"ဘာလို့လဲ။ဘာလို့ငါးဟင်းလဲ။"
တနင်္လာနေ့ည၏ ထမင်းစားပွဲဝိုင်းက အရင်လို တိတ်ဆိတ်မနေ။
ခွန်မြဲဟိန် ၏ ငါးမုန်းတီးမှုအတိုင်းအတာက
"ဒီကောင် အရင်ဘဝက ငါးကိုက်ပြီး သေခဲ့ရတာများလား" ဟုပင် ခိုင်ခံ့ခပ်ချဥ်ချဥ်တွေးမိသည်အထိ လွန်ကဲသည်။
"ထမင်းဆိုင်က အန်တီက သူ့အမျိုး
အလှူမို့ ရွာဘက်ကိုသွားတယ်တဲ့။
ဒီငါးတောင် ငါအိမ်က မ လာခဲ့တာ။"
ခိုင်ခံ့မောင် ဖန်တရာထပ်နေသော ဖြေရှင်းမှုကို ထပ်မံ၍ပြောသော်လည်း ရှေ့မှ
သကောင့်သားက ငါးအား လက်ဖျားနှင့်ပင်
မတို့သည့်အပြင် သေနေသောငါးကို
ရန်သူသဖွယ် ရှုံ့မဲ့၍စိုက်ကြည့်နေသည်။
"အန်တီခိုင်ချက်တာ အားလုံးကြိုက်ပေမယ့် ဒီသတ္တဝါတော့မပါဘူး။ခိုင်ခံ့ မင်းကြည့်စမ်းပါဦး ခေါင်းပြတ်ကြီးနဲ့ ဘယ်လောက်အသည်းယားဖို့ကောင်းလဲ။"
ခွန်မြဲဟိန်က သူ့ရှေ့မှ ငါးပန်ကန်အား
ထုံးစံအတိုင်း ကြက်သီးထဖွယ် ပေါက်ကရစကားများကို ဆိုလာသဖြင့် ခိုင်ခံ့စိတ်ညစ်ရသည်။
"မစားချင်မစားနဲ့ကွာ။သေပြီးသားငါးကိုအသည်းယားနေရသေးတယ်။
ကြက်သား၊ဝက်သားတွေကို အတုံးလိုက် လှီးပြီးကြော်ထားရင်ကျ အားရပါးရစားပြီးတော့။"
"တူလို့လား။
သူတို့ကိုအကောင်လိုက်မြင်ရတာမှမဟုတ်တာ။
အခုက ခေါင်းကလွဲရင် အကောင်လိုက်ကြီးလေ။"
ခွန်မြဲဟိန် ၏ ဇီဇာကြောင်မှု Level အား
ခိုင်ခံ့မောင် လိုက်မမီနိုင်မှန်းသိ၍ လက်လျော့ကာ ပန်းကန်ထဲမှထမင်းကိုသာ ပါးစပ်အတွင်းသို့သွတ်သွင်း နေလိုက်တော့သည်။
"ကြက်ဥကြော်ပေးပါလား ခိုင်ခံ့ရာ"
လိုချင်တာရှိတော့ မျက်နှာငယ်လေးနဲ့
မျိုမကျအောင်လုပ်လာပြန်သည်။
"အခုကြက်ဥကြော်ပေးရင် ငါ့အိမ်စာတွေလည်း
လုပ်ပေးစရာမလိုတော့ဘူးလေ။
မနက်ဖြန် စက်ဘီးကို ငါနင်းမယ်လေ။
ပြီးတော့ Carabao လည်း ဝယ်တိုက်မယ်လေ။"
