၂၀၁၆၊ ဖေဖော်ဝါရီ ၂ရက်၊ အင်္ဂါနေ့
ယနေ့ သက်လွင်တို့ ကျောင်းတော်ကြီးတွင် စုံညီပွဲတော် ကျင်းပနေသည်။ သက်လွင်ကတော့ ဝေ၏ သက်တော်စောင့် လုပ်နေရ၍ ဘာမှမစားရသေးပါ။ မျက်နှာငယ်လေးနှင့် ဈေးတန်းများဘက်ကို ငေးလိုက် ဆုတစ်ခုပြီး တစ်ခုတက်ယူနေသော သက်လွင်၏ အချစ်ဆုံးသူငယ်ချင်းကို လက်ခုပ်တီး အားပေးလိုက်နှင့်။ သက်လွင် ဗိုက်ဆာနေသော်လည်း ဝေ့ကိုတစ်ယောက်တည်း မထားရက်နိုင်ပါ။
စင်ပေါ်မှဝေ့အတွက် ထိုင်ခုံပေါ်တက်၍ လက်ခုပ်တီးနေရင်း သက်လွင်၏ နောက်ကျောမှ အင်္ကျီစ လေးလံလာ၍လှည့်ကြည့်လိုက်မိသည်။ အသားဖြူဖြူ မျက်နှာဝိုင်းဝိုင်းနှင့် ကလေးမလေးက သက်လွင်ကို အတင်းထိုင်ခိုင်းနေ၏။
" မမသက် မြတ်တို့ မမြင်ရတော့ဘူး ရှေ့ကနေပြီးတော့ ထိုင်ကြည့်ပါ"
"အမယ် မမသက်ဆိုပါလား" သက်လွင်တွေးနေရင်း ညစ်ချင်လာသည်။
" ညီမလေးတို့နဲ့ မမနဲ့ သိလို့လား"
" မမက မကြီးဝေဝေနဲ့ ပေါင်းတဲ့ မသက်လွင်လေ။ စာတော်တဲ့ နာမည်ကြီးတွေလေ မြတ်တို့အားလုံး မမတို့ကိုသိပါတယ်"
ဒီလိုဆိုတော့လည်း သက်လွင်တို့က မြောက်ကြွမြောက်ကြွ ဖြစ်သွားပြန်သည်။
"ဒါနဲ့ မင်းတို့က ဘယ်အတန်းကလဲ" ရှေ့ကို ကြည့်နေရင်း နောက်ကိုဇတ်ကနဲ လှည့်၍ ပြောလိုက်သဖြင့် သက်လွင်၏ စုစည်းထားသော ဆံပင်များဖြင့် ထိုကလေးကိုရိုက်မိသွားသည်။ ထိုကောင်မလေးက မျက်နှာကို လက်ကလေးနှင့် ကိုင်ရင်း
" သမီးတို့က ၇တန်း A ကပါ"
"နာမည်က"
" သမီးက မေမြတ်သွင် သူက သင်္ကြန်မိုး" ကလေးမလေးက သူ့ကိုယ်သူ နှုတ်ဆက်ရင်း သက်လွင်ကို ပေါင်မုန့်ကလေးတစ်ခု ကမ်းပေးလာသည်။ သက်လွင်ပြုံးကာယူလိုက်ရင်း
"ကျေးဇူးပါနော် နောက်တစ်ခါကျ မမက မုန့်ဝယ်ကျွေးပါမယ်"
"ဟုတ်ကဲ့" ကလေးမလေး နှစ်ယောက်က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ရယ်နေကြသည်။
ဝေ၏ ဆုတစ်ဆုက နောက်ဆုံးမှရသဖြင့် သက်လွင် ခါးတောင့်အောင် စောင့်လိုက်ရ၏။ သို့သော် မုန့်ဈေးတန်းတစ်သီတစ်တန်းကြီးက စည်ကားစွာဖြင့် သက်လွင်ကို စောင့်နေသေး၏။ သက်လွင် ကလေးမလေးနှစ်ယောက်ကို မုန့်ဝယ်ကျွေးရန် နောက်ကိုလှည့်ကြည့်လိုက်သည်။ ထိုကလေးများက ဘယ်ချိန်ထထွက်သွားမှန်း မသိ။ သက်လွင် ဝေဆင်းလာမည့် ဆုပေးစင် နောက်ဘက်သို့သာ ပျော်ရွှင်စွာ ပြေးလာလိုက်၏။
