတောင် အီကြာကွေးပူပူလေးစားချင်သေးတယ်လို့ ပြောနေတာဗျာ၊ မုတ်ဆိတ်ပျားစွဲတာပဲ"
AS ကိုရန်ပိုင်က ပြောလည်းပြော၊ ပုံးကိုလည်းဖွင့်တော့သည်။ စားရမှာပေါ့ ... ကိုးကိုးကို သူ ပူဆာပေးလိုက်တာလို့တောင် ကြွားလိုက်ချင်သေး။ ဘုန်းလျှံတစ်ယောက် ကြိတ်သာရယ်နေမိသည်။
သူတို့ Ward-1 ဆိုတာ အစားအသောက်နှင့်ပတ်သက်လို့ကတော့ အားနာနေမှာမပူရ။ တစ်ခုခုဝယ်လာပြီဆိုကတည်းက တစ်ယောက်တစ်ပေါက်နှင့် ဝိုင်းအုံပြီးစားကြသည်။ သူတို့လို Houses Surgeon အငယ်လေးတွေအစ Consultant ၊ Professor အဆုံး အားလုံးနွေးနွေးထွေးထွေးရှိပြီး သဘောကောင်းကြတာဖြစ်၏။
"ဘုန်းလျှံ လက်ဖက်ရည်ထည့်ရအောင် တစ်ခါသုံးစက္ကူခွက်တွေ ယူခဲ့ပါဦး၊ တင်နီလာ ညီမလေး report နောက်မှရေး ... အီကြာကွေး လာစား လာ"
"ဟုတ်"
"ဟုတ် ကျဲကျဲ"
"လက်ဖက်ရည်က အားလုံးအသောက်ညီအောင် ရှေ့ဆိုင်ကထုံးစံအတိုင်း ပုံမှန်ဆိမ့်လောက်ပဲ ဖျော်ပေးလိုက်တယ်တဲ့။ ဒီလောက်ခဏခဏဝယ်တာတောင် ဆိုင်ရှင်ဦးတက်ဖြိုးက ဓာတ်ဗူးငှါးတာ ခပ်ရွံ့ရွံ့နဲ့"
စက္ကူခွက်တွေယူရင်း စကားရွှင်နေသည့် သူ့ကိုးကိုးအပြောတွေကို ဘုန်းလျှံနားထောင်ရသေးသည်။ ဝင်လာကတည်းက မျက်လုံးချင်းတစ်ခါခိုးဆုံပြီး ရင်ခုန်လိုက်ရသေးတာအမော။
"ဆရာညီကလည်း ဆိုင်ရှင်ကြောက်ရှာမှာပေါ့၊ သားဖွားဆောင်ဘက်ကလည်း အဲလိုပဲဓာတ်ဗူးငှါး,ငှါးပြီး ပြန်မပို့ကြတာလေ။ အဲဒါဘယ်လိုမှာမှာ လာမပို့တဲ့အဆုံး သူနာပြုဆရာမလေးကို ဆိုင်ရှင်ကမှာလိုက်သတဲ့"
"ဘာတဲ့တုန်း"
"ဓာတ်ဗူးလည်း ပြန်လာမပို့ပါနဲ့တော့။ အဲဒီအစား သူ့သမီးကလေးမွေးရင်သာ သားဖွားဆောင်က အလကားမွေးပေးပါတဲ့လေ"
"ဟားဟားဟား"
ကိုရန်ပိုင် အရွှန်းဖောက်မှုကြောင့် အီကြာကွေးစားနေကြသူတွေ အသိုက်လိုက်ကြီး တဝါးဝါးတဟားဟား ဖြစ်ကုန်ကြသည်။
ထိုအချိန် ဘုန်းလျှံကလည်း တစ်ခါသုံးခွက်တွေယူကာ ကိုးကိုးနား တိုးကပ်ရသည်။ လွမ်းနေရသော ကိုယ်သင်းရနံ့လေး နှာခေါင်းထဲတိုးဝင်လာတာ မိုးဦး၏မြေသင်းရနံ့လေးရသလို ပျော်ရွှင်ရ၏။ ဝယ်လာသူက ဓာတ်ဗူးကိုင်ကာငှဲ့ရင်း သူကတော့ အကြီးတွေစီ ကမ်းပေးရသည်။ 'ပူမယ်နော်' ဟူသော လူပျိုကြီး၏ဂရုစိုက်ပုံက သစ်ရွက်လှုပ်တာတောင် ရင်ခုန်ချင်နေသည့် ဘုန်းလျှံအသည်းနှလုံးကို ကလူကျီစယ်လိုက်သလို။
