you're my DESTINY | gongfourz

By helulu_

2K 158 22

" အီဟန် ငါကမင်းအတွက်ဘာလဲ " " မင်းက ငါ့ရဲ့ကံကြမ္မာ " More

EP - 1
EP - 2
EP - 3
Hiii

EP - 4

314 28 3
By helulu_


ထယ်ဆန်းရေချိုးနေတုန်း အီဟန်တစ်ယောက် အခန်းကိုလှည့်ပတ်ကြည့်ရှုနေမိသည်။ သူ့ကြောင်လေး၏ရိုးရှင်းတဲ့နေထိုင်မှုပုံစံလေးကြောင့် သဘောကျသည်ထက်ကိုပိုပါသည်။ ဆက်ကြည့်နေရင်း စာရေးစားပွဲပေါ်မှာ ထောင်ထားတဲ့ မိသားစုဓာတ်ပုံဘောင်လေးကိုမြင်တော့ ယူကြည့်မိလိုက်သည်။ ပုံထဲတွင် ကစားကွင်း၌ ဘေဘီထယ်ဆန်းလေးက ရယ်မောနေကာ ဘေးနှစ်ဖက်တွင်တော့ မေမေနှင့်ဖေဖေက ထယ်ဆန်းရဲ့ ပါးမို့မို့အိအိလေးနှစ်ဖက်ကို အနမ်းပေးနေကြသည်။

" ချစ်ဖို့ကောင်းတယ် "

အီဟန်က ဓာတ်ပုံထဲက ဘေဘီထယ်ဆန်းပုံလေးကိုလက်လေးနဲ့ပွတ်သပ်ကာရေရွတ်လိုက်သည်။ ကြည့်နေရင်း နွေးထွေးမှုကိုခံစားနေရသလို တစ်ချိန်တည်းမှာပဲ ရင်ထဲဆို့နစ်လာသလိုလည်းခံစားလိုက်ရပါသည်။ အဘယ်ကြောင့်ဆိုသော် အီဟန့်ဘဝတစ်လျှောက်လုံး ကစားကွင်းဆိုတာ ဘာမှန်းတောင်မသိခဲ့ပါ။ နောက်ပြီး သူ၏မိဘများဆီကမှ အနမ်းရဖူးသည့်မှတ်ဉာဏ်တို့သည်လည်း သိတတ်စအရွယ်ကနေ အခုအချိန်ထိမရှိခဲ့။

" ကြောင်ချစ်တဲ့သူတွေက ကြောင်နဲ့ပါ တကယ်တူလာကြတာလား "

သူ့အား ဝမ်းနည်းစရာအတွေးတို့မှရုန်းထွက်စေနိုင်သူဟာ သူ့ရဲ့ပျော်ရွှင်ခြင်းကြောင်လေးပါပဲ။ အီဟန်က ထယ်ဆန်းရဲ့လက်တော့ပ်ပေါ်မှ ကြောင်စတစ်ကာလေးတွေကိုကြည့်ကာရေရွတ်လိုက်သည်။ အစကသတိမထားမိပေမယ့် အခုမှသေချာကြည့်မိတော့ နေရာတိုင်းလိုလိုမှာ ကြောင်ပုံလေးတွေကပ်ထားတာ။

" ဘာလုပ်နေတာလဲ "

နောက်ကျောဆီမှအသံထွက်လာတော့

" ဟင့်အင်း ဘာမှမလုပ်ဘူး မင်းလည်းပြီးပြီဆိုတော့ ငါပြန်တော့မယ်နော် ဒီနေ့အတွက်ကျေးဇူးပဲ မင်းအင်္ကျီတွေကိုတော့ နောက်ရက် ဆိုင်ကိုပဲဖြစ်ဖြစ်လာပြန်ပေးလိုက်မယ် "

" ဘာကိုပြန်မှာလဲ ခုနက ငါ့မေမေပြောတာမကြားဘူးလား ထမင်းပွဲပြင်ထားလိုက်မယ်တဲ့ စားပြီးမှပြန် "

" မဟုတ်တာ ရတယ် အခုတောင် ငါတော်တော်အားနာနေပြီ ပြန်လိုက်တော့မယ် "

" ကင်မ်အီဟန် "

" ဟင် "

ထယ်ဆန်းက ကုတင်ပေါ်ထိုင်ရင်း ရုတ်တရက်အသံခပ်ဆတ်ဆတ်နှင့် သူ့နာမည်အပြည့်အစုံကိုခေါ်လာတော့ အီဟန့်ခမျာ ဆတ်ခနဲဆိုသလို ကိုယ်ပါတောင့်မိသွားသည်။

" အနားလာခဲ့ "

" ဟင် ငါ့ကိုလား "

