အခန်း (၁)

8.9K 305 10
                                    

အခန်း (၁)

🎵Beauty queen of only eighteen, she had some trouble with herself
He was always there to help her, she always belonged to someone else 🎶

သီချင်းသံဟာ မျက်နှာကျက် တစ်နေရာမှာ ထည့်မြှုပ်ထားလောက်မယ့် ဘောက်စ် ထဲက ခပ်တိုးတိုး လျှံကျနေတယ်။ Mini Martက ကျဥ်းကျဥ်းလေးပေမယ့် မွှေးပျံ အေးစိမ့်နေတယ်။ Mart ထဲမှာ လူရှင်းနေပြီး သီချင်းသံကလွဲ တိတ်ဆိတ်လို့။ ဒီ သီချင်းသံကပဲ နေရာနဲ့ အခိုက်အတန့်ကို ပိုပြီးထည်ဝါ အေးဆေး အောင် အားဖြည့်ပေးထားသလိုပါပဲ။

ကားရပ်ပြီး Mini Mart ထဲ ဝင်လာမိတဲ့အထိ ဘာဝယ်ရမလဲ ကျွန်မ မစဥ်းစားတတ်သေးဘူး။ မဖြစ်မနေ တွေ့ရမယ့် သူတစ်ယောက်ကို တွေ့ဖို့ ဒီရပ်ကွက်ထဲ ကျွန်မ လာခဲ့တယ်။ ဦးသစ်ခက်မိုး ။ မဖြစ်မနေဆိုတာကလည်း ကျွန်မ ဘာသာ ဆုံးဖြတ်ပြီး လာဖြစ်သွားတယ်ဆိုရမယ်။ ဒီနေရာ၊ ဒီပတ်ဝန်းကျင်ဟာ ကျွန်မအတွက် အစိမ်းသက်သက်။ ဒီနေရာမှ မဟုတ်ပါဘူး။ ဒီနိုင်ငံအတွင်း ကျွန်မ ခြေပြန်ချဖြစ်တာလည်း မနေ့ကမှပါ။

ဦးသစ်ခက်မိုးနဲ့ သက်ဆိုင် ဆက်နွယ်တဲ့ တစ်စုံ တစ်ယောက် ကတော့ ကျွန်မ အနေနဲ့ ဦးသစ်ခက်မိုးဆီ သွားတွေ့မယ်၊မတွေ့ဘူးကို စိတ်မဝင်စားသလို ဘာခံစားမှုမှလည်းရှိပုံမရပါဘူး။ ကျွန်မ အသိပေးခဲ့တုန်းက ကျွန်မ သဘောပါ ဆိုတဲ့ပုံနဲ့ အမှုမဲ့ အမှတ်မဲ့ ပါပဲ။ အဲ့သလို ဖြစ်ဖို့ လုံလောက်တဲ့အကြောင်း တရား ကို သိနေသူမို့ ဘယ်သူ့ကိုမှ အပြစ်မြင်စိတ် ရှိမနေခဲ့ဘူး။ ကျွန်မနဲ့လည်း မသက်ဆိုင်။

သူဟာ ဒီအကြောင်း အရာနဲ့ ပတ်သက်ရင် အမြဲတစေ မကျေမနပ်ဖြစ်နေမယ်။ မကျေမနပ် ဖြစ်နေတာကိုမှ ကျေနပ်ခဲ့သယောင် သူ့ကိုယ်သူ လှည့်ဖျားပြီး နေထိုင်မယ်။ အဝေးကြီးကို တစ်ချက်ကြည့်ပြီး 'ကျွန်တော့် စိတ်ထဲမှာ ဘာမှ ရှိမနေတော့ဘူး မောင် ' လို့ ပြတ်သားတဲ့ လေသံနဲ့ ပြောမယ်။ ပြီးရင် ဒီခဏမှာ သူ့ မျက်လုံးရဲ့ အရောင်တွေကို ကျွန်မ မတွေ့အောင် ဖွက်ထားမယ်။

ကျွန်မကတော့ သူ့ကို အသေအချာကြီး သိနေသူတစ်ယောက်လို့ ကျွန်မကိုယ် ကျွန်မ အမြဲ ခံယူထားတာပဲ။အခုလို သူနဲ့အသက်ဆိုင်ဆုံး လူတစ်ယောက်ကို လာတွေ့တာဟာ ကျွန်မ လုပ်သင့်တဲ့ ပြုဖွယ်ကိစ္စတစ်ခု အနေနဲ့ရော၊ ကျွန်မ ရဲ့ လုပ်ချင်စိတ် သက်သက်ကြောင့်ရောပါ။ ကျွန်မ တစ်ခါမှ မတွေ့ဖူးတဲ့ လူတစ်ယောက်ဆီ လာတာဟာ သူ့အပေါ် ထားပေးတဲ့ ကျွန်မရဲ့ ရင်းနှီး လေးစား စိတ်သက်သက်ကြောင့်ပေါ့။

ပန်း မြူ ရိပ် Where stories live. Discover now