ချယ်ရီလမ်းတစ်လျှောက် အပြာနုရောင်ဝတ်ရုံလေးတစ်လွင့်လွင့်ဖြင့် ပြေးလာတဲ့ ဆယ့်ခြောက်နှစ်အရွယ်ရှန့်ရှန့်လေးက အရင်ကလို ငါးနှစ်သား ဝက်ပေါက်လေးရှန့်ရှန့်မဟုတ်တော့ပေ ။

ဝလုံးလုံးကိုယ်လေးက သွယ်လျလျကိုယ်လေးဖြစ်လာပြီ ။

ပါးဖောင်းဖောင်းကြီးတွေအစား မျက်နှာသွယ်သွယ်လေးက နေရာယူလျက် ။

ဖောင်းကားနေတဲ့ လက်ပုတိုသေးသေးလေးတွေက လက်ချောင်းရှည်သွယ်သွယ်လေးတွေအဖြစ် ပြောင်းလဲသွားပြီ ။

ခြေထောက်တိုတိုတုတ်တုတ်လေးတွေက ခြေတံသွယ်သွယ်လေးတွေအဖြစ် ပြောင်းလဲသွားပြီ ။

ချယ်ရီပွင့်ဖတ်တွေ ကြားကနေ ပြေးလာတဲ့ ကောင်ငယ်လေးက တိမ်မျှင်လေးတွေများ လေယူရာမြောလွှင့်လာသယောင် ။

သာမာန်အချိန်တွေမမြင်နိုင်တဲ့ ရှန့်လေးရဲ့ နှုတ်ခမ်းပါးနုနုက ယခုလို ပြေးလာတဲ့အချိန်များဆို လေအဝှေ့ကြောင့် လွင့်ဖယ်သွားတဲ့ ပုဝါဖြူ လေးအောက်ကနေ တစ်စွန်းတစ်စ မြင်ရတက်သည် ။

ဆံနွယ်အိအိလေးတွေနဲ့အပြိုင် ဖဲကြိုးနီနီလေးတို့ကလည်း လှုပ်ယမ်းကခုန်ပြီး ကိုရင်လေးကို နှုတ်ဆက်နေသည် ။

ခြေကဆုန်ပေါက် ပြေးလာတဲ့ ကောင်ငယ်လေးရဲ့ ဝတ်ရုံအောက်က ခြေကျင်းဝတ်ဖြူဖြူလေးနဲ့ ခြူလုံးသေးသေးလေးတွေ ပါတဲ့ ခြေချင်းလေးဆီက တချွင်ချွင်သံလေးက ကိုရင်လေးရဲ့ ဝဲဘက်ရင်အုံကို ဆောက်တည်ရာမရ ဖြစ်စေသည် ။ 

ရေပြင်လို အေးချမ်းတည်ငြိမ်လှပါတယ်ဆိုတဲ့ သူတော်စင်လေးအဖို့ ရှန့်ရှန့်လေးက ကျောက်ခဲသေးသေးလေးတစ်လုံး။

ကိုရင်လေးရဲ့ စိတ်အစုံကို ဂယောက်ဂယက်နဲ့ လှိုင်းတွေခတ်သွားစေတဲ့ ကျောက်ခဲလုံးလေး။

" ကိုကိုလေး!! "

" ဟင် "

ရှန့်ရှန့်အနားနားရောက်တဲ့အချိန်ထိ ဝိညာဉ်မကပ်နိုင်ဖြစ်နေတဲ့ကိုရင်လေးမှာ ရှန့်ရှန့်အသံကြားမှ ကယောင်ကတမ်းထူးမိတော့သည် ။ မျက်နှာရှေ့ လက်လေးယမ်းပြကာ မျက်ဝန်းညိုညိုလေးတွေနဲ့ စိုက်ကြည့်နေတဲ့ ရှန့်ရှန့်ကြောင့် နောက်ကိုခြေနှစ်လှမ်းလောက် ဆုတ်လိုက်မိသည် ။ ရှန့်ရှန့်နားကပ်ရင် အခုန်မြန်လာတဲ့ ရင်အစုံကို ဘာရယ်ကြောင့်တွေးမရပေမဲ့  ကိုရင်လေးက မလိုလားဘူး ။

Don't take away !! Där berättelser lever. Upptäck nu