" တီလေး ဆက်မလျှောက်နဲ့တော့။ တီလေး ... "
သက်လွှာ ခေါ်နေပေမဲ့လို့ သူမက လုံးလုံးလှည့်မကြည့်။
" မဖြစ်ဘူးတော့ဘူး။ ပြည့်ဖူးရေ .. "
" ဟေ သူငယ်ချင်း .. "
သူခေါ်လိုက်တော့ အနောက်မှလိုက်လာတဲ့ ပြည့်ဖူးလည်း ပျာပျာသလဲ အနားကိုရောက်လာသည်။ ဆိုင်ထဲက လူတချို့ကလည်း သူတို့ကို ကွက်ကြည့် ကွက်ကြည့် လုပ်နေကြသေးသည်။
" ရော့ ဒီချိုင်းထောက်လေး ကိုင်ခဲ့ပေး .. "
" အေးအေး .. "
သူမရဲ့လက်ထဲမှ ချိုင်းထောက်ကို အတင်းဆွဲချလိုက်ပြီး ယိုင်နဲ့သွားတဲ့ သူမရဲ့ ခါးသွယ်သွယ်လေးကို လက်တစ်ဖက်ဖြင့် ဖမ်းထိန်းလိုက်၏။ ထို့နောက် ပြည့်ဖူးလက်ထဲသို့ ချိုင်းထောက်ကို ထည့်ပေးပြီး သူမကို ကုန်းပိုးဖို့ လုပ်ရတော့သည်။
" မ ... မလုပ်နဲ့ သက်လွှာ .. "
အတင်းငြင်းဆန်နေတဲ့ကြားက သက်လွှာ သူမကိုကုန်းပိုး၍ ခေါ်ဆောင်လာခဲ့သည်။ အစက ပြန်ဆင်းဖို့ ရုန်းနေပေမဲ့လည်း နောက်ပိုင်းတော့ ငြိမ်သက်သွားသည်။ နောက်တော့ လက်နှစ်ဖက်နဲ့ သူ့လည်ပင်းကို လာရောက်သွယ်ယှက်ထားလေသည်။
အရပ် ၅ပေ ၆လက်မခန့်ရှိတဲ့ ကောင်မလေးတစ်ယောက်က ဖြူဖြူနုနုနဲ့ ချောမောလှပလွန်းတဲ့ အမျိုးသမီးတစ်ဦးကို ကုန်းပိုးခေါ်ဆောင်လာသည့် မြင်ကွင်းဟာ အကုန်လုံးကို အဆန်းတကြယ်ဖြစ်စေပုံရသည်။ မြင်တွေ့ကြသူအပေါင်းက မျက်စိတစ်ဆုံး လိုက်ငေးကြည့်လို့နေကြသည်။
" ကြောက်တယ် ... "
ကားပါကင်နား ရောက်ခါနီးမှ နောက်ကျောဘက်ဆီကနေ သူမရဲ့အသံတိုးသဲ့သဲ့လေးကို ကြားလိုက်မိတော့ သက်လွှာ ခြေလှမ်းတို့ကို တုံ့ဆိုင်းထားမိသည်။
" ဘာကို ကြောက်တာလဲ တီလေးရယ် "
" နွေးထွေးပြီး ကျယ်ပြန့်တဲ့ ဟောဒီ့ကျောပြင်လေး ပျောက်ရှသွားမှာကို "
ရှိုက်သံလေးနဲ့ ပေါ်ထွက်လာတဲ့ သူမရဲ့စကားကြောင့် သက်လွှာ ဝမ်းနည်းသွားခဲ့သည်။
" မပျောက်ပါဘူး။ ဒီကျောပြင်က ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်ဘူး။ ထာဝရ တီလေးရဲ့ အပိုင်ပဲလေ "
ခြေလှမ်းတွေကို ဖြည်းဖြည်းလေးလှမ်းနေရင်းနဲ့ သူပြန်ပြောလိုက်တော့ ရှိုက်သံလေးတစ်ချက်ကို ထပ်မံကြားလိုက်ရပြန်သည်။ သူမ ငိုနေပါပြီ။
" ကံတရားကို ကြောက်တယ်။ ထိန်းသိမ်းရမဲ့ စည်းမျဉ်းတွေကို ဖောက်ဖျက်ခဲ့မိတဲ့ အတွက်ကြောင့် လောကကြီးက ပြစ်ဒဏ်ပြန်ခတ်တဲ့အနေနဲ့ သက်လွှာကို ဟိုးအဝေးကြီး ဆွဲခေါ်ထုတ်သွားမှာကို ကြောက်မိတယ် "
ငိုပြီးပြောနေတဲ့ သူမရဲ့ စကားတွေကြောင့် သူပါလိုက်ပြီး မျက်ရည်တွေကျလာမိသည်။
" သက်လွှာတို့ နှစ်ယောက်ရဲ့ မေတ္တာတရားနဲ့ သံယောဇဉ်တွေက စစ်မှန်တဲ့အတွက်ကြောင့် ဘယ်တော့မှ ဒဏ်ခတ်ခံရမှာ မဟုတ်ဘူး။ နောက်ပြီးတော့ အကြောက်တရားဆိုတာက ရှုံးနိမ့်ခြင်းရဲ့ လမ်းစပဲလို့ တီလေးကိုယ်တိုင် မကြာခဏ သင်ကြားပြောပြပေးခဲ့ဖူးတယ် မဟုတ်လား "
သူ့စကားအဆုံးတွင် လည်ပင်းကိုသိုင်းဖက်ထားတဲ့ သူမရဲ့ လက်လေးတွေက ပိုမိုတင်းကျပ်လို့လာသည်။ ဘာစကားမှ ထပ်မပြောတော့ပဲ တိတ်ဆိတ်လို့သွား၏။
" အရမ်းချစ်တယ် .. အဲ့ဒါကြောင့် ဘာမှ ထပ်မတွေးပါနဲ့တော့နော် "