အီဟန်က မျက်လုံးအဝိုင်းသားလေးနှင့် သူ့ကိုယ်သူလက်ညှိုးထိုးကာပြောတော့

" ဒီအခန်းထဲမှာ မင်းနဲ့ငါပဲရှိတာ မင်းကိုမခေါ်လို့ ငါကဘယ်သူ့ကိုခေါ်ရမှာလဲ "

" ဘာတွေကြောင်နေတာလဲ အနားလာပါဆို လာ ဒီမှာထိုင် "

ထယ်ဆန်းကပဲ မတုန်မလှုပ်ရပ်နေတဲ့ အီဟန့်အနားသွားကာခေါ်လာရင်း ကုတင်ပေါ်တွင်ထိုင်စေသည်။

" ခေါင်းတွေလည်း ခြောက်အောင်မသုတ်ဘူး ကလေးလည်းမဟုတ်ဘဲနဲ့ မိုးမိထားတာ ဖျားကုန်မှာပေါ့ "

" အာ ရပါတယ် ငါ့ဘာသာငါသုတ်လိုက်ပါ့မယ် "

" ငြိမ်ငြိမ်နေ "

ထယ်ဆန်းက အီဟန့်ခေါင်းပေါ်ပုဝါတင်ရင်း ဝင်ရှုပ်လာတဲ့အီဟန့်လက်တို့ကို ဖယ်ချကာ ညင်ညင်သာသာနဲ့ သုတ်ပေးနေသည်။ အီဟန်ကတော့ ထယ်ဆန်းလုပ်ရပ်ကြောင့် ရင်အခုန်လွန်နေကာ နှလုံးခုန်သံကိုကြားသွားမှာစိုးသည့်အလား ပြန်မပြောတော့ဘဲ မလှုပ်မယှက်လေးသာငြိမ်ခံလို့နေသည်။

" ရပြီ "

" အင်း ကျေးဇူး "

ဒေါက် ဒေါက်

" ဟုတ်ကဲ့မေမေ ဝင်လာလို့ရတယ် "

" သားတို့ ရေချိုးပြီးလောက်ပြီထင်လို့ လာပြောတာ မေမေထမင်းပွဲပြင်ထားပြီးပြီ လာကြတော့နော် "

" ဟုတ် မေမေ အခုလာပြီ "

ထယ်ဆန်းမေမေက ပြုံးပြကာခေါင်းညှိမ့်ပြရင်း ပြန်ထွက်သွားသည်။

" တွေ့လား မေမေလာခေါ်နေပြီ စားပြီးမှပြန် သွားမယ် လာ "

အီဟန်ငြင်းချင်ရင်တောင် ငြင်းချိန်မရတော့ပါ။ ထယ်ဆန်းက သူ့လက်ကိုဆွဲကာ ခေါ်သွားချေပြီ။

" သားလေး ထည့်စားနော် ဘာမှအားမနာနဲ့သိလား ဒုံမင်းလေးက ဘယ်သူငယ်ချင်းမှအိမ်မခေါ်လာဖူးလို့ အန်တီက ထူးဆန်းနေတာ အခုလိုမျိုး သားရဲ့သူငယ်ချင်းတွေကိုချက်ကျွေးဖူးချင်ခဲ့တာလေ။ ရုတ်တရက်ဆိုတော့ ရှိတာလေးနဲ့ပဲအဆင်ပြေအောင်လုပ်ထားလိုက်ရတယ် အဆင်ပြေရဲ့လား သား "

" ဟုတ်ကဲ့ အန်တီ အများကြီးကိုပြေပါတယ် "

" သားနာမည်က ဘယ်လိုခေါ်တာ ခုနကပြောပေမယ့် အသက်ကြီးလာတော့ မေ့ကုန်ပြီကွယ် စိတ်မရှိပါနဲ့ "

" ဟာ မေမေက ခုထိ နုတုန်းလှတုန်းပါပဲနော် ရပ်ကွက်ထဲက ကောင်မလေးတွေတောင် မေမေ့ကိုမမှီဘူး "

ထယ်ဆန်းက တမင်ဝင်ပြောတာပင်ဖြစ်သည်။ ထမင်းဝိုင်းကိုရောက်လာကတည်းက မေမေက အီဟန့်ကိုသာ ဂရုစိုက်ပေးနေသည်မှာ အရင်က အမြဲသူ့ကိုထည့်ပေးနေကျ သူအကြိုက်ဆုံးဟင်းလျာဖြစ်သည့် ကြက်ဥလိပ်သည် အီဟန့်ပန်းကန်ထဲသို့ အရင်ဆုံးရောက်နှင့်သွားသည်ကိုမြင်လိုက်ရသောကြောင့်ပင်။ အခုဝင်ပြောတာတောင် မေမေက သူ့ဘက်ကိုကြည့်မလာဘဲ အီဟန်နဲ့သာစကားဆက်ပြောနေသည်မို့ ထယ်ဆန်းတစ်ယောက် သူ့ရှေ့ကထမင်းပန်ကန်လုံးအားကြည့်ကာ နှုတ်ခမ်းလေးတွေစူထွက်လာတော့သည်။ ဒါကိုမျက်လုံးထောင့်စွန်းကနေမြင်လိုက်တဲ့ အီဟန့်ရဲ့ မြင်ခဲလှပါတဲ့ပါးချိုင့်တို့ပေါ်သည်အထိ နှုတ်ခမ်းပါးစွန်းလေးနှစ်ဖက် ဖျက်ခနဲကော့တက်သွားသည်ကိုတော့ မည်သူမှ သတိမထားမိလိုက်ပါချေ။