မြောက်များစွာသောကမ်းလှမ်းချက်တွေကို မက်မော၍ မဟုတ်ဘဲ မျက်နှာကို ငယ်နိုင်သမျှ
ငယ်ချပြီး မျိုမကျအောင် လုပ်နေသော
ကောင်လေးကြောင့် ခိုင်ခံ့ စားလက်စဇွန်းကို ပန်းကန်ထဲတွင်ပြန်ချပြီး ထရပ်လိုက်သည်။
"တစ်လုံးလား။"
"နှစ်လုံးပေါ့။မကျက်တကျက်။
အနှစ်မပေါက်စေနဲ့နော်။"
ခပ်တည်တည်ဖြင့် ငါးပန်းကန်ကို ခိုင်ခံ့ရှေ့တွန်း၍
ဆိုလာသော ခွန်မြဲဟိန်ကြောင့် ထုံးစံအတိုင်း ခေါင်းကိုသာ ခါယမ်းလိုက်မိသည်။
ဤတွင် ခွန်မြဲဟိန်က ဘာလို့ သူ့ဘာသာသူ
မကြော်တာလဲဟု မေးစရာရှိသည်။
ခွန်မြဲဟိန်သည် ဆီပူစင်မည်စိုး၍ သူ့အမေ၏ ဆိုင်ကယ်ဦးထုပ်ကိုဆောင်းကာ ကြက်ဥကြော်တတ်သလို၊
ငရုတ်သီးဖတ်ဝင်မည်စိုးသောကြောင့် မျက်မှန်တပ်၍ ငရုတ်သီးထောင်းသော ကောင်မျိုးဖြစ်သည်။
ခေါက်ဆွဲကလေးပြုတ်သည်ကိုပင် မှောက်ကျသည်အထိဖြစ်ဖူးသည်။
ထိုအချင်းအရာကို မြင်တွေ့လိုက်ရသည့် အချိန်မှစ၍ ခိုင်ခံ့ ထိုသကောင့်သားအား ဘာမှမခိုင်းဖြစ်တော့ပါ။
ယုတ်စွအဆုံး နှစ်ယောက်သား စာကျက်ရင်း စားရန်လက်ဖက်သုပ်ကိုပင်သူကိုယ်တိုင်သာ
သုပ်တော့သည်။
အိမ်မှာနေရင် သွင်ဆုနှောင်က အနိုင်ကျင့်ပြီး ဒီမှာနေရင် ခွန်မြဲဟိန်က အနိုင်ကျင့်သည်။
ဘယ်မှာနေနေ အနိုင်ကျင့်ခံရရာကမလွတ်မြောက်သော သနားစဖွယ် ကောင်ချောလေးဟု ခိုင်ခံ့ ကိုယ့်ကိုယ်ကို မှတ်ချက်ပြုမိသည်။
"အနှစ် ပေါက်သွားပြီကွ။"
အနားကိုပင်မကပ်ရဲဘဲ ၂ပေအကွာလောက်က လှမ်းအော်နေသော အသံစူးစူးကြောင့် ခိုင်ခံ့မောင်၏ တွေးလက်စအတွေးတို့ရပ်တန့်သွားရသည်။
"ပြန်ကြော်ပေးမယ်။"
ပိတ်ဟောက်လိုက်တော့မှ ရှုံ့မဲ့နေသောမျက်နှာကြောက နဂိုအတိုင်းပြန်ဖြစ်သွားသည်။
"မန်ကျည်းရွက်သုပ် စားမလား"
စကားသံထွက်လာရာ ခိုင်ခံ့မောင်၏ ကျောပြင်အား ခွန်မြဲဟိန် မယုံနိုင်စွာကြည့်လိုက်မိသည်။
"အခု...?"
