နတ်နဂါးစစ်သည်
အပိုင်း ၂၆၀
( တတိယမင်းသား၏ မဖြစ်စလောက် အကြံ )
တတိယမင်းသားသည်လည်း မကြာခင်က ဝင်ပေါက်တံခါးဆီ လျှောက်လာသော ရှုချန်းအား မြင်တွေ့သွားသည်။ နှစ်ဦးသား အကြည့်ချင်း ဆုံသွားသည့်အခါ တတိယမင်းသားက ပြုံးပြလိုက်၏။
"အာရှသားတွေ အားလုံး အရပ်ပုကြတယ် မှတ်တာ။ အခုတော့ မင်း ကြည့်ရတာ အရပ်ရှည်သားပဲ"
တတိယမင်းသား အရပ်မှာ ၁.၉ မီတာခန့် ရှိလေသည်။ ထို့ကြောင့် မျက်နှာချင်းဆိုင် ရပ်လိုက်သည့် သူတို့နှစ်ဦး၏ မျက်လုံးများသည်လည်း ရေပြင်ညီအတိုင်း တစ်ပြေးတည်း ရှိနေကြ၏။
ရှုချန်းလည်း ရယ်မောလိုက်သည်။
"ငါ မင်းထက် အရပ်ပုတုန်းကတောင် မင်း ငါ့ကို ဘယ်လိုမှ နိုင်အောင် မတိုက်နိုင်ခဲ့တာ ... အဲဒီအကြောင်း စဉ်းစားမိတိုင်း ရယ်ချင်နေတုန်းပဲ။ အခု ငါ့အရပ် ရှည်လာပြီ ဆိုတော့ မင်းအနေနဲ့ ပိုသတိထားမှ တော်ကာကျမယ်နဲ့ တူတယ်"
အထက်တန်းကျောင်းသားဘဝက ဝေလ် သည် ရှုချန်းထက် ပိုမို အရပ်မြင့်၍ ပိုမိုလည်း လျင်မြန်လေသည်။
"မင်းက ဘာမှ မပြောင်းလဲသေးဘူးပဲ။ အမြဲတမ်း တိုက်ခိုက်ဖို့ပဲ စဉ်းစားနေတာကိုး။ မင်း ရန်ဖြစ်ချင်တယ်ဆိုလည်း တစ်ရက်ချိန်းလိုက်ပေါ့။ အော် ဟုတ်ပေသားပဲ။ နီကိုးလ်လည်း မင်းနဲ့အတူ ဟွာရှ ကို လိုက်သွားတယ်လို့ ကြားတယ် ဟုတ်လား။ ပြီးတော့ တဲဗက် ပြောတာတော့ မင်းနဲ့သူမ ကြားက ဆက်ဆံရေးက အခု ပိုရှုပ်ထွေးလာပြီ ဆိုပဲ"
ရှုချန်းက "ငါတို့ ဟွာရှ မှာ လက်ထပ်ပြီးသွားပြီ"
"အမ် ... ဟုတ်ရဲ့လားကွ"
မယုံနိုင်သလို စိတ်ရှုပ်ထွေးသွားသည့် အကြည့်မျိုး ဝေလ်၏ မျက်လုံးအိမ်ထဲ ဖြတ်ပြေးသွား၏။ သူက တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်သည်။
"သူမက ဂရိတ်ဗြိတိန်ရဲ့ ရို့စ် ( နှင်းဆီပန်းလေး ) ပဲ။ ဘယ်လိုလုပ်ပြီး မင်းလိုလူနဲ့ လက်ထပ်မှာလဲ။ ရှုချန်း ... ငါမင်းကို သတိပေးမယ်။ နီကိုးလ်နဲ့ မပတ်သက်ပါနဲ့။ မင်းက နီကိုးလ် မိသားစုရဲ့ မွေးစားသား ဖြစ်တဲ့အပြင် ငါ့အတွက်လည်း သူငယ်ချင်းလို ဖြစ်နေတော့ မင်းကို မထိခိုက်စေချင်ဘူး"
ထို့နောက် အစောင့်တစ်ယောက် ရောက်လာပြီး ဂိတ်တံခါးမကြီးအား ဝေလ်အတွက် ဖွင့်ပေးလာသည်နှင့် သူ၏ လီမိုကားလေးနှင့် အပြင်သို့ မောင်းထွက်သွားရန် ပြင်လိုက်လေတော့သည်။
ရှုချန်းလည်း ပိတ်လုဆဲဆဲ တံခါးရှေ့မှ ဝေလ်အား ကြည့်ကာ ပြောလိုက်၏။
"ဒါဖြင့် မင်းကိုလည်း ငါ သတိပေးလိုက်ပါရစေ။ ငါ့မိန်းမနဲ့ ပတ်သက်ပြီး မင်းစိတ်ထဲ ရှိနေသေးတယ်ဆိုရင် အချိန်ရှိတုန်း မင်းခေါင်းထဲက ထုတ်ပစ်လိုက်ဖို့ အကြံပေးပါရစေ"
ဝေလ်က စိတ်မရှည်တော့သလိုနှင့် လေသံနက်နက်ဖြင့် ပြောလိုက်သည်။
"အခု မင်းကို ဗြိတိန်နိုင်ငံရဲ့ တတိယမြောက် မင်းသားတပါးအနေနဲ့ ပြောနေတာ။ ငါ့စကားကို အကြံပေးချက် မဟုတ်တဲ့ အမိန့်တစ်ခုအနေနဲ့ နာခံဖို့ပဲ ရှိတယ်။ မင်း ငါပြောတာ နားလည်ရဲ့လား။ မင်းလည်း အရွယ်ရောက်ပြီပဲ။ ဒါကြောင့် ငါ့ကို မရိုမသေ ဆက်ဆံတာ ဥပဒေကို မလေးစားရာရောက်ကြောင်းတော့ သဘောပေါက်မှာပေါ့။ မင်း အပြုအမူကို ဆင်ခြင်ရင် အကောင်းဆုံးပဲ"
ထို့နောက် အစောင့်က တံခါးကို ပိတ်လိုက်လေ၏။ ဝေလ်လည်း ကားပြတင်းမှ ခေါင်းကို တမင်မကာ ပြူထွက်ရင်း လင်ချူရွယ်အား ပြောလိုက်လေသည်။
"မှတ်ထားဦးနော်။ မနက်ဖြန်ကျရင် ကိုယ် မင်းကို လာခေါ်မယ်။ ကိုယ်တို့ ညနေစာ အတူတူ စားပြီး စကားကောင်းကောင်း ပြောကြတာပေါ့"
