မိုး လှမ်းပေးလိုက်တဲ့ ထွက်စာကိုဆေးရုံအုပ်ကြီးကြည့်ရင်း
"အေးကွာ .... အဖေရဲ့ကျန်းမာရေးကြောင့်ဆိုတော့လဲ ဘယ်တတ်နိုင်ပါ့မလဲ .... ဒါပေမဲ့ ဖြစ်နိုင်ရင်တော့ Hanna ကို ဆရာအလုပ်မထွက်ခိုင်းစေချင်ဘူး .... ဒီတိုင်းခဏသွားပြီး အဖေနေပြန်ကောင်းတဲ့အခါ ပြန်လာလို့ရတာပဲလေ .... "
သူ့ကိုတားဖို့ကြိုးစားချင်နေတဲ့ဆေးရုံအုပ်ကြီးကို Hanna ကြည့်ပြီး သက်ပြင်းလေးချကာ
" အဖေ့ကို ပစ်ထားခဲ့မိတာ ၁၃ နှစ်ကျော်လောက်ရှိနေပြီ ဆရာ .... အခုဖေဖေ့အသက်၆၀ကျော်ပြီး ၇၀ လဲကပ်နေပြီဆိုတော့ Hannaဖေဖေ့ဘေးမှာ တလှည့်ပြုစုစောင့်ရှောက်ပေးသင့်တယ်ထင်လို့ပါ ..... Hanna ကတစ်ဦးတည်းသော သမီးလေ ဆရာရဲ့ ... "
" ကဲလေ .... တားလို့လဲ မရဘူးဆိုတာ ဆရာလဲ သိပါတယ်... မဖြစ်မနေဆိုတော့လဲ ဘယ်တတ်နိုင်ပါ့မလဲ ဆရာက ထွက်ခွင့်ပေးရတော့မှာပေါ့ .... ဒါပေမဲ့ Hanna ပြန်လာဖြစ်တဲ့အခါကျရင်တော့ ဆရာတို့ဆေးရုံမှာပဲ ပြန်လုပ်ပေးပါလို့ အခုထဲကတောင်းဆိုထားပါရစေ .... "
အထက်လူကြီးရဲ့တောင်းဆိုမှုကို အသိအမှတ်ပြုပေးသည့်အနေနဲ့ မိုးခေါင်းလေးတစ်ချက်ငုံလိုက်ပြီး
" ဟုတ်ကဲ့ပါ ဆရာ .... "
ဆေးရုံအုပ်ကြီးအခန်းထဲက ထွက်လာပြီး သူ့ရုံးခန်းထဲကို ပြန်ဝင်လိုက်တော့ သူ့ထိုင်ခုံမှာ မိန့်မိန့်ကြီးထိုင်နေတဲ့ သူ့သူငယ်ချင်း Yuki ကိုတွေ့လိုက်ရသဖြင့်
" ဘယ်တုန်းကရောက်နေတာလဲ Yuki ? "
သူဝင်လာတာမြင်တော့ Yuki တစ်ယောက်ပြုံးပျော်သွား၏ ။ ထိုင်နေရာမှထကာ မိုး ကိုအတင်းလာဖက်လေသည်။
" အခုလေးတင်ရောက်တာ Hanna ... "
"အော်.... "
" နင်စောနက ဘယ်သွားနေတာလဲဟင်? "
"ဆေးရုံအုပ်ကြီးရုံးခန်းကိုပါ ... "
ဆေးရုံအုပ်ကြီးလို့ မိုးပြောလိုက်တော့ Yuki ရဲ့မျက်လုံးလေးတွေ ဝိုင်းသွားကာ
"ဖေဖေ့ရုံးခန်းကို ? ဘာလဲဖေဖေနင့်ကို အလုပ်တွေ အများကြီးလုပ်ခိုင်းနေပြန်ပြီလား ? "
မိုး ရဲ့လက်မောင်းလေးကို Yuki ကိုင်ဆွဲထားရင်း မျက်လုံးလေးကလယ်ကလယ်နဲ့မေးတော့ မိုးခေါင်းခါလိုက်သည်။
" မဟုတ်ပါဘူး ..... ငါထွက်စာသွားတင်တာပါ .... "
" ဟမ်!!!!!! "
Yuki အလန့်တကြားအော်လိုက်မိပြီး
" ဘာလို့လဲ ..... ဒီမှာလုပ်ရတာ နင့်အတွက်တခုခုအဆင်မပြေတာ ရှိလို့လားဟင်? "
" မဟုတ်ပါဘူး .... ငါရှေ့အပတ်ထဲဆို မြန်မာပြည်ပြန်တော့မှာ မို့လို့ပါ ..... "
" ဘာ !!!! မြန်မာပြန်တော့မှာ ဟုတ်လား Hanna ? "
အလန့်တကြားထထအော်နေတဲ့ Yukiကြောင့်မိုး တိုးတိုးပြောရန်လက်ထောင်ပြလိုက်ပြီး
" ဒါဆေးရုံလေဟာ .... အကျယ်ကြီး မပြောပါနဲ့ Yuki ရယ်... "
Yuki ချက်ချင်း ငိုတော့မဲ့ရုပ်နဲ့ ရှုံ့မဲ့မဲ့လုပ်ကာ
" နင်ကလဲ ဘာလို့ပြန်မှာလဲ ? ခဏလား အပြီးလား ? "
" အြပီးဖြစ်ချင်လဲ ဖြစ်သွားနိုင်တယ်... "
မိုး တည်တည်ငြိ်မ်ငြိမ်ပဲ ပြန်ပြောလိုက်တော့ Yuki ငိုတော့သည်။
" အကျင့်ပုတ်နင်ငါ့ကို ထပ်ထားခဲ့ဖို့ လုပ်ပြန်ပြီ .... နင်မရှိတော့ ငါဘယ်လိုနေရမှာလဲ .... "
" နင်ကလဲ ... အခုနင်လဲ ကလေးမှ မဟုတ်တော့တာ ... ငါ့ကိုသတိရရင်မြန်မာကို လာလည်လို့ရတာပဲလေ ..... အခုခေတ်မှာ မြန်မာနဲ့ ဂျပန်ဆိုတာနေ့ချင်းတောင်အသွားအပြန်လုပ်လို့ ရနေပြီပဲ .... "
မိုးပြောလိုက်တော့ Yuki ချက်ချင်းအငိုတိတ်သွားပြီး တစ်ခုခုကိုစဉ်းစားဟန်ပြုရင်း
