နတ်နဂါးစစ်သည်
အခန်း ၇၃
( မတူညီသော အတွေးကိုယ်စီ )
လင်ချူရွယ်သည် သူမနှင့် ရှုချန်းတို့အကြောင်း အခြားသူများ သိမည်ကို ဂရုမစိုက်အားတော့ချေ။ သူမအား ဝန်းရံထားသော ရဲများကို တွန်းဖယ်ကာ ရှုချန်းရှိရာထံသို့ စိုးရိမ်တကြီး ပြေးသွားတော့သည်။
"ရှုချန်း... ရှုချန်း..."
ယန်ကျင်းနှင့် အခြားသူများလည်း ရှုချန်းရှိရာဆီသို့ ချက်ချင်းပင် ပြေးလာခဲ့ကြသည်။ ဓားထိုးခံရသော ဒဏ်ရာတဝိုက်တွင် သွေးများ ယိုစီးကျနေပေသည်။
"ဆရာဝန်..."
ဆရာဝန်နှင့် အခြားသူများ ချက်ချင်း ပြေးလာကာ ရှုချန်းကို ထမ်းစင်ပေါ်သို့ တင်လိုက်၏။ လင်ချူရွယ်သည် ရှုချန်း၏ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်နေသည်။
"ကျေးဇူးပြုပြီး လက်ကို လွှတ်ပေးပါ... သူ့ကို ဆေးရုံပို့ရဦးမယ်..."
"ကျွန်မလည်း လိုက်မယ်..."
ယန်ကျင်းလည်း ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများကို တချက်ကြည့်ပြီးမှ လင်ချူရွယ်အား ပြောမရမှန်းသိ၍ လူနာတင်ယာဉ်ပေါ်သို့ လိုက်ပါစေခဲ့သည်။
စာရွက်တရွက်ကဲ့သို့ ဖြူဖျော့နေပြီဖြစ်သော ရှုချန်း၏ မျက်နှာကို ကြည့်ကာ လင်ချူရွယ် လွန်စွာ စိုးရိမ်နေမိသည်။ သူမသည် ရှုချန်း၏ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး "ရှုချန်း... နင် ပြောင်းလဲသွားပြီ..." ဟု ပြောလိုက်သည်။
လင်ချူရွယ်၏ မျက်နှာထက်တွင် အပြုံးတပွင့် ပေါ်လာသည်။ ကြည်နူးမှုတို့ ပြည့်နေသည့် အပြုံး။
"နင့်မှာ သိမ်ငယ်စိတ် မရှိတော့ဘူး... တကယ့်ယောက်ျားတယောက် ဖြစ်လာပြီ... ငါ ဒီနေ့ကို အကြာကြီး စောင့်နေခဲ့ရတာ သိရဲ့လား... နင် ယုံကြည်မှုတွေရှိလာတဲ့နေ့... ငါဟာ နင့်ရဲ့ ဇနီးဖြစ်တယ်ဆိုတဲ့ အကြောင်းကို တကမ္ဘာလုံးကို ကြေညာနိုင်တဲ့နေ့ကို ငါအမြဲတမ်း စောင့်မျှော်နေခဲ့တာ... ဒီနေ့တော့ ရောက်လာပြီထင်တယ်... ငါ့ကို တသက်လုံး ပျော်ရွှင်အောင် ထားနိုင်တယ်ဆိုတာ နင့်ကိုယ်နင် သိလာတဲ့နေ့ကို ငါ စောင့်နေခဲ့တာ..."
