နောက်တစ်နေ့ မနက်စောစောမှ ပြန်လာသည့် ခွန်းနှင့်မာန်ကို မေမေကကသေချာလိုက်ကြည့်နေသည်။ မာန့်မေမေက ကြားထဲမှာအရမ်းအနေရခက်နေတယ်ဆိုတာမာန်သိတာကြောင့်။
"ခွန်း...အခန်းထဲသွားနှင့်...မေမေနဲ့ ရတီကိုပြောစရာရှိတယ်။ ထိုင်ပါဦး။"
သူ့ကိုအမြဲချောင်းနေတဲ့ ရတီက အကွယ်မှထွက်လာသည်။ ပြီးနောက်ဆိုဖာမှာ ကျုံ့ကျုံ့လေးထိုင်လိုက်သည်။
မာန်က မနေ့ကဝတ်စုံကိုပင်မလဲရသေးပေ။ ဝတ်စုံက အနည်းငယ် တွန့်နေပေမယ့် မာန်ကအရမ်းကိုကြည့်ကောင်းနေသေးသည်။
"မေမေနဲ့ ရတီ ဘာတြွေဖစ်နေတာလဲ။ ဘာဖြစ်ချင်နေတာလဲ။ ပွင့်ပွင့်လင်းလင်းပြော။"
မေမေရော ရတီရောတိတ်ဆိတ်နေကြသည်။ ထိုအခါမာန်က သူတို့ကိုတစ်လှည့်စီကြည့်ပြီး
"မေမေပြော မေမေဘာဖြစ်ချင်လဲ။ ကျွန်တော်ချစ်တဲ့ခွန်းနဲ့ ကျွန်တော့်ကိုသဘောမတူဘူးလား။"
"အဲ့ အဲ့လိုလည်းမဟုတ်..."
"ရပြီ....ဒါဆိုရတီ....ငါမင်းကိုပြောမယ်။ မင်းကြောင့်ငါအမေ အသက်ရှင်ခွင့်ရတာ ငါကျေးဇူးတင်တယ်။ အဲ့ဒီအတွက် မင်းကို တစ်သတ်လုံးစောင့်ရှောက်ပါမယ်လို့ မေမေကတိပေးခဲ့တယ်။ အဲ့ဒီစောင့်ရှောက်ပါမယ်ဆိုတဲ့စကားက မင်းကို မေမေ့သားက လက်ထပ်ပြီးတာဝန်ယူပါမယ်ဆိုတဲ့စကားဘယ်လိုပြောင်းသွားရတာလဲ။"
"အဲ့တာက မေမေက သားနဲ့ရတီလက်ထပ်ဖြစ်ရင်ကောင်းမှာပဲလို့ပြောမိတာ။"
မေမေကတစ်ကယ်ကို အကျပ်တည်းထဲရောက်နေပုံပင်။ မာန့်ကိုအားကိုးတကြီးရှင်းပြလာသည်။
"မေမေ့ကို အကြပ်တည်းဖြစ်အောင်မလုပ်ပါနဲ့။ ကျန်တာတွေအများကြီးမပြောချင်ဘူး။ ကိုယ်ခွန်းကိုပဲလက်ထပ်မှာ။ အခုရတီ့ကိုကျေးဇူးဆပ်မယ်။ ရတီလိုအပ်တာကိုပြော။ ဒါနောက်ဆုံးလိုက်လျောခြင်းပဲ။"
ထိုအခါရတီက မျက်ရည်တွေကျလာပြီး
"ရတီက ရတီက မာန်တို့မိသားစုလေးကိုသဘောကျလို့ပါ။ ဒီအိမ်မှာနေရရင် ရတီလုံခြုံတယ်လို့ခံစားရတယ်။ အဲ့တာကြောင့် ရတီ့ကိုအလုပ်မထုတ်လိုက်ပါနဲ့နော်။ကျန်တာမတောင်းဆိုပါဘူး။"