" ကင်မ်အီဟန်လို့ခေါ်ပါတယ်အန်တီ ကင်မ်ဒုံဟျွန်းလို့လည်းခေါ်လို့ရပါတယ် "

အီဟန့်စကားအဆုံး စိတ်ဝင်စားမှုကြောင့် ထယ်ဆန်းမျက်ဝန်းတို့ အီဟန်ထံသို့ ပြန်လည်ရောက်ရှိသွားသည်။ အီဟန့်အကြောင်းထပ်သိရတော့မှာမို့ စကားဝိုင်းအားစူးစိုက်နေမိသည်။

" ဟယ် သားလည်း အိမ်ကအရှုပ်ထုပ်လေးလိုပဲ နာမည်နှစ်ခုရှိတာလား "

" ဟုတ်ကဲ့ အန်တီ ကင်မ်အီဟန်ဆိုတာကတော့ မိဘတွေပေးတာပါ ကင်မ်ဒုံဟျွန်းကိုတော့ ဖွားဖွားကပေးခဲ့တာပါ အဲဒါကြောင့် အဲဒီနာမည်ကိုအရမ်းကြိုက်ပေမယ့် သိတဲ့သူတော့သိပ်မရှိခဲ့ပါဘူး "

အခုငါက သူပြောတဲ့ သိတဲ့သူသိပ်မရှိတဲ့အထဲမှာပါသွားတာပေါ့။

" ဟယ်တူနေပြန်ပါရောလား ဟန်ထယ်ဆန်းဆိုတာက အန်တီရယ်ဦးလေးရယ်ပေးခဲ့တာလေ သူ့ဖွားဖွားဖြစ်တဲ့ အန်တီ့မေမေကတော့ ဟန်ဒုံမင်းမှဟန်ဒုံမင်းပဲဆိုပြီးဖြစ်ခဲ့လို့ အန်တီနဲ့တောင် ရန်ဖြစ်ခဲ့ရသေးတယ် နောက်ဆုံးတော့ ဟန်ဒုံမင်းကိုရွေးခဲ့ရပေမယ့် အန်တီကလည်း အလျှော့မပေးနိုင်ဘူးလေ ဟန်ထယ်ဆန်းလို့ခေါ်ဖြစ်ဖို့ကို မရမက ရအောင်ညှိနှိုင်းခဲ့ရတာပေါ့ကွယ် "

ထယ်ဆန်းမေမေက ပြုံးရယ်ရင်းပြောလာတော့ အီဟန်ကပါ လိုက်နားထောင်ရင်း ထပ်တူပြုံးမိပါသည်။ အပြုံးတွေဟာကူးစက်တယ်နဲ့တူပါတယ်။ အီဟန်ပြုံးတာကို ဘေးကထယ်ဆန်းကတော့ အမိအရကို ဖမ်းကြည့်ကာ နှလုံးသားထဲပုံရိုက်နှိပ်ထားနေသည်။ အီဟန်ပြုံးတာကရှားသည်လေ။ အခုတောင်ပြုံးတယ်ဆိုရုံလေးပြုံးနေတာပင်။ ပြုံးရင် သိပ်ကြည့်လို့ကောင်းပါကြောင်း ဒီကောင်လေးကို တစ်ခါလောက်တော့ သေချာပေါက်ပြောဖြစ်အောင်ပြောရဦးမည်။

" သား ငါးကို ဘာလို့မစားတာလဲမကြိုက်လို့လား ဒီငါးကအရမ်းစားလို့ကောင်းတာ အိမ်ကအရှုပ်ထုပ်လေးဆို ကြိုက်မှကြိုက်လေ "

ထယ်ဆန်းလည်း အီဟန်က တခြားဟင်းတွေကိုထိပေမယ့် ထိုငါးဟင်းကိုတော့မထိတာကို သတိထားမိပါသည်။

" ကြိုက်..ကြိုက်ပါတယ် "

အီဟန့်အသံလေးကအဖျားစွန်းမှာ တုန်ယင်သွားသည်ကို ဘေးမှာတူတူထိုင်ပြီး အရိပ်တကြည့်ကြည့်နဲ့ကြည့်နေမိတဲ့ ထယ်ဆန်းကတော့ သတိထားမိလိုက်သည်။

