မွေးဖွားခါနီးရောက်လာလေလေ ခွန်းဟာလေးလံလာလေဖြစ်ပြီး ငြိမ်ငြိမ်ကလေးပဲနေတော့တာများသည်။ သတိထားမိသလောက် မာန်ရဲ့မိသားစုတွေ အခုတစ်လော မာန်ကိုဖုန်းနှင့် video call တွေခေါ်လေ့ရှိပြီး တစ်ခါတစ်လေ မာန်က camera ကိုခွန်းဖက်လှည့်ပြီး သူ့မိသားစုဝင်တွေကိုပြသည်။ မွေးခါနီးမို့ မိသားစုတွေက အလွဲလွဲအချော်ချော် မဖြစ်စေချင်တာကြောင့်ထင်။
နွေဦးရဲ့နံနက်ခင်းက နွေးနွေးလေးနှင့် သိပ်နေလို့ကောင်းသည်။ တစ်ချက်တစ်ချက် လေရှူးတွေတိုက်ခတ်လာလျှင် ဘယ်လိုကြည်နူးစရာခံစားချက်မှန်းမသိ ခွန်းသဘောကျသည်။ ဒီအချိန် မာန်ကအားကစားလုပ်နေကြမို့ ခွန်းတစ်ယောက်တည်းအနားယူနေ၏။ ထိုစဉ်
"ဒေါက်တာလေး....မတွေ့တာတောင်ကြာပြီ။"
အန်တ်ယုအသံကြောင့် ခွန်းလှည့်ကြည့်လိုက်ရာ ကျော့ရှင်းလှပတဲ့အမျိုးသမီးတစ်ယောက်။ ထိုအမျိုးသမီးက အသက်၃၀ ကျော်လောက်ရှိပြီးမည်။ မျက်နှာကတော့အရယ်အပြုံး မရှိ ခွန်းအနားကိုကပ်လာသည်။ ခွန်းသဘောမကျတာက သူ့ကိုဝမ်းသာအားရ နှုတ်ဆက်တဲ့ အန်တီယုကို အဖက်မလုပ်တာကိုပင်။ သူကဘာမှ မပြောပဲခွန်းရဲ့ ဗိုက်ကိုလာထိတော့ ခွန်းသူ့လက်ကိုပုတ်ထုတ်ပစ်လိုက်သည်။ ထိုအခါသူက မကျေနပ်ဖြစ်သွားသည်။ သို့ပေမယ့် အံကိုကြိတ်တာ စိတ်ထိန်းလိုက်ပြီး
"တို့နာမည် ဒေါက်တာရတီ မင်းကို စောင့်ကြည့်ဖို့ မာန်ကပြောထားတယ်။"
"ဒီမှာ ဒေါက်တာဦးမြင့်စိုးရှိတယ်။ ကျွန်တော်သူနဲ့ပဲပြမယ်။"
ထိုအခါ ရတီရဲ့မျက်နှာကဟန်မဆောင်နိုင်တော့ပဲ
"ငါ့ကို အရင်တာဝန်ပေးထားတာ။ မင်းကပိုက်ဆံယူပြီး ကိုယ်ဝန်ဆောင်ပေးရတဲ့ အဆင့်ပဲ မင်းဘာမှ အထွန့်တန်ခွင့်မရှိဘူး။ "
ရတီက ထိုသို့ပြောပြီး ခွန်းအင်္ကျီကိုဆွဲလှန်သည်။
"ဟင့်အင်း...."
"ဟေး...အတင်းကျပ်မလုပ်နဲ့။"
မာန်က အားကစားလုပ်ပြီးပြီးချင်း ရေဗူးကိုင်ပြီးထွက်လာသည်။ မာန်ကအားကစားဘောင်းဘီတိုလေးတစ်ထည်သာရှိပြီး သူ့အပေါ်ပိုင်းနှင့် အောက်ပိုင်းကြွက်သားအဖုထစ်တွေက အတိုင်းသားပေါ်လွင်နေသည်။ ဒါကိုရတီက တစ်ချက်ကြည့်ပြီး မျက်နှာလွှဲသွားလေ၏။