ပခုံးပေါ်ကို ဆင်းသက်လာတဲ့ သူမရဲ့ မေးဖျားနွေးနွေးလေး .. ။ အသက်ရှုသံငွေ့ငွေ့လေးက လေတိုးသံကြားထဲ၌ မျှောလွင့်ပျောက်ကွယ်သွားခဲ့လေပြီ။
X X X X X
ခြံရှေ့ရောက်တော့ ခြံစောင့် ဘကြီး ဦးအေးရွှေက ခြံတံခါးကို လာဖွင့်ပေးသည်။ ကားကို မီးဆိုင်းအလင်းရောင်ဖြင့် ထိန်လင်းနေသည့် ဆင်ဝင်အောက်၌ ရပ်လိုက်သည်။ ကားထဲမှ မီးခလုပ်ကို ဖွင့်လိုက်ပြီး ဘေးကခုံကို ကြည့်လိုက်တော့ သူမက ခုံနောက်ကိုမှီကာ နှစ်ခြိုက်စွာ အိပ်ပျော်နေသည်လေ။ ပန်းနုရောင်ခြယ်သထားတဲ့ မျက်ခွံလေးတွေက ပကတိငြိမ်သက်လို့နေသည်။ မနက်ခင်းတည်းက လိမ်းခြယ်ထားတဲ့ မိတ်ကပ်နဲ့ ပါးနီလေးတွေက ယခုထိတိုင် ခပ်ပါးပါးကျန်ရှိနေဆဲပင်။ ပန်းဆီရောင် နှုတ်ခမ်းဖျား စိုစိုဖူးဖူးလေးက သက်လွှာရဲ့ ရင်ခုန်နှုန်းတွေကို ပို၍ မြန်ဆန်လာစေသည်။ ခိုးနမ်းချင်မိပေမဲ့ အိမ်ပေါက်ဝမှာ ရပ်နေတဲ့ ဒေါ်ဒေါ်မြကြောင့် ဆန္ဒကို သိက္ခာနဲ့ စောင့်ထိန်းခဲ့ရပြန်သည်။ သူမရဲ့ ခါးမှာပတ်ထားတဲ့ ခါးပတ်ကို ဖြုတ်ပေးလိုက်ချိန်၌ ယမကာရနံ့နဲ့အတူ ရောယှက်နေတဲ့ ရေမွှေးရနံ့ သင်းသင်းလေးကို ရှုရှိုက်ခွင့်ရလိုက်သည်။
" သမီးရဲ့ တီလေး ဘာဖြစ်လာတာလဲဟင် .. "
ကားပေါ်ကနေ သူမကို ပွေ့ချီပြီး ဆင်းလာတဲ့ သူ့ကို ဒေါ်ဒေါ်မြက အိမ်အဝင်ဝကနေ စီးကြိုပြီးမေးတော့ .. ။
" ရှုး ... တီလေး နည်းနည်းသောက်လာပြီး လမ်းမှာ အိပ်ပျော်လာတာ ကြီးကြီးရဲ့ "
Ballantines 30years တစ်ပုလင်းလုံးနီးပါး သောက်ထားတာ ဖြစ်ပါသော်လည်း ကြည့်ကောင်းအောင် နည်းနည်းဆိုပြီး သူမုသားလေးထည့်ပြောလိုက်ရသည်။ ဒေါ်ဒေါ်မြကလည်း ဘာမျှဆက်မမေးတော့ပဲ လမ်းဖယ်ပေး၏။ မချိုမာကတော့ သူ့နောက်မှ အမီလိုက်လာသည်။ ဓာတ်လှေကားနားကို ရောက်ခါနီးကျမှ အပေါ်ထပ် လှေကားကနေ ဆင်းလာတဲ့ ဘရန်စိုင်းနဲ့ တန်းတိုးတော့သည်။ စိုင်းက မျက်မှောင်ကြုတ်ပြီး လှမ်းကြည့်နေပေမဲ့လို့ ဘာမှတော့ မမေး။ သက်လွှာ ဓာတ်လှေကားထဲကို ဝင်သွားတော့မှ ဒေါ်ဒေါ်မြ ရပ်နေတဲ့နားကို စိုင်း လျှောက်သွားပြီး အကျိုးအကြောင်း မေးမြန်းနေလေသည်။
" ကျွီ ... "
" ရရဲ့လား ညီမလေး .. "
" ရတယ် အစ်မချိုမာ .. "
ချိုမာက အိပ်ခန်း အခန်းတံခါးကို လိုက်ဖွင့်ပေးပြီး
" ဒါဆို အစ်မသွားပြီ။ တစ်ခုခုလိုအပ်တာရှိရင် ဘဲလ်နှိပ်ပြီးခေါ်လိုက်နော် ညီမလေး.. "
" ဟုတ်ဟုတ် "
ချိုမာ ထွက်သွားတော့မှ ရင်ခွင်ထဲမှာ ပွေ့ချီထားတဲ့ သိမ်မွေ့ထည်ကို ခုတင်ပေါ်၌ သက်လွှာ ဖြည်းဖြည်းလေး ချပေးလိုက်သည်။ ခါးကိုပြန်မတ်ဖို့ ဟန်ပြင်လိုက်တဲ့အချိန်တွင် သူမရဲ့ သွယ်လျလျ လက်ချောင်းလေးတွေက သက်လွှာရဲ့ လည်တိုင်ကို လာရောက် ရစ်တွယ်ထားသည်။ ရုတ်တရက် ပွင့်ဟလာတဲ့ မျက်ခွံအောက်က သူမရဲ့ မျက်ဝန်းညိုညိုတစ်စုံ။ ထိုမျက်ဝန်းရဲ့ ညှို့ငင်ဖမ်းစားမှုအောက်တွင် သက်လွှာ ကျရှုံးသွားခဲ့ရပြန်သည်။
" နိုးလာပြီလား .. "
" အင်း .. ကြာပြီ။ သက်လွှာ ပွေ့ချီတာ ခံချင်လို့ တမင်ငြိမ်ငြိမ်လေး နေနေခဲ့တာ "
" တီလေးက တကယ့်ကို လူလည်ကြီးပဲ "