" ဒါဆို စားကြည့်လေ သား ရော့ "

ထယ်ဆန်းမေမေက ပြောရင်းနှင့်ပင် အီဟန့်ပန်းကန်ထဲသို့ ငါးကိုအရိုးနွှင်ကာ ထည့်ပေးလိုက်သည်။
အီဟန် နွှင်ပေးထားတဲ့ငါးအသားတို့တင်ထားတဲ့ ထမင်းတစ်လုတ်ကိုစားလိုက်သည်။ဆယ်စက္ကန့်လောက်အကြာမှာတော့ အီဟန့်ရဲ့ပုခုံးတို့ဟာ တသိမ့်သိမ့်တုန်လာတာကို ထယ်ဆန်းရော ထယ်ဆန်းမေမေပါမြင်နေရသည်မို့ နှစ်ယောက်စလုံးပြာပြာသလဲဖြစ်သွားရသည်။

" ဘာဖြစ်လို့လဲသား မကြိုက်လို့လား မကြိုက်ရင် မစားနဲ့နော် ရတယ်ရတယ် အန်တီကမသိလို့ပါကွယ် "

" မဟုတ်ပါဘူး အန်တီ ကြိုက်ပါတယ် အရမ်းကိုကြိုက်တာပါ "

အထင်လွဲသွားမည်စိုးတာကြောင့် အလျင်အမြန် ပြန်ဖြေလိုက်သည်။ တကယ်လည်း အီဟန်မညာပါ။ သူအမှန်တကယ်ပင် ငါးကိုအရမ်းကြိုက်ပါသည်။ သို့သော် သူငိုရသည့်အကြောင်းအရင်းမှာတော့ သူ့ကိုသူ့မေမေတောင်မှ ငါးရိုးမနွှင်ပေးဖူးတာကြောင့်ပင်။ အီဟန်ငယ်ငယ်က ထမင်းဝိုင်းမှာ သူ့မေမေအား ငါးအရိုးမနွှင်တတ်လို့ နွှင်ပေးပါဟု တောင်းဆိုခဲ့သော်ငြား အီဟန့်မေမေက အလုပ်ရှုပ်နေတယ်ဟူသောအကြောင်းပြချက်ဖြင့် ငြင်းပယ်ခဲ့သည်။ အီဟန့်ခမျာတစ်ယောက်တည်းငါးကိုမနွှင်တတ်နွှင်တတ်နှင့် နွှင်စားရင်း အရိုးစူးကာ ဆေးခန်းသို့ရောက်သည်အထိဖြစ်ခဲ့ဖူးသည်။ ထိုအချိန်ကစပြီး အီဟန် ငါးကိုယောင်လို့တောင်မထိတော့တာဖြစ်သည်။ ဘာမှမဟုတ်ဘူးလို့ ထင်ရပါနိုင်သော်ငြား ကလေးငယ်၏ရင်ထဲတွင်တော့ ဒဏ်ရာတစ်ခုအဖြစ် အမြစ်တွယ်လို့နေခဲ့ပါသည်။ ယခုအခါတွင်တော့ သူမရဖူးခဲ့သော သူတောင့်တခဲ့ပါသော ဂရုစိုက်မှုအသေးအဖွဲ့တို့အား ထယ်ဆန်းမေမေဆီမှ မထင်မှတ်စွာ ရုတ်တရက်ရလိုက်တာကြောင့် ထိန်းမထားနိုင်စွာ ငိုချမိတာပင်။ ဘယ်လောက်ပဲရင့်ကျက်ချင်ယောင် ဟန်ဆောင်နေပါစေ။ သူသည်လည်း မိဘမေတ္တာလိုအပ်နေခဲ့သည့် ကလေးတစ်ယောက်ပေပဲမို့ အသေးအဖွဲ့လေးကအစ ခံစားလွယ်ပါသည်။

ထိုအချိန်တွင် ထယ်ဆန်းတစ်ယောက်လည်း အီဟန်က ပခုံးစွန်းလေးများတုန်နေသည်အထိ တသိမ့်သိမ့်ရှိုက်ငိုနေတာကြောင့် ဘာလုပ်လို့လုပ်ရမလဲမသိအောင် ထူပူနေမိသည်။ ရင်ထဲ၌လည်း စိုးရိမ်ခြင်းတို့က အလုံးအရင်းကိုဝင်လာသည်။ နာကျင်ရပါသည်။ တကယ်ကိုနာကျင်ရသည်။ ဖြစ်နိုင်ရင် သူရဲ့နာကျင်ဝမ်းနည်းမှုတွေကို ကိုယ်စားခံယူပေးလိုက်ချင်မိသည်။ ဘာလုပ်လို့လုပ်ပေးရမှန်းမသိတာကြောင့် အီဟန့်ကျောလေးကိုသာ ပုတ်ပေးနေလိုက်တော့သည်။