တစ်ခွက်ပြီးတစ်ခွက် ထည့်ပေးနေသည့် အညိုရောင်လက်ဖက်ရည်ကို ဘုန်းလျှံ အာရုံစိုက်ရတာထက် အပေါ်မော့ကြည့်လျှင် တွေ့ရသည့်မျက်ဝန်းညိုတွင် စုန်ဆန်ချည်ကာ လက်ပစ်ကူးချင်တာ။ ကြည်အေးသည့်အညိုရောင် စမ်းချောင်းထဲမှာ နှစ်ကိုယ်တူ ချစ်ကြည်နူးချင်တာ။ သူမော့ကြည့်တိုင်း ပြန်ရယ်ပြသည့်ပါးခွက်လေးကို နစ်ဝင်သွားအောင်မွှေးပစ်လိုက်ချင်တာ။
"ဒါနဲ့ ဆရာညီက လူနာမနက်စောစော Shock ရတာ ဘယ်လိုသိသွားတာလဲ၊ ကျွန်တော်တို့လည်း လှမ်းမဆက်ရသေးပါဘူး"
စိတ်ကူးယဉ်လေဟာနယ်ထဲက ဘုန်းလျှံမောင်တစ်ယောက် နားထင်ကသွေးကြောတွေ ဆောင့်တတ်လာတာဒိုင်းခနဲ။ ကိုရန်ပိုင်အမေးကို ကိုးကိုး ဘယ်လိုဖြေမလဲမော့ကြည့်တော့ ထိုမျက်ဝန်းညိုတွေကလည်း ခပ်ထွေထွေ။
"ဪ ... ခုနကအောက်မှာ လူနာရှင်နဲ့တွေ့လို့သိခဲ့တာ။ အင်း ... အဲဒါမို့ ဗိုက်ဆာနေကြမှာပဲဆိုပြီး နီးတဲ့ရှေ့ဆိုင်ကပဲ ကီကြာကွေး ... အယ် အီကြာကွေးတွေ ဝယ်လိုက်တာ အဲလိုအဲလို"
လူပျိုကြီး စကားတွေထစ်တာ သည်တစ်ခါသာကြုံဖူးသေးတာမို့ ဘုန်းလျှံ တိတ်တိတ်ကလေး ငုံ့ရယ်လိုက်၏။ တခြားသူတွေတော့ သူပြောလို့သိသွားတာကို ရိပ်မိကြမည်မထင်။ ထိုအခိုက် ကိုးကိုးကိုမော့ကြည့်တော့ အပြင်ဘက်ဆီ ခေါင်းနှစ်ချက်ဆတ်ပြကာ ဦးစွာထွက်သွားသည်။ ဒါအချက်ပြတာပါပဲ။ သို့သော် သိသာအောင်ချက်ချင်း ထွက်လို့မဖြစ်သေးတာမို့ ဘုန်းလျှံခမျာ ဟိုယောင်ယောင်၊ သည်ယောင်ယောင်တော့ လုပ်နေရ၏။
'ကိုယ့်အခန်းကိုလိုက်ခဲ့'
ဖုန်းတွင်ဝင်လာသည့်စာတိုကလေးကြောင့် ဘုန်းလျှံ ပြုံးမိသွားသည်။ မနက်၆နာရီတောင် မရှိသေးတာမို့ ဆရာဝန်၃ယောက်စာ ပေးထားသည့်အခန်းတွင် ကိုးကိုးတစ်ယောက်ပဲ ရောက်လောက်ဦးမည်။ ဂျူတီလည်းပြီးတော့မှာမို့ သူ့အိတ်ကိုဆွဲယူကာ မသိမသာထွက်ခဲ့တော့၏။
ကော်ရစ်တာ၏ သမံတလင်းကြမ်းပြင်တွင် နင်းလျှောက်နေသော ဘုန်းလျှံခြေလှမ်းတွေက ပေါ့ပါးသွက်လက်နေတာပါပဲ။ သူ ကိုးကိုးကို လွမ်းလှပြီ၊ ပွေ့ဖက်ထားချင်လှပြီ။ ခဏတာမြင်လိုက်ရပေမဲ့ အနားကပ်ပြီးစကားတွေ တီတီတာတာတွေပြောချင်မိတာ သူ အပြစ်ရှိသလား။
အခန်းရှေ့ရောက်တော့ ဘယ်ညာကြည့်လိုက်၏၊ ဘယ်သူမှမရှိ။ တံခါးခေါက်ပြီး ခပ်တည်တည်ပဲ သူ ဝင်သွားလိုက်သည်။
"ကိုးကိုး"
ဝင်ဝင်ချင်း စားပွဲ၃လုံးနှင့် ထိုင်ခုံတွေ၊ ပစ္စည်းပစ္စယတွေကိုသာ တွေ့ရတာမို့ အသံပြုလိုက်မိတာ ခပ်တိုးတိုး။