သူမရဲ့ နဖူးကို လက်ညှိုးလေးနဲ့ အသာထောက်ပြီး သူပြုံးပြုံးလေး ပြောလိုက်တော့ သူမက သူ့လက်ကို အသာဖမ်းဆွဲထားသည်။ ပြီးတော့ သူမရဲ့ ဘယ်ဘက်ရင်အုံမို့မို့လေးပေါ်သို့ ကိုင်ထားခိုင်း၏။ မြန်ဆန်သွက်လက်နေတဲ့ သူမရဲ့ နှလုံးသားက တဒိတ်ဒိတ်ဖြင့် ခုန်နေသည်။
" တီလေးရဲ့ ရင်ခုန်သံတွေကို ကြားရရဲ့လားဟင် "
" အင်း။ တော်တော်လေးမြန်နေတယ်။ နေရောကောင်းရဲ့လားဟင် "
သူမေးတော့ သူမက ရီဝေနေတဲ့ မျက်ဝန်းတွေနဲ့ ပြန်စိုက်ကြည့်ရင်း ခေါင်းကိုအသာလေး ယမ်းခါပြနေသည်။
" ဟင့်အင်း .. မကောင်းဘူး "
" ဘယ်လိုဖြစ်နေလဲ ? တအားမူးနေလို့လား "
" ရင်ကွဲနာကျနေတာလေ .. "
" ဟင် .. "
သက်လွှာ မျက်လုံးလေးတွေ ဝိုင်းစက်သွားတဲ့အချိန်မှာ သူ့လည်တိုင်ကို ဖက်တွယ်ထားတဲ့သူမက အားပြု၍ ခေါင်းကို ထောင်မတ်လာသည်။ ထို့နောက် သူ့နှုတ်ခမ်းဖျားကို စိုအိချိုမြတဲ့ နှုတ်ခမ်းတစ်စုံနဲ့ နူးညံ့ညင်သာစွာ နမ်းရှိုက်နေပါတော့သည်။ ယမကာရနံ့လေးထွက်ပေါ်နေတဲ့ နှုတ်ခမ်းအိအိလေးက အနည်းငယ် ခါးသက်သလိုရှိပေမဲ့လည်း စွဲမက်ဖွယ်ရာ ကောင်းလွန်းလှသည်။
သူမသည် လည်တိုင်ပေါ်က လက်တစ်ဖက်ကို ပြန်ဖြုတ်ချသွားပြီး သူ့ရဲ့ ကျောင်းယူနီဖောင်း ရင်ဖုံးအင်္ကျီအဖြူလေးရဲ့ အောက်သို့ လက်ချောင်းလေးတွေကို အသာလေး လျှိုသွင်းလာသည်။ အောက်နားက နှိပ်ကြယ်သီးနှစ်လုံးကို သူမဆွဲဖြုတ်လိုက်တဲ့ အချိန်၌ သက်လွှာ ရင်ထဲလှိုင်းထန်သွားခဲ့သည်။ ထိုလက်ချောင်းသွယ်သွယ်လေးတွေက ကျစ်လစ်ပြီး အမြှောင်းလိုက်ဖြစ်နေတဲ့ သူ့ရဲ့ ဝမ်းဗိုက်ကြွက်သားတွေပေါ်ကို ဟိုသည်ပွတ်သပ်လို့နေပြန်သည်။ သက်လွှာ စိတ်ကို ဘယ်လိုမှ ထိန်းချုပ်ထားလို့မရတော့ပါ။ ရင်ထဲမှာ ကလိကလိနဲ့ လှိုက်ဖိုလာတာကြောင့် သူ့ဝမ်းဗိုက်ထဲ လျှိုဝင်နေတဲ့ သူမရဲ့ လက်ကောက်ဝတ်လေးကို ခပ်ကျပ်ကျပ်လေး ဖမ်းကိုင်ထားရင်း အိစက်နေသည့် ခေါင်းအုံးပေါ်သို့ ဖိချပစ်လိုက်မိသည်။ နောက်လက်တစ်ဖက်နဲ့ သူမရဲ့ကိုယ်ပေါ်မှ Mint Green ရောင် ဘလောက်စ်လက်ရှည် အင်္ကျီကြယ်သီးလေးတွေကို တစ်လုံးချင်းစီ ဖြုတ်ချလိုက်တော့ အောက်မှ ကြိုးတစ်ချောင်း ရင်ခံအဖြူရောင်လေးက ရှင်းရှင်းလင်းလင်း ထွက်ပေါ်လို့လာသည်။ စိန်ဆွဲကြိုးလေး ဝတ်ဆင်ထားတဲ့ ဝင်းမွတ်နေသော လည်တိုင်လေးအား သူငုံ့နမ်းမိသည့် အချိန်၌ သူမထံမှ ညည်းသံသဲ့သဲ့လေး ပေါ်ထွက်လို့လာ၏။ အနမ်းက နက်ရှိုင်းပြီး အနည်းငယ် ပြင်းထန်သွားသလိုရှိသွားတာကြောင့် ခေါင်းအုံးပေါ် ဖိချုပ်ထားမိတဲ့ သူမရဲ့ လက်ကောက်ဝတ်လေးက လှုပ်လှုပ်ရှားရှားဖြစ်လာသည်။ ဒါ့ကြောင့် သူအားပိုသုံး၍ ဖိချုပ်ထားမိခဲ့သည်။ သွားလေးနဲ့ ဖွဖွလေး ကိုက်မိတော့ လည်တိုင်ကို ဖက်တွယ်ထားတဲ့ သူမရဲ့ လက်သည်းတွေက သူ့အသားထဲကို ဖြည်းဖြည်းလေး နစ်ဝင်လို့လာသည်။