လင်ချူရွယ်သည် သူမ အပေါ်အေးစက်စက်နှင့် မထုံတက်တေးလုပ်နေသည့် ရှုချန်းကို လက်ထပ်ရန် လွန်ခဲ့သော ငါးနှစ်က ငြင်းဆန်ခဲ့ပေသည်။ အမှန်တော့ သူမ စိတ်ညစ်နေခဲ့ခြင်းပင်။ ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက သူမအား ရှုချန်း သဘောကျနေသည်ကို မိန်းမသားတို့၏ ဗီဇဉာဏ်ကြောင့် သူမ သိပေသည်။ သို့သော်လည်း သူရဲဘောကြောင်ကာ ရှောင်တိမ်းနေသည့်အတွက် ရှုချန်းကို သူမ စိတ်ဆိုးခဲ့သည်။ အထက်တန်း ကျောင်းသားဘဝတွင် ဖခင်ဖြစ်သူ ကွယ်လွန်ခဲ့ရပြီး နောက်ပိုင်း၌ ရှုချန်းတယောက် ပိုမို တိတ်ဆိတ်လာကာ ယုံကြည်မှုများ ပျောက်ဆုံးလာခဲ့သည်။
ထို့အပြင် ငယ်စဉ်ဘဝက မိခင်နှင့်ပတ်သက်၍ အမျိုးသမီးများ အပေါ် ရှုချန်း အနည်းငယ်ရွံ့မုန်းကာ မယုံကြည်မှုများ ရှိပေသည်။ ထို့ကြောင့်လည်း ရှုချန်းနှင့် အိမ်ထောင်ပြုရန် သူမ ငြင်းဆန်ခဲ့ခြင်း ဖြစ်၏။ သို့သော် အိမ်ထောင်ကျပြီးနောက်တွင်လည်း ရှုချန်းအပေါ် သူမ အေးစက်စက်နှင့် လျစ်လျူရှုထားခဲ့ရသည့် အကြောင်းရင်းမှာ ရှုချန်းသည် သူမ၏ နှလုံးသားကို နာကျင်စေခဲ့ခြင်းကြောင့် ဖြစ်ပေသည်။ ထို့ကြောင့် ရှုချန်းအား မေ့လျော့စေနိုင်ရန် သူမ၏ အလုပ်ထဲ၌သာ စိတ်အာရုံကို နှစ်မြှုပ်ထားခဲ့သည်။ သူမသည် အနုပညာ အသိုင်းအဝိုင်းသို့ ဝင်ရောက်ခဲ့ကာ ရှုချန်း မည်ကဲ့သို့ တုံ့ပြန်မည်ကို စောင့်ကြည့်ခဲ့သည်။ သို့သော် ရှုချန်းသည် လုံးဝ မတုံ့ပြန်ခဲ့ချေ။
ထို့ကြောင့် အချိန်ကြာလာသည်နှင့်အမျှ လင်ချူရွယ်၏ ဘဝတွင် အလိုမကျမှုတို့ ပြည့်နှက်လာကာ မည်သည့်အရာကိုမျှလည်း စိတ်မဝင်စားနိုင်တော့ဘဲ သူမ၏ အနုပညာလုပ်ငန်းကိုသာ အာရုံစိုက်နေခဲ့တော့သည်။
ထို့အတူ ဤအိမ်ထောင်ရေးကိုလည်း မေ့ပစ်ရန် သူမ တွေးတောခဲ့သည်။ သို့သော် ညနေခင်းတခုတွင် ရှုချန်း မူးနေသည့်အတွက် အခြားသူတဦးက ရှုချန်း ဖုန်းဖြင့် သူမကို ခေါ်ဆိုခဲ့သည့် နောက်၌တော့ ငြိမ်သက်နေသော သူမ၏ ဘဝသည် ရေပြင်ထဲသို့ ကျောက်တုံးတတုံး ပစ်ချလိုက်သည့်အလား လှိုင်းတံပိုးတို့ လှုပ်ခတ်သွားခဲ့တော့သည်။ ထိုလှုပ်ခတ်မှု လှိုင်းတံပိုးနှင့်အတူ ရှုချန်းအား မစွန့်လွှတ်နိုင်မှန်း သူမ သိရှိလာခဲ့သည်။
အထူးသဖြင့် ယခုအချိန်တွင် ဒဏ်ရာပြင်းထန်စွာ ရနေသော ရှုချန်းကို မြင်ရသည်မှာ သူမ၏ နှလုံးအိမ် တခုလုံး တဆစ်ဆစ် နာကျင်နေခဲ့ရသည်။
ထို့အပြင် သူတို့ နှစ်ဦး အတူတကွ ဖြတ်သန်းခဲ့ကြသည့် ချိုမြိန်လှပသော ငယ်ဘဝ အတိတ်ဆီသို့ အတွေးများ လွင့်မျောနေမိတော့သည်။ အတွေးကမ္ဘာထဲတွင် နစ်မျောနေသည့်အတွက် ဖုန်းမြည်လာသည်ကိုပင် သတိမထားနိုင် ဖြစ်နေခဲ့သည်။
သူနာပြုက "ရှင့်ဖုန်း မြည်နေတယ်..."
