ကျောက်ယွဲ့သည် အသံမထွက်ဘဲ သူမတို့အနောက်သို့ လိုက်နေရာက ဤအခိုက်အတန့်တွင်တော့ သူမသည် နောက်ဆုံးတွင် မပြောသာဘဲမနေနိုင်တော့ဘဲ
“ဒါပေမယ့် သူသာ လက်စားချေမယ်ဆိုရင် မမလေးကို အရင်လက်စားချေလောက်မယ်မဟုတ်ဘူးလား”
လီဝေ့ရန် လှည့်ကြည့်လိုက်တော့ ကျောက်ယွဲ့၏စိတ်ရှုပ်ထွေးသောအမူအရာကိုမြင်သဖြင့်သူမက တိုးတိတ်စွာဖြင့်
“မဟုတ်ဘူး။ သူက တော်တော်လေးဂုဏ်မောက်တဲ့သူဆိုတော့ သူသည်းမခံနိုင်တာက သစ္စာဖောက်ခြင်းပဲ။ ဤလောကကြီးမှာ သူသာလျှင် သူတပါးကို သစ္စာဖောက်သောသူဖြစ်ချင်တာ။ သူ့ကို သစ္စာဖောက်ဖို့ တခြားသူတွေကို သူခွင့်မပြုဘူး။ သူနဲ့ငါ့အကြားမှာတော့ မိတ်ဆွေဖြစ်ခဲ့တယ်ဆိုတာ လုံးဝမရှိခဲ့ဘူးဆိုတော့ သူ့ကိုငါ ကျီစားတာမထူးဆန်းဘူး။ ဒါပေမယ့် ကျောင်းဟွာက သူ့ရဲ့စစ်တပ်၅သောင်းကို သေစေခဲ့ရတယ်။ အခုဆို ကျောင်းဟွာက သူ့ကို အန္တရာယ်ဖြစ်စေဖို့ ကစားပွဲတစ်ခုကို ဖန်တီးခဲ့တယ်လို့တောင် ခံစားနေရမှာ။ မင်းပြောကြည့် သူကျောင်းမိသားစုကို ဘယ်လို ဆက်ဆံမယ်ထင်လဲ? ငါဆိုရင်တော့ သူတို့ကို ဖြိုခွဲပျက်သုဉ်းစေမှာ"
လီဝေ့ရန်နှင့် လီယွမ်ဟန့်တို့သည် ခဏတာသာ အတူရှိကြသော်လည်း တစ်ဖက်သူ၏စရိုက်ကို သိရှိဖော်ထုတ်မိကြ၏။ သူသည် ထော့ပါကျန်းနှင့်အတူတူပင်။ အရေးကြီးဆုံးအချက်ကတော့ ကြီးကျယ်တဲ့ရည်မှန်းချက်များပင်။ ကျောင်းဟွာသည် တစ်ဖက်သား၏ကြီးမားသောရည်မှန်းချက်ကို ဖျက်ဆီးလိုက်သလိုဖြစ်ကာ တပ်သား၅သောင်းသည် ပြန်မလာနိုင်တော့သဖြင့် မိုဖေ့ပြည်၏ထီးနန်းကို လုံးဝဆုံးရှုံးခဲ့ရပေလိမ့်မည်။ သူသာ နန်းတွင်းကိုပြန်သွားရင် အပြစ်ပေးခံရလိမ့်မယ်။ ကျောင်းဟွာကို သူဘယ်လောက်မုန်းတီးနေတယ်ဆိုတာက လက်သင့်ခံနိုင်လောက်စရာဖြစ်ပြီး ဒီလက်စားချေမှုကို သူက အရင်ဦးဆုံးလက်ဦးမှုရယူသွားလိမ့်မယ်။
ကျောင်းဟွာ! ရှင်က တို့ကို ကြိုးဆွဲချင်နေတာပဲ။ ဒီ့အတွက်တော့ ရှင်က တို့ကို ရက်စက်တဲ့အတွက် အပြစ်မတင်သင့်ဘူး။ ဒီ့အပြင်၊ ရှင်အမြဲတမ်းလိုချင်ခဲ့တဲ့အရာက တို့အသက်ဆိုမှတော့ ဒီနည်းလမ်းနဲ့ပဲ တို့ကရှင့်ကိုသဘာဝကျကျပြန်တုံ့ပြန်တာပဲ! လီဝေ့ရန်သည် ညလေညှင်းတိုးသံကို ကြားလိုက်ရပြီး သူမ၏အသံသည် ပိုမိုပျော့ပျောင်းလာကာ