" ငိုချင် ငိုချလိုက်နော် သားလေး ရတယ် ဘာမှမဖြစ်ဘူး "

ထယ်ဆန်းမေမေက လူကြီးပီသစွာ နားလည်နေဟန်ကြောင့် စားပွဲပေါ်တင်ထားသော အီဟန့်၏ညာဘက်လက်ပေါ်သို့ ထပ်ကာ ဖွဖွလေးဆုပ်ကိုင်လိုက် ပုတ်ပေးလိုက်လုပ်ကာ နှစ်သိမ့်ပေးတော့ အီဟန်က ထယ်ဆန်းမေမေအား ခေါင်းလေးငုံ့ထားရာမှ မော့ကြည့်လေသည်။ ထယ်ဆန်းမေမေက ခေါင်းလေးငြိမ့်ပြကာ နားလည်တဲ့အကြောင်းမျက်ဝန်းတို့မှတစ်ဆင့် အီဟန်ခံစားလိုက်ရတာကြောင့် ပိုလို့ပင်ရှိုက်ငိုလာတော့သည်။ ထယ်ဆန်းကတော့ ဖြစ်နိုင်ရင် ထိုအနှီကောင်လေးအား ရင်ခွင်ထဲထည့်ကာ ထွေးသာပွေ့ထားလိုက်ချင်တော့တယ်။ ယခုနှယ် အီဟန်ငိုနေတာကိုမြင်နေရသည်မှာ သူ့အတွက်လည်းမလွယ်ကူလှချေ။ မင်းငိုတာကိုမြင်ရမယ့်အစား ငါ့ဘာသာပဲမီးတောင်ထဲခုန်ချပစ်လိုက်ချင်တော့တယ် ကင်မ်ဒုံဟျွန်းရာ။

ခဏအကြာမှာတော့ ထမင်းဝိုင်းလေးဟာ တိတ်ဆိတ်စွာနဲ့ပဲ ပြီးလို့သွားခဲ့ပါသည်။

" ငါပြန်တော့မယ်နော် ဒီနေ့အတွက် တကယ် ကျေးဇူးအများကြီးကိုတင်ပါတယ် "

" နောက်ကျနေပြီလေ မပြန်နဲ့တော့ ဒီမှာပဲအိပ်တော့ "

" ဟင် "

" ဒီမှာပဲအိပ်လိုက်တော့လို့ "

" မဟုတ်တာ ရပါတယ် ငါပြန်လို့ပြေပါတယ် အခုထိတောင် တော်တော်အားနာဖို့ကောင်းနေပြီဟာကို "

" ဘယ်သူကအားနာခိုင်းနေလို့လဲ "

" မ..မဟုတ်ဘူးလေ ငါက "

" တော် တော် ထပ်မပြောနဲ့တော့ မင်းကို အိမ်ခေါ်လာတာလည်းငါ ထမင်းစားဖို့ပြောတာလည်းငါ အိပ်ဖို့ပြောတာလည်းငါပဲ အဲဒါကြောင့် ဘာမှအားနာစရာမလိုဘူး ဟုတ်ပြီလား "

" ..... "

" ဘာလို့ပြန်မဖြေတော့တာလဲ "

" ငါက မင်းကို အနှောင့်အယှက်ပေးနေမိမှာစိုးလို့ပါ "

" မင်းက အနှောင့်အယှက်ဆိုရင်တောင် ငါကိုယ်တိုင် လိုလိုလားလားနဲ့ ခေါ်ထားချင်လို့ခေါ်ထားတဲ့အနှောင့်အယှက်လေးပဲ "

" သိပြီလား အဲဒါကြောင့် အားမနာဘဲနေလို့ရတယ် "

"...."

ထယ်ဆန်းက ထိုသို့ပြောလိုက်တော့ အီဟန်ရဲ့ မျက်ဝန်းလှလှလေးတို့ဟာ အခုနကမှ ငိုထားသည်မို့ မျက်ခမ်းစပ်တို့ကရဲရဲလေးဖြစ်နေကာ နှာထိပ်လေးသည်လည်း ရဲရဲလေးဖြစ်နေသည့်အပြင် ယခုရှက်တာလေးပါပေါင်းသွားတာကြောင့် မျက်နှာလှလှလေးက စတော်ဘယ်ရီသီးလေးလို ရဲဲရဲလုံးလုံးလေးဖြစ်နေတော့သည်မှာ အကြည့်မလွှဲချင်စရာ။ ဟူဒီအဖြူရောင်လေးဝတ်ထားသည်မို့ ပို၍ပင်ထင်ပေါ်လို့နေပါသည်။ ထိုစတော်ဘယ်ရီသီးလုံးလုံးလေးကို ကြည့်ရင်း ထယ်ဆန်း ကျောက်ရုပ်များဖြစ်သွားသလား အောက်မေ့ရအောင် ငြိမ်နေမိသည်။ လှလည်းလှတယ်။ ချစ်စရာလည်းကောင်းတယ်။ မင်းကမလွန်လွန်ဘူးလား။