လင်ချူရွယ်သည် ဖုန်းကို ထုတ်လိုက်ရာ မောင်ဖြစ်သူ လင်လဲ့ ဆီမှ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
"ဟယ်လို..."
"အစ်မ... အဖေ အတော်ဒေါပွနေတယ်... နင် ပြောလိုက်ဦး..."
"နင် ဘာတွေလုပ်နေတာလဲ ချူရွယ်..."
"အဖေ..."
မူလက ထိုးသတ်ပွဲပြီးလျှင် သွားရောက်ရန် စီစဉ်ထားခဲ့၏။ သို့သော် ယခုအချိန်တွင် ရှုချန်း သတိလစ်သွားပြီ ဖြစ်၍ သွားရောက်တွေ့ဆုံရန် မဖြစ်နိုင်တော့ချေ။
ထို့ကြောင့် သူမ သက်ပြင်းချလိုက်ကာ "ရှုချန်း မတော်တဆမှုဖြစ်သွားတယ်..."
"သမီးတို့ ဘယ်မှာလဲ..."
စိုးရိမ်မှုတို့ပြည့်နေသောအသံဖြင့် လင်ချူရွယ် အဖေက မေးလိုက်သည်။
"ဆေးရုံကိုသွားတဲ့ လမ်းမှာပါ..."
တဖက်မှ ဖုန်းချသွားခဲ့သည်။
လူနာတင်ယာဉ်သည် ဆေးရုံသို့ ဆိုက်ရောက်လာသည်နှင့်တပြိုင်နက် ရှုချန်းအား အရေးပေါ်ခန်းဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ လင်ချူရွယ် တယောက်လည်း အရေးပေါ်ခန်း ပြင်ပတွင် စိုးရိမ်မှု တပွေ့တပိုက်ဖြင့် ငူငူကလေး ရပ်ကျန်ခဲ့ရတော့သည်။ မကြာမီတွင် ရှန်ယောင်နှင့် ယန်ကျင်းတို့ ရောက်လာကြကာ သူမအား ထိုင်ခုံတွင် ထိုင်ရန် ဖျောင်းဖျခဲ့ကြသည်။
ထို့နောက်တွင် ဝမ်ယင်း လည်း ရောက်လာတော့သည်။ ချောမောလှပသော မိန်းကလေး သုံးဦးကို တွေ့လိုက်သည့်အတွက် သူမ အံ့အားသင့်မိသွားသည်။ ရှုချန်း၏ အနီးပတ်ဝန်းကျင်တွင် ထိုမျှလှပသော မိန်းကလေးသုံးဦး ရှိမည်ဟု သူမ ထင်မထားခဲ့ပေ။
နေကာမျက်မှန်ကို တပ်ဆင်ထားသည့်တိုင် အချိုးအစား ကျနလှပကာ နူးညံ့သိမ်မွေ့လှသော လင်ချူရွယ်၏ မျက်နှာအလှတရားကို ဖုံးကွယ်ထားနိုင်စွမ်း မရှိချေ။ သူမသာ မျက်မှန်ချွတ်လိုက်ပါက ယောက်ျားသားတိုင်း၏ နှလုံးသားကို ဆွဲငင်ညှို့ယူနိုင်သော မျက်ဝန်းလဲ့ပြာပြာတို့ကို တွေ့ရပေလိမ့်မည်။
ရှန်ယောင်လည်း လင်ချူရွယ် နံဘေးတွင် အရုပ်ကြိုးပြတ် ထိုင်နေ၏။ သူမ စိတ်ထဲတွင် မေးခွန်းအချို့ ရှိသော်လည်း မေးရန် အချိန်ကောင်း မဟုတ်၍ ငြိမ်နေလိုက်သည်။ လင်ချူရွယ်နှင့် ရှုချန်းတို့ တဦးနှင့်တဦး သိနေခဲ့သည်လော။ အဘယ်ကြောင့် လင်ချူရွယ်သည် ရှုချန်းအား လွန်စွာ စိတ်ပူနေရသနည်း။
ယန်ကျင်းလည်း ထိုကဲ့သို့တွေးနေမိသည်။
ထိုအချိန်တွင် လင်ချူရွယ်မှာလည်း အမှန်တရားကို မည်ကဲ့သို့ ဖုံးကွယ်ရမည်ကို တွေးတောနေမိသည်။
