ဘာလို့စာရေးတာလဲလို့မေးရင် မမွန် အများဆုံးဖြေလေ့ရှိတာက မရေးရမနေနိုင်လို့ပါ။ စာရေးရတာကိုပျော်လို့ပါ ဆိုတဲ့ အဖြေပဲ။
ဒါပေမဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတွေ ဘာလို့ရေးဖြစ်တာလဲဆိုရင်တော့ အဖြေက မတူတော့ဘူးရယ်။ ဖြစ်ရပ်မှန်ဇာတ်လမ်းရေးဖို့ကို မမွန် လန့်တယ်။ မပျော်ဘူး။ အတွေးရော၊ အရေးရော ချုပ်ထားပြီးရေးတဲ့နေရာမှာ မလွယ်တဲ့အပြင် အမှားပါသွားမှာ တစ်စုံတစ်ယောက် ထိခိုက်သွားမှာ စိတ်ပူတယ်။ ဒါဆို ဘာလို့ရေးလဲဆိုတော့ ကိုယ်၀ါသနာပါတဲ့ စာရေးခြင်းကို အသိအမှတ်ပြုခံရတဲ့အခါ မမွန် တတ်နိုင်သလောက် တစ်ခုခု ပြန်ပေးချင်လို့ပါပဲ။
စိတ်ကူးနဲ့ရေးတဲ့ဇာတ်လမ်းတွေကို မမွန် ချစ်တယ်။ မြတ်နိုးတယ်။ ကိုယ်တိုင်တောင် သိလှတယ်လို့ မယူဆတော့ စာဖတ်သူတွေ ဘာညာတွေ ရသွားပါစေဆိုတဲ့ ပညာပေးလိုစိတ် ဘယ်တော့မှ မရှိခဲ့ဘူး။ ဒါက စေတနာမပါတာ မဟုတ်ပါဘူးနော်။ ရေးခဲ့သမျှမှာ ကိုယ်အား ဥာဏ်အားတတ်နိုင်သမျှ အကောင်းဆုံးကြိုးစားခဲ့ပါတယ်။ ဘယ်သူမှ အသိအမှတ်မပြုရင်တောင် မမွန်ကိုယ်တိုင် ကျေနပ်တဲ့အတွက် လုံလောက်ပါတယ်။
အဲ.. ဖြစ်ရပ်မှန် ရေးရင်တော့ မမွန် မတူညီတဲ့ စေတနာအပြည့်နဲ့ ရေးပါတယ်။ အဲ့ဒီ့စေတနာက ကိုယ့်ကို ဇာတ်လမ်းလာပြောသူတွေအပေါ်ထားတဲ့ စေတနာပါ။ သူတို့ ပြောချင်တာ၊ သူတို့ေ၀မျှချင်တာ၊ သူတို့အတွက် အရေးကြီးတာ ဒါတွေကိုပဲ မမွန် ဦးစားပေးပါတယ်။ ဇာတ်လမ်းအချိတ်အဆက်အတွက်၊ အရေးအသား ချောမွေ့ဖို့၊ စာဖတ်အဆင်ပြေဖို့ ပြောင်းလဲရမယ်ဆိုရင်တောင် မဖြစ်စလောက်ပဲ မမွန် ဖြည့်ရေး၊ ပြင်ရေးပါတယ်။
ဒါ့ကြောင့်လည်း ဖြစ်ရပ်မှန်ဇာတ်လမ်းရေးရင် စာဖတ်သူရှိ မရှိ။ အောင်မြင်မှု ရှိ မရှိ ဒါတွေကို ဘယ်တော့မှ ထည့်မတွက်ဘဲ သူတို့ပြောချင်တာတွေ ပါသွားရဲ့လား။ သူတို့ချန်ထားရစ်ခဲ့ချင်တာတွေ စာလုံးတွေအဖြစ် ကျန်ရစ်ခဲ့ရဲ့လား ဒါတွေကိုသာ အမြဲဦးစားပေးဖြစ်ပါတယ်။
လက်ရှိ မမွန် ရေးခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်း ခြောက်ခုရှိပါတယ်။
ပထမဆုံးဇာတ်လမ်းလေးက GL လေးတစ်ပုဒ်ပါ။ ရေးအပြီးမှာ လာရင်ဖွင့်တဲ့ ညီမလေးက public ဖြန့်ဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုတာနဲ့ သူ့ကိုပဲ လက်ဆောင်အဖြစ် ပေးခဲ့ပါတယ်။ သူ ခွင့်မပြုသေးသရွေ့ မမွန် မတင်ပါဘူး။
ဒုတိယကတော့ *မြို့ဟောင်းမြေမှ ချစ်သက်သေ* အတော်များများ သိကြမှာပါ။ လာပြောကတည်းက မျက်ရည်တွေနဲ့ နားထောင်ပြီး မျက်ရည်တွေနဲ့ ရေးဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်လေးပါပဲ။
