ဟုတ်သည်။ အရုဏ်ဦး နှင့်ပန်းခင်းနောက်ခံထားသော မြင်ကွင်းဟာ သူ့အတွက်တော့ အလှပဆုံးအခိုက်အတန့်ပင်။ ရှမ်းဝတ်စုံနဲ့ အရုဏ်ဦးက ပိုလို့ပင်ကြည့်ကောင်းနေခဲ့သည်။ လက်ထဲက တောင်နေကြာတစ်ပွင့်ကို အနံ့ခံကြည့်တော့ ရနံ့သင်းသင်းရနေသလိုပင်။ ဒါမှမဟုတ် အရုဏ်ဦးရဲ့ ကိုယ်သင်းရနံ့များပေလား။

နေပူရှိန်မမြင့်ခင် လွယ်မိုင်းတောင်ဆီအရောက်သွားရမည်မို့ တောင်နေကြာတွေရှိသည့် ဂျာမဏီလမ်းမှာ ခဏသာ ဝင်ခဲ့ပြီး ဟိုပုံးမြို့ဘက်ကို ကားပြန်မောင်းခဲ့သည်။ ဟိုပုံးရွှေတိဂုံဘုရားကို ဖြတ်ကာ အတန်ကြာအောင် မောင်းခဲ့ပြီးနောက် တောင်တက်ရသည့် လမ်းတွေဟာ အတော်ပင်ကြမ်းတမ်းလွန်းလှသည်။ တောင်တန်းကို ဖြတ်လျှောက်မောင်းနေသလိုပင်။ အတော်မြင့်သည့် တောင်ပေါ်တစ်နေရာအရောက်မှာတော့ ကားကိုရပ်ကာ ခြေလျင် ဆက်တက်ရတော့သည်။ တောင်ဇလပ်ပင်တွေကိုလည်း စပြီးတွေ့ရလေပြီ။ ဘေးပတ်ပတ်လည် လှည့်ကြည့်လိုက်လျှင်တော့ ဆီးမြင်နေရသည့် တောင်စဥ်တောင်တန်းတွေသာ ဝန်းရံလို့နေပေသည်။

ခြေလျင်ခရီးစတက်ချိန်မှာပင် မောဟိုက်လာသည်က ​မြေပြန့်သား မိုးသောက်ပင်။ အရုဏ်ဦးကတော့ အေးအေးလူလူ လမ်းလျှောက်နေသကဲ့သို့ အရှေ့ကနေ ဦးဆောင်ကာ တက်တော့သည်။ တောင်ပေါ်အမြင့်ကို ရောက်လာလေလေ လေတိုးသည့်အရှိန်ကများလာလေလေပင်။ တောင်ထိပ်ဆုံးမှာတည်ထားသည့် ဘုရားကို မရောက်ခင် လမ်းမှာပင် ဆက်မတက်နိုင်လောက်အောင် မောပန်းလာသည်။ တောင်ဇလပ်တစ်ပင်ကို မှီတွယ်ကာ ထိုင်ချလိုက်တော့ အရုဏ်ဦးက လှည့်ကြည့်ကာ ရယ်တော့သည်။

" အေးအေးဆေးဆေး အိပ်ရာထဲမှာ မကွေးဘဲ မင်းနဲ့အတူအလှပဆုံးရှုခင်း ခံစားချင်သလေး ဘာလေးနဲ့ ဘယ်လိုနေသလဲ ဒေါက်တာ "

ပြုံးစစနဲ့ စနောက်နေသော ရှမ်းကလေးဟာ မြင်နေရရုံနဲ့ တကယ့်ကို အမောပြေစေမှန်း သူကိုယ်တိုင်ပင် သိမည်မဟုတ်ချေ။ ထိုင်ရာမှမထဘဲ လက်ကို မြှောက်လိုက်ကာ အရုဏ်ဦးကို လှမ်းပြောလိုက်သည်။

" ဆက်မတက်နိုင်တော့ဘူး မောင့်ကို ကူတွဲဦး "

ရဲရဲနီသွားသော နားရွက်တွေဟာ တောင်ဇလပ်ပန်းတွေထက်ပင် နီရဲနေတော့သည်။ မျက်မှောင်ကြုံ့ကာ သူ့ကို အော်ဖို့ပြင်ပေမယ့် ဖုန်းဝင်လာသည့် သီချင်းက နှောင့်ယှက်သွားလေသည်။

မောင့်ချယ်ရီ ဝေသောမြေ (Emergency Love Story)-Completed जहाँ कहानियाँ रहती हैं। अभी खोजें