ထိုမိန်းကလေး သုံးဦးလုံးမှာ အရေးပေါ်ခန်းပြင်ပတွင် စောင့်နေရသည့် အကြောင်းအရင်းများ ရှိပေသည်။ ရှုချန်းမှာ သူငယ်ချင်းဖြစ်၍ ယန်ကျင်း စောင့်နေခြင်းဖြစ်၏။ ရှန်ယောင်မှာမူ ရှုချန်းအား သဘောကျနေ၍ စိတ်ပူကာ စောင့်ဆိုင်းနေခြင်းပင်။ လင်ချူရွယ်မှာမူ ရှုချန်း၏ ဇနီးသည်ပီပီ ယောက်ျားဖြစ်သူအား စိတ်ပူသောကြောင့် စောင့်ဆိုင်းနေခြင်း ဖြစ်၏။ ဝမ်ယင်း မှာလည်း ရှုချန်း၏ ဒဏ်ရာဒဏ်ချက်များကို စိတ်ပူကာ ကြီးကြပ်ရေးမှူးထံသို့ ပြန်လည်တင်ပြရန်၊ အချက်အလက်များ ရယူရန် စောင့်ဆိုင်းနေခြင်း ဖြစ်ပေသည်။ သို့သော် ထိုမိန်းကလေး အားလုံး၏ တူညီသော ရည်ရွယ်ချက်မှာ ရှုချန်းဆိုသော ယောက်ျားသားအား စိတ်ပူ၍ စောင့်ဆိုင်းနေကြခြင်းပင်။
ထိုအချိန်တွင် ဆရာဝန်က မိသားစုဝင် လက်မှတ် လာတောင်းရာ ရယ်စရာကောင်းသည့် အဖြစ်အပျက် ဖြစ်သွားတော့သည်။
"လူနာ သွေးသွင်းဖို့ လိုနေတယ်... လုပ်ထုံးလုပ်နည်းတွေအတိုင်း မိသားစုဝင်တယောက် လက်မှတ် ထိုးပေးပါလား..."
ထိုအခါ လေးဦးလုံး ပြိုင်တူ မတ်တပ် ထရပ်လိုက်ကြသည်။ ထို့နောက် တဦးကို တဦး ကြောင်အစွာ ကြည့်လိုက်ကြ၏။
လင်ချူရွယ်သည် ရှန်ယောင်အား စူးစမ်းလိုသော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်သည်။ ထို့နောက် အံတချက်ကြိတ်ကာ ပြန်ထိုင်လိုက်၏။ ယန်ကျင်းက ရှန်ယောင်ကို ကြည့်ကာ "နင် လက်မှတ်သွားထိုးပါလား... ပိုက်ဆံရော ယူလာရဲ့လား..."
ရှန်ယောင် ခေါင်းညိတ်ပြလိုက်ကာ လက်မှတ်ထိုးလိုက်ပြီး ကျသင့်ငွေကို ပေးချေလိုက်သည်။
လင်ချူရွယ်က ဆရာဝန်အား "သူ ဘယ်လိုနေလဲ..."
"အသက်အန္တရာယ် မစိုးရိမ်ရတော့ပေမဲ့ သွေးထွက်လွန်နေလို့ ရက်နည်းနည်း ကြာအောင် ဆေးရုံတင်ထားရမယ်..."
ထိုစကားကြားမှသာ အားလုံးလည်း ရင်ဝ၌ တစ်ဆို့နေသော အပူလုံးကြီး ကျကာ သက်ပြင်းချနိုင်တော့သည်။ လင်ချူရွယ်လည်း ဆရာဝန်အား ကျေးဇူးတင်စကား ပြောလိုက်၏။
ထိုအချိန်တွင် လင်လဲ့ နှင့် မိဘနှစ်ပါးသည် ဆေးရုံ ဧည့်ခန်းဆောင်ဆီသို့ ရောက်ရှိလာကြကာ "ရှုချန်းဆိုတဲ့ လူနာ ဘယ်အခန်းမှာလဲ" ဟု မေးလိုက်သည်။ ထိုအချိန်တွင် ကောင်တာ၌ ငွေရှင်းပြီးပြန်လှည့်လာသော ရှန်ယောင်သည် ချောမောခန့်ညားသော ကပြားကောင်လေးကို တွေ့လိုက်ရသည့်အတွက် အံ့အားသင့်မိသွားသည်။
အခန်း ၇၃ ပြီး
နတ်နဂါးစစ်သည်
အခန်း ၇၄
( စွမ်းရည် အသစ် )
ငွေပေးချေပြီး ပြန်ထွက်လာသော ရှန်ယောင်ဆီသို့ ယန်ကျင်း ရောက်လာခဲ့သည်။
ရှန်ယောင်သည် လူနာခန်းထဲ၌ ရှုချန်းနှင့် ဝမ်ယင်း နှစ်ဦးတည်းသာ ရှိသည်ကို တွေးမိသည့်အတွက် စိုးရိမ်သွားသည်။ အခြား အမျိုးသမီးတဦးကို ရှုချန်းနှင့် တခန်းတည်း မရှိစေလိုပေ။
"ရှုချန်းကို ပြုစုပေးဖို့ တယောက်ယောက် လိုအပ်တယ် မဟုတ်ဘူးလား..."
