တစ်နှစ်ဆိုသော အချိန်သည် တိုတောင်းလွန်းသည်ဟု ထင်မှတ်ရလေအောင် မျက်စိတစ်မှိတ်အတွင်း ကုန်လွန်လာခဲ့သည်။ နဂိုကတည်းက supple မထိစေရန် ဆေးစာများကို ကျက်မှတ်ရင်း မအားလပ်ရသည့် ဆေးကျောင်းသားကြီးသည်လည်း ဆေးကျောင်းမပြီးခင်၌ ဆေးရုံတွင် လက်တွေ့ပါ ဆင်းနေရသည်ဖြစ်ရာ ခင်ဝတီစံနှင့် လမ်းခွဲလိုက်သည်က ကောင်းဖို့ရန် ဖြစ်တည်လာသလိုပဲ။ ခင်ရော မာန်ပါ ဆေးကျောင်း တက်နေသည် ဖြစ်ရာ ကျောင်း၌ တွေ့ကြသည် ၊ ဆုံကြသည်။ ဆုံတွေ့ချိန်တိုင်းလည်း ယခင်ကအတိုင်း ခေါ်ပြောနေကြဆဲ ဆိုပေသိ သွေးအေးသွားခဲ့သည်ကတော့ ငြင်းဆန်၍ မရပေ။ မေးထူးခေါ်ပြောအဆင့်ထက် မပိုသော ဆက်ဆံရေး၌ ခင်သည် မာန့်အပေါ် ကောင်းမွန်စွာ ဆက်ဆံပေးနေဆဲ။ သူမ မာန့်အပေါ် အချစ်မလျော့သေးမှန်း မာန် သိသကဲ့သို့ မာန် သူမအပေါ် ဘယ်တော့မှ စိတ်မယိုင်လာမှန်းလည်း ခင် နားလည်သည်ပင်။
"ဆရာ ကျွန်တော် report တွေ အကုန် ရေးပြီးသွားပြီ။ ခုနက patient ကိုလည်း သွေးစစ်ထားပါတယ် ဆရာ။"
"အိုကေ ..သွေးစစ်ချက်အဖြေ ထွက်လာရင် မင်းပဲ patient ကို ဆက်ကြည့်လိုက်တော့။ ရတယ်မလား။"
"ဟုတ် ရပါတယ် ဆရာ။"
မတုံ့မဆိုင်း ပြန်ဖြေလိုက်သည့် မာန့်စကားသံကြောင့် အသက် ၅၀ ကျော်အရွယ် ဆရာက မျက်မှန်အောက်မှ မျက်လုံးလှန်ကြည့်လာသည်။ နှုတ်ခမ်းတို့ကလည်း ကျေနပ်သလို ပြုံးလိုက်သည်ကိုလည်း မာန် သတိပြုလိုက်မိသည်။
"မင်း ဒီည OT ရှိတယ်မလား။"
"ဟုတ် ရှိပါတယ် ဆရာ။"
"OT ရှိတာကို ညက မအိပ်ထားဘူးလား။ လူက ပန်ဒါရုပ်ပေါက်နေပြီ။"
'ပန်ဒါ' ဆိုသည့် စကားလုံး ဆရာ့နှုတ်မှ ပွင့်ဟလာသည့်နှင့် မာန့်မျက်လုံးထဲ တစ်ယောက်သောသူကိုသာ ပြေးမြင်မိသည်မှာ မာန့်စိတ်အာရုံတစ်ခုလုံးကို လှိုင်းသံစဉ် ကြီးစိုးနေသည်ကို သူ လိုလိုလားလား ခွင့်ပြုပေးနေမိလို့များလား။
"ညက အိပ်ရာဝင် နောက်ကျသွားလို့ပါ ဆရာ။"
"နောက် OT ရှိတဲ့ ရက်တွေ စောစောအိပ်လေကွာ။ အိပ်ရေးမဝရင် ပိုပင်ပန်းမယ်ဆိုတာ မင်းလည်း သိနေတာပဲ။ ညစာ မစားရသေးဘူးမလား ..သွားစားတော့။ ပြီးတာနဲ့ လာခဲ့။"
"ဟုတ် ဆရာ။"
"ကိုရိပ် ကျွန်တော် ရောက်ပြီ။"
မာန် ညဘက် Operation Theatre ဝင်ရမည့်နေ့များဆိုလျှင် ဆွဲခြင်းတောင်းတစ်လုံးနှင့် လှိုင်းသံစဉ် ရောက်ရှိလာပါပြီ။ ခုလည်း ဆရာနှင့် စကားပြောနေတုန်း ရောက်လာသည့် လှိုင်းကို ဆရာက တစ်ချက် ငဲ့စောင်းကြည့်သည်။ အရင်ကလည်း လှိုင်း အမြဲလိုလို မာန့်ကို ထမင်းချိုင့် လာပို့ပေးတတ်သော်လည်း ဆရာနှင့် လှိုင်း တစ်ကြိမ်တစ်ခါမှ မဆုံဖူး။ ယခုမှ ပထမဆုံးအကြိမ် ဆုံတွေ့ခြင်းဆိုသော်ငြား ဆရာသည် မျက်မှန်ကို တစ်ချက်ပင့်ကာ မျက်လုံးများကို မှေးကျဉ်းလျက် -
"မင်းကို တွေ့ဖူးသလိုပဲ။"
"ဆရာက လှိုင်းကို သိလို့လား။"
"ဩ ဟုတ်တယ် နာမည်က အဆန်းပဲ ..လှိုင်း ..သံ ..စဉ်ဆိုလား။ ဟုတ်တယ်မလား မာန်။"
"ဟုတ်တယ် ဆရာ။ ဆရာနဲ့ ဘယ်လိုသိတာလဲ။"
"သူက သွေး ..."
"သွေးလှူတုန်းက ဆုံဖူးတာ ကိုရိပ်။ ဟုတ်တယ်နော် ဆရာ ..ကျွန်တော်နဲ့ ဆရာက ဟိုအရင်က သွေးလှူရင်းနဲ့ ဆုံဖူးတာနော်။ ဟုတ်တယ်မလား ဆရာ။"
ဆရာ့စကားကို ဖြတ်ပြောလိုက်သည့် လှိုင်းအား ဆရာက စိတ်ဆိုးဟန်မပြဘဲ ပုတက်လေးကိုသာ စူးစူးစိုက်စိုက် ကြည့်နေသည်မှာ အချိန်အတိုင်းအတာတစ်ခုအထိ။ လှိုင်းသံစဉ်ဆိုသည်မှာလည်း ဆရာ့ကို မျက်လုံးလေး အဝိုင်းသားနှင့် တန်ပြန် ငေးစိုက်ကြည့်နေသည် ဖြစ်ရာ မာန့်မှာလည်း အူကြောင်ကြောင်။
"အေး ဟုတ်တယ်။ မာန် ထမင်းသွားစားတော့။ ကောင်လေး ..မင်းနဲ့ငါ စကားပြောဖို့ လိုပြီ။ ခဏ လိုက်ခဲ့။"
"ဟုတ်ကဲ့"
ဆရာသည် မာန့်ကို တစ်ချက် စွေကြည့်သွားပြီးမှ အရေးပေါ်ခန်းထဲမှ အရင်ထွက်ခွါသွားသည်။ ထိုအခါမှ မာန် လှိုင်းကို အလောသုံးဆယ်ဖြင့် မေးမြန်းခန်း ဖွင့်ရတော့သည်။
"ဟိတ်ရောင် မင်းနဲ့ ဆရာက တကယ် သိနေတာလား။"
"ဟုတ် ကိုရိပ် ..သွေးသွားလှူတုန်းက တစ်ခါ ဆုံဖူးတာပါ။"
"ဒါဖြင့် ခုက ဘာကိစ္စ မင်းကို ခေါ်ထုတ်ချင်နေတာလဲ။ မင်း ငါ့ကို ဖုံးကွယ်ထားတာ ဘာရှိလဲ။"
"မရှိပါဘူး ကိုရိပ်ရဲ့။ ကိုရိပ် ဒီမှာ ထမင်းချိုင့်။ စားထားနှင့်နော် ..ကျွန်တော်ပြန်လာခဲ့မယ်။"
မာန့်လက်ထဲ သူ စုံပလုံစိနေအောင် ထည့်လာသည့် ဆွဲခြင်းတောင်းကို ထည့်ကာ လှိုင်းသည် ဆရာ ထွက်သွားသည့် လားရာအတွင်း ခပ်သုတ်သုတ် လျှောက်သွားသဖြင့် ဝေးသထက် ဝေးသွားသည့် ကျောပြင်ငယ်အား မာန် မျက်စိတစ်ဆုံး ငေးကြည့်မိပြန်သည်။
"ဒေါက်တာလေး ..ထမင်းချိုင့် လာပို့ပြီပေါ့။"