☘️🍁☘️🍁
မေယနေ့ ကျောင်းစုံညီတွင် ဆုပေးသည့်တာဝန်ယူရသည်။ ဆရာမအသစ်လည်းဖြစ် အတန်းမရသေးသည့် အတွက် မေသည် ဈေးရောင်းသည့် ထဲတွင်မပါ။ ထို့ပြင် ဆုများကို ဗန်းကိုင်များထံသို့ လွှဲပေးသည့် စင်ပေါ်မှ ဆရာမသည် ကြည့်၍ကောင်းရသည်။ မေသည် ထိုနေရာအတွက် အသင့်တော်ဆုံး ဖြစ်သဖြင့် ဆရာမအားလုံးက မေ့ကိုရွေးချယ်လိုက်ကြသည်။
မေနောက်ဆုံးကလေးကို ဆုချီးမြှင့်ပြီးနောက် ဗန်းကိုင်များကို ခေါ်ကာ စင်ပေါ်မှဆင်းလာသည်။ လှေကားအဆင်းသည် တစ်ယောက်ဆင်းရုံမျှသာကျယ် သဖြင့် မေ ဗန်းကိုင်ကောင်မလေးများကိုအရင် ဆင်းစေသည်။ ထို့နောက် ဆုရကျောင်းသားများကို ဆင်းစေသည်။ ဆုရကျောင်းသားများထဲမှ နောက်ဆုံးမှကျသော ဝေက "ဆရာမ အရင်ဆင်းပါ" ဟု မချင့်မရဲပြောလာသဖြင့် မေအရင်ဆင်းလိုက်ရသည်။
ဆရာမကဝေ့ကို ခေါင်းကလေးပုတ်ကာ ရှေ့မှဆင်းသွားသဖြင့် ဝေစင်ပေါ်တွင် ကြောင်ကာရပ်ကျန် ခဲ့သည်။ ဆရာမက စင်အောက်မှ ကြည့်နေသဖြင့် ဝေအသိစိတ်ဝင်ကာ အမြန်ဆင်းချလိုက်သည်။ ဒုတိယ ခြေလှမ်းတွင် ဝေတစ်ချက် ခြေချော်သွားသည်။ အောက်တွင် သုံးထပ်လောက်ကျန်နေသေးသည်။ ဝေမျက်လုံးကိုသာ စုံမှိတ်ချလိုက်သည်။
မေ့တည့်တည့်မှ ခြေချော်ကျလာသော ဝေကလေးကို အမိအရဖမ်းလိုက်ရသည်။ သို့သော် ထိုကလေးက ရင်ခွင်ထဲမှာ တုတ်တုတ်မျှ မလှုပ်။ ဆုကလေးကို လက်နှစ်ဖက်ဖြင့် ပိုက်ကာ မျက်လုံးများကို ပိတ်ထားသည်။ အပေါ်မှ အရှိန်ဖြင့် ကျလာသောသူကြောင့် မေနောက်မှ တိုင်နှင့် ခေါင်းနှင့်တိုက်မိသွားသည်။ သို့သော် မေမနာပါ။ သူမထိခိုက်လျှင်တော်ပြီလေ။ မဟုတ်လျှင် ဤနေရာတွင် နှာဖူးပေါက်သွားသူမှာ ဝေဖြစ်သွား နိုင်သည်။
အဖြစ်အပျက်ကို အစအဆုံးမြင်လိုက်ရသော သက်လွင်တစ်ယောက် အံဩကာ ရပ်ကြည့်နေမိသည်။ ထို့နောက် ဆရာမဒေါ်မေသီရိ၏ ရင်ခွင်ထဲတွင် အိပ်မက်မက်နေသော သူငယ်ချင်းကို မြင်၍ စချင်လာသည်။