"ရတယ်... ဝမ်ယင်း ရှိတယ်... သူက ရှန်ချန်းစစ်ဒေသရဲ့ ကိုယ်စားလှယ်လေ... ရှုချန်းကို သူ ကြည့်ပေးလိမ့်မယ်... အခုက ရှုချန်းကို မြို့တာဝန်ရှိသူတွေက ဆုတံဆိပ်ပေးလို့ သူ ယူလာပေးတာ... နင် အိမ်အရင်ပြန်လိုက်ပါ... ရှုချန်း သက်သာတော့မှာပါ..."
ယန်ကျင်းသည် ရှန်ယောင်အား ဆွဲခေါ်ရင်း ပြောလိုက်သည်။
"ငါ့ကို ကလေး မှတ်နေတာလား... စစ်တပ်က ဒီလို ကောင်မလေး လှလှလေးကို ကိုယ်စားလှယ်အဖြစ် လွှတ်မယ်လို့ ထင်လို့လား... သူ့မှာ ရှုချန်းနဲ့ ပတ်သက်ပြီး တခြားခံစားချက်တွေ ရှိနေတယ်ဆိုတာ သိသာတယ်..."
ယန်ကျင်း၏ အစီအစဉ်ကို ရှန်ယောင် မကျေမနပ် ဖြစ်နေ၏။
"ဒါပေမဲ့ နင်က ရှုချန်းရဲ့ရည်းစား မဟုတ်သေးဘူးလေ..."
"ဒါပေမဲ့ ဖြစ်အောင် ကြိုးစားနေပါတယ်..."
"မဟုတ်ဘူး... ခဏနေရင် အရာရှိတွေ လာလိမ့်မယ်... နင် ဒီမှာရှိနေလို့ အဆင်မပြေဘူး..."
ယန်ကျင်းသည် ပြောပြောဆိုဆိုဖြင့် ရှန်ယောင်ကို ဆွဲခေါ်သွားခဲ့သည်။ သူတို့နှစ်ဦး ထွက်သွားပြီးနောက်တွင် လင်ချူရွယ်သည် သန့်စင်ခန်းအတွင်းမှ ထွက်လာကာ ရှုချန်းရှိရာ အခန်းဆီသို့ ဝင်ခဲ့သည်။
အမှန်တော့ ရှန်ယောင်အား ပ ထုတ်သွားစေရန် သူမ စေခိုင်းခဲ့ခြင်း ဖြစ်ပေသည်။ ရှန်ယောင်နှင့် ရှုချန်း နီးစပ်သွားမည်ကို သူမ မလိုလားပေ။ ထို့အတူ ရှန်ယောင်သည်လည်း သူမအား သူငယ်ချင်း အစစ်အမှန် တဦးအဖြစ် ဘယ်တုန်းကမှ မဆက်ဆံဖူးသကဲ့သို့ ခံစားမိပေသည်။ အမျိုးသမီးများအကြားရှိ ဆက်ဆံရေးမှာ လွန်စွာ ရှုပ်ထွေး သိမ်မွေ့လှ၏။ ထို့အတူ ချစ်သူရည်းစားများ အကြား၌လည်း ယုံကြည်မှုဆိုသည်မှာ လွန်စွာလေးနက် အရေးပါလှပေသည်။
ရှုချန်းရှိရာ အခန်းအတွင်းသို့ လင်ချူရွယ် ဝင်ခါနီးတွင် လင်လဲ့ သည် မိဘနှစ်ဦးကို ခေါ်ဆောင်ကာ ရောက်ရှိလာသည်။
လင်ကွေ့ရန် က "အားချန်း အခြေအနေ ဘယ်လိုလဲ..." ဟု ဦးစွာမေးလိုက်သည်။
"သူ အထဲမှာ ရှိတယ်..."
