CHP - 0

2K 239 8
                                    

UNICODE

အပိုင်း ()

ဆာတိုးရီမှာ သူနားလည်တတ်သည့်အရွယ်မှစ၍ အစဥ်အမြဲအထီးကျန်နေခဲ့သည်။

သူ့အား မည်သည့်အချိန်က မွေးဖွားခဲ့ကြောင်း မမှတ်မိ။ ဘောက်မဲ့ကြောင့် ဤလောကထဲရောက်လာခဲ့ကြောင်းကိုလည်း မသိရှိ။ သိထားသမျှက ဆာတိုးရီဟာ မည်သည့်နေရာမှန်းပင် မသိနိုင်သော တောင်စောက်နက်နက်၌ လူအများ 'တစ္ဆေ'ဟု ခေါ်ကြသည့် ထူးထူးဆန်းဆန်းသတ္တဝါများအကြား မွေးဖွားခြင်းခံခဲ့ရကြောင်း၊ သူကိုယ်တိုင်ဟာလည်း ထိုတစ္ဆေများထဲမှ တစ်ကောင်သာဖြစ်ကြောင်းကိုသာ။

ဆာတိုးရီမှာ အခြားတစ္ဆေများ၏မတရားမုန်းတီးစက်ဆုပ်ခြင်းကို ခံရ၏။ ထိုတစ္ဆေများ သူ့အား ရှောင်ဖယ်ကြသည်မှာလည်း မထူးဆန်းတော့။ အကြောင်းရင်းမှာ ရိုးရှင်း၏။ ဆာတိုးရီဟာ သူ့အနီးအနားရှိ လူများ၏အတွေးကို ဖတ်နိုင်သောကြောင့်။

(သူများရဲ့စိတ်ထဲ ဘာတွေတွေးနေလဲဆိုတာကို သူနားလည်နိုင်တယ်ဆိုတာ ကြောက်စရာကြီး။)

(အဲ့မျက်လုံးတွေကို ကြည့်စမ်းပါဦး။ သူ့ခေါင်းထဲ ဘာတွေစဥ်းစားနေမလဲလို့ တွေးမိရုံနဲ့တင် ကြက်သီးထတယ်ဟယ်။)

(အား သွားပြီ။ ဒီဘက်ကို ကြည့်လာပြီ။)

(အသေလေး မွေးလာရမှာ။)

(ငါ့လက်တွေနဲ့ ကိုယ်တိုင် အဲ့လည်ပင်းသေးသေးကို ညှစ်သတ်ပစ်မယ်။)

အကြံဆိုးများဖြင့် ပြည့်နှက်နေသည့် အခြားသောတစ္ဆေများ၏အတွေးကို ဖတ်လိုက်ချိန်တိုင်း ဆာတိုးရီပေါက်စလေးခမျာ ကျောက်တုံးကြီးတစ်တုံး မျိုချလိုက်သလို ရင်ဘတ်ထဲ စူးအောင့်လာရ၏။ ဆာတိုးရီဟာ အနှီခံစားချက်မှာ 'အထီးကျန်ခြင်း'ဖြစ်ကြောင်း ထိုအချိန်က မသိရှိခဲ့သေး။ မည်သူမျှ သူ့အား ပြောမပြခဲ့ခြင်းကြောင့် ဖြစ်ပါလိမ့်မည်။

__ငါ့လိုကောင်က ဒီကမ္ဘာကြီးထဲ မွေးကို မွေးမလာသင့်တာ။

ဆာတိုးရီက အခြားတစ္ဆေများ၏မြင်ကွင်း၌ မပါစေမိစေရန် သူ၏ခန္ဓာကိုယ်သေးသေးလေးအား တတ်နိုင်သမျှ ကျုံ့ထား၏။ အခြားတစ္ဆေများ အနေမခက်စေရေးအတွက် ရှေ့ဆံပင်ကို နှာခေါင်းအောက်နားအထိ အရှည်ထားကာ ခြေချောင်းများကိုသာ အမြဲငုံ့ကြည့်နေတတ်သည်။

မင်းအသံလေးသာ နားဆင်ချင်/ その声が聞きたいWhere stories live. Discover now