" ဟုတ်သားပဲနော်..... okay .... ငါနင်ပြန်တဲ့အခါ လိုက်ခဲ့မယ်.... "
" ဟမ်! ဟာ ... နင်ကလဲ .... "
" ဘာလဲ နင်ကငါ့ကိုမခေါ်ချင်ဘူးလား Hanna ? "
Yuki ဆူပုတ်ပုတ်နဲ့ လာရစ်တော့ မိုးခေါင်းကုပ်နေမိသည်။
" မဟုတ်ပါဘူးဟာ .... ငါက မြန်မာပြန်တယ်ဆိုတာ အပျော်သတ်သတ်ပြန်မှာမဟုတ်ဘူး ... ငါ့အဖေနေမကောင်းလို့ ပြန်မှာ ... ဟိုရောက်ရင်အဖေ့ကိုလဲ ပြုစုပေးရမယ်ပြီးရင်ငါ့အတွက်အလုပ်အသစ်လဲ ရှာရဦးမယ်လေ .... အဲ့ဒါကြောင့်ချက်ချင်းမခေါ်ချင်သေးတာပါ .... ငါဟိုမှာ အခြေတကျဖြစ်တော့မှ လာလည်ပေါ့ ...... "
မိုး ကသေသေချာချာ အကျိုးသင့်အကြောင်းသင့်ပြောပြမှ မမချောက လက်ခံ၏ ။ သို့ပေမဲ့လဲ မျက်နှာကတော့ အခုထိရှုံ့မဲ့မဲ့ဖြစ်နေတုန်းပင်။
X X X X X X X X X
ရှေ့တစ်ပတ်ဆို ပြန်ရတော့မယ်ဆိုတာကြောင့်တချို့သိမ်းဆည်းစရာရှိသည့်ပစ္စည်းလေးတွေကို မိုး အခုထဲက သိမ်းဆည်းနေမိသည်။ စားပွဲအောက်က အံဆွဲလေးကိုဖွင့်လိုက်တော့ လွန်ခဲ့တဲ့ ၁၃ နှစ်ကျော်ထဲက မ နဲ့ဆင်တူသုံးခဲ့ဖူးသည့်ခေါက်ဖုန်းလေးတစ်လုံး ။ ပြီးတော့ငွေရောင်လက်စွပ်ကလေးတစ်ကွင်း ။ ထိုပစ္စည်းလေးတွေမြင်လိုက်တာနဲ့ အတိတ်၌ မ နဲ့အတူတူပျော်ရွှင်ခဲ့ဖူးသည့်နေရက်တို့က ဝိုးတဝါးပြန်မြင်ယောင်လာသည်။
မမကို ဖုန်းလက်ဆောင်ပေးတုန်းက သူထိုင်ကန်တော့တဲ့အခါ ရှက်ကိုးရှက်ကန်းဖြစ်နေတဲ့ မ ရဲ့ပုံရိပ်တွေက ယခုတိုင်ထင်ရှားနေဆဲပဲ ။ ပြီးတော့ သူကိုယ်တိုင်မ ရဲ့လက်ကို မြတ်မြတ်နိုးနိုး လက်စွပ်လေးဝတ်ဆင်ပေးခဲ့တဲ့ ကြည်နူးဖွယ်ရာ ငပလီကမ်းခြေကနေ့ရက်များ ။
" ဟူး ........ "
သက်ပြင်းရှည်တစ်ချက်ချရင်း အတိတ်ကနေ့ရက်တွေဆီ အလည်ရောက်သွားတဲ့ သူ့စိတ်တွေကို ပြန်လည်ထိန်းချုပ်လိုက်၏ ။
" တီးတောင်.... "
အိမ်ရှေ့က ဘဲလ်သံကြောင့်မိုး အိပ်ခန်းထဲကပြန်ထွက်လာသည်။
" Hannaရေ ... အန်တီပါ .... "
လုံခြုံရေးစက်လေးရဲ့ ဖန်သားပြင်ပေါ်မှာမြင်နေရတဲ့ သူ့အဒေါ်ကိုကြည့်ပြီး မိုး ပြုံးလိုက်မိသည်။ တံခါးဖွင့်လိုက်တော့ သူ့ကိုပြုံးရယ်ပြနေတဲ့ သူ့ရဲ့ဒေါ်လေး ။
" လာ တီတီ .... အထဲဝင်.... လက်ထဲက ဘာအထုတ်ကြီးလဲ ? "
အထုတ်ကို မိုး လှမ်းကူဆွဲပေးရင်း ဖွင့်ကြည့်လိုက်တော့ ဆာကေးပုလင်းလေးတစ်ပုလင်းနဲ့ ကြက်ကြော်ဗူးလေး ။
" ရာသီဥတုက တအားအေးတာပဲ ... အဲ့ဒါကြောင့်မို့ဆေးဖြစ်ဝါးဖြစ်လေး တို့တူကြီး ၂ယောက်သောက်ရအောင်ဝယ်လာတာ ..... ပြီးတော့ နှုတ်ဆက်partyလေးလဲ လုပ်ရင်းပေါ့ .... "
အန်တီကပြောရင်း ဧည့်ခန်းကဆိုဖာပေါ်မှာထိုင်လိုက်သည်။ သူလဲဘေးကဆိုဖာမှာ ဝင်ထိုင်လိုက်ပြီး ဆာကေးပုလင်းလေးနဲ့ ကြက်ကြော်ဗူးလေးကို အပြင်သို့ထုတ်ကာ စားပွဲပေါ်တင်လိုက်လေသည်။
" ပြန်ဖို့အတွက်ကော ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ပြီးပြီလား ? "
" ဟုတ်ပစ္စည်းအချို့တော့ အခုထဲက သိမ်းပြီးနေပါပြီ .... "
အိမ်အနောက်ခန်းမှ ခွက်ကလေး ၂ ခွက်ကိုင်ပြီး ပြန်ထွက်လာရင်း မိုး သူ့ဒေါ်လေးရဲ့မေးခွန်းကိုဖြေလိုက်သည်။
" ငါ့တူမကြီး မရှိတော့ရင်တီလေးတော့ ပျင်းနေရတော့မှာပဲ .... "
" ၂ယောက်စလုံးဆေးရုံနဲ့ပဲ အချိန်ကုန်နေတာ ရှိလဲသိပ်တွေ့ဖြစ်ကြတာမှ မဟုတ်ပဲတီတီရယ်... "