" ဒုံဟျွန်းလေး နောက်ကျနေပြီ ဒီမှာပဲ ဒုံမင်းလေးနဲ့ အိပ်လိုက်တော့နော် အန်တီ စောင်တွေခေါင်းအုံးတွေအပိုယူပေးမယ် "

ထမင်းဝိုင်းကိုသိမ်းပြီးပုံရတဲ့မေမေက လာပြောတော့မှ ထယ်ဆန်း၏အကြည့်တို့ အဆုံးသတ်ရသည်။ထို့နောက် အီဟန့်ဘက်သို့ အကြည့်ပြန်ပို့ကာ မျက်ခုံးနှစ်ဖက်တို့အား အပေါ်သို့တွန့်ပြရင်း " မင်း ဘာပြောချင်သေးလဲ " ဆိုတဲ့သဘောနှင့်လုပ်ပြလိုက်တော့ ပြန်ရလာသည်က မျက်စောင်းတစ်ချက်။ အီဟန်က ထယ်ဆန်းအား မျက်စောင်းတစ်ချက်ထိုးသွားကာ မေမေ့နောက်သို့လိုက်သွားလေသည်။

" အသည်းယားလိုက်တာ။ ဆွဲပြီး ဖြစ်ညှစ်ချင်စိတ်ပါပေါက်တယ်။ ဘာကောင်လေးမှန်းကိုမသိဘူး။ ကင်မ်ဒုံဟျွန်း မင်းကသိပ်ကိုအန္တရာယ်များလွန်းတာပါလား။ ငါကလည်း ဒီအန္တရာယ်လှလှလေးဆီပဲ ပစ်ဝင်ချင်နေတော့ ခက်သား "

ကျန်ရစ်ခဲ့တဲ့ ထယ်ဆန်းကတော့ ထွက်သွားတဲ့အီဟန့်နောက်ကျောလေးကိုကြည့်ကာ တစ်ကိုယ်တည်း ရေရွတ်လို့နေခဲ့ပါသည်။
————
တစ်ဖက်ကအီဟန်မှာလည်း ဖြစ်ပျက်နေတဲ့အရာတွေက မြန်ဆန်နေတယ်ခံစားရလို့ နည်းနည်းကြောင်တောင်တောင်လေးဖြစ်နေပေမယ့် ရင်ထဲမှာကတော့ အပျော်တွေချည်းနှင့်သာပြည့်နှက်လို့နေပါသည်။ သူအရင်ဝင်တိုးဖို့လုပ်ခဲ့တာမှန်ပေမယ့် အခုအခြေအနေက သူ့ဘက်ကသိပ်အားမထုတ်ရသေးပါဘဲ တော်တော်ကြီးကို ခရီးရောက်ရှိနေပြီဖြစ်သည်။
အရင်အနားလာဖို့လုပ်တာကငါဆိုပေမယ့် မင်းကအရင်ဆုံးတိုးဝင်လာခဲ့တာပဲ ထယ်ဆန်း။ အဲဒီတော့ ငါကဘာတွေများ တွေဝေနေရမှာတုန်း။ တစ်ခုလေးပါပဲ။ တစ်ခုလေးပဲ။ မင်းကငါ့ကို သူငယ်ချင်းလိုမိတ်ဆွေလို သဘောထားလို့ အခုလိုလုပ်နေတာပေမယ့် ငါ့ဘက်ကမင်းအပေါ်ထားနေတဲ့ခံစားချက်တွေကို သိတဲ့အခါ မင်းက ဒီအတိုင်းလေးပဲဆက်ရှိပေးနေနိုင်ပါဦးမလား။ ဖြစ်နိုင်ရင် ဒီအချိန်လေးကိုရပ်တန့်ထားလို့ရရင် ရပ်တန့်ထားချင်မိတယ်။ မင်းနဲ့အတူရှိရတာ ငါ့အတွက်ပြောမပြနိုင်လောက်တဲ့ပျော်ရွှင်မှုမျိုးပဲ။ ဒီအတိုင်းလေး မင်းအနားမှာရှိနေခွင့်လေးပဲ။ အဲဒါလေးပဲ ငါလိုချင်တာပါ။
————
" မင်း ဘယ်ဘက်မှာအိပ်လိုက်နော် ငါ ညာဘက်မှာအိပ်လိုက်မယ် ပြေတယ်မလား "

" အင်း ပြေတယ် ကျေးဇူး "