တွေရပ်ငေးနေမိသည့် မာန့်အနား ရောက်လာကာ ပြောလိုက်သည့် သူနာပြုကြီး၏ စကားကြောင့် မာန်သည် သူနာပြုကြီးကို ကြည့်ကာ လက်ထဲရှိ ဆွဲခြင်းတောင်းကို တစ်ချက် ငုံ့ကြည့်ပြီး -
"ဟုတ်တယ်ဗျ။ ဒီမှာ ငှက်ပျောသီးနဲ့ ဖရဲသီးတွေ ..ဆရာမတွေနဲ့ မျှစားလိုက်ပါနော်။"
မာန်သည် ခြင်းထဲ ပါလာသည့် ငှက်ပျောသီးများနှင့် ဖရဲသီးစိပ်များ သေချာထည့်လာသည့် ပလတ်စတစ်ဘူးထဲ သူနာပြုကြီး၏ လက်ထဲ ထည့်ပေးလိုက်ကာ ထမင်းစားဆောင်သို့ ထွက်လာလိုက်သည်။ ဆရာနှင့် လှိုင်းသံစဉ် ဘာတွေ ပြောနေကြမှန်း သိပ်သိချင်နေသော်လည်း ဆာလောင်မွတ်သိပ်နေသည့် ဝမ်းဗိုက်ကို အဓိကထားနေရသည့် အခိုက်မို့ လှိုင်း ချက်ပေးလာသည့် ပုစွန်ဟင်း ၊ မှိုကန်စွန်းရွက်ကြော်နှင့် ကြံမဆိုင်ဟင်းချိုတို့ကိုသာ အားပါးတရ စားနေမိသည်။ အရွက်မစားတတ်သည့် သူ့အား နေ့စဉ် အရွက်ကြော်တစ်မျိုး ပါအောင် ထည့်ပေးတတ်သည့် လှိုင်းသံစဉ်ကြောင့် မာန် အရွက်စားတတ်နေပြီ။ နေ့ခင်းနေ့လည် ထမင်းစားချိန်များဆို ဆိုင်မှာသာ မာန် သွားစားတတ်သော်ငြား ယခုလို ညလုံးပေါက် ဆေးရုံမှာ နေရမည့် ရက်မျိုး၌ ထမင်းချိုင့်လာပို့တတ်သော လှိုင်းကြောင့် မာန် မျက်နှာပွင့်ရသည်။
"ဆရာက ဘာတွေ ပြောလိုက်တာလဲ ပုတက်။"
မာန် ထမင်းစားနေတုန်း အနားသို့ လျှောက်ကာ မာန့်ရှေ့ လာထိုင်သည့် လှိုင်းအား မာန် မျက်လုံးလှန်ကြည့်ကာ ပလုတ်ပလောင်းဖြင့် မေးလာသည်။ ထိုအခါ လှိုင်းသည် ခုံအောက်၌ ကွယ်ထားသည့် လက်များကို သတိလက်လွတ် ဖိနှိပ်နေမိသည်။ အေးစက်လာသည့် လက်ဖျားထိပ်များကို နာနာ ဖိနှိပ်ရင်း မျက်နက်ဝန်းများကို ငေးကြည့်နေမိသည့် အခိုက်၌ ရင်ထဲ ဆို့နစ် မွန်းကြပ်လာသဖြင့် လှိုင်း မျက်လွှာချလိုက်မိသည်။
"ဘာမှ ထွေထွေထူးထူး မဟုတ်ပါဘူး ကိုရိပ်ရဲ့။ ဒီလိုပါပဲ စကားပြောတာပါ။"
"ဘာဒီလိုပါပဲလဲ။ ဘာစကားမို့လို့ ငါ့ရှေ့မှာ မပြောတာလဲ။"
"ဩ ကိုရိပ်ကို သေချာ ဂရုစိုက်ပေးဖို့ ဆရာက မှာနေတာ။"
"မင်းက ငါ့ကို ဂရုစိုက်ရအောင် ငါက ကလေးလား။"
"ကလေးမို့လို့ပေါ့ဗျာ။"
"ဘာ"
"ကိုရိပ်က ကျွန်တော့်မျက်လုံးထဲမှာတော့ တကယ့် ကလေးလေးပဲ။"
ရုတ်တရက် မာန့်၌ စကားလုံးတို့ ဆိတ်သုဉ်းသွားသည့်နှယ် ဘာမှ ဆက်မပြောဖြစ်ဘဲ ထမင်းကိုသာ ငုံ့စားနေလိုက်သည်။ သူ့ထက် ၆ လလောက် အသက်ပိုကြီးသည့် လူကိုများ ကလေးလေးတဲ့ ... အရင်စိတ်နှင့်သာဆို မာန် မကျေမနပ်ဖြင့် တစ်ခုခု ပြန်ပြောလိုက်မိမည် ဆိုသော်လည်း ယခုမူ ကျေနပ်မှုတို့ ခိုဝင်အောင်းနေသည့် မသိစိတ်၏ ဟန့်တားမှုကြောင့် မာန် နှုတ်ဆိတ်နေမိသည်။
"လှိုင်းသံစဉ် ..အိမ်ကို တန်းပြန်နော် ..."
"ဘယ်မှ သဝေထိုးမနေနဲ့ ကြားလား။ ဒါပဲ ဆက်ပြောမလို့မလား။ ကျွန်တော် သိပါတယ် ကိုရိပ်ရယ်။ ကျွန်တော် အိမ်တန်းပြန်မှာပါ။"
"သိရင် ပြီးရော။ အိမ်ပြန်တော့။ အိမ်ပြန်ရောက်တာနဲ့ ငါ့ကို missed call ပေး ..ကြားလား။ ခြံတံခါးတွေလည်း သေချာ ပိတ်။ အိမ်တံခါးကိုလည်း သေချာ ဂျက်ချ ..အိပ်ရင်လည်း ..."
"သေချာ လော့ခ်ချအိပ်ပါ့မယ် ကိုရိပ်ရယ်။ စိတ်ချပါဗျာ။ ကျွန်တော် ကိုယ့်ကိုကိုယ် စောင့်ရှောက်နိုင်ပါတယ်ဗျ။"
"ဒါဆိုလည်း သွားတော့။ သွား သွား ..."
"တာ့တာနော် ကိုရိပ်"
အတင်းကာရော မောင်းထုတ်နေသည်ကိုပင် ပေကပ်ကပ်နှင့် လက်ပြကာ နှုတ်ဆက်နေသေးသည့် လှိုင်းအား မာန် လက်ပြန်မပြဘဲ ကျောခိုင်းလှည့်ထွက်လာလိုက်သည်။ တကယ်တည်း ... သူ့ကို စိုးရိမ်သဖြင့် မှာတမ်းခြွေနေသည်ကို "ဟုတ်ကဲ့" ဟု လိမ်လိမ်မာမာနှင့် စကားနားထောင်လိုက်လျှင် သေသွားမှာ ကျနေတာပဲ။ သူ့ကိုယ်သူ စောင့်ရှောက်နိုင်ကြောင်းကို မလိုအပ်ဘဲ ကြော်ငြာက ဝင်လိုက်သေး။
ဤသည်မှာ မာန် operation theatre ဝင်ရသည့် နေ့တိုင်း လှိုင်းသံစဉ်နှင့် အတူ ရှိရသည့် အနည်းငယ်သော အချိန်အပိုင်းအခြား ဖြစ်သည်။ ထိုနေ့များဆို မာန်တို့ ခဏသာ တွေ့ရသော်လည်း မာန့်စိတ်ထဲ၌ အချိန်ပြည့် နေရာယူထားတတ်သော လှိုင်းသံစဉ် ဟူသော အမျိုးကောင်းသားသာလျှင် မာန့်နှလုံးသား၏ ပဲ့ကိုင်ရှင်ပင်။ သို့သော် ခက်သည်ကား ထိုပဲ့ကိုင်ရှင်က နှလုံးသားကိုသာ တိတ်တဆိတ် ချုပ်ကိုင်ထားပြီး တရားဝင် ဘဝကို ချုပ်ကိုင်ခွင့်ပေးနေသည်ကိုကျ ရှေ့ဆက်တိုးရန် ခြေလှမ်းပြင်ရန် မဆိုထားနှင့် ၊ ကြိုးစားအားထုတ်မှုပင် မရှိ။ မာန်သည်လည်း မာနအခံနှင့်မို့ မပြောဟု ဆုံးဖြတ်ထားသော်ငြား မာန်တို့ နှစ်ယောက်၏ ကံကြမ္မာကို ပြတ်ပြတ်သားသား ဆုံးဖြတ်ပေးမည့် အလှည့်အပြောင်းတစ်ခု ရုတ်တရက်ဆန်စွာဖြင့် ရောက်ရှိလာခဲ့သည်။
မှတ်မှတ်ရရ မာန် ဆေးကျောင်း နောက်ဆုံးနေ့ ...