"အခုမစားရင် မနက်ဖြန်မနက်စာနဲ့ပေါင်းစားချင်လို့လား"
သူ့အား ကန့်လန့်တိုက်ကာပြောနေသော
ခိုင်ခံ့မောင် ဆိုသည့်ကောင်သည် ကြက်ဥကြော်ပေါ်သို့ ဆားပွင့်ကလေးများအား ကျဲချနေသည်။
"စားမှာပေါ့ ယောက်ဖရဲ့။အခုစားမယ်။
ငါဘာလုပ်ပေးရမလဲ။"
ခွန်မြဲ တက်ကြွစွာပြန်ဖြေလိုက်တော့ရင်း ထမင်းစားပွဲဆီအကြည့်ရောက်သွားတော့
ငါးပန်းကန်ထဲမှ ခေါင်းပြတ်နေသော ငါးများက
သူ့ကို စိုက်ကြည့်နေသလိုခံစားရ၍ ကြက်သီးထမိသည်။
"ငြိမ်ငြိမ်လေးထိုင်နေပေးရင်ရပြီ"
"ဒါနဲ့ မန်ကျည်းရွက်က ဘယ်ကရတာတုန်း။"
"ငါ့အိမ်နောက်မှာရှိတယ်လေ။
နေ့လယ် အိမ်ခဏပြန်တုန်းက ခူးလာတာ။"
'မင်းကြိုက်တယ်ဆိုလို့ ခူးလာတာ' ဟူသည့် စကားကိုတော့ ခိုင်ခံ့ ထည့်မပြောဖြစ်ပါ။
ခိုင်ခံ့ ကြက်ဥသုံးလုံးအား ပန်းကန်ထဲတွင်
ထည့်လိုက်သည်။ထိုအထဲမှ အနှစ်ပေါက်နေသော တစ်လုံးကတော့ သူ့ဝေစုဖြစ်သည်။
ငါးအပေါ် မှိုချိုး၊မျှစ်ချိုး ပြောထားသော
ခွန်မြဲဟိန်၏ စကားများသည် သူ့နားထဲမှ
မထွက်နိုင်သေးသဖြင့် ငါးဟင်းအနှစ်များဖြင့် နယ်ထားသည့် စားလက်စ အေးစက်နေသော ထမင်းကို သူဆက်စားရန် မဖြစ်နိုင်တော့။
မန်ကျည်းရွက်သုပ်ရန် မြေပဲအရင်လှော်ရသည်။မြေပဲလှော်နေတုန်း ပုဇွန်ခြောက်ထောင်းရသည်။မန်ကျည်းရွက်နုလေးများကို စိမ်းနေအောင် ရေဆေးရသည်။
ပြီးမှ မြေပဲလှော်ကို ပုဇွန်ခြောက်နှင့်အတူ ရောထောင်းရသည်။
ခွန်မြဲဟိန်ကတော့ ကူညီပေးမည်ဟုဆိုကာ ဓားတစ်လက်၊ကြက်သွန်ဥ တစ်လုံးနှင့် အလုပ်ရှုပ်နေသည်။
အချိန်အတန်ကြာမှ ခွန်မြဲဟိန်က အထူအပါးမညီသော ကြက်သွန်ဖက်များကို သူ့အား
လာပေးသည်။
ခွန်မြဲဟိန်က အစားချေး(ဂျီး)များသလောက်
ဘာမှကို မလုပ်တတ်။
သို့သော် ကြက်ဥကြော်၊ခေါက်ဆွဲပြုတ်စသော အလွယ်လုပ်၍ရသော အရာများအား
ကြိုက်၍သာ အဆင်ပြေခြင်းဖြစ်သည်။
ခိုင်ခံ့မောင်ကတော့ မေမေ ဟင်းချက်နေတုန်း
ဝင်စပ်စုဖူး၍ နည်းနည်းပါးပါးတော့
လုပ်တတ်သည်။
ခွန်မြဲဟိန်က မုန့်တီစားလျှင် ဆီကျက်တွင်ကြက်သွန်ကြော်ပါသည်ကိုမကြိုက်။
ကြက်သွန်ကြော်ပါ၍ တစ်ဖက်ချင်းဆယ်စားသောကြောင့် ကျူရှင်နောက်ကျဖူးသည်။
သို့သော် ကြက်သွန်ကို ဆီနှင့်၊မုန့်နှစ်နှင့်ကြော်ထားလျှင်တော့ စားပြန်သည်။
ရေခဲမုန့်အလွန်ကြိုက်ပြီး၊
ပီကေထက် သကြားလုံးကိုပိုကြိုက်သည်။
မုန့်ဟင်းခါး၊အုန်းနို့ခေါက်ဆွဲစသော အရာများကို ကြိုက်နှစ်သက်သည်။
ရှမ်းခေါက်ဆွဲကိုတော့
ခွန်မြဲဟိန် အကြိုက်ဆုံးဖြစ်သည်။
သူ မန်ကျည်းရွက်နုလေးများကို
အဆာပလာများနှင့် ရောနယ်တော့
ခွန်မြဲဟိန်က ပြုံးသည်။
မန်ကျည်းရွက်ပန်းကန်ကို ထမင်းစားပွဲ၏ အလယ်တွင်ချလိုက်ပြီး (ခွန်မြဲဟိန်ပြောပုံအရ)ခေါင်းပြတ်ငါးပန်းကန်ကို ဘေစင်တွင် ဖယ်ထားလိုက်သည်။
ဆီစမ်း၊ဆားဖြူးထားသော ခွန်မြဲဟိန်၏ ပန်းကန်တွင် အနှစ်မပေါက်သော ကြက်ဥကြော်နှစ်လုံးအား ထည့်ပေးလိုက်တော့
"မင်းက အကောင်းဆုံးပဲ" ဟုဆိုကာလက်မထောင်ပြသည်။
ဖန်ဓာတ်ဘူးထဲမှ ရေနွေးကြမ်းများအား ခွန်မြဲဟိန်၏ ဖန်ခွက်အတွင်းသို့လောင်းချပေးလိုက်ပြီးမှ
ခိုင်ခံ့မောင်သညမ သူ၏ဝေစုဖြစ်သည့် အနှစ်ပေါက်နေသောကြက်ဥလေးအား သူ့ပန်းကန်အတွင်းသို့ထည့်နိုင်တော့သည်။
အနှစ်ကို ဖောက်ပြီးစားတာချင်းအတူတူ
ခွန်မြဲဟိန်က ကြော်နေတုန်း အနှစ်ပေါက်သွားရင်
မကြိုက်တာမို့ အနှစ်ပေါက်သော ကြက်ဥကြော်များအား ခိုင်ခံ့ အမြဲစားပစ်ရသည်။
"ကောင်းလား..."