အေးစက်နေတဲ့ Air Con ခန်းလေးထဲ၌ လီမွန်ရနံ့နှင့် စံပယ်ပန်းရနံ့တို့ ယှက်နွယ်နေတဲ့ Air freshener spray ရနံ့လေးက သင်းလျက်။ သူမရဲ့ Versace ရေမွှေးရနံ့လေးကလည်း ယဉ်ယဉ်လေးနဲ့ သင်းပျံ့နေတုန်း။ ဝမ်းဗိုက်ပေါ်က ကြိုးတစ်လုံးရင်ခံအင်္ကျီစလေးကို အပေါ်သို့ အနည်းငယ် လှန်တင်မိလိုက်တော့ အဆီမရှိပဲ တစ်ရစ်နေတဲ့ ဗိုက်သားလေးက ဖြူဥလျက် ... ။ ချက်နားတစ်ဝိုက်ကို လက်ဖျားလေးနဲ့ အသာထိမိတော့ သူမရဲ့ ကိုယ်လုံးလေးက မသိမသာ တုန်တက်သွားသည်။ အဲ့လိုပါပဲ သက်လွှာသည်လည်း သူမရဲ့ တစ်ကိုယ်ရည် အလှတရားအောက်မှာ ညှို့ငင်ခံလိုက်ရပြီး ယစ်မူးသွားချေပြီ။ အမှားပြုမိတော့မယ်ဆိုတာကို သိနေပေမဲ့လို့ သူ့စိတ်ကို တားဆီးလို့မရတော့။ ဗိုက်သားဖွေးဖွေးလေးပေါ်သို့ သူ့ရဲ့ မျက်နှာလေးကို အပ်နှံလိုက်မိသည့် အချိန်၌ သူမရဲ့ခါးလေးက အပေါ်သို့ လှလှပပလေး ကော့ညွှတ်တက်လာခဲ့သည်။
အိုး .. လှလိုက်တဲ့ အလှတရား။ အစိတ်အပိုင်းတစ်ခုချင်းဆီက နတ်ဘုရားတစ်ပါးပါးကနေပြီး စိတ်တိုင်းကျ ထုဆစ်ထားခဲ့တဲ့ ပန်းပုရုပ်လေးလိုမျိုး .. ။ ထွေးအိဝင်းမွတ်နေတဲ့ အသားစိုင်တို့ကလည်း ဖယောင်းသား ပမာ .. ။
အဖြူရောင်ပိုးသား ဖဲမွေ့ယာထက်ပေါ်မှ ဖက်လုံးလေး တစ်လုံးသည် ဘေးဘက်ကြမ်းပြင်ပေါ်သို့ လှိမ့်ဆင်းကျလာခဲ့သည်။ ပြီးတဲ့နောက်မှာတော့ ဘလောက်စ်အင်္ကျီလေးတစ်ထည်နှင့် အဖြူရောင်ရင်ခံလေးတစ်ထည်သည်လည်း ခုတင်စောင်းမှ ပြိုင်တူ လျှောကျလာကြပြန်သည်။ ပိုးသားအိပ်ယာထက်ဆီမှ နမ်းရှိုက်သံတချို့နှင့် ညည်းသံ ဖွဖွလေးတွေ ... ။
ဤညလေးဟာ ချစ်သူနှစ်ဦးအတွက်တော့ ပုံပြင်လေးထဲက ဒဏ္ဍာရီညလေး တစ်ညလို ... ဂန္ဓဝင်ဆန်စွာဖြင့် လှပစွာ ကုန်ဆုံးခဲ့လေပြီ။
X X X X X
Company ကိုသွားဖို့အတွက် ရေမိုးချိုး အဝတ်အစားလဲပြီး မှန်တင်ခုံရှေ့ ထိုင်ရုံပဲရှိသေးသည် အခန်းတံခါးခေါက်သံကြားလိုက်ရ၏။
" မမ ... ကျွန်တော် ဝင်ခဲ့လို့ ရရဲ့လား "
တံခါးကို ဆွဲဟပြီးခါမှ Style pant နှင့် ကြိုးတစ်လုံးရင်ခံ အင်္ကျီအနက်လေးကိုသာ ဝတ်ဆင်ရသေးတဲ့ သိမ်မွေ့ထည်ရဲ့ နောက်ကျောပြင်ကို မြင်ပြီး စိုင်း ခေါင်းကို တစ်ဖက်သို့လှည့်ထားရင်း မေးမိတော့
" ရပါတယ် စိုင်းရဲ့။ လာ ဝင်ခဲ့လေ "
နားမှာ ပုလဲနားကပ်လေးကို ပန်ဆင်နေရင်းနဲ့ သိမ်မွေ့ထည် ပြောလိုက်တော့မှ စိုင်း အခန်းထဲသို့ ဝင်လာလေသည်။
" ကိစ္စထူးရှိလို့လား ငါ့မောင် "
သူ့နောက်ကျောမှာ လာရပ်နေတဲ့ စိုင်းကို မှန်ထဲကနေတစ်ဆင့် ကြည့်၍ မေးလိုက်တော့ စိုင်း ကပြန်မဖြေ။ မှန်ထဲကနေ သူ့မျက်နှာကိုသာ စိုက်ကြည့်လို့နေသည်။ ဒါ့ကြောင့် နားကပ်ကို အရင်ပြီးအောင်ပန်၍ အနောက်သို့ လှည့်လိုက်ရသည်။
" မမကို တစ်ခုခုပြောစရာရှိတယ် မဟုတ်လား စိုင်း "
" ဟို ... ထွေထွေထူးထူး ဘာမှတော့ မရှိပါဘူး မမ။ မနေ့ညက ဟိုကလေးမ ပွေ့ချီလာတာမြင်တော့ မမ တော်တော်လေး သောက်လာခဲ့တယ်ထင်မိလို့ ဒီမနက် နေလို့မှကောင်းရဲ့လားဆိုပြီး ဝင်ကြည့်မိတာပါ "
စကားပြောနေသည့် စိုင်းရဲ့အကြည့်တွေက သူ့လည်တိုင်ဆီသို့ စူးစူးရှရှရောက်ရှိလို့လာသည်။ ထိုအခါမှ သိမ်မွေ့ထည် သတိရသွားပြီး လည်တိုင်ပေါ်ကို လက်နဲ့ အသာ ဖိအုပ်ကိုင်ထားမိလိုက်၏။ Company သွားဖို့ နောက်ကျမှာစိုးပြီး ခပ်သွက်သွက်လေး ဖြီးလိမ်းပြင်ဆင်နေတဲ့ သိမ်မွေ့ထည်သည် ညက သက်လွှာ ချီးမြှင့်ခဲ့တဲ့ Love bite အမှတ်အသား အညိုကွက်လေး သူ့လည်တိုင်မှာရှိနေတာကို ခဏတာမျှမေ့သွားခဲ့သည်။ အခုကျမှ စိုင်း ရှေ့မှာ ဖုံးရဖိရခက် ဖြစ်နေ၏။