ထို့နောက် လီမိုကားလေးမှ ခြံတံခါးဝမှ ဖြည်းဖြည်းချင်း မောင်းထွက်သွားလေတော့သည်။
မြက်ခင်းပြင်ပေါ် ရပ်နေဆဲ ဖြစ်သည့် ရှုချန်းက လင်ချူရွယ်အား ကြည့်ကာ "ဒီကောင် ဒီမှာ ဘာလာလုပ်တာလဲ" ဟု မေးလိုက်သည်။
"နောက်နှစ်ရက်ကြာရင် ကျင်းပမယ့် ဘုရင်မကြီး မွေးနေ့ပွဲအတွက် လာဖိတ်တာပါ"
လင်ချူရွယ်က ပြောလိုက်သည်။ ထို့နောက် သူမက ရှုချန်းဘက်သို့ လှည့်ပြီး မေးလိုက်သည်။
"ဒါနဲ့ နင်ကရော ဘယ်သွားနေတာလဲ"
ရှုချန်း "သူငယ်ချင်းဟောင်းတစ်ယောက်နဲ့ အပြင်ထွက်သွားနေတာပါ"
လင်ချူရွယ်မှာ တခစ်ခစ် ရယ်မောလိုက်တော့သည်။
"ဒီမှာ ရှင့်သူငယ်ချင်းတွေ ရှိသေးတယ် ဟုတ်လား။ ဒီလို အချိန်မျိုးမှာ ရှင်နဲ့ သူငယ်ချင်း လုပ်ရဲတဲ့ လူမျိုး ရှိသေးတယ်ဆိုရင်တော့ အဲဒီလူဟာ ရှင့်အတွက် တကယ့် သူငယ်ချင်းကောင်းပဲ"
ရှုချန်းလည်း ပခုံးတွန့်ပြလိုက်၏။
"ကြည့်ရတာတော့ မင်းကို လိမ်လို့မရဘူးနဲ့ တူတယ်။ ဟုတ်တယ်။ ငါနဲ့ ဘယ်သူမှ အပြင် အတူတူ မသွားချင်ကြဘူး"
လင်ချူရွယ်က ပြုံးရင်း မျက်တောင်လေးများကို ပုတ်ခတ်လိုက်သည်။
"တကယ်ပဲ ရှင့်အတွက် ဒီမှာ တစ်ယောက်မှ မရှိတော့ဘူးလား"
ထို့နောက် လှေကားအတိုင်း ဆင်းလျှောက်လာပြီးနောက် ရှုချန်းနှင့် ဘေးချင်းကပ်လျက် မြက်ခင်းပြင်ထက် လမ်းဆက်လျှောက်သွားလေသည်။ သူမက ခြံတံခါးမကြီးအား ညွန်ပြရင်း ပြောလိုက်သည်။
"ရှင် မှတ်မိသေးလား။ အဲဒီတံခါးဝမှာ ရှင်ပထမဆုံး ပေါ်လာတုန်းက ဖေဖေက ရှင့်လက်ကို ဆွဲပြီး ခေါ်လာခဲ့တာလေ။ ပြီးတော့ ရှင့်ကို အကိုကြီးလို့ ခေါ်ရမယ်လို့ ကျွန်မကို ပြောခဲ့တာလေ"
ရှုချန်း ခေါင်းညိတ်ပြလိုက်သည်။ အတိတ်အပိုင်းအစများကို ပြန်တွေးရင်း သူ အားပါးတရ ပြောလိုက်သည်။
"ဟုတ်တယ်။ အဲဒီတုန်းက ငါ့ကို အကိုကြီးလို့ မခေါ်ချင်လို့ လဲ့ ခမျာ အော်ဟစ်သောင်းကျန်းနေတာလေ။ နင်တစ်ယောက်တည်းကပဲ လိမ်လိမ်မာမာနဲ့ အကိုကြီးလို့ ခေါ်ခဲ့တာ"
လင်ချူရွယ်တစ်ယောက် ရယ်မောလိုက်သည်။
"ဒါဆို အမှန်အတိုင်း ပြောပါဦး။ နင့်ရဲ့ ညီမလေးကို ဘယ်နှနှစ်လောက် တိတ်တခိုး ကြိတ်ကြွေခဲ့သလဲ ဆိုတာ"
ရှုချန်းက လေးလေးနက်နက်နှင့် ပြောလာသည်။
"ဒီခံစားချက်တွေကို ဝိုးတိုးဝါးတား စနားလည်မိတဲ့ ငါ ၁၀ နှစ်သား အရွယ်လောက်ကနဲ့ တူတယ်"
လင်ချူရွယ်က အထင်အမြင်သေးသည့် မျက်ဝန်းမျိုး ဟန်ဆောင်ကြည့်လျက်...
"ဟုတ်ပြီ။ ဒါဖြင့် နင်က ဘယ်လို အကိုကြီးမျိုးလဲ"
ရှုချန်းက မျက်နှာပြောင်ပြောင်နှင့် ပြောလိုက်လေတော့သည်။
"တကယ်တော့ ငါ အခုလို ဖြစ်လာတာတွေအားလုံးက လဲ့ လေးကို ပုန်ကန်ဖို့က စခဲ့တာပဲ။ အဲဒီကောင်က ငယ်ငယ်လေးကတည်းက ငါ့စကားကို နားမှ မထောင်ချင်တာ။ ဒါကြောင့် အကိုကြီးလို့ မခေါ်ချင်တဲ့ ဒီကောင့်အတွက် ယောက်ဖလို့ အခေါ်ခံဖို့ကလွဲပြီး တခြား ရွေးချယ်စရာမှ မရှိတော့တာ"
လင်ချူရွယ်မှာ ဟန်မဆောင်နိုင်ဘဲ ရယ်လေတော့၏။ သူမ မိုးကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။ ရှုချန်းသည်လည်း သူမမျက်လုံးနည်းတူ မိုးကောင်းကင်အား မော့ကြည့်လိုက်လေသည်။
မြို့ပြတိုက်ခန်းများနှင့် အလှမ်းဝေးသော ကောင်းကင်ယံသည် ကြည်လင်ပြတ်သားပြီး ကြယ်တာရာများကို ပြတ်ပြတ်ထင်ထင် မြင်တွေ့နေရလေ၏။
ထိုအချိန်အခိုက်အတန့်၌ လင်ချူရွယ်က ရုတ်တရက် ...