"နွေဦးပေါက်ကိုတောင်ရောက်နေပြီဆိုတော့ လေက မအေးတော့ဘူးပဲ”
၂ရက်အကြာကျောင်းအိမ်တော်
ကျောင်းဟွာသည် ညတိုင်းခေါင်းကိုက်ခြင်းကို ခံစားရသဖြင့် အမွှေးနံ့သာမထွန်းညှိပါက ကောင်းကောင်းအိပ်မပျော်နိုင်သော်လည်း စောစောတော့နိုးကြားနေသေးသည်။ ပြတင်းပေါက်အပြင်ဘက်တွင် ကြက်တွန်သံကို တိုးတိုးလေးကြားလိုက်ရသောကြောင့်မျက်လုံးများက မသိစိတ်မှဖွင့်လာကာ ညစောင့်အစေခံ၏အမည်ကို အော်ခေါ်သော်လည်း မည်သူမှတုံ့ပြန်ခြင်းမရှိနေပေ။
အပြင်ဘက်က ကောင်းကင်က မလင်းထိန်သေးဘဲရှိနေရာ အခန်းထဲမှာ ဖယောင်းတိုင်မီးက တောက်လောင်နေသေးတယ်။ သူ ကုတင်ပေါ်မှ ထထိုင်လိုက်တော့ အခန်းထဲတွင် လူသေအလောင်းကောင်နှစ်ဦးရှိနေသည်ကိုတွေ့လိုက်ရတော့၏။ ထို၂ဦးစလုံးသည် သူ့အိမ်တော်ဝင်း၏ညစောင့်အစေခံများပင်။ သူ့အကြည့်တွေ တင်းမာလာပြီး ကျောချမ်းလာကာ ကုတင်ပေါ်ကနေအမြန်ထ၍ သူ့အဝတ်အစားတွေဝတ်ဖို့တောင်အချိန်မယူတော့ဘဲ အမြန်ထွက်လာသည်။ ခြံအပြင်ဘက်မှာလည်း လူသေအလောင်းတွေနဲ့ ပြည့်နှက်နေတယ်။ သူသည် ထိုအလောင်းကောင်များ တစ်ချက်မှမကြည့်ဘဲ တလမ်းလုံးပြေးလာပြီး တံခါးဝကို လှမ်းကြည့်လိုက်တော့ အစောင့်အကြပ်တွေက မြေကြီးပေါ်မှာ သေဆုံးနေတာကိုတွေ့လိုက်ရတယ်။ သူတို့အားလုံး ခေါင်းတွေပြတ်ကုန်ပြီ။
အိမ်စင်္ကြန်လမ်းအထက်ရှိ ဆည်းလည်းလေးသည် တောက်ပကာတချွင်ချွင်မြည်နေသော်လည်း ကျောင်းဟွာသည်အလိုအလျောက် အောက်ကိုငုံ့ကာ အော့အန်မိတော့သည်။ မကြာခင်မှာ တန်းတန်းမတ်မတ်နဲ့ သူ့အဖေရဲ့ခြံဝန်းထဲကို လျှောက်သွားတော့တယ်။ ခြံဝင်းအတွင်းရှိ အစိမ်းရောင်ကြွေပြားများနှင့် အနီရောင် နံရံများ၊ ခြံဝင်းအတွင်းရှိ စိမ်းလန်းစိုပြေသော ပန်းများနှင့် သစ်ပင်များ၊ ငှက်အော်သံများသည် အထူးအဆန်းတော့ဖြစ်မနေချေ... ဒီဝန်းထဲကိုရောက်လာရင် ပြန်မထွက်နိုင်လောက်အောင် အလှဆင်ထားသည်မလား။
အိမ်တော်တံခါးဝကို ဖြတ်ကျော်ဝင်ရောက်သောအခါ ကျောင်းဟွာသည် တုန်လှုပ်သွားပြီး သူ့တစ်ကိုယ်လုံး တံခါးပေါ်မှ ပြုတ်ကျကာ အလွန်အရှက်တကွဲဖြစ်သွားရသည်။ သူကခေါင်းကိုမော့ပြီး ကုတင်ပေါ်ကလူကို စိုက်ကြည့်ရင်း မျက်လုံးအကြည့်တွေ လုံးဝရပ်တန့်သွားရတယ်။