" နေက ကောင်းပါတယ်။ ဒါပေမဲ့ ဒီမနက် အိပ်ယာထ နည်းနည်းနောက်ကျသွားလို့ အလျင်စလို ပြင်ဆင်နေရတယ် "
" ဖြည်းဖြည်းချင်းပဲလုပ်ပါ။ Meeting က မမရောက်တဲ့အချိန်မှ စမှာပဲလေ "
" ဒါပေမဲ့ အချိန်မတိကျတာတော့ မကောင်းဘူးလေ။ မမတော့ အချိန်ကို မလေးစားတဲ့လူမျိုး မဖြစ်ချင်ဘူး "
" ဟုတ် ဒါနဲ့ မမ တစ်ခုခုများဖြစ်နေလို့လားဟင်။ အရင်က မမ တစ်ခါမှ မူးအောင် မသောက်ဖူးဘူးလေ "
" ဘာမှမဖြစ်ပါဘူး စိုင်းရယ်။ မနေ့က ကလေးတွေနဲ့ အတူတူသောက်ဖြစ်ခဲ့တာပါ "
" ကလေးတွေ ? "
" ဟုတ်တယ် သက်လွှာရဲ့သူငယ်ချင်းတွေကို Harry's Bar မှာ မုန့်လိုက်ကျွေးရင်း သောက်ဖြစ်ခဲ့တာပါ "
" သြော် ဟုတ်ကဲ့ "
လည်ပင်းမှ နီညိုရောင် အကွက်ကို မြင်တွေ့ခဲ့ရပေမဲ့လို့ စိုင်း သူ့အစ်မကို ဘာတစ်ခွန်းမှ မမေးရဲ့။ သူ့ဘာသာသူ အတွေးများနဲ့သာ ချာချာလည်နေမိသည်။
" ဒါဆို ကျွန်တော်သွားနှင့်တော့မယ်နော် မမ "
" အေးအေး .. "
စိုင်း ထွက်သွားတော့မှ ဝတ်စုံနှင့် လက်ဝတ်တန်ဆာ အပြည့်အစုံ ဆင်မြန်းပြီး သက်လွှာရဲ့အခန်းထဲသို့ ကူးလာလိုက်သည်။ မနက် ၆ နာရီခွဲကျမှ သူ့အခန်းထဲက ထွက်သွားခဲ့တဲ့ ကလေးလေးက ခုတင်ပေါ်မှာ နှစ်ခြိုက်စွာ ပြန်ကွေးနေလေရဲ့။
အင်းပေါ့လေ .. ညက သူတို့နှစ်ယောက်လုံး ၃ နာရီလောက်အထိ အိပ်မှ မအိပ်ဖြစ်ကြပဲ .. ။
အိပ်ပျော်နေတဲ့ သက်လွှာရဲ့ နဖူးလေးကို ငုံ့၍ နမ်းရှိုက်လိုက်တော့ ထိုကလေးလေးက နိုးလာသည်။
" Morning baby .. တီလေး ကုမ္ပဏီသွားတော့မယ်နော်။ ဒီနေ့ စာမေးပွဲမရှိတော့ဘူးဆိုတော့ အေးအေးဆေးဆေး ဆက်အိပ်လိုက်ဦး "
" ဟုတ်ကဲ့။ တီလေး မနက်စာ မစားသွားတော့ဘူးလား "
" ဒီမှာ နောက်ကျနေပြီလေ ကလေးလေးရဲ့ "
လက်မှာပတ်ထားတဲ့ Rolex နာရီလေးကို ညွှန်ပြပြီး ပြောလိုက်တော့ ထိုကလေးက နှုတ်ခမ်းလေးကို ထော်ကာ
" ဒါပေမဲ့လည်း မနက်စာ မစားပဲသွားရင် တီလေးဟိုရောက်တဲ့အခါကျ ဆာနေမှာလေ "
" ဟိုရောက်တာနဲ့ Meeting မစခင် စားလိုက်ပါ့မယ် ကလေးလေးရယ်။ စိတ်ချ နော် .. "
ပါးလေးကို ဖွဖွလေးထပ်နမ်းလိုက်တော့ ထိုကလေးဆိုးလေးက နှုတ်ခမ်းလေးကို စူစူလေးထော်ကာ လက်ညှိုးလေးနဲ့ ထောက်ပြသည်။ သူလည်း ရယ်မောရင်း ထိုနှုတ်ခမ်းစူစူလေးကို ပြွတ်ခနဲ အနမ်းတစ်ပွင့် ပေးလိုက်ရသည်။ ဒီအခါမှ သူလေးက ကျေနပ်သွားဟန်တူသည်။
" သွားပြီနော် "
" နေဦး နေဦး တီလေး .. "
" ဟင် .. "
" ဟို တီလေးရဲ့လည်ပင်းမှာ .. ဟို .. သက်လွှာကြောင့် .. "
" သြော် .. ရတယ် တီလေး အခု Scarf လေး လည်ပင်းမှာ စည်းသွားမှာ "
" ဟီး ဟုတ် .. "
" ဟွန့် လူဆိုးမလေး "
ခေါင်းလေးကို အသာထုပြီး သူပြောလိုက်တော့ ဟိုက
" အဲ့ဒီလူဆိုးမလေးကိုပဲ တီလေးချစ်နေရတာ မဟုတ်ဘူးလားလို့ "