"ဒါဖြင့်လည်း ငါတို့တစ်သက်လုံး မောင်နှမတွေလို နေသွားကြအောင် ဟုတ်ပြီလား"
ရှုချန်း၏ မျက်လုံးများ အနည်းငယ် မှေးမှိန်သွားပြီး ဝမ်းနည်းမှု အရိပ်အမြွက်များ ဖြတ်သန်းသွား၏။
"နင့် စိတ်ထဲက ခံစားရတဲ့အတိုင်း ပြောစမ်းပါ။ ဒါ နင်တကယ် လိုချင်တဲ့ဘဝလား"
ထိတ်လန့်သွားသော လင်ချူရွယ်က ဟန်ကိုဖို့ ပြုံးပြရင်း ပြောလိုက်သည်။
"နင့်ရဲ့ အိမ်ခြံမြေ ကဏ္ဍရယ်၊ ရောင်ရောင် နဲ့ စပ်တူ ပိုင်ဆိုင်ထားတဲ့ငွေက ယွမ် ၂ ဘီလီယံလောက် ရှိမှန်း ငါ သိပါတယ်။ ပြီးတော့ တဲဗက်ဆီက ရလာတဲ့ ကာစီနိုရှယ်ယာငွေ ယွမ် ၁ ဘီလီယံနဲ့ ပေါင်းလိုက်ရင် ၃ ဘီလီယံပေါ့။ ဒါပေမဲ့ ယူရိုငွေနဲ့ တွက်ရင် စုစုပေါင်း ၄၀၀ မီလီယံပဲ ရှိသေးတယ်။ ငါတို့ လိုအပ်နေတဲ့ ၃ ဘီလီယံအတွက် လုံးဝ လုံလောက်မှာ မဟုတ်ဘူး"
ရှုချန်းက "မိသားစုမှာ အခုလို ပြဿနာကြီးကြီးမားမား ဖြစ်နေတုန်း ငါ့ကို ဘာဖြစ်လို့ မပြောပြခဲ့ကြတာလဲ။ အစောကတည်းက သိခဲ့ရင် တစ်နည်းမဟုတ် တစ်နည်း ငါ အဖြေရှာနိုင်မှပေါ့"
လင်ချူရွယ် မချိတင်ကဲ ပြုံးမိလိုက်သည်။
"မှောင်ခိုဘဏ်မှာ ယွမ် ၁၀ ဘီလီယံကျော် နင် အနိုင်ရခဲ့မှန်း ငါ သိပါတယ်။ ဒါပေမဲ့ မှောင်ခိုဘဏ်တိုက်ကို ဝင်စီးတော့ ဒီပိုက်ဆံတွေအားလုံး ဆုံးရှုံးသွားရတယ် မဟုတ်လား။ နင်ပြောသလို အစောကတည်းက ငါတို့ ပြဿနာတွေ ပြောခဲ့ရင်ကော ... အဲဒီရာဇဝတ်ကောင်တွေကို ငွေအတွက် နင် သက်ညှာမှာလား။ နင်က အဲဒီလိုလူမှ မဟုတ်တာ။ နင် အဲဒီလိုလုပ်ခဲ့ရင်လည်း ငါ နင့်ကို ရွံ့ရှာမိမှာ အမှန်ပဲ။ တကယ်လို့ မှောင်ခိုဘဏ်က ၁၀ ဘီလီယံပါ ထပ်ပေါင်းရင်တောင် ယူရိုငွေနဲ့ဆို ၉၀၀ မီလီယံပဲ ရှိသေးတယ်။ လုံးဝ မလုံလောက်သေးဘူး"
ငွေလရောင် တဖိတ်ဖိတ်လက်နေသည့် ညအလင်းရောင်အောက်မှ လင်ချူရွယ်၏ လှပချောမောသော မျက်နှာလေးကို ငေးကြည့်ရင်း ရှုချန်းက ပြောလိုက်သည်။
"ငါ့ကို အချိန်နည်းနည်းလောက် ပေးပါဟာ ... ပြီးတော့ ငါ့ကို ယုံကြည်ပေးပါ"
လင်ချူရွယ်မှာ ပြန်မပြောတော့။ ထိုအစား နှုတ်ဆိတ်လျက် လမင်းကြီးကိုသာ ငေးကြည့်နေ၏။ ပြီးလျှင် တည်ငြိမ်အေးချမ်းလှသော အပြုံးဖြင့် "ငါ ပြန်အိပ်တော့မယ်" ဟု ပြောလိုက်လေသည်။
သူမကိုယ်တိုင် အတွေးများကြား ပူပန်စိတ်မောနေဆဲ ဖြစ်ကြောင်း သိမြင်လိုက်ရသဖြင့် ရှုချန်းမှာ တခဏမျှ စောင့်ဆိုင်းပြီ ဒုတိယထပ်သို့ တက်သွားကာ လင်လဲ့ ၏ အခန်းတံခါးအား ကန်ဖွင့်လိုက်လေ၏။ အတွင်းတွင် ရှိနေသော လင်လဲ့ မှာ ဝုန်းခနဲပွင့်သွားသော အခန်းတံခါးကို ကြည့်ရင်း ကြောင်အအနှင့် ပါးစပ်အဟောင်းသား ငေးကြည့်နေလေတော့သည်။
ရှုချန်းက အသံတိုးတိုးနှင့် မေးလာသည်။
"ဒီနေ့ည မင်းအစ်မရဲ့ စိတ်ထဲမှာ တစ်ခုခု တွေးနေသလိုပဲ။ ဝေလ်ရောက်လာပြီး မင်းတို့ကို မွေးနေ့ပွဲ ဖိတ်တော့ တစ်ခြား ဘာတွေ ပြောသွားသေးတုန်း"
လင်လဲ့ က အိပ်ယာကို ကျောမှီရင်း တစ်ဖက်သို့ လှည့်လိုက်သည်။ ပြီးလျှင် ပြတင်းပေါက်အပြင်သို့ မျှော်ကြည့်ရင်း ပြောလိုက်၏။