ကျောင်းရွှီနှင့် ကျောင်းပထမသခင်မသည် ကုတင်ပေါ်တွင် ဘေးချင်းကပ်လျက် အိပ်နေသည်။ နှစ်ယောက်စလုံးက သေဆုံးနှင့်နေပြီ။ အခန်းတွင်းရှိပစ္စည်းများသည် ခြေရာလက်ရာမပျက်ရှိနေပြီး တံခါးကလည်းပိတ်ထားဆဲပင်။ သို့သော်လည်း ကျောင်းရွှီ၏ဦးခေါင်းသည် ခန္ဓာကိုယ်နှင့် တွဲနေသေးသော်လည်း အကြိမ်ပေါင်းများစွာ ခုတ်ခြင်းခံခဲ့ရသည်။ ဒါကြီးက သိပ်ကိုကြောက်လန့်ဖို့ကောင်းနေပြီ...
ကျင်းကျိုးယင်းနှင့် လျောင်ချန်ချင်းတို့သည် ကျောင်းအိမ်တော်သို့ရောက်သောအခါ တစ်နာရီကြာနေပြီဖြစ်သည်။ ထူးထူးခြားခြား ဆိတ်ငြိမ်သော ဤအိမ်တော်ကြီးတွင် ဟင်းသီးဟင်းရွက်သယ်ပို့ရန် တာဝန်ခံဈေးသည်က မနက်မိုးလင်းတော့ အိမ်နောက်ဖေးတံခါးမှ ဝင်လာသောအခါတွင် အရာအားလုံး ပျက်ယွင်းနေသည်ကိုမြင်ခဲ့ရခြင်းဖြစ်သည်။ လျောင်ချန်ချင်းသည် အစီရင်ခံစာကို ရရှိသည်နှင့် ဝေါယာဉ်ပေါ်တွင်ပင် ထိုင်ရန်ပင် အချိန်မရှိသောကြောင့် သူသည် လမ်းတစ်လျှောက်လုံး ကျောင်းမိသားစုအိမ်တော်သို့ မြင်းဖြင့်ဒုန်းစိုင်းပြေးသွားရတယ်။ လမ်းတစ်လျှောက်မှာ ရာနဲ့ချီတဲ့ အလောင်းတွေ ရှိနေတယ်။ သူက ခဏတာ ထိတ်လန့်သွားရတယ်။ ကျောင်းမိသားစုသည် လျှို့ဝှက်အစောင့်များစွာကို ဝှက်ထားခဲ့တာပဲ။ မဟုတ်ဘူး၊ ဒီမှာ လူလေးဆယ်ငါးဆယ်လောက်ရှိတယ်။ သူတို့သည် ကျောင်းမိသားစု၏ လျှို့ဝှက်အစောင့်များ မဟုတ်ဘူးဆို သူတို့က လူသတ်သမားတွေလား?...ဒါပေမယ့် အခုတော့ သူကဒါကို မတွေးနိုင်သေးဘူး။ ကျောင်းမိသားစုရဲ့ သခင်တွေ အသက်ရှင်နေသေးလားဆိုတာ အရေးတကြီးသိဖို့လိုတယ်။ အိမ်ကြီးရှင်သခင်ရဲ့အိမ်တော်ဝန်းက ဘယ်မှာရှိမှန်း မသိသဖြင့် အစောင့်အကြပ်များဖြင့် အတွင်းဘက်တွင်ရှာဖွေရာကမှ နောက်ဆုံးတွင် ကျောင်းရွှီ၏အိမ်ခန်းကို တွေ့ရှိတော့သည်။