"ဟယ်လို မာန် ..ဒီနေ့ လာခဲ့နော်။ မလာရင် ငါနဲ့ တွေ့မယ်။"
"အေးပါ လာခဲ့မယ်။ အခု လှိုင်းသံစဉ်ကို သွားခေါ်နေလို့ ဒါပဲ။"
စပီကာ ဖွင့်ကာ ပေါင်ပေါ် တင်ထားသည့် ဖုန်းကို မာန် ကားမောင်းနေရင်းမှ လက်တစ်ဖက်ဖြင့် လှမ်းချလိုက်ကာ လှိုင်း၏ ကျူရှင်အိမ် ရှိရာ လမ်းကြားထဲသို့ ချိုးကွေ့ဝင်ရောက်လာသည်။ မာန် လက်ပတ်နာရီဆီ အကြည့်ရောက်တော့ ညနေ ၈ နာရီခွဲရန် ၅ မိနစ် လိုသေးသည်။ အချိန်တိကျသည့် လှိုင်းသည် အချိန်ပိုပေးထားသည့် အတန်းကို ၈ နာရီခွဲအတိမှ ဆင်းလာမည် ဖြစ်သဖြင့် မာန်သည် ဖုန်းရှိ recording ကို ဖွင့်ကာ အသံသွင်းထားသည်မှာ ကြာပြီ ဖြစ်သော အသံဖိုင်တစ်ခုကို ဖွင့်လိုက်သည်။ ထိုအခါ ချိုလွင်လွင် ထွက်ပေါ်လာသော သီချင်းသံသည် ဂစ်တာသံနှင့်အပြိုင် ငြိမ့်ငြိမ့်ညောင်းညောင်း သာသာယာယာ ချိုသာစွာဖြင့် မာန့်နားစည်ကို ရိုက်ခတ်ပြီးနောက် မာန့်အသွေးအသားများမှတစ်ဆင့် နှလုံးသားထိတိုင်အောင် ညင်သာစွာဖြင့် စီးဆင်းလာသည်။
"ဒေါက် ဒေါက် ဒေါက်"
သုံးချက်တိတိ ကြားလိုက်ရသည့် မှန်ကို ခေါက်လိုက်သံကြောင့် မာန်သည် သီချင်းသံကို မျက်လုံးများအား မှေးစင်းလျက် နားဆင်နေရင်းမှ ကားလော့ခ်ကို ဖွင့်ပေးလိုက်ရာ တံခါးဖွင့်သံအစ "ကိုရိပ်" ဟု ခေါ်သံအဆုံး လှိုင်းသံစဉ် မာန့်ဘေးသို့ ရောက်လာသည်။
"စောင့်ရတာ ကြာသွားတယ်မလား ကိုရိပ်။"
"မကြာပါဘူး ..ငါ ခုနမှ ရောက်တာ။ ခု အိမ်ပဲ တန်းပြန်မှာမလား။"
"ဟုတ်တယ် ကိုရိပ်။"
"ပြီးရော ..ခါးပတ် ပတ်။"
"ဩ ဟုတ် ..."
လှိုင်း ခါးပတ် ပတ်မည်အပြု ကြားလိုက်ရသည့် ဖုန်း ringtone သံကြောင့် လှိုင်းသည် လွယ်အိတ်ထဲရှိ ဟန်းဖုန်းကို ထုတ်ကာ ဖုန်းလက်ခံစကားပြောလိုက်သည်။
"စပီကာဖွင့်"
မာန်က ဖုန်းဖန်သားပြင်ကို တစ်ချက် ငဲ့ကြည့်ရင်း အမိန့်ပေးလိုက်သဖြင့် လှိုင်းသည် စပီကာကို ဖွင့်လိုက်ကာ -
"ဟုတ်ကဲ့ ဦး ..ပြောပါခင်ဗျ။"
"လှိုင်း ..စာသင်နေတာလား။"
"မသင်ပါဘူး ဦး။ ကျွန်တော် အိမ်ပြန်နေပါပြီဗျ။"
"ဒါဆို သား ခဏ အိမ်ကို ဝင်ခဲ့ဦး။ ဦး ပြောစရာ ရှိလို့။"
"ဟုတ် ဦး။ ကျွန်တော် လာခဲ့ပါ့မယ်။"
"ဟုတ်ပြီ သား ..သား လာရင် မာန်လေးကိုပါ ခေါ်ခဲ့နော်။ ဦး မာန်နဲ့ မတွေ့ရတာကြာပြီ။"
"ဟုတ်ကဲ့ပါ ဦး။ ဒါဆို ဖုန်းချလိုက်တော့မယ်နော်။"
လှိုင်း ဖုန်းကို ချလိုက်ပြီးမှ မာန့်ကို တစ်ချက် လှည့်ကြည့်မိတော့ မာန့်မျက်နှာက တည်တည်ကြည်ကြည်ပါပဲ။ သုန်မှုန်နေခြင်းမျိုးလည်း မရှိသလို ပြုံးရယ်နေခြင်းမျိုးလည်း မရှိသော်ငြား ကြည့်ကောင်းနေသည်။ ဘယ်လိုနေနေကို တစိမ့်စိမ့် ထိုင်ငေးကြည့်ချင်နေလောက်အောင် ဆွဲဆောင်နိုင်သည်က မာန့်၏ အတိတ်ဘဝက ကုသိုလ်စွမ်းအားလားလေ။
"ကိုရိပ် ..မသွားသေးဘူးလား။"
လှိုင်းကို စိုက်ကြည့်နေသည့် မာန့်အား ပြန်ပြူးကြည့်လာသည့်အခါ နဂိုဝိုင်းစက်သော မျက်လုံးများသည် ခုံမင်ချင်စရာအတိ။ သည်ကောင်လေးက တကယ် နမော်နမဲ့နိုင်သည်ပင်။ သူ၏ အန္တရာယ်လည်း သူ မမှုတတ်သည်က ဘယ်လိုအကျင့်ဆိုးလေးပါလိမ့်။ မာန် အခေါက်တိုင်း ပြောရတာ မောလွန်းသဖြင့် သက်ပြင်းကို ချကာ လှိုင်းအနားသို့ တိုးကပ်လိုက်ရာ မျက်နှာနှစ်ခုမှာ အနည်းငယ်ပင် ကွာဟတော့သည့် အနေအထား။
"ကိုရိပ် ..ဘာလုပ်မလို့လဲ။"
စိုးတထိတ်ထိတ် မေးလာသည့် ပုံစံလေးကိုက လှိုင်းသံစဉ် ပီသနေစေတာ။ မာန် တစ်ချက် နှုတ်ခမ်းထောင့်လေး ကွေးညွှန့်သွားရုံ ပြုံးလိုက်ပြီး ခါးပတ်ကို ဆွဲကာ လှိုင်း၏ ခန္ဓာကိုယ်သေးသေးလေးအား ခါးပတ်ဖြင့် ယှက်သန်းပေးလိုက်သည်။ ထို့နောက် နီးကပ်နေသည့် မျက်နှာအား မခွါသေးဘဲ -
"ခါးပတ် ပတ်ပေးတာလေ။ ဘာဖြစ်လို့လဲ။"
"ဘာမှ မဖြစ်ပါဘူး ကိုရိပ်"
စကားဆုံးမှ မာန်က မျက်နှာကို ခွါလိုက်ရာ လှိုင်းသည် သူ၏ လည်တိုင်ကို လက်ဖြင့် ပွတ်သပ်ရင်း အကြည့်လွှဲထားသည်။ ရုတ်ချည်း ရဲတက်လာသည့် နားရွက်ဖျားများသည် ညိုစိမ့်စိမ့် အသားအရေကို သွေဖယ်စွာဖြင့် သိသာထင်ရှားနေလေရာ မာန်သည် တစ်ဖက်သို့ လှည့်ကာ လှိုင်းသံစဉ် မတွေ့အောင် တစ်ချက် ပြုံးလိုက်မိသည်။ ရှက်နေပုံလေးကိုက ချစ်ဖို့ကောင်းနေသည့် လှိုင်းသံစဉ်ကို မာန် ဘယ်သူ့ကိုမှ မပေးနိုင်တာ မာန် သိပ်များ တစ်ကိုယ်ကောင်းဆန်နေမိသလားလေ။