"တော်ဝင်မိသားစုထဲမှာ ဝေလ်ရဲ့ အဆင့်အတန်းက အရမ်း အရေးပါတဲ့ အဆင့်အတန်းတစ်ခုတော့ မဟုတ်ဘူး။ ဒါကြောင့် အရင်းရှင်လုပ်ငန်းအုပ်စုကြီးငါးစုက အမွေဆက်ခံသူတွေနဲ့ ယှဉ်လိုက်ရင် ဝေဲလ်ရဲ့အဆင့်က အောက်ဆုံးမှာ ရှိတယ်လို့ ပြောရနိုင်တယ်။ ဒါကြောင့် လက်ဦးမှု ရယူတဲ့အနေနဲ့ လာမယ့်နှစ်ရက်အတွင်း ကျင်းပမယ့် ဘုရင်မကြီးရဲ့ မွေးနေ့ပွဲမှာ ငါ့ညီမကို ဖွင့်ပြောပြီး လက်ထပ်ခွင့် တောင်းမလို့ စီစဉ်ထားတဲ့ပုံပဲ။ "
" ဒါမှ ဝေလ်ကို မထီမဲ့မြင်ပြုချင်ရင်တောင် ဘုရင်မကြီး မွေးနေ့ပွဲကို ဖျက်ဆီးဖို့ သတ္တိမရှိတဲ့ အရင်းရှင်သူဌေးသားတွေက သူ့အစီအစဉ်ကို မဖျက်ဆီးမှာ။ ဒီလို လက်ထပ်ခွင့် တောင်းဆိုမှုကြောင့် ဘုရင်မကြီးလည်း ပျော်သွားလိမ့်မယ်။ ငါ့အစ်မလည်း လက်ထပ်ဖို့ ခေါင်းညိတ်လိုက်တာနဲ့ သူတို့ လက်ထပ်ပွဲကို အတည်ပြု ကျင်းပပေးကြလိမ့်မယ်။ ဝေလ်ရဲ့ အနေအထားက တော်ဝင်မိသားစုမှာ အတော်ကလေးကို အဆင်မပြေ ဖြစ်နေတာ။ ငါ့အစ်မကို လက်ထပ်ချင်တဲ့ အကြောင်းရင်းကလည်း မိသားစုပိုင် ကုမ္ပဏီနဲ့ ပတ်သက်နေလိမ့်မယ်။ "
"ကုမ္ပဏီကို နောက်ခံအရင်းအနှီးအဖြစ် အသုံးပြုချင်နေတာ ဖြစ်နိုင်တယ်။ သူ့အတွက်တော့ ကြီးကြီးမားမား အခွင့်အရေးပဲ။ ငါ့မိဘတွေ သဘောတူအောင် မသိမ်းသွင်းနိုင်သေးပေမယ့် အဖိုးနဲ့ ကုမ္ပဏီက တခြား ဆွေမျိုးတွေကိုတော့ သူ့ဖက်ပါအောင် စည်းရုံးပြီးသွားပြီ။ ဘာပဲပြောပြော သူတို့အားလုံးက ထူးမခြားနား အရင်းရှင်တွေ ဖြစ်ပြီး အကျိုးစီးပွားဖြစ်ဖို့ ဘယ်သူနဲ့မဆို ပေါင်းစည်းချင်တဲ့ လူတွေပဲ မဟုတ်လား"
နှစ်ရက် ...
အချိန်ကား လွန်စွာ တိုတောင်းလွန်းသည်။
သူ့အနေဖြင့် စစ်ဆင်ရေး အောင်မြင်ရန် ကြိုးစားအားထုတ်ရမည် သာမက ၎င်းမွေးနေ့မတိုင်မီ ပိုက်ဆံ ၃ ဘီလီယံ ရအောင် ရှာဖွေရဦးမည်။ သူ့ဦးခေါင်းတစ်ခုလုံး တစစ ထူကဲလေးလံလာသလို ရှုချန်း ခံစားနေရ၏။
စစ်ဆင်ရေး ပြီးဆုံးသွားလျှင်ပင် တစ်နေ့တစ်ရက်တည်းနှင့် ဝယ်လက်အား ခက်ခက်ခဲခဲ ရှာဖွေရပေဦးမည်။ ညစာစားပွဲမတိုင်မီ သူ့ဘဏ်အကောင့်ထဲသို့ ၃ ဘီလီယံ မရောက်လာခဲ့ပါက လင်ချူရွယ်မှာ ဝေလ်၏ ကမ်းလှမ်းချက်အား ငြင်းပယ်နိုင်တော့မည် မဟုတ်ပေ။
"မင်း စိတ်ဆိုးပြီး ညစာစားပွဲမှာ တစ်ခုခု လုပ်လိုက်မှာကို ငါ့အစ်မက စိုးရိမ်နေတာ။ အဲဒီနေရာက တော်ဝင်နန်းတော်၊ ငါတို့ အထက်တန်းကျောင်း မဟုတ်ဘူး။ ငါ့အစ်မ ပြောတာတော့ မင်းဆိုတဲ့လူက စိတ်လွတ်သွားလို့ကတော့ ဘာမဆို လုပ်မှာတဲ့။ ဒါကြောင့်လည်း မိသားစုထဲက ဘယ်သူမှ ဒီအကြောင်းတွေ မင်းကို မပြောခိုင်းတာ။ ဒါပေမဲ့ ငါကတော့ နှုတ်ပိတ်ပြီး မနေနိုင်ဘူး ယောက်ဖ။ ငါတို့ ဝေလ်ကို ညစာစားပွဲ မတိုင်မီ ပြန်ပေးဆွဲလိုက်ရင် ကောင်းမလား"
"ဒီည ငါဖုန်းဆက်တာကို စောင့်"
စကားဆုံးသည်နှင့် ရှုချန်းလည်း အိမ်ကြီးဆီမှ ထွက်သွားလေတော့သည်။
အချိန်မရှိတော့ ... ။ နာရီလက်တံများနှင့်အပြိုင် ယနေ့ညတွင်ပင် စစ်ဆင်ရေးကို အကောင်အထည် ဖော်ရန် ပြင်ဆင်လိုက်လေတော့၏။
အခန်း ၂၆၀ ပြီး
နတ်နဂါးစစ်သည်
အပိုင်း ၂၆၁
( လမ်းလွှဲခြင်း )