အခန်းထဲကို ဝင်လာတေ့ အခန်းထဲမှာ သွေးတွေစွန်းထင်းနေပြီး ရနံ့သင်းသင်းလေးတစ်ခု ရှိနေတာကို သတိထားမိလိုက်တယ်။ ဒါကိုကြည့်ချင်းဖြင့် လူသတ်သမားက ဆေးသုံးခဲ့သည်ကို သိမြင်နိုင်သည်...လျောင်ချန်ချင်း၏ မျက်လုံးများသည် အခန်းတွင်းရှာဖွေပြီးနောက် ကုတင်ပေါ်ရှိ အလောင်းနှစ်လောင်းဆီကျရောက်သွားပြီးနောက်မှနောက်ဆုံးတွင် အခန်းထောင့်ကို ရောက်ရှိသွားတယ်။ ထိုအခန်းထောင့်တွင် မီးခိုးရောင်အရိပ်တစ်ခုရှိနေပြီး အချည်းနှီး ရုန်းကန်နေရသော သေခါနီးသော လိပ်ပြာတစ်ကောင်ကဲ့သို့ လူတစ်ယောက်က ခေါင်းငိုက်စိုက်ကျနေသည်။ သူသည် နေမထွက်သော အရပ်၌ ထိုင်နေသဖြင့် အလင်းနှင့်အမှောင်သည် အနက်ရောင်အရိပ်ကို ဆွဲငင်ကာ မြေကြီးပေါ်တွင်ပျံ့ဝဲနေပြီး အလွန်အုံ့မှိုင်းနေ၏။
"တတိယသခင်လေး"
လျောင်ချန်ချင်းက အံ့အားသင့်သွားပြီး ထိုလူကို စိုက်ကြည့်ကာ
"ဘာဖြစ်တာလဲ"
ကျောင်းမိသားစုအားလုံး ညတွင်းချင်း ဘာကြောင့်သေသွားရတာလဲ? ဘာကြောင့်လဲ? ကျောင်းရွှီ၊ ကျောင်းလီ၊ ကျောင်းရန်၊ ကျောင်းမိသားစု၏ဇနီးသည်နှစ်ယောက်အပါအဝင် ကျောင်းမိသားစု၏ကြက်နှင့်ခွေးများကိုပင် လူသတ်သမားမှ အသက်ရှင်သန်ခွင့်မပြုခဲ့ပေ။ ဤလောက်ထိ လုပ်ကြံရန် ဘယ်လို အမုန်းတရားများရှိနေလို့လဲ? ကျောင်းဟွာတစ်ယောက်တည်းကို ဘာကြောင့် ရှင်သန်စေခဲ့ရတာလဲ?
ဒါပေမယ့် ကျောင်းဟွာကို တစ်ယောက်တည်း ရှင်သန်စေခဲ့တာက ကြင်နာမှုမဟုတ်ဘူး! သူ့ရဲ့ချစ်ခင်ရသော ဆွေမျိုးသားချင်းအားလုံးကို သေဆုံးသွားရတာကို အသက်ရှင်လျက်ကြည့်စေတာက ရက်စက်တဲ့ ပြစ်ဒဏ်နဲ့ ပိုတူတယ်။ ဒါပေမယ့် တစ်ဖက်လူက ဘယ်လိုစိတ်နဲ့များလုပ်ခဲ့တာလဲ? ကျောင်းမိသားစုသည် ရာစုနှစ်များစွာ သက်တမ်းရှိသော မိသားစုကြီးတစ်ခုဖြစ်သည်။ လျှို့ဝှက်စွာ သိုဝှက်ထားသော လျှို့ဝှက်အစောင့်အကြပ်များစွာရှိပြီး စွမ်းရည်ထက်မြက်သူများပင်။ မူလက ကျောင်းရွှီနှင့် ကျောင်းရန်တို့သည် ကျောင်းနယ်စားသခင်ကြီးကိုတွေ့ဆုံရန် သွားရောက်ခဲ့သော်လည်း လမ်းတစ်ဝက်တွင် ပြန်လှည့်လာခဲ့ပြီး၊ နယ်စားမင်းအိမ်တော်ကြီး၏ ဒုတိယအိမ်တော်သခင်ကျောင်းလီသည် အိမ်တော်သို့ပြန်ရောက်လာသည်မှာ လဝက်သာသာပင်ရှိသေးတယ်။ သူတို့အားလုံးသည် နတ်ဘုရားများကဲ့သို့ စစ်သည်တော်များကို ထိန်းကွပ်ပေးရသည့် စစ်သူကြီးများဖြစ်သည်။ သူတို့က ဘယ်လိုလုပ် သတိမရှိဘဲ ဒီအတိုင်း အသတ်ခံလိုက်ကြရတာလဲ? ဒါက ဘယ်လို ကြောက်စရာကောင်းတဲ့ ကိစ္စပါလိမ့်!