ဒေါ်လေးဌဲ့ပေးတဲ့ ဆာကေးခွက်ကလေးကို မိုး လက်ခံလိုက်ပြီး တစ်ငုံမျှသောက်လိုက်သည်။ လည်ချောင်းထဲနွေးခနဲဝင်လာတဲ့ ဆာကေးကြောင့်တစ်ကိုယ်လုံးအနွေးဓာတ်လေးပိုလာသလိုလို ခံစားလိုက်ရသည်။
" ဘာပဲဖြစ်ဖြစ်လေ ... ဒီလိုလေး အလုပ်အားချိန်လေးတော့ တစ်ယောက်ကိုတစ်ယောက်အဖော်ပြုပေးနိုင်တယ်မဟုတ်ဘူးလား ... "
ဒေါ်လေးရယ်ပြီးပြောတော့ မိုးခေါင်းလေးညိမ့်လိုက်ရင်း
" မြန်မာကို အားတဲ့အခါ လာလည်ဦးပေါ့ ...တီတီ သွားချင်နေတဲ့ ပုဂံဘုရားတွေကို လိုက်ပို့ပေးမယ်.... "
" ဟာ ဟုတ်တယ်ပုဂံ .... ဟုတ်တယ်ဟုတ်တယ်တစ်ခေါက်လောက်တော့ လာကိုလည်ရဦးမယ်..... "
မိုး ပြန်ဌဲ့ပေးတဲ့ ဆာကေး ခွက်ကလေးအားဒေါ်လေးမော့သောက်ရင်းခေါင်းလေးတညိမ့်ညိမ့်နဲ့ သဘောကျစွာပြုံးပြီးပြောလေသည်။
" အိုကာစံ (မေမေ) ရှိနေသေးရင်ပိုကောင်းမယ်နော်တီတီ .... "
" ဟုတ်တယ်.... အိုနီစံ (မမ) ရှိနေသေးရင်Hannaလေးအခုလို smart တအားကျတဲ့ ဆရာဝန်ကြီးဖြစ်နေတာကိုမြင်ပြီး ဘယ်လောက်တောင်ဝမ်းသာဂုဏ်ယူလိုက်မလဲ .... "
၂ယောက်စလုံးခဏတာတိတ်ဆိတ်နေကြရင်း အတွေးကိုယ်စီဖြင့်ဖြန့်ကျတ်နေမိကြသည်။ ထို့နောက်ဒေါ်လေးရဲ့စကားသံက အခန်းအတွင်းရှိ ဆိတ်ညိမ်မှုကို ပြန်လည်ဖြိုခွင်းလိုက်လေသည်။
" Hanna ... သမီး ဒီကိုပြန်ရောက်လာတုန်းကအခုလိုတောင်မဟုတ်သေးဘူးနော်.... စကားလဲမပြောပဲ အရမ်းတိတ်ဆိတ်လွန်းတယ်..... တစ်ယောက်ထဲ အခန်းလေးထဲမှာပဲနေနေတတ်တဲ့ ကလေးလေး ....ဟောကျောင်းတက်ပြန်တော့လဲ စာမှစာ ... စာကြည့်တိုက်နဲ့ကျောင်းမှာပဲ အချိန်ကုန်နေတဲ့ ကလေးလေး .... "
ရီဝေစွာ သူ့ကိုငေးကြည့်ရင်း တစ်ခွန်းချင်းစီပြောနေတဲ့ဒေါ်လေးရဲ့စကားများကို မိုး ငြိမ်သက်စွာပဲ နားထောင်ပေးနေမိသည်။
" အခုတော့ နှလုံးအထူးကုခွဲစိတ်ဆရာဝန်ကြီးဒေါက်တာ Hanna ဖြစ်နေပြီ .... ရင့်ကျတ်တည်ညိမ်လွန်းတဲ့ ငါ့တူမကြီး Hanna ....... "
လက်ထဲကိုင်ထားတဲ့ ဆာကေးခွက်လေးကို စားပွဲပေါ်ပြန်ချကာ မိုး သူ့အဒေါ်မျက်နှာကိုသေချာကြည့်လိုက်သည်။
" ဒါတွေအားလုံးကတီတီလေးရဲ့ သင်ကြားပြသမှုတွေကြောင့်ပါ .... အခုအချိန်ထိ သင်ကြားပြသပေးပြီးအမလို အမေလို ဂရုစိုက်စောင့်ရှောက်ပေးခဲ့လို့ တကယ်ကျေးဇူးပါ တီတီလေး ... "
ဒေါ်လေးသူ့ကိုပြုံးပြုံးလေး ပြုံးပြရင်း ဆိုဖာလက်ရန်းလေးပေါ်ခေါင်းလေးတင်ကာ မျက်လုံးလေးတွေမှေးစင်းလာသည်။
"ကျေးဇူးတင်ဖို့မလိုပါဘူး သမီးရယ်.... i'm so proud for you .... "
တိုးဖျော့ဖျော့လေး ပြန်ပြောရင်းဒေါ်လေးအိပ်ပျော်သွားလေပြီ ။ မိုး အခန်းထဲကစောင်လေးတစ်ထည်သွားယူပြီး သူ့ဒေါ်လေးကိုယ်ပေါ် ဖြန့်ခြုံပေးလိုက်၏ ။
အသက်၅၀ ပြည့်ပြီးပြီဆိုပေမဲ့ဒေါ်လေးကယခုတိုင်နုပျိုဆဲ လှဆဲ ။မေမေနဲ့ရုပ်ချင်းဆင်လွန်းပြီးဒေါ်လေးက သူဒီမှာရှိခဲ့တဲအချိန်တိုင်းအတွက်ဒုတိယမိခင်လိုပဲ ပြုစုစောင့်ရှောက်ပေးခဲ့သူ တစ်ဦးလဲဖြစ်သည်။
どうも ありがとう ございます(အရမ်း ကျေးဇူးတင်ပါတယ်) .....
ဒေါ်လေးက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပြီဆိုပေမဲ့ သူကတော့ အိပ်လို့မရသေး ။ အိမ်အပြင်ဝရံတာကိုထွက်ပြီး တိုကျိုမြို့ရဲ့ ညဘက်မီးရောင်တွေအလှကို ၁၃ လွှာအမြင့်ရှိတဲ့ သူ့တိုက်ခန်းကနေ ခံစားနေလေသည်။
လက်ပတ်နာရီလေးကိုကြည့်တော့ ၁၁ နာရီပင်ထိုးတော့မည်။
အင်း ဒီအချိန်ဆို ရန်ကုန်မှာ ၉ နာရီဝန်းကျင်ပဲရှိဦးမယ်...