မြို့ပြဒေသ ... ဖရန်ကာအဖွဲ့ပိုင် အထပ်မြင့်အဆောက်အဦး ...။
ပစ်ကပ်ထရပ်ကားပေါ်မှ ပိုင်ရှန်းက မှန်ပြောင်းကို ပြန်ရုတ်သိမ်းရင်း ရှုချန်းအား ပြောလိုက်သည်။
"ဒီနေ့ည စစ်ဆင်ရေး မလုပ်နဲ့လို့ ပြောနေတာ မဟုတ်ဘူး။ မင်းကို ပေးနိုင်တဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်က အရမ်း အကန့်အသတ် ဖြစ်နေလို့။ အဲဒါကို စဉ်းစားဦး"
ရှုချန်းက "အချိန်မရှိတော့ဘူး။ စစ်ဆင်ရေး ပြီးသွားရင် ရှေးဟောင်းပစ္စည်းတွေကို ခပ်မြန်မြန် အရည်ဖျော်ပေးလို့ ရနိုင်မလား။ ဈေးနည်းနည်းလျော့လည်း အဆင်ပြေတယ်။ ပြီးတာနဲ့ အမ်နိုင်ငံက ကျွန်တော့် အကောင့်ထဲကို ငွေလွှဲလိုက်ရုံပဲ။ အဲဒါဆို ဒီနေ့ည ဗီးဂတ်ကို လေယာဉ်နဲ့ ပျံသွားလို့ ရပြီ"
ပိုင်ရှန်း မျက်မှောင်ကြုတ်ရင်း "အဲဒီမှာ ဘာလုပ်မလို့လဲ။ လောင်းကစား လုပ်မလို့လား"
"နှလုံးခုန်သံ ကစားမလို့"
ရှုချန်းက "ကျွန်တော့်မှာ ရွေးစရာလမ်း မရှိတော့ဘူး။ တစ်ခြားလူတွေထက် ကိုယ့်အားကိုယ်ကိုးတာပဲ ပိုကောင်းတယ်။ အခုလောလောဆယ် ကျွန်တော့်ဘဝအတွက် အကြီးမားဆုံး အတားအဆီးကို ရင်ဆိုင်နေရတာ။ ဒီအတားအဆီးကို မကျော်ဖြတ်နိုင်ဘူးဆိုရင် ကျွန်တော့် တစ်သက်လုံး နောင်တနဲ့ နေသွားရလိမ့်မယ်။ လင်မိသားစုနဲ့ ကျွန်တော့် ဇနီးကို ကယ်တင်ရဦးမယ့်အပြင် စစ်ဆင်ရေးကိုလည်း အောင်မြင်အောင် လုပ်ရဦးမယ်။ ဒီစစ်ဆင်ရေးကလည်း နဂါးတပ်ဖွဲ့က ကျွန်တော့်ကို ပေးလာတဲ့ ပထမဆုံး စစ်ဆင်ရေး။ အဘိုးကြီး စိတ်ပျက်အောင် လုပ်လို့ မဖြစ်ဘူး။ ဒါ့ကြောင့် စောနက ပြောခဲ့တာတွေ အာလုံး တစ်ခုမှ ကျရှုံးလို့ မဖြစ်ဘူး"
ပိုင်ရှန်းက တိကျလှသော သူ၏ စက်လှည့်နာရီကို ကြည့်လိုက်၏။
"အခု ည ၁၁ နာရီ ၃၀ မိနစ် ရှိပြီ။ လုံခြုံရေး လှည့်ကင်းအစောင့် အပြောင်းအလဲ လုပ်ဖို့ နာရီဝက်ပဲ လိုတော့တယ်။ ဒါမင်းအတွက် ဖောက်ဝင်ဖို့ အကောင်းဆုံး အချိန်ပဲ။ ပထမတော့ ငါ့အကြံက နေ့ခင်းဘက် ကုမ္ပဏီဝန်ထမ်းအနေနဲ့ ကုမ္ပဏီထဲ မင်းကို ရောယောင် ဝင်ခိုင်းမယ်၊ လိုအပ်တာတွေ ပြင်ဆင်ခိုင်းမယ်။ ပြီးတာနဲ့ မနက်ဖြန်ညကျမှ စစ်ဆင်ရေးကို ဆောင်ရွက်ခိုင်းမှာ"
ရှုချန်းက ကားအပြင်သို့ ထွက်လာလိုက်၏။
"အချိန်မရှိတော့ဘူး။ အလောတကြီးလည်း ထွက်သွားနဲ့ဦး။ ကျွန်တော့်ကို ဒီမှာ စောင့်နေပေးဦး"
ပိုင်ရှန်းက မျက်နှာဖုံးတစ်ခုနှင့် လက်အိတ်တစ်စုံကို သူ့ထံသို့ ကမ်းပေးလိုက်သည်။
"ဒါတွေကို ဝတ်လိုက်။ မင်း ဘယ်သူဘယ်ဝါမှန်း သိသွားစေချင်လို့လား။ ဝရမ်းပြေးစာရင်းထဲ ပါသွားရင် မင်းတိုင်းပြည်ကို ဘယ်လို ပြန်သွားနိုင်တော့မလဲကွ"
ရှုချန်းလည်း ပစ္စည်းများကို ယူပြီး လမ်းတစ်ဖက်ဆီမှ ဖရန်ကာ အဆောက်အဦဆီသို့ တဟုန်ထိုး ပြေးသွားလေတော့၏။
ကားပေါ်တွင် ကျန်ရစ်ခဲ့သော ပိုင်ရှန်းမှာ တပျစ်ပျစ်နှင့် မြည်တွန်တောက်တီးနေတော့၏။
"ကျွန်တော့်ကို စောင့်ဦး ဟုတ်လား။ ချီးလို စောင့်ပါလား။ ဒီလို စစ်ဆင်ရေးမျိုး ဘယ်သူ လုပ်လို့လဲ။ အခု မင်းလုပ်နေတဲ့ပုံစံက သူတို့ဆီက ဓားပြတိုက် လုယက်နေတာနဲ့ တူမနေဘူးလားဟ ..."