လျောင်ချန်ချင်း၏စိတ်ထဲတွင် မေးခွန်းများ အစီအရီဝင်လာသောကြောင့် အာရုံတွေထွေပြားလာစေရသည်။ သူသည် အမှန်တရားကိုသိရှိဖို့ဆို ကျောင်းဟွာကို လှမ်းမေးရုံမှတပါး ရွေးချယ်စရာမရှိတော့ပေ။
ကျောင်းဟွာသည် ခေါင်းကို ဖြည်းညှင်းစွာ မော့လာပြီး လျောင်ချန်ချင်းကို စိုက်ကြည့်နေသော်လည်း သူ့အား မမြင်ရသလိုမျိုး တစ်ခြားတစ်စုံတစ်ခုကိုမြင်ရဟန်ဖြင့် မတ်တပ်ရပ်လိုက်ကာ သွေးရူးသွေးတန်းဖြစ်လာတော့သည်။
လျောင်ချန်ချင်းက သူ့ကိုဆွဲတားဖို့ ရှေ့တိုးလာပေမယ့် ခွန်အားတွေဘယ်ကရလာမှန်း မသိတဲ့ကျောင်းဟွာက သူ့ကို မြေပြင်ပေါ် ပစ်ချပြီး ဒေါသတကြီး အော်ဟစ်လိုက်ငိုကြွေးနေတော့တယ်။ လူသတ်သမားတွေက မိုဖေ့ပြည်ကဆိုတာသူသိတယ်။ အဲဒီလူတွေက ဝံပုလွေအမှတ်အသားကို ထားခဲ့တယ်။ သူ့အဖေ၏မျက်နှာပေါ်တွင် ဝံပုလွေပုံအမှတ်အသားတစ်ခုကို ပုံဖော်ထားသည်။
ဟုတ်တယ်! သူ၊ ကျောင်းဟွာသည် မိုဖေ့လူမျိုးများနှင့် နီးကပ်စွာ အဆက်အသွယ်ရှိပြီး တိုင်းပြည်ကို သစ္စာဖောက်ခဲ့သည်မှာ ကြာမြင့်ပြီဟုပင် ဆိုနိုင်သော်လည်း ဒါကို ငတုံးများကသာသစ္စာဖောက်တယ်ဟုပြောကြလိမ့်မယ်။ ယခုအချိန် တာ့လီတော်ဝင်မိသားစုသည် ကြာရှည်စွာ ပျက်စီးယိုယွင်းနေပြီဖြစ်ပြီး တစ်နေ့တွင် အစားထိုးခံရမည်ဖြစ်သည်။ သူတို့၏ကျောင်းမိသားစုသည် မျိုးဆက်များအတွက် ကြီးမားသော ပံ့ပိုးကူညီမှုများပြုလုပ်ခဲ့ပြီး အရည်အချင်းရှိသောသူများအများအပြား ပေါ်ထွက်လာခဲ့သည်။ ဒါကြောင့် ဘာလို့ ထော့ပါမျိုးနွယ်တွေကို အစားမထိုးနိုင်ရမှာလဲ? ဒါပေမယ့် သူ့အဘိုးအပါအဝင် ဒီစိတ်ကူးကို ဘယ်သူ့ကိုမှ မပြောပြခဲ့ဖူးဘူး။
ကျောင်းဟွာသည် မိုဖေ့ပြည်နှင့် ရှင်ကျန်းတောင်ပိုင်းရှိလူများနှင့်တိတ်တဆိတ်ဆက်သွယ်နေခဲ့သည်။ ဘယ်သူပဲဖြစ်ပါစေ၊ အသုံးဝင်သရွေ့တော့ အားလုံးကိုပေါင်းသင်းဆက်ဆံပြီး အသုံးချနိုင်တယ်လေ! မိုဖေ့ပြည်သည် တာ့လီပြည်တွင် လျှို့ဝှက်တပ်ဖွဲ့တစ်ဖွဲ့ကို နှစ်ပေါင်းများစွာ တပ်စွဲခဲ့ပြီး