အိမ်ထဲပြန်ဝင်ပြီး ဖုန်းလေးယူကာ ဝရံတာသို့ပြန်ထွက်လာမိသည်။ဆောင်းတွင်းဖြစ်တာမို့ ညချမ်းဟာအေးစက်လွန်းလှသည်။ သို့ပေမဲ့ တလူလူကျဆင်းနေတဲ့ နှင်းမှုန်လေးတွေကို မိုး နှစ်သက်ပါသည်။
တစ်စုံတစ်ယောက်ဆီ သူဖုန်းခေါ်လိုက်သည်။
" ဟဲလို ..... ဇာလီ ...... "
" ဟဲ့ မိုးစုတ်..... ၃ လလောက်နေပြီးမှ ငါ့ကိုဖုန်းဆက်တယ်ပေါ့လေ .....တော်သေးတာပေါ့ပေါ်လာသေးလို့ ..... "
အရင်ကအတိုင်း ဇာလီတင့်ရဲ့တွေ့တာနဲ့ရန်အရင်ထောင်တတ်တဲ့အကျင့်လေးကတော့ တရားသူကြီးဖြစ်နေပြီဖြစ်တဲ့ ယခုတိုင်မပြောင်လဲသေး ။
" နင်ကလဲ ငါအလုပ်မအားလို့ပါဟယ်.... "
" ငါလဲ တရားသူကြီးတစ်ယောက်ပါဟယ်နင့်ထက်တောင်ပိုအလုပ်ရှုပ်သေးတယ်မိန်းမရဲ့ .... "
မိုး ခပ်သဲ့သဲ့လေးပြုံးလိုက်မိသည်။
" အဲ့ဒါတွေထားပါတော့ ... ငါအခုနင့်ကိုပြောစရာရှိလို့ဆက်တာ ...."
" ဆိုပါဦး ဘာများလဲ ? "
" ငါရှေ့အပတ်ထဲ ရန်ကုန်ပြန်လာဖြစ်မယ်... "
"ဟေ ! ဟုတ်လား တကယ်? "
ဝမ်းသာအားရထအော်တဲ့ဇာလီရဲ့အသံစူးစူးကြောင့်မိုး နားတွေအူသွားရတဲ့အထိပင်။ ဖုန်းကို နားနဲ့ ခဏလေး ခွာလိုက်ရသည်။
" ငါ့အဖေနေသိပ်မကောင်းဘူးလေ ... အဲ့ဒါကြောင့်ပြန်လာမှာ ... "
" အပြီးလား ? "
"အေး ဆိုပါတော့ ... "
" ဒါဆို နင်အခုလုပ်နေတဲ့ဆေးရုံကကော ? "
" ထွက်စာတင်လိုက်ပြီ ..... "
" နှမြောစရာကြီး ... ဒါပေမဲ့ ဒီရောက်ရင်လဲ နင့်အတွက်အလုပ်က မရှားပါဘူးဟယ်.... နင်ကအဲ့မှာတောင်သိပ်တော်တဲ့ခွဲစိတ်ဆရာဝန်မကြီးမဟုတ်လား .... အခုနေ google မှာ ဂျပန်နိုင်ငံရဲ့ Top 10 ဝင်ဆရာဝန်ကြီးတွေလို့ ရိုက်ရှာလိုက်ရင်တောင်နင့်နာမည်ကပေါ်လာသေးတာပဲ ...... "
မိုး ဘာမှပြန်မပြော တစ်ချက်ပြုံး၍သာ ညိမ်သက်နေလိုက်သည်။
" ဘယ်နေ့ flight စီးမှာလဲ ရက်အတိအကျပြောလေ .... ငါလာကြိုမှာပေါ့ .... "
" ၆ ရက်နေ့နေ့လည်လောက်ရောက်မယ်... ဇွဲ ကိုတော့နင်ပဲပြောလိုက်တော့နော်.... "
" အဲ့ကောင်ငဇွဲကတော့လား ... ရဲအုပ်ဖြစ်သွားကတည်းက ငါနဲ့တခါလားပဲတွေ့ဖြစ်သေးတယ်... ဒါတောင်အဲ့တုန်းက အလုပ်ကိစ္စနဲ့ဆုံဖြစ်ကြတာ .... "
"အေးပေါ့လေ ..... တာဝန်ကိုယ်စီနဲ့ ဖြစ်နေကြပြီပဲ အရင်လိုကျောင်းသားဘဝမှ မဟုတ်တော့တာ ... "
မပြောဖြစ်တာကြာတဲ့ သူငယ်ချင်းနှစ်ယောက်ဟိုပြောဒီပြောလေးပြောဖြစ်ခဲ့ကြရင်း
" ဒါဆို ၆ ရက်နေ့မှတွေ့မယ်နော်.... good night ဇာလီ .... "
" ok သူငယ်ချင်း good night !!! "
ဖုန်းချလိုက်ပြီးနောက်မိုး ခဏတာရပ်ပြီးဟိုငေးဒီငေးငေးနေရင်း မ အကြောင်းလေးတွေတွေးနေမိပြန်သည်။
တကယ်လို့များ မ နဲ့ပြန်တွေ့ဖြစ်ရင်ငါဘယ်လိုမျက်နှာမျိုးနဲ့ပြန်ပြီး ရင်ဆိုင်ရမလဲ ?????
တစ်ချိန်ကသူဖြစ်စေချင်ခဲ့တဲ့ ဆရာဝန်တစ်ယောက်ငါဖြစ်နေပြီဆိုတာ သိရရင်ကော မ ဝမ်းသာမှာလား ???
ဟင်း .........
