ကျိမြန်က သူ၏ နက်မှောင်နေသည့် ဆံပင်ကို ပွတ်သပ်ကာ နဖူးကို ငုံ့နမ်းလိုက်ပြီးကာမှ တစ်ဖက်ကို ခပ်တိုးတိုး မေးလိုက်သည်။

"ဖန်ခွင်း  ... ရှိနေသေးလား ..."

ဖန်ခွင်းမှာ ပြန်ဖြေရန်ပင် အားမရှိတော့။

"ကျိကော နိုင်ငံခြားကို ဆက်တဲ့ ဖုန်းတွေက အရမ်းဈေးကြီးတယ်နော် ဖုန်းဘေလ်ဖိုး‌ ပြန်ပေးမှရမယ် ..."

ဖုန်းခေါ်နေရင်း တန်းလန်းနဲ့ကို "chu" ဆိုတဲ့ အသံတွေ ခဏခဏ ကြားနေရတာ ဘာအသံလဲ မသိဘူးများ ထင်နေလား သူလည်း ရည်းစားတွေ ထားခဲ့ဖူးပါတယ်နော် ကျိကောကို နမ်းနေတဲ့ ရှောင်ကျားရှုရဲ့ အသံတွေ နေမှာပေါ့ ကျိကောရဲ့ လေသံကလည်း ပိုပိုပြီးကို နူးညံ့လာလိုက်တာများ ထားစရာမရှိလောက်အောင်ကို ချစ်နေတဲ့ပုံနဲ့ သူ့တစ်ကိုယ်လုံး အချစ်နွံထဲ နစ်နေမှန်း အရမ်းကို သိသာနေတာပဲ ...

အရိုးသားဆုံး ပြောရပါလျှင် ဖန်ခွင်းတစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းများထကာ ကျိမြန်၏ ပြောင်းလဲမှုကို လက်ခံရန် ခဲယဉ်းနေပေသေးသည်။ ယခင်က စီးပွားရေးအကြောင်း ပြောလေတိုင်း သူ့လေသံမှာ အေးစက်တင်းမာလွန်း၍ လူတိုင်း ခါးကို ဆန့်တန်းကာ ကြောက်လန့်မှုအပြည့်ဖြင့် နားကို စွင့်လျက် နားထောင်ကြရပေသည်။

အခုကျတော့ရော? ဖုန်းလေး တစ်ခါပဲ ခေါ်ပါတယ် ကြားထဲမှာ အပိုင်းပိုင်းအပြတ်ပြတ် စကားလေးမှ နည်းနည်းလောက် ပြောမယ် မကြံရသေးဘူး ဇာတ်လမ်းလေးက ပြန်ဆက်လိုက်ပြန်ပြီ မင်းတို့ကိုယ်မင်းတို့ တစ်နှစ်မှ တစ်ခါပဲ ပြန်တွေ့ရတဲ့ နွားကျောင်းသားနဲ့ ရက္ကန်းမယ်များ ထင်နေလား ...

ဖန်ခွင်းက စောဒကတက်လိုသည့် ဆန္ဒတို့ကို မြိုသိပ်ကာ ကျိမြန် ရှင်းပြသည့် ရုံးလုပ်ငန်းများကိုသာ အမြန် မှတ်ထားလိုက်တော့သည်။

ဤတစ်ကြိမ်တွင်တော့ ရှောင်ကျားရှု၏ နှောင့်ယှက်မှု မရှိတော့သည့်အတွက် ချောချောမွေ့မွေ့ပင် ပြီးစီးသွားတော့သည်။ ဆယ်မိနစ်ကြာပြီးနောက် ဖုန်းကို ချလျက် ခေါင်းတယမ်းယမ်းဖြင့် ရေရွတ်လိုက်တော့သည်။ 



ကိုယ် မင်းကို ဘယ်လိုဖွင့်ပြောရမလဲ  (IQ Team ကစာစဥ်တစ်ခုပါ) (Completed)Unde poveștirile trăiesc. Descoperă acum