ဒါက ကျောင်းဟွာ လေ့ကျင့်ပေးထားသည့်အဖွဲ့ဖြစ်သည်။ တစ်နေ့မှာ အသုံးဝင်လာဖို့အတွက် သူကိုယ်တိုင် လေ့ကျင့်ပေးခဲ့ခြင်းဖြစ်သည်။ သူ့တွင် ဗျူဟာရှိပြီး လီယွမ်ဟန့်တွင် ရည်မှန်းချက်များရှိသည်။ သူတို့ထဲက တစ်ယောက်က ကျောင်းမိသားစုကို ဖော်ညွှန်းဂုဏ်ဆောင်လိုပြီး ကျန်တစ်ယောက်က မိုဖေ့ပြည်ကိုရည်ညွန်းလိုတယ်။ သူတို့သည် ရင်းနှီးသူများဖြစ်ကြသဖြင့် တစ်ယောက်နဲ့တစ်ယောက် သတိထားနေကြပေမယ့် လိုအပ်တဲ့အခါ တစ်ယောက်ကိုတစ်ယောက် လက်နက်ပိုင်းဆိုင်ရာလျှို့ဝှက်ချက်တွေ လဲလှယ်ကြတယ်။ မိုဖေ့မင်းသား၏ဤလေ့ကျင့်ထားသော လူသတ်သမားတပ်ဖွဲ့သည် မိုဖေ့ပြည်နှင့်ပတ်သတ်လျှင် လူသတ်ရာမှာ မျက်တောင်တစ်ချက်ပင်ခတ်မှာမဟုတ်ပဲ အခြားတစ်ဖက်ကသာမိုဖေ့ပြည်၏စစ်ရေးအစီရင်ခံစာကို ဝယ်ယူလိုလျှင် သင့်လျော်သောအကျိုးခံစားခွင့်များဖြင့် လဲလှယ်ရောင်းချနိုင်သည်။ သူတို့အားလုံးကို သစ္စာဖောက်များဟု ဆိုနိုင်သော်လည်း အလားတူပင်၊ သူတို့အားလုံးသည် အောင်ပွဲ သို့မဟုတ် စစ်ပွဲတွင် ရှုံးနိမ့်ခြင်း၏ခြယ်လှယ်နိုင်သူများဖြစ်သည်။ ဒါက မယုံနိုင်စရာလို့ ထင်ရပေမယ့် အမှန်တရားပင်။
(T/N: နှစ်ဖက်ခွအဖွဲ့စည်းလိုသဘောမျိုးပါ)
လီဝေ့ရန်က သူ့ကိုတွန်းအားပေးလျှင်တောင်ကျောင်းဟွာသည် ဤအဖွဲ့စည်းကိုအသုံးပြုရန် ဘယ်သောအခါမှ မတွေးခဲ့ပေ။ မိုက်မဲသောမိန်းကလေးတစ်ယောက်ကြောင့် နှစ်ပေါင်းများစွာ ဖန်တီးခဲ့ရသည့် အစီအစဉ်ကို စွန့်လွှတ်မည်မဟုတ်ပေ။ ဒီတပ်ဖွဲ့များက အချိန်မတိုင်ခင် တာ့လီပြည်တွင်ထွက်ပေါ်လာလို့မရပေ။ ဒါပေမယ့် အခုအချိန်မှာ လီယွမ်ဟန့်က ဘာလုပ်ခဲ့သလဲကြည့်ဦး! သူသည် ကျောင်းမိသားစုဝင်အားလုံးကို သတ်ရန်အတွက် ကျောင်းဟွာ လေ့ကျင့်ပေးထားသော လျှို့ဝှက်လူသတ်သမားများကို အမှန်တကယ် အသုံးပြုခဲ့သည်။ ဟုတ်တယ်၊ ကျောင်းဟွာကလွဲရင် အားလုံးသေဆုံးသွားပြီ။ ရယ်စရာကောင်းလိုက်ပုံများ! လောကကြီးမယ် ဒီလိုရယ်စရာကောင်းတာမျိုးကရှိနေတာပဲ!