တတိယတစ်ပုဒ်ကတော့ *ခွင့်ပေးစေချင်ပါသည်* Short Stories collection မှာ ရှိပါတယ်။ ဒီဇာတ်လမ်းလေးအတွက် ဖတ်စေချင်သူ ဖတ်ခဲ့ပြီလား။ သိစေချင်သူ သိခဲ့ပြီလားလို့ မျှော်လင့်ဆဲပါ။
စတုတ္ထအနေနဲ့ ရေးခဲ့တာက *You're my special one* ပါ။ Seven Petals စာအုပ်ထဲမှာ ပါ ပါတယ်။ ဒီဇာတ်လမ်းကို မမွန် တခြားဘယ်နေရာမှာမှ မတင်ပါဘူး။ စရေးကတည်းက ဒီဇာတ်လမ်းအတွက် ရခဲ့မယ့် စာမူခအားလုံးကို 'ကိုကို့' အတွက် ရည်စူးလှူဒါန်းမယ်လို့ ရည်ရွယ်ခဲ့တဲ့အတိုင်း လှူဖြစ်ခဲ့ပါတယ်။ အဲ့ဒီ့အတွက် ဒီဇာတ်လမ်းလေးကို ၀ယ်ယူအားပေးခဲ့သူတွေအတွက်ပဲ သီးသန့် လက်ဆောင်ထားခဲ့ချင်ပါတယ်။
ငါးပုဒ်မြောက်ဇာတ်လမ်းကတော့ *စကတည်းက မှားခဲ့သည်* ဖြစ်ရပ်မှန်ပေမယ့် ဇာတ်လမ်းကျောရိုးလောက်ပဲ ယူရေးဖြစ်ခဲ့တာပါ။ အထူးသဖြစ် ကလေးတွေရဲ့ ဖြူစင်တဲ့အချစ်၊ သူငယ်ချင်းမေတ္တာကို ဦးစားပေးရေးချင်ခဲ့တာ။
အခု *လောင်းရိပ်* ကတော့ ခြောက်ပုဒ်မြောက်ဇာတ်လမ်းပေါ့နော်။ ရေးပေးမယ်ဆိုပြီး တစ်နှစ်နီးပါး ကြာသွားခဲ့တယ်။ ထာ၀ရပုံပေဟာ ဘယ်လောက်တောင် အချိန်ယူခဲ့တယ်ဆိုတာ သူ ပြီးမှပဲ အကြွေးတွေ အတိုးချဆပ်ရင်း နားလည်တော့တယ်။
အခုတော့ လွန်ခဲ့တဲ့တစ်နှစ်နီးပါးအချိန်က ကိုယ်ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းကို ကတိတည်နိုင်သွားပြီပေါ့။ ကြည်နူးရပါတယ်။ နောက်ပြီး ဒီနေ့က ဒီဇာတ်လမ်းကို ရင်ဖွင့်လာတဲ့ ဂျီကောင်လေးရဲ့ မွေးနေ့ဆိုတော့ အမှတ်တရ ပျော်စရာမွေးနေ့လေးဖြစ်ပါစေလို့ ဆုတောင်းရင်း တင်ပေးနိုင်ခဲ့လို့လည်း ပိုကျေနပ်ရပါတယ်။
ခက်စွာရှေ့လှမ်း
အားမာန်တင်းလည်း
မသိစိတ်က ကျရှုံးရသည်..
မေ့ပါပြီလို့
ဟစ်ကြွေးနေဆဲ
ဒီရင်ထဲမှာ လွမ်း၍လာသည်...
ရက်စက်သည်ဟု
နာကြည်းပေမယ့်
သူ့အချစ်ကို မက်မောမိသည်..
ဘဝတစ်သက်တာ
ကိုယ့်အချစ်ဟာ
ဘယ်အခါမှ
သူ့လောင်းရိပ်က လွတ်နိုင်မည်နည်း....
ဂျီကောင်လေး ရေးတဲ့ ကဗျာလေးပါ။
သူ့အကြောင်း သူ့ဖြစ်ရပ်မှာ သူရေးထားတဲ့ ကဗျာလေးကို အမှတ်တရ ပါ၀င်သွားစေချင်ပါတယ်။ ဒါကတော့ သူ ရည်ရွယ်တဲ့ လောင်းရိပ်လေးပေါ့။ မမွန် ရည်ရွယ်တဲ့ လောင်းရိပ်ကိုတော့ ဒီဇာတ်လမ်းလေးကို ဖတ်ရင်းနဲ့ပဲ ရှာဖွေတွေ့ရှိနိုင်ကြပါစေနော်။
ချစ်တဲ့
မမွန်
၁၀.၁၁.၂၀၁၉
I am sorry. I have to edit the ending of this story after knowing what happen. I am so sorry. 😭
13.11.2019