သူဘာမှ ပြန်မပြောတော့ပဲ မျက်စောင်းလေးတစ်ချက်သာထိုး၍ အခန်းထဲမှ ပြန်ထွက်ခဲ့လိုက်သည်။ ပြီးတော့ နီညိုအကွက်လေးထင်နေတဲ့ လည်တိုင်ပေါ်၌ လည်စည်းပဝါစလေးကို ရစ်ပတ်ချည်နှောင်ရင်း ပြုံးနေမိတော့သည်။
X X X X X
" မမ .. "
" ဟင် .. "
ကားမောင်းနေတဲ့ ညီညီတာက အနောက်ခန်းမှာထိုင်နေတဲ့ သူ့ကို ခေါ်လိုက်တော့ သိမ်မွေ့ထည် မေးလေးငေါ့ပြလိုက်သည်။
" တကယ်တော့ ကျွန်တော်မမကို ပြောပြစရာတစ်ခုရှိလို့ ဒီမနက် ကိုယ်တိုင်လာကြိုလိုက်တာ "
" ပြောစရာ ? အင်း ပြောလေ အတာ .. "
" ပြောသင့် မပြောသင့် ကျွန်တော် အတော်လေးစဉ်းစားခဲ့သေးတယ်။ ဘယ်လိုတွေးတွေး မမသိသင့်တယ်ထင်လို့ .. "
ဒီလောက်အထိ စကားခေါ်နေမှတော့ တစ်ခုခုတော့ ဖြစ်ပြန်ပြီထင်တယ်လို့ သိမ်မွေ့ထည် တွေးမိရင်း ငြိမ်သက်စွာဖြင့် နားထောင်နေမိသည်။
" မခေသီဟန်နဲ့ ကိုစိုင်း တွဲနေကြတာ ၁ နှစ်လောက်ရှိပြီ မမ "
" ဟင် "
ထိုစကားက သူ့ကို အတော်လေး အံ့သြသင့်သွားစေခဲ့သည်။ စိုင်း လိုလူမျိုးက ဘယ်လိုဖြစ်ပြီး ခေသီဟန်လို မိန်းမလည်မျိုးနဲ့မှ တွဲဖြစ်သွားတာပါလိမ့်လို့ စဉ်းစားနေမိသည်။
" ဟိုတလောက ကိုစိုင်း Sample ယူသုံးခဲ့တဲ့ ဘိလပ်မြေက မခေသီဟန်ရဲ့ စက်ရုံကနေထုတ်တာ "
" ဟင်း ... "
သိမ်မွေ့ထည်အတွက် ခေါင်းခဲစရာ ကိစ္စတစ်ခုက ထပ်တိုးချေပြီ။ သူ့မောင်ရဲ့ အနာဂတ်ကို တွေးပူပြီး ရင်လေးသွားသဖြင့် သက်ပြင်းချနေမိသည်။
" ကိုစိုင်းကြည့်ရတာ မမနဲ့ မခေသီဟန်နဲ့ကြားက ဆက်ဆံရေးကို သေချာ မသိသေးတဲ့ပုံပဲ "
" စိုင်းက ရိုးအေးလွန်းတယ်။ မမနဲ့ ခေသီနဲ့က စီးပွားပြိုင်ဘက်ဖြစ်တယ် ဆိုတာလောက်ပဲ သူသိထားတာ။ သူ့အဖေ စီးပွားပျက်ခဲ့ရတဲ့ အကြောင်းအရင်းနဲ့ပတ်သတ်ပြီး ခေသီ မမအပေါ် ဘယ်လို အခဲမကြေဖြစ်နေခဲ့တယ် .. လက်တုံ့ပြန်ဖို့အတွက် ဘယ်လို အကွက်တွေ ချောင်းနေခဲ့တယ်ဆိုတာတွေကို စိုင်း သိပုံရမယ် မထင်ပါဘူး .. "
" ကျွန်တော်စိတ်ပူတာက ... အဲ့ဒီအမျိုးသမီး ကိုစိုင်းကို အသုံးချပြီး မမကိုစိတ်အနှောက်အယှက်ဖြစ်အောင် လုပ်လာမှာကိုပဲ။ ကျွန်တော် လေ့လာစုံစမ်းထားရသလောက်ကတော့ ကိုစိုင်းက မခေသီကို တကယ်တန်ဖိုးထားပြီး ချစ်ပုံရတယ်။ မခေသီကတော့ ကိုစိုင်းကို အသုံးချနေသလိုပုံစံပေါက်နေတယ်ဗျာ။ ဒါ့ကြောင့် မမကို အသိပေးတာပါ "
သိမ်မွေ့ထည် ကားတံခါးဘောင်ပေါ် လက်ထောက်ပြီး နားထင်ကို လက်ဖြင့်ဖိထားမိသည်။ သူ့အနေနဲ့ ဘာဆက်လုပ်လို့ လုပ်ရမယ်မှန်း မသိတဲ့ အခြေအနေတစ်ခုပင်။ ဝင်ပါဖို့ကလည်း မကောင်း။ သတိပေးသလိုမျိုး ပြောဖို့ကလည်း မဖြစ်ပြန်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး စကားပြောရင် စိုင်းနဲ့ သူ အချင်းပွားကြရမည်မှာ မလွဲ။
" အသိပေးလို့ ကျေးဇူးပါ အတာရယ်။ လောလောဆယ်တော့ မမအနေနဲ့ ဘာမှ ဝင်ပြောလို့ကောင်းမယ်မထင်ဘူး။ သူ့ဘဝနဲ့ သူ့လွတ်လပ်ပိုင်ခွင့်ဆိုတော့လေ .. ဒါပေမဲ့ တတ်နိုင်သလောက်လေးတော့ အခြေအနေကို အမြဲစုံစမ်းကြည့်ပေးပါဦးနော်။ တကယ်ပဲ ခေသီက စိုင်းကို အသုံးချနေပြီဆိုရင်တော့ မမ ခေသီနဲ့ တိုက်ရိုက်ဖြေရှင်းမှ ဖြစ်မယ် ... စိုင်းကိုတော့ အထိခိုက် မခံနိုင်ဘူး "