ကျောင်းဟွာသည် တိုက်ပွဲအခြေအနေသတင်းကို သတိရမိသွားသည်။ ထော့ပါယုသည် မူလက မိုဖေ့စတုတ္တမင်းသားကို လိုက်ရှာရုံသာဖြစ်ခဲ့သော်လည်း တာ့လီနယ်စပ်တွင် စုဝေးပြီးသော မိုဖေ့စစ်သည်တော်၅သောင်းဆီသို့ ဦးတည်သွားသည်။ သေချာပေါက် မိုဖေ့လူမျိုးများ လျှို့ဝှက်စွာ စုရုံးနေကြသည်ကို လူတိုင်းသိကြသော်လည်း မည်သည့်အချိန်တွင် တိုက်ခိုက်မည်ကို မသိကြတာပင်။ သို့ပေမယ့် ဤတပ်ဖွဲ့များက ထော့ပါယု၏တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ဒါတင်မကသေးဘဲ၊ သူက ဒီတပ်မကြီးကိုတိုက်ခိုက်ဖို့ ကြောက်စရာကောင်းတဲ့ နည်းလမ်းကိုသုံးပြီး အပြည့်အဝ ချေမှုန်းပစ်ခဲ့တယ်။ ထိုအချိန်တွင် လေတိုက်နှုန်းသာ ပြောင်းလဲသွားပါက ထော့ပါယုလည်းသေချာပေါက် သေဆုံးမည်ဖြစ်ပြီး တာ့လီပြည်ရှိ တပ်ဖွဲ့ဝင်သောင်းကျော်ကိုလည်း ဖယ်ရှားပစ်နိုင်ပြီးသားဖြစ်လိမ့်မည်။ သို့သော်၊ သူအနိုင်ရသွားသည်။ သွေးမစွန်းစေဘဲအနိုင်ရသွားခဲ့သည်၊ ပြီးပြည့်စုံစွာဖြင့်လေ!
တစ်ချိန်တည်းတွင် မိုဖေ့ဧကရာဇ်လုံရှင်းသည် ကျောင်းမိသားစုကို အာဏာပြန်ရစေမည့် သူ၏မူလအစီအစဉ်ကို စွန့်လွှတ်ခဲ့သည်။ ထိုအချိန်တွင်၊ ကျောင်းဟွာသည် ဘယ်နေရာက မှားယွင်းသွားသည်ကို နားမလည်ခဲ့ပေ။ လီယွမ်ဟန့်က သူ လီဝေ့ရန်ကို ထိန်းချုပ်ထားနိုင်ပြီလို့ မူလက မပြောဖူးလား? ဒါပေမယ့် အဆုံးမှာ သူပြန်ပေးဆွဲတဲ့လူက ဘာလို့ လျူမယ်မယ်ကြီး ဖြစ်သွားရတာလဲ? ဒီ့အတွက် လီယွမ်ဟန့်သည် တစ်ကမ္ဘာလုံး၏ရယ်မောစရာဖြစ်လာရုံသာမက စစ်မြေပြင်တွင် တပ်ဖွဲ့ဝင်တော်တော်များများကို မြှုပ်နှံပစ်ခဲ့ရပြီ။
ယခုအချိန်တွင် ကျောင်းဟွာသည် အလောင်းများကို ကြမ်းပြင်ပေါ်တွင် လှဲလျောင်းနေတာကို ကြည့်ရင်း လီဝေ့ရန်၏မျက်နှာသည် သူ့စိတ်ထဲတွင် ရုတ်တရက် ပေါ်လာသည်။
သူမ၏မျက်နှာသည် တိုးတိုးတိတ်တိတ်ဖြင့်၊ ရက်စက်စွာ ပြုံးနေကာ လျစ်လျူရှုသော မျက်နှာထားဖြင့် လှောင်ပြောင်မှုများနှင့် ပြည့်နေသည်။
144.1.ရေနစ်သူဝါးကူထိုး (စာမြည်း)
"ကျုပ်က သူမဆီကတကယ်လှည့်စားခံလိုက်ရတာပဲ! ကျုပ် သူမကို ကိုယ်တိုင်သတ်ပစ်မယ်"