သက်ပြင်းချလိုက်တော့ နှာသီးဖျားနဲ့ ပါးစပ်ထဲက အငွေ့တွေထွက်လာသည်။ အတော်လေးလဲ ချမ်းလာပြီမို့ အတွေးလေးတွေ ပြန်ရုတ်သိမ်းလိုက်ပြီး အိမ်ထဲပြန်ဝင်လာခဲ့မိသည်။
X X X X X X X X X
" ဖွားဖွား ... ပြည့်လေး လှလား ? "
သူ့အမေဝယ်ထားပေးတဲ့ ဂါဝန်ဖြူဖြူအသစ်ကလေးနဲ့ လပြည့်ဝန်းသော်လေး သဘောကျစွာ သူ့အဖွားရှေ့ ဟိုဘက်လှည့်လိုက်ဒီဘက်လှည့်ပြလိုက်လုပ်နေသည်။
ပဲပေးနေတဲ့ လပြည့်လေးကို သူ့အဖွားကြည့်ပြီး သဘောကျနေသည်။
" လှပါ့ကွယ်လှပါ့ ..... "
လင်း ဆံပင်ကိုအနောက်မှာ သပ်ရပ်စွာစုစည်းလိုက်ပြီး ဖဲပြားအနီလေးပါသည့်ခေါင်းစည်းကြိုးလေးနဲ့ ချည်နှောင်လိုက်သည်။ ပြီးတော့ထကာ မှန်တင်ခုံပေါ်တင်ထားတဲ့ ကားသော့ကိုယူပြီး အခန်းထဲမှထွက်လာတော့ သူ့သမီးနွေးလေးက
" ဟင်!မေမေ ဒီအတိုင်းသွားမလို့လား ? "
အဝါရောင်ပိတ်ဖောက်ဇာအကျီင်္ လက်ဇကလေးနဲ့ ချိတ်ထဘီအနက်လေးကိုဝတ်ဆင်ထားတဲ့ သူ့မေမေကိုခေါင်းအစခြေအဆုံးငုံကြည့်ပြီးပြောတော့ လင်း သူ့သမီးကိုရယ်ပြီး ပြန်ကြည့်လိုက်သည်။
" အင်းလေးနွေးလေးရဲ့ ဘာဖြစ်လို့လဲ ? "
အကြီးမနွေးလေးက သူ့အမေကိုကြည့်ခါခေါင်းကို ခါယမ်းလိုက်ပြီး
" နိုး နိုး .... " လို့ပြောတော့အငယ်မ လပြည့်လေးလဲ သူ့အမဘေးပြေးလာပြီး သူ့အမေကိုကြည့်ကာ သူ့အမလုပ်တဲ့အမူအယာအတိုင်းခေါင်းကိုခါယမ်းလိုက်သည်။
" နိုး ... နိုး ..... "
သူ့သမီးနှစ်ယောက်ရဲ့ ဆရာကြီးဂိုက်ဖမ်းနေကြပုံကို ကြည့်ပြီး လင်း အားရပါးရရယ်လိုက်မိသည်။
"မေမေက ဘာဖြစ်နေလို့လဲ သမီးတို့ရယ်... "
"လေဆိပ်သွားမဲ့ဟာ နှုတ်ခမ်းနီလေးဘာလေးဆိုးဦးမှပေါ့မေမေရဲ့ .... လာနွေးမေမေ့ကို အလှပြင်ပေးမယ်.... "
အစ်မဖြစ်တဲ့နွေးလေးက လင်းရဲ့ ညာလက်ကိုဆွဲကိုင်လိုက်တော့ဘေးနားကပိစိကွေးဝက်ပေါက်လေး လပြည့်ကလဲ အားကျမခံ လင်း ရဲ့ဘယ်လက်ကို လှမ်းဆွဲသည်။
" ပြည့်လေးလဲမေမေ့ကို လှလှပြင်ပေးမယ်.... "
သမီးနှစ်ယောက်ဆွဲခေါ်လာသဖြင့်လင်း အိပ်ခန်းထဲက မှန်တင်ခုံရှေ့ပြန်ရောက်လာလေသည်။
အန်တီတင့်ကတော့ အခန်းပေါက်ကနေ သားအမိ ၃ယောက်ကိုလှမ်းကြည့်ရင်း သဘောကျစွာ ရယ်မောနေ၏ ။
ပန်းဆီရောင်နှုတ်ခမ်းနီတောင့်ကိုရွေးချယ်လိုက်ပြီးနွေးလေး သူ့မေမေရဲ့ နှုတ်ခမ်းဖူးဖူးလေးပေါ်ဆေးရောင်ခြယ်ပေးနေသည်။
ဘေးနားက ဝက်ပေါက်ကတော့ သူ့မေမေရဲ့အလှကိုမေးလေးထောက်ရင်းငေးမောကြည့်နေသည်။
" Ummm .... နှုတ်ခမ်းနီလေးဆိုးလိုက်မှမေမေ့ရဲ့အလှက လုံးဝ perfect ဖြစ်သွားတာ ....ကြည့်နေဖေဖေသာလေယာဉ်ပေါ်ကဆင်းလာပြီးမေမေ့ကိုမြင်လိုက်တာနဲ့မေမေ့ရဲ့အလှမှာ မျက်တောင်မခတ်ပဲ လုံးဝကြွေဆင်းသွားစေရမယ်..... "
" ဟုတ်တယ်... လုံးဝကြွေဆင်းသွားစေရမယ်.... "
အမပြောသမျှစကားတိုင်း အနောက်ကလိုက်လိုက်ပြောနေတဲ့ ဝက်ပေါက်လေး လပြည့်နဲ့ သူ့ကိုမျက်ခုံးလေးပင့်ကာ လူကြီးဟန်ပန်အပြည့်နဲ့ပြောနေတဲ့နွေးလေးတို့ ညီအစ်မ ၂ယောက်စလုံးကို လင်း သူ့ရင်ခွင်ထဲ ဆွဲထည့်လိုက်သည်။
"မေမေ့ရဲ့ အသဲတုံးလေးတွေ .... ချစ်လိုက်တာကွယ်...... "
နှစ်ယောက်လုံးရဲ့ခေါင်းလေးတွေကို လင်း ငုံခါနမ်းရှိုက်လိုက်လေသည်။ရှေ့ကကြေးမုံမှန်ပေါ်မှာတော့ သူတို့သားအမိရဲ့ ချစ်ခြင်းမေတ္တာတွေ ထပ်ဟပ်လို့နေသည်။
" ဖွားဖွား ပြည့်လေးတို့လေယာဉ်ကွင်းသွားပြီးလေယာဉ်ပျံကြီးတွေ သွားကြည့်ဦးမယ်နော်..... "
"အေးပါကွယ်လေယာဉ်ကြီးတွေကိုသေချာကြည့်ခဲ့နော်.... "