"ကောင်းတာပေါ့။မင်း လုပ်တာပဲ"
ပါးတစ်ဖက် ဖောင်းကားနေသည်အထိ
ထမင်းများအပြည့်ထည့်၍ ပြောလာသော ကောင်လေးသည် လွန်ခဲ့သည့် နာရီပိုင်းအတွင်းက ထမင်းမစားချင်၍ ပြဿနာရှာနေသော ကောင်နှင့် လားလားမျှမသက်ဆိုင်။
အားရပါးရစားနေသော ခွန်မြဲကို ကြည့်ရင်း ခိုင်ခံ့ ပါးစပ်အတွင်းသို့ ထမင်းတစ်လုတ်သွတ်သွင်းလိုက်တော့ ထမင်း၏ အဆီအနှစ်အရသာအား ထူးထူးကဲကဲ ခံစားလိုက်ရလေသည်။
_🕯️_🕯️_🕯️_
"ဘယ်လို သံသရာရယ် ရေစက်ကြောင့်ကွယ်။တစ်နေကုန်တွေ့နေရတာလွမ်းတုန်းပဲ"
ခိုင်ခံ့မောင် ၏ အသံသြသြသည်
အေးစက်နေသော အမှောင်ထုကိုပင်
နွေးထွေးစေသလိုလို။
"ဒီလိုအိမ်ပြန်ချိန်ဆိုတို့မခွဲနိုင်လို့ ...
အခိုင်အမာဆုံးဖြတ်ရင်းလေ စွန့်စားခဲ့..."
အမှောင်ထုကကြီးစိုးနေသဖြင့် ဖုန်းကိုကြည့်ရင်း သီချင်းစာသားများ လိုက်ဆိုနေသော ခွန်မြဲဟိန်၏ မျက်နှာပေါ်တွင် ဖုန်း၏
အလင်းရောင်က ထင်ရှားစွာ ထင်ဟပ်နေသည်။
"အတူနေမယ့်အိမ်လေးကို တည်ဆောက်ခဲ့တယ်။ဘယ်တော့မှမဝေးနိုင်တော့ဘူးကွယ်။
ဒီအိမ်လေးမှာ မခွဲမခွာထာဝရ ချစ်နေချင်တယ်။မျှော်လင့်ထားသလို ဖြစ်မလာပါလားကွယ်။"
ခိုင်ခံ့ ဆိုရမည့်အပိုဒ်သို့ ရောက်လာသဖြင့်
သူ့အား လှည့်ကြည့်လာသော ခွန်မြဲဟိန်ကို ခိုင်ခံ့ အကြည့်လွှဲလိုက်ကာ သီချင်း ဆက်ဆိုသည်။
"ချိုမြိန်ခဲ့တဲ့အချစ်အိမ်လေး၊ကြင်နာသူ တံခါးပိတ်မီးမှိတ်သော့ခတ်သွား...။
အပြာရောင်ခန်းဆီးများနဲ့ အချစ်အိမ်လေး.