ရှုချန်းကား တစ်စုံတရာ ကြိုတင်ပြင်ဆင်မှုခြင်း အလျင်း မရှိဘဲ စစ်ဆင်ရေး ဆင်နွဲရန် ထွက်လာခဲ့၏။ ထို့အပြင် ရှုချန်းမှာ အလွန်တရာ စိတ်စောနေပြန်သည်။ ပိုင်ရှန်းအတွက်တော့ ယင်းအပြုအမူများက သေဘေးနှင့် နီးကပ်သလို ခံစားရစေသည်။ သို့သော် ရှုချန်းကတော့ ထိုသို့ မထင်ချေ။
သူ လှေကားရှိရာသို့ တန်းသွားလိုက်၏။ ယခုလောလောဆယ် အချိန်ပိုဆင်းနေသည့် အလုပ်သမား အမြောက်အမြား ရှိနေသေးသည်။ ထို့အပြင် ယခုအဆောက်အဦမှာ လူသွားလူလာ များပြားသည့် မြို့လယ်ခေါင်တွင် ရှိနေ၏။ ထို့ကြောင့် စောင့်ကြည့်ရေးအခန်းမှ လူများမှာ လူသူထူထပ်သော နေရာမျိုးကို အချိန်ကုန်ခံ စောင့်ကြည့်နေကြမည် မဟုတ်ချေ။
အနည်းဆုံး ယနေ့ည ရှေးဟောင်း ပစ္စည်းတို့အား စောင့်ကြည့်နေသည့် လူများပင် အာရုံစိုက်မိမည့် နေရာ မဟုတ်ချေ။
ရှုချန်းက အဆောက်အဦတစ်ခုလုံး၏ မျက်နှာသွင်ပြင် တည်ဆောက်ပုံများကို ခြုံငုံသုံးသပ် ကြည့်လိုက်၏။ ဦးနှောက်ထဲ စွဲနေအောင် မှတ်သားပြီးနောက် လုံခြုံရေးအခန်းထဲသို့ တည့်တည့်မတ်မတ် ထွက်သွားလေတော့သည်။
အသွားလမ်း၌ စီစီတီဗီ ကင်မရာတစ်လုံးကို တွေ့လိုက်ရသည်။ ၎င်း၏ ထိုးဖောက်ကြည့်ရှုနိုင်သည့် အဝေးမြင် မျက်လုံးနှင့် ကင်မရာအား ကြည့်ရှုပြီးနောက် ယင်းအဝေးရောက် အကွာအဝေးနေရာတွင်ပင် ရပ်တန့်လိုက်၏။ သူ ဘေးဘီဝဲယာကို အကဲခတ်ကြည့်လိုက်ရာ ဓာတ်လှေကားမှ ထွက်လာသော လုံခြုံရေး အစောင့်တစ်ဦး အိမ်သာခန်းထဲ ဝင်သွားသည်ကို တွေ့လိုက်ရ၏။ သို့နှင့် သူလည်း အိမ်သာခန်းထဲ အမြန်လိုက်ဝင်သွားလိုက်သည်။
အပေါ့သွားနေသော အစောင့်၏ ပါးစပ်အား ရုတ်တရက် အနောက်မှ လက်နှင့် ပိတ်ဆို့ပြီး အိမ်သာခန်းတစ်ခုထဲ တရွတ်တိုက် ဆွဲခေါ်သွားလိုက်၏။ ခဏအကြာ ယင်းအစောင့်၏ ယူနီဖောင်း၊ ဦးထုပ်နှင့် ရှုချန်း ပြန်ပေါ်လာသည်။
သူက အိမ်သာခန်းတံခါးအား အတွင်းမှ လော့ခ်ချပြီး အပေါ်မှ ခုန်ထွက်လာလိုက်သည်။ အိမ်သာခန်း မှန်ရှေ့တည့်တည့်တွင် ပိုင်ရှန်းပေးသော ဆီလီကွန် မျက်နှာဖုံးကို ထုတ်လိုက်သည်။ ပြီးလျှင် သူ့မျက်နှာနှင့် တစ်ထပ်တည်းကျနေရန် ကျကျနန ဝတ်ဆင်လေ၏။ မျက်နှာဖုံး ဝတ်ဆင်ပြီးသည့်အခါ ဥရောပတိုက်သားတစ်ဦး၏ မျက်နှာ အသားအရောင် အတိုင်း ဖြစ်နေသည်ကို တွေ့လိုက်ရတော့သည်။
ထိုအချိန်၌ ဝန်ထမ်းတစ်ဦး အူယားဖားယားနှင့် ပြေးဝင်လာပြီး ဆီးစွန့်ခုံခွက်တွင် အပေါ့စွန့်လေတော့၏။ ရှုချန်းက ထိုသူအား တစ်ချက် လှမ်းကြည့်လိုက်သည်။ တိတိကျကျ ဆိုရလျှင် ထိုသူ၏ အိတ်ကပ်အတွင်းမှ ဝန်ထမ်ကဒ်ကို ဖြစ်၏။
အုပ်ချုပ်ရေး မန်နေဂျာ ...။
ရာထူးက အဆင်ပြေသည်။ ထိုရာထူးနှင့် လုပ်ပိုင်ခွင့်အာဏာဆိုလျှင် လုံလောက်ပေသည်။ ထိုကဒ်နှင့်သာဆိုလျှင် နေရာအတော်များများ သူ သွားလာနိုင်မည် ဖြစ်၏။ ရှုချန်းလည်း ထိုသူ့ဆီ လျှောက်သွားပြီး ညာဘက်ပခုံးသားကို ခပ်ဖွဖွ ပုတ်လိုက်၏။ ထိုသူ ညာဘက်သို့ အလိုလို လှည့်ကြည့်လိုက်သည်နှင့် ရှုချန်းက ဘယ်ဘက်အိတ်ကပ်ထဲမှ ဝန်ထမ်းကဒ်အား အသာအယာ ဆွဲနှိုက်လိုက်သည်။ ထိုသူ တဖက်သို့ ပြန်လှည့်ကြည့်လိုက်မှ ရှုချန်းအား တွေ့လေသည်။ ထိုအခါ "ဘာကူညီပေးရမလဲ" ဟု မေးလာလေ၏။
ရှုချန်း "ဆောရီးဗျာ။ ကျွန်တော့်အမှားပါ။ လူမှားသွားတာ"
အုပ်ချုပ်ရေး မန်နေဂျာလည်း ဆက်ကာ အပေါ့သွားနေတော့၏။
ရှုချန်းလည်း အိမ်သာခန်းထဲမှ ထွက်လိုက်သည်နှင့် ဘယ်ဘက်သို့ ချိုးကွေ့လိုက်သည်။ ပြီးလျှင် ကဒ်ကို သုံးပြီး ဓာတ်လှေကားထဲ ဝင်လိုက်၏။ ထို့နောက် ၁၅ လွှာတွင်ရှိသော စောင့်ကြည့်ရေး အခန်းဆီ ဦးတည်လိုက်လေသည်။