လင်ချူရွယ် တိုးတိုးလေးဖြေလိုက်သည်။
လင်ကွေ့ရန် လူနာအခန်းအတွင်းသို့ ဝင်လိုက်သောအခါ သတိလစ်နေသေးသည့် ရှုချန်းကို ကုတင်ပေါ်တွင် တွေ့လိုက်ရ၏။ သူသည် ကုတင်နံဘေးရှိ ဝမ်ယင်း ကို စူးရဲစွာ စိုက်ကြည့်လိုက်သည်။
လင်ချူရွယ်သည် သူနှင့် ရှုချန်း၏ ဆက်ဆံရေးကို လင်ကွေ့ရန် ထုတ်ဖော်ပြောမိမည်ကို စိုးရိမ်၍ "တဆိတ်လောက်... ကျွန်မတို့ချည်းပဲ နေလို့ရမလား..." ဟု ဆိုကာ ဝမ်ယင်း ကို ပ ထုတ်လိုက်သည်။
ဝမ်ယင်း လည်း ခေါင်းညိတ်ကာ အခန်းထဲမှထွက်သွား၏။
လင်ကွေ့ရန် က မျက်မှောင်ကြုံ့ကာ လင်ချူရွယ်ကို ကြည့်လိုက်ပြီး ...
"ဒါ ဘယ်လိုဖြစ်ရတာလဲ..."
လင်ချူရွယ်သည် ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်၏။ လင်ကွေ့ရန် တယောက်လည်း သက်ပြင်းသာ တွင်တွင်ချနေပေတော့သည်။
လင်ချူရွယ်၏ မိခင်မှာ ချမ်းသာကြွယ်ဝသော ဗြိတိန် အမျိုးသမီးတဦး ဖြစ်ကာ နူးညံ့သိမ်မွေ့ လိမ်မာပါးနပ် လှပေသည်။ ရှုချန်း အသက်အန္တရာယ် မရှိတော့ကြောင်း သိလိုက်ရသည့်အခါမှ သမီးဖြစ်သူကို လှမ်းကြည့်လိုက်ကာ "သမီးတို့ ဘယ်လိုဖြစ်ကြတာလဲ... အိမ်ထောင်သက် သုံးနှစ်ကျော်နေပြီ... ကလေးရတဲ့ သတင်းလည်း မကြားရသေးပါလား..."
လင်ချူရွယ် မျက်နှာနီရဲသွား၏။
"အမေ... သမီးတို့ ငယ်ပါသေးတယ်..."
"၂၄ ဆိုတာ မငယ်တော့ဘူး..."
ထိုအချိန်အထိ ဘာမှ မပြောပဲ ထိုင်ကာနေသော လင်လဲ့ သည် ကုတင်ပေါ်တွင် လဲလျောင်းနေသော ရှုချန်းကို ကြည့်ကာ...
"အစ်မ... နင် သတိထားဦး... ငါ့အတွေ့အကြုံအရဆိုရင် ခုနက ထွက်သွားတဲ့ မိန်းမလှလေးက ယောက်ဖနဲ့ တခုခုပတ်သက်လိမ့်မယ်..."
လင်ချူရွယ် မျက်ခုံးပင့်မိသည်။
လင်ချူရွယ် အမေက ...
"ဟုတ်တယ်... အဲဒီကောင်မလေးက ဘယ်သူလဲ..."
"သူက စစ်တပ်ထဲကပါ... ရှုချန်းနဲ့ ဘယ်လိုသိတာလဲတော့ သမီးလည်း မသိဘူး..."
"ဘာဖြစ်တယ်... သမီး ယောက်ျားက တခြား မိန်းကလေးတယောက်နဲ့ ခင်မင်နေတယ်ဆိုတာကို မသိဘူး ဟုတ်လား..."