ငယ်စဉ်ကတည်းက နေလာခဲ့သည့် အိမ် ဆိုသော်ငြား မာန် ထိုအိမ်ကို ပြန်ရောက်ချိန်တိုင်း ဟိုးယခင်ကလို နွေးထွေးမှုများကို အပြည့်အဝ မခံစားရ။ အန်းကုန်း မရှိတော့သည့် အိမ်၌ ပါပါးနှင့် အန်းမား ရှိနေသေးသော်လည်း ထိုရပ်ဝန်းသည် မာန်နှင့် စပ်လျဉ်းတော့သလိုပင်။ ထို့ကြောင့်လည်း မာန် အိမ်အသစ်ကို လှိုင်းနှင့်အတူ ပြောင်းပြီးချိန်ကတည်းက တော်ရုံကိစ္စ အထွေအထူး မရှိလျှင် အိမ်သို့ ပြန်မလာတတ်။ ယခုမူ ပါပါးကိုယ်တိုင်က လှိုင်းကို အခေါ်လွှတ်နေသည် ဖြစ်ရာ မာန်ပါ မဖြစ်မနေ လိုက်လာရသည်။ လွန်ခဲ့သည့် တစ်နှစ်က ဇွဲမာန်ဟိန်း လှိုင်းကို ဖွင့်ပြောသည့် အရေးအား မာန် လူကြီးတွေကို ပြန်မပြောဘဲ မသိချင်ယောင်ဆောင်ထားခဲ့သည့်တိုင်အောင် အိမ်၌ ဇွဲမာန်ဟိန်းနှင့် တွေ့မည်ကို တွေးမိတိုင်း မြင့်တက်လာသည့် စိုးရိမ်စိတ်ဟူသည် အရှိန်အဟုန်အပြည့်ဖြင့်။ သို့ဖြစ်၍လည်း မာန် အိမ်သို့ လနှင့်ချီ ပြန်မလာသည့် အချိန်တစ်ခု၌ ယနေ့ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်၏။
"သားတို့ ခဏ ထိုင်ဦး။ ပါပါး ပြောစရာ ရှိတယ်။"
လူစုံတက်စုံ ရှိနေသည့် ဧည့်ခန်းထဲ မာန်တို့ ဝင်လာသည်နှင့် ဦးသော်က'က ထိုင်နေရာမှ လွတ်နေသည့် ဆိုဖာ၌ ထိုင်စေသဖြင့် ဝင်ထိုင်လိုက်ရာ မျက်နှာ မကောင်းကြသည်မှာ တဖြည်းဖြည်းနှင့် သိသာထင်ရှားလာသည်။ ပါပါးနှင့် အန်းမားက မျက်နှာမကောင်းသကဲ့သို့ ဒေါ်အေးမြတ်မွန်နှင့် မေရတီသည် မျက်ရည်စမ်းစမ်း စမ်းစမ်းနှင့်မို့ မာန်နှင့် လှိုင်း အကြည့်ချင်းဆုံမိကြသည်။ တိတ်ဆိတ်နေသော လေထုသည် သောကမီးဝိုင်းနေသည့် ဟန်ပန်နှင့် မိသားစုကြောင့် ခြောက်ခြားဖွယ်ဖြစ်လာလေသည်။
"ပါပါး ဘာပြောမလို့လဲ။"
မာန့်အမေးအဆုံး ဦးသော်က၏ သက်ပြင်းချသံကို ကြားလိုက်ရသည်။ အတန်ကြာသည်အထိ နှုတ်ဆိတ်နေပြီးနောက်မှ ဦးသော်က၏ ဒုတိယမြောက် သက်မချသံကို ထပ်မံကြားလိုက်ရသည်။
"လှိုင်း ... ဦး သားကို အကူအညီ တောင်းစရာ ရှိတယ်။"
"ဟုတ်ကဲ့ ..ပြောပါ ဦး။ ကျွန်တော် ဘာကူညီရမလဲ။"
လှိုင်း၏ အမေးအဆုံး တစ်ဖန် ပြန်လည် တိတ်ဆိတ်သွားပြန်သည့်အတွက် မူမမှန်သော အခြေအနေကြောင့် မာန့်၏ စိုးရိပ်စိတ်မှာ တရိပ်ရိပ်နှင့် မြင့်တက်လာရသည်။
"ပါပါး ..ပါပါးတို့ ဘာဖြစ်နေကြတာလဲ။"
"မာန်လေး ... မင်းညီမ ကိုယ်ဝန်ရှိနေပြီ သား။"
ဆွံ့အခြင်းဆိုသည့် အတတ်ပညာကို တစ်မုဟုတ်ချင်း တတ်ကျွမ်းသွားသည့် မာန်နှင့် လှိုင်းအဖို့ မေရတီကိုသာ မယုံကြည်နိုင်ခြင်းများစွာဖြင့် ငေးကြည့်ရန်သာ တတ်နိုင်တော့သည်။ မေရတီက ကိုယ်ဝန်ရှိနေပြီတဲ့လား။ အသက် ၂၁ နှစ်သာ ရှိသေးသည့် မိန်းမငယ်လေးက ကိုယ်ဝန်လွယ်ထားရသည်တဲ့လား။
"ကလေးအဖေက ဘယ်သူလဲ ပါပါး။"
"ဟိုတစ်လောက သူငယ်ချင်းတွေနဲ့ Bar သွားရင်း မှားခဲ့တာ ထင်တယ်။ ဘယ်သူလဲဆိုတာ ... မပြောပြဘူး။ သူ မသိဘူးတဲ့။"
မာန့်အမေးကို ဟိန်းက ဆိုဖာကို မှီကာ ခပ်ငိုင်ငိုင် ရပ်နေရင်းမှ လေးလေးပင်ပင်နှင့် ဦးသော်ကအစား အဖြေပြန်ပေးလာသည်။
"ဘယ်သူနဲ့ ရတဲ့ ကိုယ်ဝန်လဲ မေ။"
"....."
"မေ ..ငါ မေးတာ ဖြေလေ။ ဒီကိုယ်ဝန်က ဘယ်သူနဲ့ ရတာလဲလို့။"
မာန်သည် ဟိန်း၏ စကားကို ဘဝင်မကျသဖြင့် ထပ်မေးရာ နှုတ်ဆိတ်နေသည်မို့ သည်းခံနိုင်စွမ်းတို့ အလွန်၌ ဒေါ်အေးမြတ်မွန်ဘေး ထိုင်နေသည့် မေရတီ့အနားသို့ ဝုန်းခနဲ ရောက်သွားပြီး ပုခုံးနှစ်ဖက်ကို အတင်းလှုပ်ရမ်းမေးလိုက်မိသည်။ ထိုအခါ လှိုင်းက ချက်ချင်း မာန့်အနား ရောက်လာကာ မာန့်ကို ပြန်ဆွဲရင်း -
"ကိုရိပ် စိတ်လျှော့ ..ကျွန်တော် မေးမယ်။"
ဟု ခပ်တိုးတိုး ဆိုကာ ခင့်ရှေ့ ဒူးထောက်ထိုင်ချလိုက်သည်။ တုန်လှုပ်နေသည့် ခင်သည် မျက်ရည်များလည်း တရစပ် စီးကျလာကာ လှိုင်းကို တွေတွေငေးငေးကလေး ကြည့်နေရင်း တုန်တုန်ယင်ယင် နှုတ်ခမ်းသားများက တစ်ခုခုကို ပြောပြချင်နေဟန်။ လှိုင်းသည် မေ့ကို သေချာ စိုက်ကြည့်ပြီး အနူးညံ့ဆုံးသော မျက်ဝန်းညိုများကို မေ့မျက်နက်ဝန်းများ၌ ပုံရိပ်ထင်စေလိုက်ကာ အညင်သာဆုံးဖြစ်လောက်မည့် လေသံဖြင့် မေ့ကို မေးလိုက်မိသည်။
"မေ ညီမလေး ..အစ်ကို့ကို ပြောပြနော်။ ဘယ်သူနဲ့ မှားလို့ ရတဲ့ ကိုယ်ဝန်လဲ။ မေ့ကို အစ်ကိုတို့ မဆူပါဘူး။ အဲ့တာကြောင့်မို့လို့ ဘာမှ မကြောက်ဘဲနဲ့ အစ်ကို့ကို ပြောပြနော် ..ကလေးအဖေက ဘယ်သူလဲ။"
"ကိုလှိုင်း ... မေ ကြောက်တယ်။ မေ ကြောက်တယ် ...."