ထိုအခိုက် လက်မောင်းသားကဆွဲယူကာ ရင်ခွင်ထဲအသွင်းခံလိုက်ရတာ မြန်မြန်ဆန်ဆန်ပါပဲ။ မျက်နှာ၊ ရင်ဘတ်နှင့် ဗိုက်သားတို့ပါမကျန် အားလုံးထိစပ်သွားသည်က ကိုးကိုး၏တောင့်တောင့်တင်းတင်းခန္ဓာဆီ။ ပုခုံးကျယ်ကြီးကတဆင့် ခပ်ကျစ်ကျစ် သိုင်းဖက်လိုက်သော လက်မောင်းအထိအတွေ့ကြောင့် ကြက်သီးများပင်ဖြန်းဖြန်းထအောင် ရင်ခုန်မိသည်။ သည်လူပျိုကြီးက သူ့ကို သိပ်ဆွဲဆောင်နိုင်တာ။
"တစ်ညလုံး ပင်ပန်းနေမှာပေါ့ ကိုယ့်တေးတေး"
"အင်း ညဂျူတီတွေ ကိုးကိုးနဲ့အတူကျရင် ကောင်းမှာပဲ။ ပင်ပန်းရင်တောင် မျက်နှာမြင်နေရတော့ အလွမ်းပြေတယ်လေ"
"ကဲပါ ကိုးကိုးအခုရောက်ပြီပဲ"
"ဒါလည်း အလွမ်းမပြေသေးပါဘူး"
ရင်ခွင်ထဲက တိုးဖွဖွစကားသံက ချွဲရာများရောက်သွားလေသလား။ ကိုးကိုးက သူ့ကိုခဏဖယ်ခွာကြည့်ပြီး မျက်မှန်ကိုင်းလေးကို နဖူးမှတဆင့် ဆံပင်ပေါ်သပ်တင်ပေးလာသည်။ ဒါကိုသူမကြိုက်၊ နဖူးကိုဖုံးထားသည့် ဆံသားတွေမရှိတော့တာမို့ နေရခက်သလိုလိုဖြစ်သည်။ ကိုးကိုးရှေ့မှာ သူ့နဖူးကြီး ပြောင်နေတာမျိုးမဖြစ်ချင်။ ဒါမို့ထုံးစံအတိုင်း နှုတ်ခမ်းဆူကာ မနှစ်မြို့ဟန်ပြတော့ ကိုးကိုးက ကျေနပ်ဟန်ရယ်တာ စက်ဝိုင်းခြမ်းလေးအတိုင်း။
"ဘာတွေစားလို့ ဒီလိုချစ်စရာကောင်းအောင် နေတတ်ရတာလဲ ... ဟင်"
အပြောနှင့်အတူ အခန်းနံရံကိုကပ်ခံလိုက်ရသည်က ဘုန်းလျှံပင်။ ပြီးလျှင် တစ်စက္ကန့်တောင်မခြားဘဲ နှုတ်ခမ်းပေါ်ကျလာတာ အနမ်းနွေးနွေးကလေး။ သိမ်မွေ့မလိုနှင့် သွက်လက်သည်၊ ညင်သာမလိုနှင့် မြန်ဆန်သည်။ စက္ကန့်တိုင်းကို ရင်ခုန်စွာစီးမျောနေရင်း ခုနကမျက်နှာသစ်၊ သွားတိုက်လိုက်မိတာကို ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင်လို့မဆုံး။
ခါးတွင်ရစ်သိုင်းထားသည့် ကိုးကိုးလက်တစ်ဖက်က နှစ်ကိုယ်ကြားလေမသွေးအောင် တိုးကပ်ထားသည်။ ကျန်လက်တစ်ဖက်ကမူ သူ့နားသယ်စပ်ဆီ ကပ်တွယ်နေ၏။ ဇာတ်တိုက်ထားစရာမလိုအောင် အတိုင်အဖောက်ညီကာ အပ်စပ်နိုင်လွန်းသည့် ခန္ဓာကိုယ်နှစ်ခုပါပဲ။
ဒါသာမက နှုတ်ခမ်းသားအထိအတွေ့မှာလည်း တိမ်လွှာနှစ်ခုတိုးတိုက်သလို ပေါ့ပါးညင်သာနေသည်။ အခန်းတွင်းအသံဗလံဟူ၍ အနမ်းခြင်းဖလှယ်ရစ်သိုင်းမှုကြောင့် သစ်ရွက်ချင်းခတ်မိသလို တချွတ်ချွတ်မြည်သံလောက်သာ ထွက်ပေါ်လျက်ရှိသည်။ နံရံလေးဖက်ကလွဲ၍ သူတို့နှစ်ဦးတည်ရှိနေတာကို ဘယ်သူမှမသိနိုင်။