"အေးဖေဖေနဲ့တွေ့တဲ့အခါ အဖေ့သမီးက အဖေ့ကိုလာကြိုတာမဟုတ်ဘူးလေယာဉ်ပျံတွေကြည့်ချင်လို့ လာတာလို့ တိုင်ပြောပစ်မယ်.... "
အကြီးမနွေးလေးကစနောက်တော့လပြည့်ဝန်း မျက်နှာလေးဆူပုတ်သွားသည်။ ချက်ချင်း သူ့မေမေထဘီကို လှမ်းဆွဲပြီး
"မေမေ .... မမ ကအကျင့်ပုတ်တယ်.... အဲ့မမ အကျင့်ပုတ်တယ်ပြည့်လေးကိုဖေဖေနဲ့တိုင်ပြောမယ်တဲ့ .... ပြည့်လေးကဖေဖေ့ကိုသွားကြိုရင်းနဲ့မှလေယာဉ်ကြီးတွေကြည့်မှာပါ ... အာ့မေမေဖေဖေ့ကိုပြောပေးနော်... "
" ဟုတ်ပါပြီကွယ်.... "
ဝဝကစ်ကစ်ပြည့်ပြည့်လုံးလုံးလေးနဲ့ သိပ်ချစ်စရာကောင်းတဲ့ သူ့သမီးလပြည့်လေးကို လင်းပွေ့ချီလိုက်ကာ အိမ်ရှေ့ရပ်ထားတဲ့ Ford ကားအဖြူရဲ့နောက်ခန်းမှာတင်ပေးလိုက်သည်။
" ကဲနွေးလေး တက်သမီး .... "
" ဟုတ်မေမေ ... "
သူ့အဖွားနဲ့အန်တီတင့်ကို ညီအမနှစ်ယောက်လက်ပြနှုတ်ဆက်ပြီးတဲ့အခါမှ လင်း ကားကိုအိမ်ရှေ့မှမောင်းထွက်ခဲ့သည်။
ကိုတေဇာရဲ့မေမေလေးကိုယ်တိုင်သင်ကြားပြသပေးမှုကြောင့်လင်းနွေးလေးကိုမွေးပြီးကတည်းက ကားမောင်းတတ်ခဲ့တာ ယနေ့တိုင်ပါပဲ ။
" အူးးးး ... အခုတော့ နာ့တစ်ယောက်ထဲပေါ့ ချစ်ရေ ... ဘာမှမငြင်းဝူး မင်းသဘောဖဲဟဲ .... မင်းရဲ့နားမှာ တိုရင်ဟိုလိုဖဲ ..... "
လင်း ကားထဲမှာဖွင့်ထားတဲ့ shwe fm မှလာနေသည့်သီချင်းကောင်းကောင်း သီချင်းတောင်း အစီအစဉ်မှ Bunny Phyo နဲ့ ဘစိုင်း တို့သီဆိုထားတဲ့ တစ်ကိုယ်တော်ဗယ်လင်တိုင်း သီချင်းကိုနောက်ကဝက်ပေါက်လေးက စကားပီကလာ မပီကလာဖြင့်အော်ဆိုနေပါတော့သည်။
" ကျွတ်စ်နားညည်းလိုက်တာ ပြည့်လေးရယ်.....မေမေရေမေမေ့သမီးကြီးလာရင်တော့ အဆိုတော့ပဲ လုပ်ခိုင်းလိုက်ပါတော့ ..... "
နွေးလေးက နားလေးပိတ်ပြီး လှမ်းပြောသည်။
အနောက်က ညီအစ်မှ ၂ယောက်ကို လင်း ဘက်ကြည့်မှန်ထဲကနေ ကြည့်ရင်းရှေ့မှာ တခစ်ခစ်နဲ့ရယ်နေမိသည်။
"မေမေ ... ပြည့်လေး ဆိုတော်ကြီးဖြစ်ရင်လေ ...မေမေ့အတွက်လေယာဉ်ပျံကြီး ကြီးကြီး ဝယ်ပေးမယ်နော်..မေမေ ... "
ရှေ့ကသူ့ခုံနားကို မမှီမကန်း လက်ထောက်ကာပြောနေတဲ့ လပြည့်လေးကို လင်း တစ်ချက်လှည့်ကြည့်လိုက်ပြီး
"အေးပါသမီးလေးရယ်...နွေးလေး ... "
" ရှင်မေမေ ? "
" သမီးညီမလေးကိုသေချာထိုင်ခိုင်းပြီး ကိုင်ပေးထားဦး ...တော်ကြာမေမေ ရုတ်တရက်ဘရိတ်ဆောင့်အုပ်လိုက်ရင်အရှေ့ထိုးကျမှာစိုးလို့ .... "
"အော်ဟုတ်ကဲ့မေမေ ...... လာ စိန်မျောက်မျောက်မလေး ..... "
လင်းပြောတော့ အရှေ့ကသူ့မေမေထိုင်နေတဲ့ခုံကို လက်လှမ်းမှီထားတဲ့အမွှေစိန်လေးအားနွေးလေးက လှမ်းဆွဲလိုက်ပြီး ဖက်ထားပေးလေသည်။
ဒီလိုနဲ့ တစ်လမ်းလုံး လာသမျှသီချင်းတွေ ရရမရရလျှောက်အော်ဆိုနေတဲ့ လပြည့်လေးရဲ့ အသံစူးစူးနဲ့သူ့ညီမရဲ့ ကမ္ဘာကျော်အဆိုတော်ဖြစ်မည့်အသံကို ဒဏ်မခံနိုင်လို့ နားပိတ်ထားတဲ့နွေးလေးတို့ ၂ယောက်နဲ့အတူ လင်း မပျင်းရတော့ပဲနဲ့ ရယ်လိုက်မောလိုက်ဖြင့်လေဆိပ်သို့ရောက်ရှိလာပါတော့သည်။
လေဆိပ်ထဲရောက်တော့လဲနွေးလေးက ထိုင်ခုံမှာညိမ်ညိမ်လေးထိုင်ရင်း သူအိမ်ကယူဆောင်လာတဲ့ စာအုပ်လေးတစ်အုပ်ကို ထိုင်ဖတ်နေပေမဲ့ ဟိုဝက်ပေါက်အမွှေစိန်လေးကတော့ ဟိုဘက်ပြေးလိုက်ဒီဘက်ပြေးလိုက်နဲ့လျှောက်ပြေးဆော့ကစားနေတာမို့ အနောက်ကနေ လင်း လိုက်ထိန်းနေရသည်။
" သမီး ... လပြည့်လေး ....အရမ်းမပြေးနဲ့ချော်လဲမယ်သမီးရဲ့ ...... "