ယခု သူတို့နှစ်ယောက် တစ်ကုတင်ထဲတွင် အတူတူအိပ်နေကြတာဖြစ်သည်။ စစချင်း၌ ထယ်ဆန်းက အောက်မှာပဲအိပ်လိုက်မယ်ဟုပြောတော့ အီဟန်ကလက်မခံ။ အီဟန်က သူ့အောက်မှာအိပ်မယ်ပြောတော့ ထယ်ဆန်းကလည်း လက်မခံနှင့် နှစ်ယောက်သား ငြင်းခုန်နေကြကာ နောက်ဆုံးတော့ ကုတင်ပေါ်မှာသာ နှစ်ယောက်သားအတူတူအိပ်ကြရန် သဘောတူလိုက်ကြသည်။ ကုတင်ကလည်း တစ်ယောက်အိပ်ကုတင်မဟုတ်တာကြောင့် နှစ်ယောက်အိပ်ရန် အဆင်ပြေသည့်အနေအထားရှိပါသည်။ မီးပိတ်ပြီးတဲ့နောက်မှာတော့ တစ်ခန်းလုံး တိတ်ဆိတ်သွားသည်။

" အိပ်နေပြီလား ထယ်ဆန်း "

ခဏအကြာ အီဟန်ကစကားစလိုက်တော့

" ဟင့်အင်း "

"....."

" ဒုံမင်းလို့ ခေါ် "

" ဟင် "

" မဟင်ပါနဲ့တော့ကွာ မင်းကိုပြောလိုက်တိုင်း ဘာလို့အံ့ဩနေရတာလဲ "

" မင်းက ပြောလိုက်တိုင်း အဆက်အစပ်မရှိဘဲ ပြောနေတာကိုး "

" ဒုံမင်းလို့ပဲခေါ်လို့ ပြောတာ ငါ့ကို အများစုက ထယ်ဆန်းလို့ပဲခေါ်ကြတာ ငါ့ကိုယ်ရေးမှတ်တမ်းတို့ကနာမည်က ဟန်ဒုံမင်းဖြစ်နေလည်း ဟန်ထယ်ဆန်းလို့ပဲ ခေါ်နေကြတုန်း။ ဟန်ထယ်ဆန်းလို့ခေါ်ရတာ ပိုခေါ်လို့ကောင်းလို့တဲ့လေ။ အဲဒါကြောင့် မေမေနဲ့ဖေဖေက အဲဒီနာမည်ကိုကြိုက်တာဖြစ်မယ်။ မေမေတောင် တစ်ခါတစ်လေမှ ဒုံမင်းလို့ခေါ်တာ။ အဲဒါကြောင့် မင်းလည်းငါ့နာမည်အရင်းကိုသိသွားပြီဆိုတော့ နာမည်အရင်းပဲခေါ်ပေး "

" အင်း ဒါဆို ငါ့ကိုလည်း ဒုံဟျွန်းလို့ပဲခေါ်လေ ဘယ်လိုလဲ "

" အင်း သဘောတူတယ် "

မိသားစုများမှလွဲ၍ ထိုနာမည်တို့အား မခေါ်ကြတာကြောင့် တသီးတသန့်လေးဖြစ်နေကြမှာမို့ တမင်ခေါ်စေချင်တာပင်ဖြစ်ကြောင်း သူတို့ကိုယ်သူတို့သာ သိနေကြလိမ့်မည်။ သို့သော် နှစ်ယောက်သား၏ ရင်ထဲကခံစားချက်တို့ကတော့ ထပ်တူကျနေသည်ကိုတော့ ကာယကံရှင်နှစ်ယောက်စလုံး မသိကြချေ။ ထို့အတူ နှစ်ယောက်စလုံးပြုံးနေကြသည်ကိုလည်း မသိကြပါချေ။

တစ်ဖန်ပြန်လည်၍တိတ်ဆိတ်သွားသော စကားဝိုင်း။

" ဒုံမင်း "

ပြန်လည်အသက်သွင်းလိုက်သူမှာတော့ အီဟန်ပဲဖြစ်ပါသည်။

" အင်း "

" ဘာလို့ဘာမှမမေးတာလဲ "

" အမှန်အတိုင်းပြောရရင်တော့ ငါသိချင်တာမှအရမ်းပဲ။ ဒါပေမယ့် ငါမမေးရက်ဘူး။ မင်းရဲ့ဒဏ်ရာတွေကိုမဆွချင်လို့။ မင်းပြောလာရင်သာ ငါနားထောင်ပေးမလို့ လုပ်ထားတာ "

ထိုစကားတို့အား ကြားပြီးနောက် အီဟန်ရင်ထဲ နွေးထွေးမှုနှင့်လုံခြုံမှုတို့ပေါင်းစပ်နေသည့် လှိုင်းလေးများက ဖြတ်ပြေးလို့သွားပါသည်။

" ငါမရဖူးတဲ့ ငါလိုချင်ခဲ့တဲ့ ဂရုစိုက်မှုမျိုးကို မင်းမေမေဆီက ရခဲ့လို့လေ "