စောင့်ကြည့်ရေး အခန်းသို့ မရောက်မီ တစ်ခြားသော လုပ်ငန်းခွင် နေရာ အတော်များများကို ဖြတ်သန်းသွားရလေသည်။ အလွှာတိုင်းရှိ လုပ်ငန်းဌာနတိုင်းတွင် ခွင့်ပြုထားသည့် ဝန်ထမ်းကဒ် သို့မဟုတ် လက်ဗွေရာနှင့်သာ ဖွင့်နိုင်သည့် အလိုအလျောက် မှန်တံခါးတစ်ချပ်စီ ရှိကြလေ၏။
အစစ မြင့်တက်သွားသော ဓာတ်လှေကားအတွင်းမှနေ၍ အဆောက်အဦတစ်ခုလုံးအား ရှုချန်း အကဲခတ်ကြည့်လိုက်သည်။ ၁၅ လွှာမှအထက်ပိုင်း အလွှာများသည် လုံခြုံရေး အတင်းကြပ်ဆုံး အရေး နေရာများ ဖြစ်ပြီး ပုန်းခိုနိုင်သည့် နေရာလွတ်ဟူ၍ မရှိသလောက် ရှားပါးကြောင်း သတိထားမိလိုက်သည်။
သူ့အနေဖြင့် ၁၆ လွှာနှင့်အထက်ပိုင်း အလွှာများသို့ တက်လိုလျှင် စောင့်ကြည့်ရေး အခန်းကို ဦးစွာ ကိုင်တွယ်ရပေမည်။ ၅၈ လွှာ၌ ကော်ပိုရေးရှင်းကြီး၏ လုံခြုံ စိတ်အချရဆုံး စီအီးအို ရုံးခန်း ရှိလေ၏။
ယင်းရုံးခန်းအား ကမ္ဘာ့အဆင့်မီ လုံခြုံရေး စနစ်များ ထည့်သွင်းထားသည့် သတ္တုအိမ်တစ်မျိုးနှင့် တည်ဆောက်ထားသည်။ ၅၈ လွှာရှိ စင်္ကြန်အချိုးအကွေ့တိုင်း၌ အနီးကပ် သက်တော်စောင့် ၂၀ ဦး စောင့်ကြပ်နေကြပြီး ရုံးခန်းတံခါးနား၌ သက်တော်စောင့် ၉ ဦး စောင့်ကြပ်နေကြပြန်၏။
ထို့အပြင် ရုံးခန်းနှင့် သတ္တုအိမ်ကြား ဆက်သွယ်ထားသည့် စင်္ကြန်လျှောက်လမ်းနား၌ သက်တော်စောင့် ၁ ဦး ထပ်မံ စောင့်ကြပ်နေပြန်၏။ အနောက်တိုင်းဝတ်စုံ ဝတ်ဆင်ထားသော ထိုအစောင့်မှာ ထိပ်ပြောင်၍ တက်တူးများလည်း ထိုးထားသည်။ ထိုတစ်ဦးတည်းသော အစောင့်မှာ ပိုင်ရှန်းပြောသည့် ကောင်းကင်အဆင့် အထူးစစ်သည်တော် ဖြစ်နိုင်သည်။
စစ်ဆေးရေး နှစ်နေရာအား မန်နေဂျာကဒ်ဖြင့် ဖြတ်သန်းပြီးနောက် စောင့်ကြည့်ခန်းမှ လူတစ်ယောက် ထွက်လာသည်ကို တွေ့လိုက်ရသည်။ အစောင့်မှာ သူ့ကိုမြင်သည်နှင့် အနည်းငယ် သံသယဝင်သွားသလို ဖြစ်သွားပြီး လျှပ်စစ်တုတ်နှင့် ထိုးပြကာ ပြောလိုက်သည်။
"ဟေ့ ... ဒီနေ့အတွက် အလုပ်ပြီးပြီဆိုတာ မသိဘူးလား"
ရှုချန်း "ကျုပ်အိတ် တစ်နေရာရာမှာ မေ့ကျန်ခဲ့လို့ဗျာ။ အုဲါ ခင်ဗျားတို့များ မြင်မိသေးလားလို့ လာမေးတာ။ စီစီတီဗီကင်မရာတွေကနေ ကျုပ်သွားခဲ့တဲ့ နေရာတွေကို ကြည့်ပြီး အိတ်များ ကူရှာပေးနိုင်မလားလို့"
လုံခြုံရေးအစောင့်က သူ့စကားကို မယုံတဝက် ယုံတဝက်နှင့် "မင်းရဲ့ ဝန်ထမ်းကဒ်ကို ပြပါဦး"
ရှုချန်းလည်း ကဒ်ကို အစောင့်ထံ ကမ်းပေးလိုက်၏။ အစောင့်နှင့်ကဒ် လက်မ အကွာအရောက် ရှုချန်း ရုတ်တရက် ပြေးထွက်သွားပြီး ကဒ်ပြားကြိုးနှင့် အစောင့်၏ လည်ပင်းအား ရစ်ပတ်လိုက်သည်။ ထို့နောက် ရုန်းရင်းဆန်ခတ်နေသော အစောင့်အား မှောင်မိုက်နေသော ရုံးခန်းတစ်ခုထဲ ဆွဲခေါ်သွားလိုက်လေ၏။
မကြာမီ စောင့်ကြည့်ခန်းအတွင်းမှ လူ ၃ ဦး ထွက်လာပြီး စင်္ကြန်အား စစ်ဆေးလေတော့၏။ ယောက်ျားတစ်ဦးက ပခုံးနှင့်ကပ်လျက် မိုက်အား ကပ်ပြောလိုက်သည်။
"သတိထားကြ။ အဆောက်အဦထဲ လူစိမ်းတစ်ယောက် ရောက်နေနိုင်တယ်"
အပေါ်ထပ်မှ ထိပ်ပြောင်နှင့်လူလည်း ယင်းသတိပေးစကားကို ကြားသည်နှင့် လက်နက်ကိုင် သက်တော်စောင့် လေးဦးအား အမိန့်ပေးလိုက်သည်။
"အောက်ထပ်ကို သွားစစ်ကြည့်စမ်း"
လုံခြုံရေးအစောင့်သုံးဦးမှာ ၎င်းတို့၏အဖော် ဆွဲခေါ်ခံသွားရသော အမှောင်ခန်းထဲသို့ သတိကြီးကြီးထား၍ ဝင်သွားကြ၏။ ရှုချန်းမှာမူ ပြတင်းပေါက်မှ တဆင့် အပြင်သို့ ကျော်တက်ကာ အဆောက်အဦ နံရံအတိုင်း လျှောက်သွားပြီး စောင့်ကြည့်ရေးအခန်း ပြတင်းပေါက်ထဲသို့ ကျော်ဝင်လိုက်လေ၏။