မေသည် ချက်ချင်းဆိုသလို လှိုင်းကို သိုင်းဖက်လိုက်ကာ ရှိုက်ကြီးတငင်ဖြင့် ငိုကြွေးပါတော့သည်။ ရုတ်တရက်မို့ ကျောရိုးကို ဆန့်တန်းလိုက်မိကာ မေ့ကို တွန်းထုတ်လိုက်ချင်သဖြင့် ဦးသော်ကကို အကူအညီတောင်းသလို လှမ်းကြည့်မိတော့ ဦးက ခေါင်းကို အသာခါပြကာ ငြိမ်နေခိုင်းသည်။ လှိုင်း ဒေါ်အေးမြတ်မွန်ဆီ အကြည့်ရောက်ပြန်တော့လည်း သူ့ကို ဦးနှင့်ထပ်တူကျသော တုံ့ပြန်မှုကိုသာ ပေးသည်။ နောက်ဆုံး၌ လှိုင်းသည် အန်းမားအား မရဲတရဲဖြင့် လှမ်းကြည့်မိတော့ ထူးဆန်းစွာ ပေးအပ်လာသော တုံ့ပြန်မှုသည် မကျေနပ်ခြင်း မပါသဖြင့် လှိုင်းလည်း မေ့ကို လွတ်လပ်စွာ ငိုကြွေးခွင့် ပြုလိုက်မိတော့သည်။
"ပါပါး ..ဒီကိစ္စကို ဘယ်လိုဆက်လုပ်မှာလဲ။"
မေ ငိုလို့ ဝသည်အထိ မာန် ရင်အကွဲခံပြီး လှိုင်းကို ဖက်နေသည်ကို ခပ်ငေးငေး ကြည့်ကာ ခွင့်ပြုပေးခဲ့သော်လည်း သူမ ငိုပြီးသည်နှင့် ဒူးထောက်လျက်သား ဖြစ်နေသည့် လှိုင်း၏ လက်ကို ဆွဲကာ ထူရင်း ပါပါးကို ခပ်ဆတ်ဆတ် မေးလိုက်မိသည်။ မာထန်ထန် ထွက်ပေါ်လာသည့် အမေးစကား၏ အကြောင်းပြချက်များသည် မေရတီ အနေအထိုင် မတတ်ခဲ့သဖြင့် မာန် မချိတင်ကဲဖြစ်နေတာ နေမှာပါ ၊ မေရတီ့ကို စော်ကားခဲ့သည့်ကောင်အား သတ်ပစ်ချင်လောက်အောင် ဒေါသထွက်နေလို့ ဖြစ်မှာပါ ၊ မာန် ကိုယ်တိုင်ပင် မသိလိုက်ဘဲ မေ့အား ညီမရင်းလေးတစ်ယောက်လိုမျိုး သဘောထားမိသွားသဖြင့် စိတ်တိုနေလို့ ဖြစ်မှာပါ။ ထိုအကြောင်းပြချက်များတွင် လှိုင်းသံစဉ်ကို သဝန်တိုနေမိသည် ဟူသော အချက် မပါဝင်နိုင်ကောင်းရဲ့။
"လှိုင်း ... ဦး ..သားကို အကူအညီတောင်းမယ်ဆိုတာက ..မေ့ကို တာဝန်ယူပေးဖို့ပါ။"
"ဗျာ"
ထွက်ပေါ်လာသည့် အာမေဋိတ်သံသည် မည်သူ့ဆီကမှန်း မသဲကွဲတော့သည်အထိ မာန်ရော လှိုင်းပါ တုန်လှုပ်သွားရသည်။ ဦးသော်က၏ နှုတ်မှ ထွက်ပေါ်လာသော ထိုစကားသည် နားကြားမှားလောက်တာ ဖြစ်မှာပါ ဟု စိတ်ထဲ အတန်တန် ပြောနေမိသော်လည်း စကားကို ဆက်လာသည့် ဦးသော်ကကြောင့် မာန် အံကို တင်းတင်းကြိတ်ထားလိုက်မိသည်။
"သား ..ဦးတို့ တစ်ကိုယ်ကောင်းဆန်နေမိမှန်း သိပါတယ်။ ဒါပေမဲ့ သမီးလေးကို မေးတော့ သူ့ကို ဘယ်သူမကောင်းကြံလိုက်မှန်း မသိတော့ဘူး ဆိုလို့။ နောက်ပြီး သမီးလေးကို သေချာ စောင့်ရှောက်ပြီး လုံခြုံမှု ပေးနိုင်တဲ့သူဆိုလို့ သားတစ်ယောက်တည်း ရှိလို့ ..ဦးတို့ကို ကူညီပေးပါ သား။"
အနားရောက်ချကာ လှိုင်း၏ ပုခုံးကို အားကိုးတကြီး ဆုပ်ကိုင်ရင်း ပြောလိုက်သည့် ဦးသော်က၏ စကားကြောင့် လှိုင်း၏ တစ်ကိုယ်လုံး တောင့်ခဲသွားရသည်။ တောင်းလျှိုးပန်လျှိုး အကြည့်တို့ဖြင့် ကြည့်နေသည့် ဦးသော်ကအား လှိုင်း ငေးကြည့်ရုံမှအပ မည်သည့်စကားလုံးကိုမှ အသံမထွက်တတ်သည့် လူတစ်ယောက်လို ဆွံ့အနေမိသည်။
"လှိုင်း ..အန်တီတို့ကို ကူညီပါ သားရယ်။ သားသာ မကူညီရင် မေ့ဘဝက သူများတံတွေးခွက်ထဲ ပက်လက်မျောမှာ။"
ထပ်မံ အနားရောက်လာသည့် ဒေါ်အေးမြတ်မွန်ကြောင့် လှိုင်း နှုတ်ဆိတ်နေရန် မဖြစ်တော့သည်မို့ နောက်ကျောဘက်၌ ရပ်နေသည့် မာန့်ကို လျစ်လျူရှုကာ ၊ တစ်ဘဝလုံး မာန့်တစ်ယောက်တည်းကိုသာ သစ္စာရှိခဲ့သည့် မိမိနှလုံးသားကို ဥပက္ခာပြုကာ ၊ မိမိဘဝတစ်လျှောက်လုံး နစ်မွန်းသွားနိုင်သည့် အရေးကို မျက်ကွယ်ပြုကာ လှိုင်း ဆုံးဖြတ်ချက် ချလိုက်မိသည်။
"ကျွန်တော် ... ကျွန်တော် မေ့ကို တာဝန်ယူပါ့မယ်။"
"ကျွန်တော် သဘောမတူဘူး။"
ဆင့်ကဲထွက်ပေါ်လာသော စကားသံနှစ်ခုသည် အသံအနိမ့်အမြင့် အတက်အကျကအစ ကွဲပြားနေသဖြင့် မာန့်စကားသံသည် ပို၍ ဟိန်းထွက်သွားသည်။ လှိုင်း နောက်လှည့်ကြည့်လိုက်မိတော့ နာနာကြည်းကြည်း ကြည့်နေသည့် မာန့်မျက်ဝန်းများ၌ မျက်ရည်ဥများ ဝေ့သီရစ်သိုင်းနေလေရာ လှိုင်းပါ ငိုချင်လာသည်။ မာန်သည် လှိုင်း၏ လက်ကောက်ဝတ်ကို လှမ်းဆွဲကာ -
"ဒီကိစ္စကို ပါပါးတို့ဘက်က ဘယ်လိုပဲပြောပြော ကျွန်တော် ဘယ်နည်းနဲ့မှ သဘောမတူနိုင်ဘူး ပါပါး။"
ပြောပြီးသည်နှင့် မာန် လှိုင်းသံစဉ်၏ လက်အား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း အိမ်ပြင်ဘက်သို့ ထွက်လာလိုက်သည်။ မာန့်အနားမှ လှိုင်းကို ဆွဲထုတ်သွားကြမည့် ဤအရိပ်အာဝါသအောက်၌ တစ်စက္ကန့်မျှပင် မရှိချင်တော့သည့်အတွက် မာန်၏ ခြေလှမ်းများသည်လည်း သွက်နေလေရာ ခြံပြင်၌ ရပ်ထားသည့် ကားဆီသို့ ချက်ချင်းဆိုသလို ရောက်ရှိသွားသည်။
"ကိုရိပ် လက်ကိုလွှတ်ပါဦးဗျာ"
"လှိုင်းသံစဉ် ..မင်းရူးနေပြီလား။ မင်း မကျူးလွန်ခဲ့တဲ့ အပြစ်ကို မင်းက ဘာကိစ္စ တာဝန်ယူမှာလဲ။ ဒီကိုယ်ဝန်က မင်းနဲ့ ဘာဆိုင်လို့လဲ ဟမ် ..ငါ့ကို ပြောလေ။ မင်းနဲ့ ဘာများ သက်ဆိုင်နေလို့လဲလို့။"
"ကိုယ်ဝန်က ကျွန်တော်နဲ့ မဆိုင်ပေမဲ့ ဦးတို့ရဲ့ ဂုဏ်သိက္ခာနဲ့ သက်ဆိုင်နေတယ်လေ ကိုရိပ်။ အခုလို အခြေအနေမျိုးမှာ ကျွန်တော်က ဘယ်လိုလုပ် မသိချင်ယောင် ဆောင်ပေးနိုင်မှာလဲ။ ဦးရဲ့ကျေးဇူးတွေ ကျွန်တော့်အပေါ်မှာ အများကြီးမှ အများကြီးပဲ။ ကျေးဇူးရှင်ကို အနည်းဆုံး ဒီလောက်ကတော့ ကျေးဇူးဆပ်နိုင်ရမှာပေါ့။ မဟုတ်ဘူးလား ကိုရိပ်။"
"တောက်"
မာန် ဘာစကားမှ ဆက်မပြောဖြစ်တော့ဘဲ ကားထဲသာ ဝင်ထိုင်နေလိုက်သည်။ တကယ်တော့ ဘာစကားမှ ဆက်မပြောနိုင်တော့သည်အထိ လှိုင်းသံစဉ်ကို မေရတီ့လက်ထဲ ထည့်ပေးလိုက်ရမည်ကို နှမြောသည် ၊ တွန့်တိုသည်။ မည်မျှပင် မိန်းကလေးတစ်ယောက်၏ ဘဝနှင့် စပ်လျဉ်းနေပါစေ ၊ မည်မျှပင် ပါပါးတို့၏ ဂုဏ်သိက္ခာနှင့် ပတ်သက်နေပါစေ ကျေးဇူးကြွေးတစ်ခုတည်းနှင့် လှိုင်းသံစဉ်ကို ပါပါးတို့ ဤအကူအညီတောင်းခွင့် မရှိဘူးမဟုတ်လား။ မေရတီ မှားခဲ့တာ သူမ ကိစ္စနှင့် ပါပါးတို့ အရေး။ ဤသည်ကို ဘာမှမဆိုင်သည့် လှိုင်းသံစဉ်က ခေါင်းခံကာ ကလေးအဖေ လုပ်ရမည်တဲ့လား။ အဓိပ္ပာယ် မရှိလိုက်တာ ... ပါပါးတို့ တောင်းဆိုသည့် အကူအညီကလည်း အဓိပ္ပာယ် မရှိသကဲ့သို့ လှိုင်းသံစဉ်၏ ဆုံးဖြတ်ချက်ကလည်း အဓိပ္ပာယ် မရှိ။ တစ်သက်မှာ တစ်ခါမှပင် ရည်းစားမထားဖူးသူက သူ မကျူးလွန်ထားသည့် အမှားတစ်ခုကို တစ်ဘဝလုံး ပုံအပ်ပြီး တာဝန်ယူမတဲ့လား။
"ကိုရိပ် ... ကျွန်တော် ..."