"အလွမ်းပြေပြီလား"
"နည်းနည်း"
အနမ်းတို့ကိုရပ်စဲပြီး နဖူးချင်းထိကပ်ကာ ရယ်မိကြပြန်ပါ၏။ မနက်ခင်းနေခြည်နုနုမှာ ပြတင်းတံခါးဆီကတဆင့် ဝင်လာတော့မည်။ ဒါတင်မက တာဝန်ကျဆရာတွေလည်း ရောက်လာနိုင်တာမို့ ညီမိုးလွင်က နောက်ဆုံးသောအနမ်းတစ်ချက်နှင့်သာ အဆုံးသတ်လိုက်၏။
"ကဲ အေးဆေးပြန်နားတော့၊ ကိုးကိုး ညနေဝင်ခဲ့မယ်"
"ဟုတ်၊ နေ့လယ်ကျ စာပို့လိုက်မယ်နော်။ ဖုန်းပြောလို့အဆင်ပြေတယ်ဆိုလည်း ဖုန်းခေါ်လိုက်မယ်"
"တေးတေးသဘော"
နှုတ်ဆက်ရင်းက မျက်မှန်ကိုနေရာတကျ ပြန်တပ်ပေးရှာသည်။ ပြီးလျှင် ဝတ်ထားသည့်ရှပ်လေးကိုလည်း ကြယ်သီးတစ်လုံး ပြန်တပ်ပေး၏။
"ဒါဆိုပြန်ပြီနော်"
[ပြွတ်စ်]
သည်လိုနှင့် မပြီးနိုင်သောနှုတ်ဆက်မှုကြီးကို အနမ်းတစ်ပွင့်နှင့် အဆုံးသတ်ခဲ့ရသည်။ ဘုန်းလျှံအဖြစ်က အရမ်းကြိုက်သည့်ပေါင်မုန့်ကို ထပ်ခါထပ်ခါစားချင်နေသလို၊ ကျောင်းပျော်သည့်ကလေးကို အမေက အိမ်ဇွတ်ပြန်ခေါ်နေသလို ... အခန်းထဲကထွက်လာလို့ ကော်ရစ်တာမှာ လမ်းလျှောက်နေရသည့်တိုင် သူ့ခမျာ ဆေးရုံကမပြန်ချင်။ ကိုးကိုးနှင့် ဂျူတီအတူတူဝင်ချင်နေသည်။
ခက်တာပါပဲ ... အိမ်ရယ်၊ ဆေးရုံရယ်မဟုတ်။ ပင်ပန်းတယ်ဆိုတာ ချစ်သူ့အနားကပ်နေလိုက်ရမှ အမောပြေသလိုမျိုး။ အာခေါင်တွေခြောက်နေဦးတောင် ချစ်စကားတွေပြောလိုက်ရမှ အလွမ်းပြေသလိုမျိုး။ ခြေထောက်တွေတောင့်နေဦးတောင် ချစ်သူနောက်ကပ်လိုက်နေရမှ နေသာထိုင်သာရှိသလိုမျိုး။
တစ်ခါတလေ အချစ်က ဘေးလူတွေနားမလည်နိုင်အောင် ရူးနှမ်းနှမ်းဆန်နေတတ်သည်။
"ဘုန်းလျှံမောင်!"
အတွေးနှင့်ရူးနေခိုက် ကော်ရစ်တာထောင့်ချိုးတွင် ဘွားခနဲတွေ့လိုက်ရသော တင်နီလာဝင်း။ သူနှင့်ကို တွေ့,တွေ့နိုင်လွန်းသည်၊ မသိရင် လိုက်ချောင်းနေသည့်အတိုင်း။
"ဘာတုန်းဟာ ခါးကြီးထောက်ပြီး"
တကယ်ပါပဲ ... ဆရာမကြီးစတိုင်လ်နှင့် လက်နှစ်ဖက်ကို ခါးလည်တွင်ထောက််ထားသည်။ ပြီးလျှင် မျက်ဆံနက်နက်တွေနှင့် စိုက်ကကြည့်နေသေး၏။ ထို့နောက် အနားတစ်လှမ်းတိုးကပ်ကာ ဩရှရှပြောလာသည်က၊
"နင်နဲ့ဆရာ ဖြစ်နေကြတာမလား"
30.5.22 (Monday)
..................
(A/N) ဇာတ်ကလေးမြူးအောင် Dirty jokes လေးတချို့ ထည့်ရေးမိပါသေးတယ်။ မမတွေ မဆူကြေးနော် ... ခေါ့ထိုးခ :3
•••••••••••••••••••••••••••••••••••