သူ မလာခင် စစ်ဆေးခဲ့စဉ်ကအတိုင်း စနစ်အားလုံး ပွင့်နေသည်ကို တွေ့လိုက်ရသည်။ သို့နှင့် စောင့်ကြည့်ရေးစနစ်အားလုံးကို ပိတ်လိုက်လေ၏။
အစောင့်သုံးဦးမှာ သတိလစ်မေ့မျောနေသော လုပ်ဖော်ကိုင်ဖက်မှအပ တစ်ခြား ဘာကိုမှ မတွေ့သည့်အဆုံး စောင့်ကြည့်ရေးအခန်းသို့ ချက်ချင်း ပြန်ပြေးလာကြသည်။
သို့သော် တံခါးကို ဖွင့်လိုက်သည်နှင့် အစောင့်နှစ်ယောက်မှာ ရှုချန်း၏ ဆွဲချုပ်ခြင်းကို ခံလိုက်ရပြီး နံရံနှင့် လှလှပပ မိတ်ဆက်သွားလေတော့၏။ ထို့နောက် ရှုချန်းလည်း တံခါးအပြင်သို့ တဟုန်ထိုး ပြေးထွက်သွားပြီး တစ်ဦးတည်း ကျန်တော့သည့် အစောင့်အား ခြေကန်ချက်တစ်ချက် ပစ်သွင်းလိုက်၏။
ယင်းအစောင့်လည်း အခန်းအပြင်နံရံနှင့် ကပ်လျက် သတိလစ်သွားတော့သည်။ ရှုချန်းလည်း အစောင့်သုံးဦးအား စောင့်ကြည့်ရေးအခန်းထဲ ဆွဲခေါ်သွင်းလိုက်လေသည်။
စောင့်ကြည့်ရေး ကင်မရာနှင့် စနစ်အားလုံး ပျက်သွားကြောင်း သေချာသည်နှင့် အခန်းအတွင်းမှ အလွန်တရာ စိတ်အေးလက်အေး နိုင်လှသော အမူအရာနှင့် ထွက်လာလေသည်။
ဓာတ်လှေကား၌ စောင့်နေရင်း လက်နက်ကိုင် သက်တော်စောင့် လေးဦး ဆင်းလာသည်ကို တွေ့လိုက်ရသည်။ အစောင့်လေးဦးမှာ နှစ်ဦးစီ ဓာတ်လှေကားနှစ်စီးနှင့် ဆင်းလာကြခြင်း ဖြစ်သည်။
ရှုချန်းလည်း ခပ်လှမ်းလှမ်း တစ်ဖက်မှ ဓာတ်လှေကားတစ်စီးဆီ လျှောက်သွားကာ နံရံကို မှီနေလိုက်သည်။ ပြီးလျှင် သက်တော်စောင့်လေးဦး ထွက်လာသည်အထိ စောင့်ဆိုင်းနေလိုက်၏။ သက်တော်စောင့်များ ထွက်လာသည်နှင့် ရှေ့တည့်တည့် အစောင့်ဆီမှ သေနတ်ကို ဖျတ်ခနဲ လုယူပြီး ၎င်းအစောင့်အား ရှေ့တွင် ကာရံကာ သေနတ်သုံးချက် ဆက်တိုက်ပစ်ချလိုက်သည်။
ကောင်းစွာ လေ့ကျင့်သင်ကြားထားသော ၎င်းသက်တောင်စောင့်သုံးဦးမှာ သေနတ်သံကြားသည်နှင့် ချက်ချင်း ကိုယ်ကို ဝပ်ချပြီး ပြန်ပစ်ရန် ပြင်လိုက်သည်။ သို့သော် ရှုချန်း၏ လက်ချက်ဖြင့် လေးယောက်သား အတုံးအရုံးလဲကျပြီး ကြမ်းပြင်ထက် သတိလစ်မေ့မျောသွားလေတော့၏။
ရှုချန်းလည်း ပစ္စတိုတစ်လက်ကို ကောက်ယူပြီး ခါးကြား ထိုးလိုက်သည်။ ပြီးလျှင် ဓာတ်လှေကားထဲ ဝင်ပြီး အမြင့်ဆုံးအထပ် ခလုတ်ကို နှိပ်လိုက်လေသည်။
အပေါ်ပြန်တက်လာသော ဓာတ်လှေကား အချက်ပြဂဏန်းများကြောင့် သက်တောင်စောင့် ၁၆ ဦး၏ မျက်လုံးများ ကျဉ်းမြောင်းသွားကြသည်။ သူတို့အားလုံး ဓာတ်လှေကားဆီ သတိကြီးကြီး လှမ်းသွားကြ၏။ မကြာသေးခင်ကမှ ဆင်းသွားခဲ့သော ဓာတ်လှေကားအတွက် ချက်ချင်း အပေါ်ပြန်တက်လာဖို့ ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပေ။
ဓာတ်လှေကားနှင့် အနီးဆုံး သက်တောင်စောင့်ငါးဦးက ချက်ချင်းပင် ဓာတ်လှေကားအား ပိတ်ဆို့ ဝန်းရံလိုက်၏။
ဒင် ...
ဓာတ်လှေကား ပွင့်သွား၏။ သတိကြီးကြီးထား၍ သေနတ်နှင့် ချိန်ရွယ်ထားသော သက်တောင်စောင့်ငါးဦးမှာ ဓာတ်လှေကားထဲ မည်သူမျှ မလိုက်ပါလာသည်ကို တွေ့လိုက်ရသည်။
အမှန်တကယ်အားဖြင့် အတက်လမ်း၌ ရှုချန်းမှာ ဓာတ်လှေကား ခေါင်မိုးကိုဖွင့်၍ အပေါ်သို့ တက်သွားပြီ ဖြစ်၏။ ယခုအခါ ဓာတ်လှေကားထိပ်၌ သူ ရပ်နေပြီ ဖြစ်သည်။
သက်တောင်စောင့်ငါးဦး စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချလိုက်၏။ ထိုအချိန်ရောက်မှ ဓာတ်လှေကားထဲ ရှုချန်း ရုတ်တရက် ခုန်ဆင်းလာပြီး သေနတ် ၅ ချက် ပစ်လွှတ်ကာ အစောင့်ငါးဦး၏ ဇီဝိန်ကို ခြွေလိုက်လေသည်။
အခန်း ၂၆၁ ပြီး