"မိုးထက်ပိုင် အိမ်ကို မောင်း။"
"ကိုရိပ်"
"မင်း ပါးစပ်ကို ပိတ်ထား။ မိုးထက်ပိုင် အိမ်ကို မောင်းလို့ ပြောနေတာ မကြားဘူးလား။"
မာန်သည် ပြောပြီးသည်နှင့် ခုံကို နောက်လှဲချကာ မျက်လုံးများကို မှိတ်ထားလျက် မှေးစက်နေလိုက်သည်။ တစ်ခဏလေးအတွင်း ရွေ့လျားသွားသည့် ကား၏ လှုပ်ရှားမှုကို မာန် ခံစားသိလိုက်ရသည်။ မာန့်စိတ်များ အစိုးမရနိုင်အောင် ပျာယာခတ်နေသည်ကို လှိုင်းသံစဉ် မသိ ... သူသိသည်ကား ပါပါးအပေါ် တင်နေသည့် ကျေးဇူးကြွေးကို ပြန်ဆပ်ရန်ပင်။ မာန့်ရင်ထဲ ပလောင်ဆူနေရသည် ... ယောင်္ကျားလေး ဖြစ်နေသည် ဆိုသည့် အချက်သည် သူတို့နှစ်ဦးအား ရှေ့ဆက်ရန် တားဆီးပိတ်ပင်ထားသည့် စည်းတစ်ခု ဆိုလျှင် 'အိမ်ထောင်' ဟူသော စကားလုံးသည် သူတို့ကို ဝေးကွာသွားစေသည့် နယ်မြေကန့်သတ်ချက်တစ်ခုပင်။ ဟင့်အင်း ... မာန် မပေးလိုက်နိုင်ဘူး။ မာန် သဘောထားကြီးစွာနှင့် မိမိနှလုံးသားကို စတေးပြီး တစ်ဘဝလုံးစာ နောင်တကို ထွေးပွေ့မနေနိုင်ဘူး။
"လှိုင်းသံစဉ်က မာန်ရိပ်မော်ရဲ့ လိုအပ်ချက်။ တစ်ခုတည်းသော လိုအပ်ချက်ကိုတော့ မျှဝေပေးလောက်တဲ့အထိ သဘောထားမကြီးနိုင်ဘူး။"
မိုးထက်ပိုင်၏ ခြံထဲသို့ ဝင်လာချိန်အထိ မာန်က အိပ်ပျော်နေသည်မို့ လှိုင်းသည် ခြံထဲ၌ ကားရပ်ထားသည့်တိုင်အောင် လှိုင်း မနှိုးဖြစ်။ သူကိုယ်တိုင်လည်း စိတ်တွေ ထွက်ပေါက် မရှိလောက်အောင် မွန်းကြပ်ရှုပ်ထွေးနေသည် ဖြစ်ရာ သက်မကို ရင်မောစွာဖြင့် အခါခါ ရှိုက်ထုတ်နေမိသည်။ ဘာလို့များ သည်လို အဖြစ်တွေက သူ့ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာရသနည်း။ မပိုင်ဆိုင်နိုင်သည့် လူတစ်ယောက်ကို သူ့ဘက်က သစ္စာရှိရှိနှင့် တစ်ဘဝလုံး ချစ်နေပေးချင်တာကို ဘာလို့များ ကံကြမ္မာက လက်သင့်မခံနိုင်ရသနည်း။ ကံကြမ္မာအလိုကျ ရှင်သန်ဖြတ်သန်းလာခဲ့သည့် သူ့ကို တစ်ကြိမ်တစ်ခါလောက်တော့ ပျော်ရွှင်ခွင့်ပေးသင့်သည်လေ။
"လှိုင်း"
ကားမှန်များ တင်ထားသည့်တိုင်အောင် အပြင်မှ အော်ခေါ်နေသည့် မိုးထက်ပိုင်ကြောင့် လှိုင်း ကားမှန်ကို ဖြည်းဖြည်းချကာ လက်ညှိုးအား နှုတ်ခမ်း၌ တေ့ကာ -
"ရှူး"
"ဩ အေး အေး ..သူ နိုးမှ အိမ်ထဲ ဝင်ခဲ့။"
အိပ်ပျော်နေသည့် မာန့်ကို မြင်သည်နှင့် မိုးထက်က နားလည်သဘောပေါက်စွာဖြင့် လေတိုးသံဖြင့်သာ နှစ်ကိုယ်ကြား ကြားရုံပြောပြီး အိမ်ထဲသို့ ပြန်ဝင်သွားသဖြင့် လှိုင်း ကားမှန်ကို ပြန်တင်လိုက်သည်။ သည့်နောက် ဘေးနား မှေးစက်နေသူကိုသာ ငြီးငွေ့ခြင်း ကင်းမဲ့စွာဖြင့် စိုက်ကြည့်နေမိသည်။
"ကိုရိပ် ကျွန်တော် ဘယ်လိုလုပ်ရမလဲဗျာ။"
တိတ်ဆိတ်ခြင်း မင်းမူနေသည့် ကားထဲ၌ တိုးညှင်းညှင်း ထွက်ပေါ်လာသော မေးခွန်းမမည်သည့် မေးခွန်းတစ်ခု၌ စိတ်ပင်ပန်းမှုများ ကြီးစိုးခြယ်လှယ်နေလေသည်။ အိပ်ချင်ယောင်ဆောင်ကာ မှေးစင်းထားသော မျက်လုံးများသည် မာန် တကယ် အိပ်ပျော်နေပြီဟု လှိုင်းကို အထင်ရောက်စေသည်လား မပြောတတ်သော်ငြား လှိုင်းကတော့ စကားတွေကို တစ်ကိုယ်တည်း ဆက်ပြောလို့ နေသည်။
"ကျွန်တော် ဦးတို့တောင်းတဲ့ အကူအညီကို ငြင်းလိုက်ချင်တယ် ..မေ့ကို ကျွန်တော် မချစ်ဘူး။ အချစ်မပါတဲ့ အိမ်ထောင်တစ်ခုကိုလည်း ကျွန်တော် မထူထောင်ချင်ဘူး။ အဲ့တာတွေထက် ... ကိုရိပ်ကို ... သစ္စာမဖောက်ချင်ဘူး ..."
အဖျားခတ်သွားသည့် စကားသံအဆုံး ပြန်လည် ဆိတ်ငြိမ်သွားသည့် လေထုသည် ခြောက်ကပ်လျက်။ မျက်လုံးများ မှိတ်ကာ နားထောင်နေမိသည့် စကားလုံးများသည် နာကျင်စေသော်လည်း တစ်ချက်တည်းမှာပင် ရင်ခုန်လာစေသည်။ သစ္စာမဖောက်ချင်သူကို ဘာလို့ ဖိအားတွေ ပေးနေကြရသနည်း။ မာန်ကရော လှိုင်းသံစဉ်ကို သူတစ်သက်လုံး စောင့်ထိန်းလာသည့် သစ္စာကို ဖောက်ဖျက်ခွင့် ပေးမည် ထင်လား။
"ရောက်ပြီလား။"
"ဟုတ် ရောက်ပြီ ကိုရိပ်။ အိပ်ချင်သေးရင် ထပ်အိပ်ဦးလေ။"
"မအိပ်ဘူး ..ဆင်းမယ်။"
မာန် စိတ်ဆိုးဟန်ဆောင်ကာ ကားပေါ်မှ ဆင်းပြီး မိုးထက်၏ အခန်းရှိရာသို့ တန်းတန်းမတ်မတ် လျှောက်လာလိုက်သည်။ မာန် စိတ်ဆိုးနေမှန်း သိသိလျက်နှင့်တော့ လှိုင်းသံစဉ် ယခုလိုမျိုး သွေးအေးမနေသင့်ပေ။ မာန် တကယ် သည်းမခံနိုင်တော့ဘူး ... တစ်ယောက်ယောက်ကို ရင်ဖွင့်ဖို့ အမှန်တကယ် လိုအပ်နေပြီ။
"မိုးထက် ..."