" ဟုတ်ကဲ့ပါ မမ .. "
X X X X X
ကျောင်းပိတ်ထားတဲ့ ရက်တွေမှာ သက်လွှာတစ်ယောက် သိမ်မွေ့ထည်ကို Company အသွားအပြန် ကားနဲ့ အကြိုအပို့လုပ်ပေးတဲ့ တာဝန်ကို ယူခဲ့သည်။ ဒါ့အပြင် အလုပ်ကိစ္စနဲ့ ခရီးထွက်ရရင်လည်း အနောက်က တကောက်ကောက်ပါအောင်လိုက်၏။ သိမ်မွေ့ထည်ကလည်း သူ့ကလေးကို ဘယ်သွားသွားခေါ်သည်။ သို့ပေမဲ့ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကိုတော့ ခွဲခြားထားသည်။ အများအမြင်မှာ မျက်စိနောက်စေတဲ့အထိတော့ မဟုတ်။ မနက်ဆို ကားနဲ့ Company ရှေ့အထိလိုက်ပို့ပြီး ပြန်တော့မယ်ဆိုတဲ့ အချိန်ကျမှ လာကြိုပေးတာမျိုး။ ခရီးသွားလျှင်လည်း လေယာဉ်ပျံ၊ ကားစီးချိန်တွေသာ အတူရှိ၍ သိမ်မွေ့ထည် အလုပ်ကိစ္စ လုပ်နေရတဲ့ အချိန်တွေမှာ သက်လွှာက ဟိုတယ်မှာ တစ်ယောက်တည်း နေရစ်ခဲ့တာမျိုး .. ။ အလုပ်ကိစ္စတွေ အားလုံးပြီးစီးပြီဆိုတော့မှသာ နှစ်ယောက်အတူ Private အချိန်လေးတွေ သီးသန့်ယူ၍ ကုန်ဆုံးခဲ့ကြတာမျိုးပင်။
တစ်ရက်မှာတော့ သိမ်မွေ့ထည်ရဲ့ သူငယ်ချင်းလည်းဖြစ်၊ စီးပွားရေး ပါတနာလည်းဖြစ်တဲ့ Emma က Night Party တစ်ခုကို ဖိတ်သည်။ ထို့ကြောင့် သိမ်မွေ့ထည်သည် သက်လွှာကို သူနဲ့အတူ အဖော်လိုက်တက်ပေးဖို့အတွက် ပွဲသို့ခေါ်လာခဲ့လေသည်။
Shoulder off dress ကိုယ်ကျပ် နီညိုရောင်လေးနှင့် မိတ်ကပ်အပြည့်လိမ်းခြယ်ထားပြီး၊ အဖျားမှာ wave ပြေပြလေးတွေ ကောက်ထားသည့် ဆံပင်ရှည်တွေကို ဘယ်ဘက်ပခုံးပေါ်သို့ စုချထားတဲ့ သိမ်မွေ့ထည်သည် စတီးလ်တုတ်ကောက်လေးကို လက်တစ်ဖက်က ဆုပ်ကိုင်ကာ ကျန်တစ်ဖက်က သက်လွှာရဲ့ လက်မောင်းကို ကိုင်ပြီး ပွဲခင်းထဲသို့ ရောက်လာခဲ့၏။ ညာဘက်ခြေထောက် တစ်ဖက်တည်းကသာ သိပ်မသန်သေးပဲ တစ်ချက်တစ်ချက်မှာ ယိုင်သွားတတ်တာကြောင့် ယခုနောက်ပိုင်း၌ သိမ်မွေ့ထည် ချိုင်းထောက်ကို အသုံးမပြုတော့။ ပေါ့ပါးကျစ်လစ်တဲ့ တုတ်ကောက်လေးတစ်ချောင်းကိုသာ အသုံးပြုတော့သည်။
" တီလေး .. "
" ဟင် သက်လွှာ "
" သိပ်အများကြီး မသောက်နဲ့နော် "
မိတ်ဆွေတွေနဲ့ စကား တပြုံးပြုံးပြောရင်း ကော့တေး ၃ ခွက်လောက်ဝင်သွားပြီဖြစ်တဲ့ သိမ်မွေ့ထည်ကို သက်လွှာက ဘေးကနေ ခပ်တိုးတိုးလေး သတိပေးတော့ သူမက Eyes smile လေးနဲ့ ရယ်နေသည်။
" အင်းပါသက်လွှာရယ်။ ဒီကော့တေးလေး သုံးလေးခွက်လောက်နဲ့ မူးတဲ့အထဲမှာ မင်းရဲ့ တီလေး မပါ,ပါဘူးကွယ် "
ရယ်ရယ်မောမောပြောပြီး တစ်ဖက်သို့လှည့်ကာ မိတ်ဆွေတွေနဲ့ စကားပြောဆိုနေပြန်သည်။ သက်လွှာကတော့ ဝိုင်ခွက်လေးတစ်ခွက် ကိုင်ထားပေမဲ့လို့ ယခုအထိ သုံးငုံလောက်သာ သောက်ရသေးသည်။ သူ့တီလေးရဲ့ အနားတွင် ဘော်ဒီဂတ်လုပ်နေရသည်မို့ ဘာမှသိပ်ပြီး မသောက်ရဲ။ အပြန်လည်း ကားက မောင်းရဦးမည်လေ။
ပွဲတက်သည့်အခါတိုင်းတွင် သိမ်မွေ့ထည်သည် အိနြေ္ဒရှိစွာပင် အနည်းငယ် သောက်လေ့ရှိသည်။ သို့ပေမဲ့ ယခုလိုမျိုး အတော်လေးခင်မင်တဲ့ မိတ်ဆွေများနဲ့ တွေ့ဆုံလျှင်တော့ အာဆွတ်ရုံမျှမကပဲ ရီဝေဝေလေး မူတယ်ဆိုတဲ့အထိကို သောက်တတ်၏။