ပတ်ပြေးနေတဲ့ သူ့ညီမ လပြည့်ဝန်း နဲ့ အနောက်က တကောက်ကောက်လိုက်ထိန်းပေးနေရတဲ့သူ့မေမေကိုနွေးလေးတစ်ချက်မော့ကြည့်လိုက်ပြီး ဖတ်နေတဲ့စာအုပ်ကိုဘေးနားခဏချလိုက်သည်။
" လပြည့်ဝန်းသော်......... "
သူ့ရှေ့ကဖြတ်ပြေးသွားတဲ့ ညီမငယ်ရဲ့နာမည်ကို အပြည့်အစုံတစ်ခွန်းပဲအော်ခေါ်လိုက်သည်။ ဟိုတောက်တောက်တောက်တောက်နဲ့လျှောက်ပြေးနေတဲ့ ဝက်ပေါက်လေး တုံခနဲရပ်သွားပြီး သူ့မမကိုသမင်လည်ပြန်လှည့်ကြည့်လေသည်။
" လာ မမဘေးမှာလာထိုင်... ငြိမ်ငြိမ်လေးထိုင်နေမယ်ဆိုရင်မမ ice cream ဝယ်ကျွေးမယ်..... "
ice cream ဆိုတဲ့ အသံကြားလိုက်တာနဲ့ လပြည့်လေးရဲ့မျက်ဝန်းတွေ ကြည်တောက်ပြီးဝိုင်းစက်သွားသည်။ ချက်ချင်း သူ့အစ်မနားကိုပြေးချသွားပြီး
" ဘယ်လောက်ကြာကြာထိုင်ရင်ဝယ်ကျွေးမှာလဲ မမ ? "
" ahhhဖေဖေမရောက်လာသေးခင်အထိ ...... "
" အမ်.....ဖေဖေလာဖို့က ကြာကြီးလိုသေးတယ်.... အရင်ဝယ်ကျွေး အာ့ဆို ငြိမ်ငြိမ်လေးထိုင်နေပေးမယ်နော်..... "
မျက်လုံးလေးပေကလပ်ပေကလပ်ဖြင့်သူ့မမကိုသွားချွဲနေပြန်တဲ့ ဝက်ပေါက်လေးကို လင်း ကြည့်ပြီးရယ်မိပြန်သည်။နွေးလေး ကရယ်နေတဲ့ လင်း ကိုလှမ်းကြည့်ကာ
"မေမေ့သမီးကတော့ စကားတတ်လွန်းလို့ ကြက်တူရွေးကတောင်အရှုံးပေးရလိမ့်မယ်မေမေရေ .... "
X X X X X X X X X
သမီးငယ်နှစ်ယောက်ကို လင်း ဘယ်တစ်ဖက်ညာတစ်ဖက်လက်တွဲထားရင်းလေဆိပ်ထဲကရေခဲမုန့်ကော်ဖီ နဲ့ အအေးရောင်းသည့်ဆိုင်လေးရှေ့သို့ရောက်လာခဲ့သည်။
" ကဲ ဘာစားကြမလဲ ? "
လင်းမေးလိုက်တော့ လပြည့်လေးက အသံစာစာလေးဖြင့်သူ့ကိုမော့ကြည့်ကာ
" ပြည့်လေး စတော်ဘယ်ရီရေခဲမုန့်၂ ခွက်စားချင်ဒယ်မေမေ .... "
" အွန်း ....တစ်ခွက်ပဲစားရမယ်ပြည့်လေး ...တော်ကြာညကျချောင်းတွေထဆိုးလို့ဖေဖေနဲ့မေမေ မအိပ်ရပဲနေလိမ့်မယ်.... "
" ပြည့်လေးချောင်းမဆိုးအောင်အိမ်ပြန်ရောက်ရင်ဆေးသောက်ပါ့မယ်... "
လပြည့်သူ့အစ်မကို မျက်နှာငယ်လေးနဲ့ပြောနေပုံကို လင်း သဘောကျစွာ ကြည့်ရင်း
" စတော်ဘယ်ရီရေခဲမုန့်၂ ခွက်ပေးပါ .....နွေးလေးကော ? "
နွေး သူ့မေမေကို ကြည့်လိုက်ပြီး
"ကော်ဖီနံ့လေးက အရမ်းမွှေးလွန်းလို့ကော်ဖီသောက်ချင်ပေမဲ့ သမီးနဲ့မတည့်လို့ milk shake ပဲသောက်တော့မယ်မေမေ .... "
သူ့ကိုပြုံးရယ်ပြရင်းနွေးလေးပြောသောစကားတို့ကြောင့်လင်း ပြုံးလိုက်မိပြန်သည်။
အော်...နွေးလေးရယ်.......
လင်း သူ့သမီးနွေးလေးကိုခေတ္တမျှဂရုဏာသက်သော အကြည့်တို့ဖြင့်စိုက်ကြည့်ပြီး
" milk shake တစ်ခွက်americanoကော်ဖီတစ်ခွက်ပေးပါရှင့်..... "
" ဟုတ်ကဲ့ပါ အမ ..... "
လင်းနွေးလေးမျက်နှာကိုပြန်ကြည့်လိုက်ပြီး
"သမီးသောက်ချင်ရင်မေမေ့ကော်ဖီ နည်းနည်းယူသောက်နော်နွေးလေး .... "
သူပြောလိုက်တော့နွေးလေးမျက်နှာ ချက်ချင်းပြုံးရွှင်သွားပြီး
" တကယ်လားမေမေ .... သမီးသောက်လို့ဖြစ်ပါ့မလား ? "
" နည်းနည်းလောက်သောက်လို့ရတယ်လို့ ဆရာဝန်လဲပြောထားတာပဲဟာ .... နည်းနည်းယူသောက်နော်.... "
ခေါင်းလေးပွတ်ပေးလိုက်တော့နွေးလေးဇတ်ကလေးပုပြီး ပါးချိုင့်လေးပေါ်တဲ့အထိ ရယ်လိုက်လေသည်။
"မေမေ ချီ ..... "
ဆိုင်ထဲကကော်ဖီဖျော်နေတဲ့စက်ကို ကြည့်ချင်လို့ခြေဖျားလေးထောက်ထောက်နေတဲ့ လပြည့်မှာ ကြည့်လို့မမှီတဲ့အဆုံး သူ့မေမေကို ချီခိုင်းလေတော့သည်။
လင်းပွေ့ချီပေးလိုက်တော့မှ ဝက်ပေါက်လေးကကော်ဖီဖျော်နေတဲ့နေရာကိုသေချာလိုက်ကြည့်နေသည်။