"ဟာ ဟေ့ကောင် ..."
"အာ မင်းက အဝတ်အစား လဲနေရင်လည်း တံခါးကို လော့ခ်ချလေ လဒရဲ့။ တောက် ... ပြီးရင် အော်ပြောလိုက်။"
မာန် အခန်းတံခါးကို ဂျိန်းခနဲ မြည်အောင် ပိတ်ချလိုက်ပြီး အခန်းရှေ့ ရပ်နေရသည်။ ဘာကောင်လဲ မသိ ... လူကဖြင့် အသက် ၂၃ နှစ် ရှိနေပြီ။ ရှက်ကြောက ခုချိန်ထိ ပြန်မဆက်သေး။ အဝတ်အစားလဲတာပဲ ... တံခါးပိတ်လဲရင် သူ့ ဘယ်သူက ဘာလုပ်မှာမို့လို့လဲ။ မိုးထက်ပိုင် လုပ်တာနှင့် မေရတီ့ကြောင့် နွမ်းနယ်နေသည့် စိတ်များပင် ဘယ်ဆီပြေးရှောင်ပုန်းခိုသွားမှန်း မသိတော့။ ဟုတ်သားပဲ ... မိုးထက်ပိုင်ပဲဟာ။ တစ်နည်းမဟုတ် တစ်နည်းဖြင့် မာန်တို့ကို စိတ်ညစ်စရာများ၏ အဝေးသို့ ခေတ္တ ခေါ်ဆောင်သွားပေးနိုင်သည်မှာ ငယ်ငယ်ကတည်းက ဖြစ်သည်မို့ မွန်းကြပ်ရှုပ်ထွေးနေသည့် ခံစားချက်များ အတန်ငယ်တော့ အနည်ထိုင်သွားသည်။
"ကိုရိပ် ..အထဲ မဝင်ဘူးလား။"
မာန် အခန်းပြင်ထွက်ပြီး အနည်းငယ်သော မိနစ်အတွင်း မာန့်အနား ရောက်လာသည့် လှိုင်းသံစဉ်အား မာန် မျက်စောင်းသာခဲလိုက်မိသည် ... လူစွမ်းကောင်း လုပ်ပြီး နွားဖြစ်ခံမည့်ကောင်အား မာန် ဘာစကားမှကို မပြောချင်ဘူး။ သကောင့်သားအား ကျောခိုင်းလိုက်တော့ ကျေးဇူးရှင်က မာန့်ကို အရင်ကလို လိုက်ချော့မနေပါဘူး ... သင်္ကန်းမစီးဖူးသည့်သူက ရွှေပြည်အေးတရားကို အထုံပါရမီအရ လာဟောနေသည်လေ။
"ကိုရိပ် ... ကျွန်တော့်ကို စိတ်ဆိုးနေမှန်း သိပါတယ်။ ဒါမဲ့ ..ခုကိစ္စက ကိုရိပ်တို့ မိသားစုရဲ့ အရှက်နဲ့ သိက္ခာပေါ် မူတည်နေတယ်လေ။ ကျွန်တော်မှ မေ့ကို တာဝန်မယူဘူး ဆိုရင် ဘယ်လိုလုပ်မလဲ ကိုရိပ်ရယ်။ မေသာ လက်မထပ်ဘဲနဲ့ ကလေးမွေးလိုက်ရင် ပတ်ဝန်းကျင်မှာ ပြောစရာတွေ ဖြစ်ကုန်မှာလေ။ နောက်ပြီး ..မွေးလာမဲ့ ကလေးကိုလည်း အဖေ မရှိဘဲနဲ့ မကြီးပျင်းစေချင်ဘူး။"
စေတနာတွေ ရေစီးကမ်းပြိုလိုက်နေသည့် လှိုင်းသံစဉ်အား မာန် ကျောခိုင်းထားရာမှ မျက်နှာချင်းဆိုင်လိုက်သည်။
"မင်းကိုယ်မင်း လူစွမ်းကောင်းလို့များ ထင်နေလား လှိုင်းသံစဉ်။ ဒီကလေးကို မင်းက တာဝန်ယူရအောင် မင်း အဲ့လောက် ကလေးအဖေ ဖြစ်ချင်နေလား ဟမ်။ ရည်းစားတောင် တစ်ခါမှ မထားဖူးတဲ့ ကောင်က လက်ထပ်ပြီး ကလေးအဖေ လုပ်မယ်တဲ့လား။ ငါ သဘောမတူဘူးနော် လှိုင်းသံစဉ် ..ကျေးဇူးကြွေးတွေ ဘာတွေ ငါ နားမလည်ဘူး။ မင်း မေရတီကို လက်ထပ်လို့ မရဘူးဆိုတာပဲ မှတ်ထား။"
"ကိုရိပ် ..."
"ဟေ့ကောင် မာန် ..ဘာတွေပြောနေတာလဲ။"
"ပြောပြမယ် ..မင်း အခန်းထဲ လိုက်မဝင်လာနဲ့ လှိုင်းသံစဉ်။ မင်းမျက်နှာ ငါ မမြင်ချင်ဘူး။ မိုးထက် ..လာခဲ့။"
မာန်သည် လှိုင်းအား ကြိမ်းပြီးသည်နှင့် မိုးထက်၏ လက်မောင်းကို ဆွဲကာ အခန်းတံခါးကို အသံမမြည်မြည်အောင် ပိတ်ချလိုက်သဖြင့် လှိုင်းမှာ တုန်တက်သွားရသည်။ မာန်တစ်ယောက်နှင့် သူလည်း စိတ်ညစ်ပါသည်။ ခေါင်းမာသူပီပီ ဤကိစ္စကို လက်ခံအောင် သူ မည်သို့ ဖြောင်းဖြရမည်နည်း။ နောက် သူကိုယ်တိုင်က ဤကိစ္စကို လက်သင့်မခံချင်နေသည်ဖြစ်ရာ မာန် သဘောတူအောင် နားချဖို့ရာ သူ့၌ ခွန်အားမရှိ။ ကိုယ်ချစ်သည့် သူအား မချစ် မနှစ်သက်သည့် မိန်းကလေးတစ်ယောက်ကို တစ်ဘဝလုံး တာဝန်ယူမည့်အရေးကို သူ ဘယ်လိုစိတ်နှင့် ပြောထွက်မည်နည်း။ စောနက စကားများ ပြောထွက်နိုင်ဖို့ရန်ပင် လှိုင်း မနည်းမနော ကြိုးစားခဲ့ရသည်လေ။
"မင်းတို့နှစ်ကောင် ဘာဖြစ်ကြတာလဲ မာန်။ မင်း လှိုင်းကို အနိုင်ကျင့်ပြန်ပြီလား။"
"မင်းက ဘာသိလို့ ပြောနေတာလဲ။ အဲ့ကောင် အခု ဘာတွေလုပ်နေလဲ မင်းသိလို့လား ဟမ်။"
"ဘာလုပ်လို့လဲ။"
"ပြောပြမယ် ..ပိုင်ဘုန်းသွင်ကိုပါ ဖုန်းခေါ်။ ငါ ဒီကိစ္စကို ခဏ ခဏ မပြောနိုင်ဘူး။"
မာန်၏ ဘောက်ဆတ်ဆတ် စကားကြောင့် မိုးထက်က ခေါင်းညိတ်ကာ သူ့ဖုန်းဖြင့် ဘုန်းသွင်ဆီသို့ ဖုန်းခေါ်သည်။ ဖုန်းဝင်သွားသည်နှင့် မိုးထက်က စပီကာ ဖွင့်ပြီး မာန်နှင့် လှိုင်းစကားများထားကြောင်း ဘုမသိ ဘမသိနှင့် ဝင်ပြောသေးသည်။
"မာန် ..လှိုင်းကို ဘာတွေရစ်နေပြန်ပြီလဲ။"
"မင်းတို့ကောင်တွေကလည်း ပြဿနာတစ်ခုခု ဖြစ်တာနဲ့ ငါက ရစ်လို့ဆိုတာချည်းပဲ။ ခုကိစ္စက ငါ မရစ်ဘူး။ ဒီနေ့ မင်းတို့ရဲ့ လှိုင်းက ဘာပြောတယ် မှတ်လဲ ..မေရတီကို သူ လက်ထပ်မယ်တဲ့လေ။"
"အမ်"
"ဘာ"
မာန့်စကားကြောင့် မိုးထက်နှင့် ဘုန်းသွင်ထံမှ ကွဲပြားသော အာမေဋိတ်သံများသာ ထွက်လာလေသည်။ ဟုတ်သည်လေ ... လှိုင်းသံစဉ်က မာန့်အပေါ် ထားသည့် သူ့အချစ်ကို သစ္စာဖောက်မည့် လူစားမျိုး မဟုတ်သည်ကို သိသည့်အတွက် ယခု မာန့်စကားသည် သူတို့နှစ်ဦးစလုံးကို နှုတ်ဆိတ်ဆွံ့အသွားစေသည်။