လင်ချူရွယ် အမေသည် သမီးဖြစ်သူအား ရာဇဝတ်သားကို စစ်ဆေးမေးမြန်းနေသည့် အမှုစစ်၏ မျက်နှာထားမျိုးဖြင့် စိုက်ကြည့်ကာ မေးလိုက်သည်။
လင်ချူရွယ် ပိုမို စိတ်အိုက်သွားခဲ့သည်။ လွန်ခဲ့သည့်နှစ်များအတွင်း တဦးနှင့်တဦး သီးခြားနေထိုင်သည့်အတွက် ရှုချန်းနှင့် ပတ်သက်သည့် မိန်းကလေးများ အကြောင်းကို သူမ အဘယ်သို့ သိရှိနိုင်မည်နည်း။
အကယ်၍ ရှုချန်းသာ အခြား အမျိုးသမီးနှစ်ဦးနှင့်အတူ နေထိုင်ကြောင်း မိဘများ သိရှိသွားပါက ဒေါသထွက်မည်လော။ ထိုအကြောင်းအရာတို့ကို တွေးကာ လင်ချူရွယ် ခေါင်းနောက်သွားခဲ့သည်။ မိဘတို့အား လိမ်ညာကာ လာမည့်ရက် အနည်းငယ်ကို သူမ မည်ကဲ့သို့ ဖြတ်သန်းရမည်မသိ။
ဤသည်တို့ကို တွေးရင်း စိတ်အိုက်သွားသော လင်ချူရွယ်က "မောင်လေး... ငါနဲ့ ခဏလိုက်ခဲ့ဦး..."
ထို့နောက် နှစ်ဦးသား ဆေးရုံ ကော်ရစ်ဒါဆီသို့ ထွက်သွား၏။
"ငါနဲ့ရှုချန်း အရင်နှစ်တွေတုန်းက ဘယ်လိုနေကြတယ်ဆိုတာ နင် တယောက်ပဲ သိတာလေ... ဒါကို အဖေနဲ့အမေ မသိအောင် ဘယ်လိုလုပ်ရမလဲ... ငါ့ကို ကူညီပါဦး..."
လင်လဲ့ ပြုံးလိုက်သည်။
"အဖေ မသိဘူးလို့ တကယ်ထင်နေတာလား... နင်က အခုနာမည်ကြီး ဖြစ်နေတော့ လွယ်လွယ်စုံစမ်းလို့ ရတယ်လေ... အဖေနဲ့အမေ အခုရောက်လာတာကလည်း နင့်ဆီက ဝန်ခံသံကို ကြားချင်လို့ပဲ..."
လင်ချူရွယ် အနည်းငယ်ထိတ်လန့်သွားကာ ...
"သူတို့ သိပြီးပြီလား..."
"ဒါပေမဲ့ သမီးရဲ့ သဘောထားကို မသိသေးဘူးလေ..."
လင်ကွေ့ရန် ရောက်လာပေသည်။
"အစ်ကိုကြီးရှုက ချန်းလေးကို အဖေတို့ဆီမှာ ယုံယုံကြည်ကြည်နဲ့ အပ်ထားခဲ့တာလေ... ပြီးတော့ အစ်ကိုကြီးရှု အပေါ်မှာ အဖေ့ အကြွေးတွေတင်နေတော့ ရှုချန်းကို သားအရင်း တယောက်လိုမျိုးပဲ သဘောထား ဆက်ဆံခဲ့တယ်... ဒါတင် မကဘူး အဖေ့ရဲ့ အဖိုးတန်သမီးနဲ့လည်း လက်ထပ်ပေးခဲ့တယ်... ဒါပေမဲ့ ဒီကောင်လေးက အစ်ကိုကြီးရှုနဲ့ မတူဘူး... သမီးတို့နှစ်ယောက် ဟွာရှကို ပြန်သွားတုန်းက ဘယ်လိုနေထိုင်လဲဆိုတာကို မစုံစမ်းဘဲ နေခဲ့တယ်... ဒါပေမဲ့ သမီးတို့ နှစ်ယောက်မှာ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေး မရှိမှန်း သိလိုက်တဲ့အခါမှာတော့ ဒီအိမ်ထောင်ရေးကို အတင်းအကြပ် ရှေ့မဆက်စေချင်တော့ဘူး... ဒီလိုဖြစ်ခဲ့တာလည်း အဖေ့ အပြစ်တွေပါ... ဒီတခေါက်တော့ သမီးတို့နှစ်ယောက် ကွာရှင်းဖို့အတွက် လာပြောတာ..."