" ဒီနေ့ ယူ့ကို ကိုယ့်ရဲ့ VIP ပါတနာတစ်ယောက်နဲ့ မိတ်ဆက်ပေးဖို့ရှိတယ်။ သူက Europe ဘက်ကနေပြီး တကယ့်နာမည်ကြီး ဆောက်လုပ်ရေး ကုန်ကြမ်းပစ္စည်းတွေကို မြန်မာမှာပြန်ပြီး official distribute လုပ်နေတဲ့လူလေ။ အရင်က LA က The One ရုံးချုပ်မှာ ရာထူးထူးကြီးကြီးပါပဲ။ ဒီကိုရောက်လာတာကတော့ မကြာသေးဘူး။ သူနဲ့ မိတ်ဆြွေဖစ်သွားရင်တော့ ယူ့အတွက် အတော်လေး အထောက်အကူရမှာ သေချာတယ် .. "
Emma က သူနဲ့မိတ်ဆက်ပေးမယ်လို့ ပြောခဲ့တဲ့ပုဂ္ဂိုလ် ပွဲကိုရောက်ရှိလာတဲ့ အချိန်မှာတော့ သိမ်မွေ့ထည် အရမ်းကို အံ့သြသင့်သွားခဲ့သည်။ ဘာ့ကြောင့်လည်းဆိုတော့ ထိုလူဟာ တခြားလူမဟုတ်ပဲ သူနဲ့ ကျောင်းတုန်းက တွဲခဲ့ကြဖူးတဲ့ ရည်းစားဟောင်း ကိုပြည့်ဖြိုးအောင် ဖြစ်နေသောကြောင့်ပင်။
" ဒါယူ့ကို ကိုယ်ပြောပြနေတဲ့သူလေ .. နာမည်က ကိုပြည့်ဖြိုးအောင်တဲ့ "
" ကိုပြည့်ဖြိုး .. ဒါက ကျွန်တော်နဲ့ US မှာ MBA အတူတက်ခဲ့တဲ့ ကျောင်းနေဘက် သူငယ်ချင်း သိမ်မွေ့ထည်တဲ့။ ထည်ဝါလုပ်ငန်းစုကြီးရဲ့ ပိုင်ရှင်ပေါ့ "
ဘေးမှ ဒေးဗစ်လွင်က မိတ်ဆက်ပေးနေတဲ့အချိန်၌ သိမ်မွေ့ထည်ရဲ့ နှုတ်ဖျားမှ 'ကိုပြည့်´ဆိုပြီး ရေရွတ်သံလေး ထွက်ပေါ်လို့လာသည်။ ဒါ့ကြောင့် ဘေးမှာရှိနေတဲ့ သက်လွှာ တုန်လှုပ်ခြောက်ခြားသွားခဲ့ရသည်။ သူ့တီလေးရဲ့ အချစ်ဦးဖြစ်တဲ့ ရည်စားဟောင်းနာမည်ကို ဆု ပြောပြခဲ့ဖူးလို့ သက်လွှာ သိနေသည်လေ။ ရွှန်းစိုနေတဲ့ မျက်ဝန်းဝိုင်းလေးတွေနဲ့ စမတ်ကျပြီး သားနားလွန်းသည့် ထိုအမျိုးသားကို ငေးငေးငိုင်ငိုင် ရပ်ကြည့်နေတဲ့ သိမ်မွေ့ထည်ရဲ့ပုံစံကိုမြင်တော့ ... သက်လွှာ မျက်နှာတစ်ပြင်လုံး၌ သွေးမရှိသလိုမျိုး ဖြူဖျော့သွားခဲ့သည်။ ချက်ချင်းပဲ ချွေးစီးများ ပျံတက်လို့လာ၏။
" ဟင် .. ယူက ကိုပြည့်ဖြိုးကို သိနေတာလား "
" အင်း .. ဒီမှာ စီးပွားရေးတက္ကသိုလ် တက်ခဲ့ရတုန်းက တို့ရဲ့ စီနီယာပါ "
" သြော် ဟုတ်လား "
" မတွေ့တာ အတော်လေးကို ကြာခဲ့ပြီနော် ငယ် "
ငယ် .. ငယ်တဲ့လား ... ။
ကြင်နာနက်ရှိုင်းမှုတွေ ပါဝင်နေတဲ့ မျက်ဝန်းတစ်စုံနဲ့အတူ သူမကို စိုက်ကြည့်နေတဲ့ ထိုအမျိုးသား။ သူသိပ်ချစ်ရတဲ့ အမျိုးသမီးကိုမှ ပါးစပ်ကနေ ပိုင်စိုးပိုင်နင်း 'ငယ်´လို့ ခေါ်ချလိုက်တဲ့ ထိုမုန်းစရာ အမျိုးသား။
ပိုဆိုးတာက မျက်နှာက ပြုံးရိပ်သမ်းနေပေမဲ့လို့ ဆွေးရိပ်သမ်းနေတဲ့ မျက်ဝန်းညိုတစ်စုံနဲ့ ထိုလူကို ငေးငေးငိုင်ငိုင် ရပ်ကြည့်နေတဲ့ သူမ .. ။
အို မကြည့်နိုင်တော့ဘူး ဒီမြင်ကွင်းကို။ သူဘယ်လိုမှ ဆက်ပြီး မကြည့်နိုင်တော့ပါ။ ဆက်ကြည့်နေလျှင် နှလုံးခုန်ရပ်တော့မည်မှာ မလွှဲပြီမို့ ကတုန်ကယင်ဖြစ်ပြီး ချိနဲ့နေတဲ့ ခြေထောက်တွေနဲ့ သက်လွှာ ထိုနေရာကနေ လှည့်ထွက်ခဲ့မိတော့သည်။
အလွမ်းရိပ်တွေ ဖုံးလွှမ်းနေတဲ့ အဲ့ဒီမျက်ဝန်းညိုညိုတွေ .. ။
ဘာလို့လဲ .. ဘာ့ကြောင်လဲ .. ။
ဘာ့ကြောင့် အခုမှ ပြန်ပေါ်လာရတာလဲကွာ .. ။
ကံတရားက ဘာလို့များ ငါ့ဘက်အမြဲ မရှိရတာလဲ .. ။
X X X X X