"မာန် ငါ နားလည်အောင် ရှင်းပြစမ်းပါ။ လှိုင်းက မေ့ကို လက်ထပ်မဲ့သူမျိုး မဟုတ်ဘူးဆိုတာ ငါ သိတယ်။"
မိုးထက်က စိတ်မရှည်သလိုမေးတော့ မာန်သည် ဒေါသများ၏ အလွန်၌ သူ၏ အကျင့်အတိုင်း တောက်တစ်ချက် ခေါက်ပြီးမှ စကားကို ဆက်သည်။
"မေရတီက အခုကိုယ်ဝန်ရှိနေပြီ ..ဘယ်သူနဲ့ မှားခဲ့မှန်း မသိဘူးတဲ့။ အဲ့တာကိုကွာ ... ပါပါးတို့ကလည်း ပုတက်ကို တာဝန်ယူပေးပါဆိုပြီး အကူအညီတောင်းတယ်။ လှိုင်းသံစဉ် ဆိုတာကလည်း သူ ကူညီပါ့မယ်တဲ့။ ငါ့ကိုကျ ဘယ်မိန်းကလေးကိုမှ လက်မထပ်ပါဘူးလို့ အထပ်ထပ် ပြောပြီးတော့ ခုကျ မေ့ကို လက်ထပ်မယ် ၊ တာဝန်ယူမယ်ဆိုပဲ။ ဘယ်လောက်ဒေါသထွက်စရာကောင်းလိုက်သလဲ။ ငါ အဲ့ကောင်ကို စိတ်မဆိုးသင့်ဘူးလား မိုးထက် ..မင်းပဲ ပြောတော့ကွာ။"
"လှိုင်း အခုလို လုပ်တာ မင်းတို့မိသားစုအတွက်ပဲလေ မာန်။ မင်းက ဘာလို့ စိတ်ဆိုးနေတာလဲ။ တကယ်ဆို မေမှ မဟုတ်ဘူး ..သူ ဘယ်သူနဲ့ ယူယူ မင်းမှာ စိတ်ဆိုးပိုင်ခွင့် မရှိဘူး ၊ ဒေါသထွက်ပိုင်ခွင့် မရှိဘူးလေ။"
အနီးနား၌ ပိုင်ဘုန်းသွင် ရှိလို့ကတော့ မာန် လက်မောင်းကို ပုပ်မတတ် ထိုးမိမည်ပင်။ သူက ဘာသိလို့လဲ ... လှိုင်းသံစဉ်ကိုယ်တိုင်က သူဟာ မာန့်အပိုင်ပါလို့ အတိအလင်း ပြောထားပြီးသား။ အဲ့တာကို မာန်က ယခု မေရတီ့လက်ထဲသို့ ထည့်ပေးရမည်ကို ဒေါသမထွက်သင့်ဘူးလား။
"ဘာလို့ ဒေါသမထွက်ရမှာလဲ ဘုန်းသွင်။ လှိုင်းသံစဉ်က ငါ့အပိုင် ..ငါ ဘယ်သူ့ကိုမှ မပေးနိုင်ဘူး။ အေး ..ငါ့ဆီကနေ လာလုဖို့ ကြိုးစားတဲ့သူတွေကိုလည်း ငါက ညှာမှာ မဟုတ်ဘူး။ ခုကိစ္စကိုလည်း ငါ တစ်သက်လုံး သဘောမတူနိုင်ဘူး။"
"မင်းမှာ လှိုင်းကို အပိုင်သိမ်းထားခွင့် မရှိဘူး မာန်။ ငါ မင်းကို ပြောဖူးပါတယ် ..လှိုင်းက အရုပ်မဟုတ်ဘူး။"
"မသိတော့ဘူးကွာ ..ဒါပဲ။"
မာန်သည် မိုးထက် လက်ထဲမှ ဖုန်းကို ဆတ်ခနဲ ဆွဲယူကာ ဖုန်းချပစ်လိုက်သည်။ ဘုန်းသွင်၏ တရားဟော နားချခြင်းကို နားထောင်ရန် မာန့်မှာ ခန္တီပါရမီ မပြည့်စုံ။ ဘုန်းသွင် နားချသည့် အတိုင်းလည်း တသွေမတိမ်း နားထောင်နိုင်စွမ်း သူ့၌ မရှိ။ စိတ်ရှုပ်ရချိန်၌ ဘုန်းသွင်၏ အမှန်တရားများသာ တည်ရှိနေသည့် စကားများကို မာန် မကြားချင်ပေ။
"မာန် ..ဘုန်းသွင် ပြောတာ မှန်တယ်။ လှိုင်းက အရုပ်မဟုတ်ဘူးနော် ..သူ့မှာလည်း ကိုယ်ပိုင် ဆုံးဖြတ်ချက်ဆိုတာ ရှိဦးမယ်လေ။ တစ်သက်လုံး မင်းသဘော မင်းဆန္ဒအတိုင်းပဲ သူ နေလာပေးခဲ့တာ မဟုတ်ဘူးလား။ နောက်ပြီး အခုကိစ္စက မင်းတို့မိသားစု အရှက်ရမှာစိုးလို့ လှိုင်းက အနစ်နာခံမှာလေ မာန်။"
"ပါးစပ်ကို ပိတ်ထား မိုးထက်ရာ။ နားကို ငြီးနေတာပဲ ..စိတ်ညစ်လို့ မင်းတို့ကောင်တွေကို ပြောပြပါတယ်ဆိုမှ လူကို ပိုစိတ်ညစ်အောင် လုပ်နေတယ်။ မင်း bar သွားမှာမလား။ လာ ထ ..ခု သွားမယ်။"
မာန်သည် ပြောပြောဆိုဆိုနှင့် မိုးထက်၏ ဖုန်းကို မိုးထက်လက်ထဲ ပြန်ထည့်သွားပြီး အခန်းပြင်သို့ ထွက်သွားသဖြင့် မိုးထက်လည်း နေရာမှ ထကာ အနှီကျေးဇူးရှင်နောက် လိုက်ရသည်။ အခန်းပြင်ရောက်တော့ အခန်းဝ၌ ရပ်နေသည့် လှိုင်းကို တွေ့လိုက်ရသဖြင့် မိုးထက် သက်ပြင်းခိုးရှိုက်ရ၏။
"မိုးထက် ..ကိုရိပ် မင်းကို ဘာတွေပြောသေးလဲဟင်။"
"သူ အကြောင်းစုံ ပြောပြတယ်။ ပြီးတော့ မင်း မေနဲ့ လက်ထပ်မှာကို သဘောမတူဘူးဆိုတာလည်း ပြောတယ်။ လှိုင်း ..မင်း မေ့ကို မချစ်ဘူးမလား။"
အဖြေကို သိသိလျက်နှင့် ထုတ်လိုက်မိသည့် မေးခွန်းအဆုံး၌ လှိုင်းသည် တွေတွေကလေး ခေါင်းကို ခါရမ်းပြလာသည်။ မျက်မှန်အောက်ရှိ မျက်လုံးများဟာလည်း သောကတိမ်စိုင်များဖြင့် အုံ့ဆိုင်းမှိုင်းညှို့နေလေသည်။ ခပ်ဟဟ ပွင့်နေသည့် နှုတ်ခမ်းပါးများက တစ်ခုခုကို ဖွင့်ဟချင်နေမှန်း သိသာနေသည့်တိုင်အောင် လှိုင်းသံစဉ် ပီသစွာဖြင့် ခံစားချက်ကုဋေကုဋာကို ရင်တွင်း၌သာ သော့ခတ်သိမ်းဆည်းထားလေသည်။
"မိုးထက် ..ခု မင်းသွားချင်တဲ့ bar ကို သွားတော့မှာမလား။ သွားကြရအောင် လာ ..."
ဘာမှမဖြစ်သလိုဟန်ပန်နှင့် မိုးထက်ရှေ့မှ အရင် အောက်ဆင်းသွားသည့် လှိုင်းအား မိုးထက် ငေးကြည့်ရုံသာ တတ်နိုင်တော့သည်။ တကယ်တော့ 'ကြားသုံးကြား မဝင်ရ' ဆိုသည့် စကားကို ထပ်ဖြည့်ချင်သည် ... ကြားလေးကြားသာ ရှိခဲ့လျှင် ပါဝင်စွက်ဖက်၍ မကောင်းဆုံးသော ဆက်ဆံရေးက မာန်နှင့် လှိုင်း၏ သူငယ်ချင်းမက ညီအစ်ကိုမကျသော ဆက်ဆံရေးပင် ဖြစ်၏။
မုန်တိုင်းတစ်ခု မစတင်ခင် တိုက်ခတ်နေသည့် မာန်၏ မူမမှန်အောင် သွေးပျက်နေသည့် လေစိမ်းများကို မိုးထက်နှင့် ဘုန်းသွင်သာ ကြိုတင် သတိမူခဲ့မိပါလျှင် .....
~ 30/9/2023 (1:43 a.m.) ~