"ပြည့်လေးနော်....မေမေ့ကို ချီချီမခိုင်းပါနဲ့လို့ မမ ခဏခဏပြောထားရဲ့သားနဲ့ ..... "
" ခဏလေးပါပဲ မမရယ်... ပြည့်ဒါလေးကြည့်ချင်လို့ပါ .... "
သူ့မမကို မကြည့်ပဲကော်ဖီဖျော်နေတဲ့နေရာသို့သာ စိုက်ကြည့်ရင်း လပြည့်ပြန်ဖြေလေသည်။ သူဒီကော်ဖီဖျော်စက်ထဲကကော်ဖီရည်လေးတွေ ထွက်ထွက်ကျလာတာကို အထူးအဆန်းဖြစ်နေလေသည်။
ကော်ဖီစက်ကို စိတ်ဝင်တစားငေးကြည့်နေတဲ့ သူ့ရဲ့ညီမကိုနွေး ကြည့်ကာ သဘောကျစွာပြုံးလိုက်မိသည်။ ထို့နောက်ဘာရယ်လို့မဟုတ်ဒီအတိုင်းလေး အနောက်သို့လှည့်ကြည့်လိုက်မိပါသည်။
ထိုတွင်တော့ အရပ်တော်တော်လေးရှည်ပြီး အသာကလဲနို့ရည်လိုဖြူဖွေးစွတ်နေသည့်အရမ်းချောတဲ့မမတစ်ယောက်ဟာလပြည့်ဝန်းလေးကိုချီပြီးရပ်နေတဲ့ သူ့မေမေကိုငေးမောရပ်ကြည့်နေတာကိုနွေး မြင်လိုက်လေသည်။
ထိုအစ်မကြီးကိုနွေးသေချာပြန်စိုက်ကြည့်လိုက်တော့ ထိုအစ်မကြီး သူပြန်ကြည့်နေတာကို မြင်သွားပြီး တစ်ဖက်သို့လှည့်ထွက်သွား၏ ။
" ထူးဆန်းလိုက်တာ ..... "
သူ့ရေရွတ်သံကိုမေမေကကြားတော့ သူ့ကိုသေချာကြည့်ပြီး
" ဘာလဲသမီး .... "
"အမကြီးတစ်ယောက်စောနကမေမေ့ကို လှမ်းကြည့်နေတယ်.... အဲ့အစ်မအကြည့်တွေက ထူးဆန်တယ်မေမေ ... သူမေမေ့ကိုသိနေတဲ့ပုံစံမျိုးနဲ့ တအံ့တသြကြည့်နေတာ ပြီးတော့ ...... "
'မျက်ရည်တွေလဲ ဝဲနေတယ်´ လို့နွေး မပြောရသေးခင်မှာ
" ဘယ်သူများလဲ သမီးရဲ့ ? "
" ဟိုးမှာမေမေ .... "
သူ့သမီး လက်ညှိုးထိုးပြသည့်နေရာကို ကြည့်လိုက်တော့ လူတွေကရောထွေးနေသဖြင့်သူရှင်းရှင်းလင်းလင်းမတွေ့ရ ။
" T shirt အဖြူဘောင်းဘီအနက်လေးနဲ့တစ်ယောက်မေမေ .... "
နွေး ထပ်ပြောတော့မှ လင်း ဘယ်သူဘယ်ဝါဆိုတာ သဲသဲကွဲကွဲ သိလိုက်သည်။ကျောလည်လောက်အထိနေရာယူထားတဲ့ နီညိုရောင်ဆံနွယ်လေးတွေက သူလမ်းလျှောက်နေတာမို့ကျောပြင်မှာ ဘယ်ညာယိမ်းထိုးနေသည်။ အရပ်ကတော်တော်လေးမြင့်ရတဲ့အထဲဒေါက်မြင့်ဖိနပ်စီးထားတာမို့ဒေါင်ကြီးကဟီးနေသည်။ သူနဲ့ဝေးရာသို့ ထွက်ခွာသွားတဲ့ ထိုမိန်းကလေးရဲ့နောက်ကျောပြင်ကိုကြည့်ပြီး လင်း စိတ်ထဲတစုံတစ်ခုကို ရင်းနှီးနေသလိုခံစားလိုက်ရသည်။
ပြီးတော့ ထိုကောင်မလေးကိုကျော်ပြီးကြည့်မိလိုက်တော့ သူနဲ့သိပ်မစိမ်းသည့်မျက်နှာလေးတစ်ခုကို လင်းတွေ့လိုက်ကာ နာမည်တစ်ခုကိုရေရွတ်လိုက်မိသည်။
" ဇာလီတင့် ...... "
လင်း ခပ်တိုးတိုးလေးရေရွတ်မိလိုက်ချိန်၌
" အစ်မ .... americano coffee တစ်ခွက်milk shake တစ်ခွက်နဲ့strawberry ice cream ၂ ဗူး ရပါပြီခင်ဗျ ..... "
လင်း ချီထားတဲ့ လပြည့်လေးကိုအောက်သို့ ပြန်ချလိုက်ပြီး လှမ်းယူလိုက်သည်။
" 9000 ကျပါတယ်ခင်ဗျ .... "
ပိုက်ဆံအိတ်ထဲက ၁သောင်းတန်တစ်ရွက်ကို အလျင်အမြန်ထုတ်ပေးပြီး အနောက်ကိုပြန်လှည့်ကြည့်လိုက်တော့ ဇာလီတင့်မရှိတော့ပေ ။
နှစ်တော်တော်လေးကြာမှ ပြန်တွေ့ခဲ့ရပေမဲ့ ငယ်ရုပ်လေးမပြောင်းသွားသည့်သူ့တပည့်ဇာလီတင့်ကို လင်း မြင်မြင်ချင်းပဲ မှတ်မိပါသည်။
အော်ဇာလီတင့်လေးတောင်တော်တော်လေးအရွယ်ရောက်နေပြီပဲ။ ကလေးကော အခုအချိန်ဆို ဇာလီတင့်လိုပဲ လူကြီးလေးဖြစ်နေလောက်ပြီပေါ့။ အခုချိန်ဆို ဘယ်လိုပုံစံလေးဖြစ်နေမလဲ မသိဘူး။ ပြီးတော့ ဘာတွေဖြစ်နေမလဲ ? ဆရာဝန်မကြီးပဲဖြစ်နေပြီလား ဒါမှမဟုတ်သူဝါသနာပါတဲ့ ပန်းချီဆရာမကြီးပဲ ဖြစ်နေပြီလား ကလေးရယ်။ မ မသေခင်အသက်ရှင်သန်နေတုန်းလေးမှာ ကလေးနဲ့ တစ်ခါလောက်တော့ ဆုံစည်းချင်မိပါသေးတယ်ကွယ် ... ။
🌧️ 🌧️ 🌧️