ဘယ်သူတွေမညှာတာစွာရယ်ချိုးဖျက်သွား..
ရက်စက်သွား...မင်းထားခဲ့သလား။
သစ်စိမ်းချိုး ချိုးပြီလား..."
ခွန်မြဲ ဆိုရမည့် အပိုဒ်ဖြစ်သော်လည်း သူပါ ခွန်မြဲနှင့်အတူလိုက်ဆိုတော့ ခွန်မြဲဟိန်က တစ်ချက်ကြည့်လာသည်မှအပ ဘာမှတော့မပြော။
"ဟာ...မီးပြန်လာပြီ ..."
စာလုပ်နေရင်း မီးပြတ်သွားသောကြောင့်
နှစ်ယောက်သား ဖယောင်းတိုင်များထွန်းပြီး
ဖုန်းမှ သီချင်းဖွင့်ကာ ဆိုနေကြခြင်းဖြစ်သည်။
ရှေ့မှာ ၄၊၅ပုဒ်ဆိုခဲ့သော်လည်း ခိုင်ခံ့အကြိုက်ဆုံးအဆိုတော်ရဲ့ ဒီသီချင်းကအခုမှ စရုံရှိသေးသည်။
မီးကပြန်လာသောကြောင့် ခွန်မြဲဟိန်က သီချင်းတွင် အာရုံမရှိတော့။
ခိုင်ခံ့ တို့ထိုင်နေသော သူ့အခန်းကြမ်းပြင်၏ ပတ်ပတ်လည်တွင်ထွန်းထားသော ဖယောင်းတိုင်များအား လိုက်မှုတ်နေသည်။
"အိပ်ရအောင်လေ။နောက်ကျနေပြီ။"
ကုတင်ပေါ်သို့ရောက်သွားပြီဖြစ်သော ခွန်မြဲဟိန်က 11ဟူသော နံပတ်အား ညွှန်ပြနေသည့် သူ့အခန်းအတွင်းမှ တိုင်ကပ်နာရီအား လက်ညှိုးထိုးရင်း ပြောလာသည်။
ခိုင်ခံ့လည်း ခေါင်းညိတ်ကာ ခွန်မြဲ ရှိနေသောကုတင်ပေါ်သို့ တက်လိုက်သည်။
"Goodnight ခိုင်ခံ့...."
"Goodnight ခွန်လေး..."
တစ်ဖက်စီသို့လှည့်ကာ လှဲနေကြသည့်
ကောင်လေးနှစ်ယောက်လုံးသည်
မျက်နှာချင်းဆိုင်အနေအထားသို့
ပြောင်းလှဲလိုက်ကာ ပြောလိုက်သည့်စကားများက တစ်ထပ်တည်းဖြစ်နေခဲ့သည်။
သူတို့နှစ်ယောက် တစ်ယောက်ကို
တစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြပြီး
ထိုအနေအထားနှင့်ပင် အိပ်ပျော်သွားကြသည်။
ထိုနေ့က ခိုင်ခံ့မောင်၏အိပ်မက်ထဲတွင် ကောင်လေးတစ်ယောက်သည် အပြာရောင်ခန်းဆီးစများတပ်ထားသော အိမ်လေးထဲတွင် ခိုင်ခံ့မောင်အား ထားခဲ့ကာ ကျောခိုင်း၍ ထွက်သွားခဲ့လေသည်။
နောက်ဆုံးအနေဖြင့် လည်ပြန်လှည့်ကြည့်လာသောအခါမှ ထိုကောင်လေးမှာ
ခွန်မြဲဟိန် ဖြစ်နေခဲ့သည်။
January_14(Kai's Birthday🐻🖤)
_🕯️_🕯️_🕯️_🕯️_🕯️_🕯️_🕯️_🕯️_🕯️_🕯️
ခိုင်ခံ့ နဲ့ ခွန်မြဲတို့ ဆိုကြတဲ့ ဦးငှက်ရဲ့
"တို့နှစ်ယောက်ရဲ့အိမ်"သီချင်းလေး...။
သေသေချာချာနားထောင်ကြည့်ပါ။
ဒီသီချင်းလေးက ဒီဇာတ်လမ်းလေးအတွက်အရမ်းအရေးပါပါတယ်။
ဦးငှက်အား လေးစားစွာဖြင့်.....
____________________________________