"မိဝေရေ ထလို့ရပြီနော် ငါဗိုက်ဆာနေပြီ"
ဝေ ဆတ်ကနဲတုန်သွားသည်။ မော့ကြည့်လိုက်တော့ ဆရာမကရယ်နေသည်။
"ရလားသမီး နာသွားသေးလား"
"ဟို မနာပါဘူးဆရာမ"
ခေါင်းကလေးငုံ့ကာ ရှက်သွားသော ကလေးမလေးကိုကြည့်၍ မေ့စိတ်ထဲတွင် အမျိုးအမည်မဖော်နိုင်သော ဝေဒနာတစ်ရပ်ကို ခံစားလိုက်ရသည်။ မေထိုကလေးမလေး နှင့်နီးစပ်ချင်သည်။ ဖြူနုသော ပါးပြင်ကလေးသည် ကလေးလေးတစ်ယောက်လို နူးညံ့နေမှာသေချာသည်။ နှာတံလုံးလုံး မျက်လုံးဝိုင်းဝိုင်းနှင့် ကလေးမလေးကို မေ့ရင်ခွင်ထဲတွင် အမြဲဖက်ထားချင်မိသည်။
"အို မေဘာတွေတွေးနေတာလဲ" မေကလေးမကို နှုတ်ဆက်ကာ အိမ်သို့ကားဖြင့်မောင်းလာခဲ့သည်။ လုပ်ဖော်ကိုင်ဖက်များ မေးလျှင် မေနေမကောင်း၍ အိမ်တန်းပြန်လိုက်သည် ဟု မေဖြေရှင်းချက်ပေးမည်။
ဝေ ဆရာမထွက်သွားပြီးနောက် ဆရာမဆံထုံးမှ ကျကျန်ခဲ့သော ကံ့ကော်ပန်းကုံးကလေးကို ကောက်၍ စိုက်ကြည့်နေမိသည်။ပန်းကလေးသည် မွှေးထုံနေသည်။ ဝေ့ရင်သည် တဒိတ်ဒိတ်နှင့် တိုးနေသည်။ ဝေရင်ဘတ်ကို ဖိထားလိုက်မိသည်။
"ငါတော့ အနံတစ်ခုခု ခံစားမိတယ် ဝေရေ" သက်ဝေက ရယ်သွမ်းသွေးကာပြောသည်။
"ဘာအနံ့လဲ" ဝေက ပန်းကုံးကလေးကို စိုက်ကြည့်နေဆဲပင်။
" အ အချစ်"
"ဘာ အချစ်လဲ" ဝေက မျက်လုံးကလေးလှန်ကြည့်၍ တုန်လှုပ်စွာ မေးလိုက်မိသည်။
" ငါ့အချစ် မုန့်နံ့လေ။လာပါ ငါဗိုက်ဆာနေပြီ နင့်ကိုစောင့်ရတာ"
ရှေ့မှပြေးထွက်သွားသော သက်လွင်ကိုကြည့်၍ ဝေသက်ပြင်းတစ်ချက်ချလိုက်မိသည်။ဝေ့ရင်သည် အဆမတန် ခုန်နေသည်ကို ဝေခံစားမိသည်။ဟာ ဟုတ်ပြီ။ ကံကော်ပန်းက စာမေးပွဲရာသီပန်းပဲ။ နောက်အပတ်မှာ ဖြေရမယ့် စာမေးပွဲအတွက် ငါရင်ခုန်နေတာ။ ဝေ့သက်လွင်နောက်သို့ ပေါ့ပါးသော ခြေလှမ်းများဖြင့် ပြေးလိုက်သည်။
" ဝေ့ရင်သည် ခုန်နေသည်။ စာမေးပွဲကြောင့် မဟုတ်ပါ။ ဝေအဖြေကိုသိသော်လည်း ဝန်မခံချင်ပါ။ ဝေတို့ ဝေတို့မဖြစ်သင့်ပါ။မဖြစ်နိုင်ပါ။ " ဝေ၏သိစိတ်မှအတွေးများကို ဝေ ဖန်တီးထားသော အတွေးများဖြင့် ဖုံးကွယ်လိုက်သည်။ သို့သော်ငြား အမှန်တရားဟူသည်ကား။
19 April, 2024
Loonbby