ရှုချန်းနှင့် လင်ချူရွယ်တို့ ပြီးခဲ့သည့်နှစ်များအတွင်း တိုးတက်မှု အခြေအနေ မရှိသည့်အတွက် လင်ကွေ့ရန် ခေါင်းမာမနေတော့ဘဲ အဖြစ်မှန်ကို လက်ခံရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် လင်ကွေ့ရန် ၏ စကားကြောင့် လင်ချူရွယ် မျက်လုံးပြူးသွားသည်။
ထိုအချိန်တွင် အမေဖြစ်သူလည်း ထွက်လာကာ "သမီးနဲ့ရှုချန်း အဆင်မပြေရင်လည်း ကွာရှင်းလိုက်ပါ... သမီးရဲ့ ဆုံးဖြတ်ချက်ကို အမေတို့ မကန့်ကွက်ပါဘူး..."
လင်ချူရွယ် ဘာပြောရမှန်းမသိ ကြောင်အစွာ ရပ်နေမိသည်။ သူမသည် ဤအိမ်ထောင်ရေးအား အဆုံးသတ်ရန် စိတ်ကူးခဲ့ဖူးသော်လည်း မိဘများက အမှန်တကယ် ခွင့်ပြုသည့်အချိန်တွင်တော့ အမျိုးအမည် မဖော်ပြတတ်သော အကြောင်းတစုံတရာကြောင့် တွန့်ဆုတ်နေမိသည်။
ထိုအချိန်တွင် အခန်းထဲသို့ပြန်ဝင်သွားသော လင်လဲ့ က "ယောက်ဖ သတိရလာပြီ" ဟု လှမ်းပြောလိုက်သည်။
ရှုချန်းသည် သတိရလာလာချင်း မျက်လုံးဖွင့်လိုက်ရာ မျက်နှာကျက်မှ မီးရောင်များကို တွေ့ရှိရ၏။ တိတိကျကျဆိုရလျှင် မီးလုံးအတွင်းမှ ဆားကစ်များကိုပင် မြင်နေရပေသည်။ ထို့ကြောင့် ထိတ်လန့်သွားကာ နံဘေးရှိ အောက်ဆီဂျင်ပေးသည့် ကိရိယာကိုလည်း လှမ်းကြည့်လိုက်၏။ အောက်ဆီဂျင်ပေးသည့် ကိရိယာ၏ အပြင်ဘက် သံမဏိ အကာကို ထွင်းဖောက်ကာ အတွင်းမှ အောက်ဆီဂျင်ဓာတ်ငွေ့ကိုပင် မြင်နေရသည့်အတွက် အံ့အားသင့်မိသွားသည်။ သူ့အမြင်အာရုံသည် အရာဝတ္တုများ၏ အပြင်လွှာကို ထိုးဖောက်ကာ အတွင်းပိုင်း ဖွဲ့စည်းပုံအထိ မြင်နိုင်ပုံရ၏။
ရှုချန်း အံ့အားသင့်မိသွားသည်။ သူ၏ လက်များကို ကြည့်လိုက်ရာ အရိုးများ၊ သွေးကြောမျှင်များ၊ ကြွက်သားများကိုပါ မြင်နေရသည်။ ထို့ကြောင့် စိတ်လှုပ်ရှားသွားသည့်အတွက် သွေးခုန်နှုန်းမှာလည်း ပိုမို မြန်ဆန်လာခဲ့သည်။ သူသည် ခန္ဓာကိုယ်ပေါ်မှ အရေပြားကို ထွင်းဖောက်ကာ အတွင်းပိုင်း ဖွဲ့စည်းပုံအထိ မြင်နေရပေသည်။
ရှုချန်း အံ့ဩတကြီးဖြင့် လင်လဲ့ ကို ကြည့်လိုက်ရာ မေးရိုး အနည်းငယ်လှုပ်ပြီး တစုံတခုပြောနေသော အရိုးစုတခုကို တွေ့လိုက်ရ၏။
"ယောက်ဖ မင်း အဆင်ပြေရဲ့လား..."
ထိုအရိုးစုကို မြင်ရသည့်အတွက် ရှုချန်း ထိတ်လန့်သွားခဲ့သည်။ သူ အိပ်မက် မက်မနေသည်တော့ သေချာ၏။
သို့သော် သူ၏ မျက်လုံးများမှာ တစုံတခု လွဲမှားနေပုံရပေသည်။
အခန်း ၇၄ ပြီး