စကားအသွားအလာကြောင့် ထယ်ဆန်းအကြောင်းစုံတော့မဟုတ်ပေမယ့် တချို့တလေကိုတော့ နားလည်သွားပြီဖြစ်ပါသည်။ မင်းက မေတ္တာလိုချင်နေခဲ့တာလား ဒုံဟျွန်းရယ်။ မေမေက မင်းကိုပဲဂရုစိုက်နေလို့ နည်းနည်းသဝန်တိုမိသွားတဲ့ ငါ့ကိုယ်ငါတောင် ပြန်အပြစ်တင်ချင်မိတယ်။ နောက်ဆို မင်းကို မေတ္တာတွေနဲ့ထွေးလို့နွေးစေရပါမယ်။ မင်းရဲ့ ရှားပါးလှတဲ့ အပြုံးတွေ ပေါသီနေအောင်အထိ ငါမင်းကိုဖန်တီးပေးချင်တယ်။ အခုငါ့ရဲ့အတွေးထဲမှာ မင်းပဲရှိတော့တာ။ မင်းက ငါကာကွယ်ပေးချင်မိတဲ့ အထိအခိုက်မခံနိုင်တဲ့ ဖြစ်တည်မှုမျိုးပဲ ကင်မ်ဒုံဟျွန်း။

" မင်း မငိုပါနဲ့လား "

" ဘာရယ်မဟုတ်ပါဘူး မင်းငိုရင် ရုပ်ဆိုးလွန်းလို့ပါကွာ "

" ဟိတ်..ဟ...ဟားဟား လူတွေက မှန်တာပြောရင် နာတတ်တယ်တဲ့ တကယ်ပါပဲလား "

ထယ်ဆန်းကပြောရင်း ရယ်တော့ အီဟန်က အမှောင်ထဲမှာမို့ မမြင်ရသော်ငြား မှန်းကာ ခေါင်းအုံးဖြင့် လှမ်းရိုက်နေသောကြောင့် ထယ်ဆန်းကပိုပြီးအသံထွက်အောင် ရယ်ပြကာ စနေသည်။ အမှောင်ထဲမှာဖြစ်ပေမယ့်လည်း အီဟန်စိတ်တိုနေမည့်ပုံလေးကို မြင်ယောင်မိတာကြောင့် အသည်းယားကာ ထယ်ဆန်းကပိုပြီးစချင်စိတ်တို့ဖြစ်ပေါ်လာတာဖြစ်သည်။

တစ်မိနစ်လောက် ပြန်လည်တိတ်ဆိတ်သွားပြီးကာမှ

" ရားး ဟန်ဒုံမင်း ငါကမင်းက ပျော်လို့ငိုတာကလွဲရင် မငိုရဘူးလို့ ပြောပြီးကတည်းက မငိုတော့တာ။ အခုငိုတာ ပျော်လို့ငိုတာ။ အဲ..အဲဒါပြောပြတာ။ တခြားကြောင့်မဟုတ်ဘူး။ အိပ်ပြီ အိပ်ပြီ အိပ်ပြီနော် မင်းစကားလာမများတော့နဲ့ "

အီဟန်က သူပြောချင်တာပြောသွားကာ စောင်အောက်ထဲသို့ တစ်ကိုယ်လုံးဝင်သွားတော့သည်။ ကျန်ခဲ့တဲ့ထယ်ဆန်းကတော့ ကြောင်တောင်တောင်လေး။ အခုချိန်ထယ်ဆန်း၏ခေါင်းထဲသို့ဝင်ကြည့်မည်ဆိုပါက ကော်ရှင်မက်လေးများသာ တန်းစီနေသည်ကိုပဲတွေ့ရပေလိမ့်မည်။

" ငါက ဘယ်တုန်းက ပြောလိုက်တာလဲ။ သူနဲ့ငါ စကားသေချာပြောဖြစ်တာ ဒီနေ့ပဲရှိသေးတာပါ။ ဘယ်တုန်းကပြောမိတာလဲ "

ထယ်ဆန်းတစ်ယောက် တစ်ကိုယ်စာကြားရုံအသံလောက်နှင့် ရေရွတ်ကာ အတွေးကမ္ဘာထဲ အလည်အပတ်သွားလို့နေသည်။ နာရီဝက်လောက်အကြာမှာတော့ အသက်ရှုသံဖြည်းဖြည်းမှန်မှန်တို့ကထွက်ပေါ်လာတာကြောင့် လက်ရှိသို့ပြန်ရောက်ရှိလာသည်။

" ငါကတော့ နေရာသစ်မှာမို့ အိပ်မှအိပ်ပျော်ပါ့မလားလို့ စိုးရိမ်နေခဲ့ရတာ။ သူကတော့ အိပ်မောတောင်ကျနေပြီ "

" ကောင်းကောင်းအိပ်ပါ။ အိပ်မက်လှလှမက် "

" မဟုတ်ဘူး။ အိပ်မက်လှလှက မမက်လည်းရတယ်။ ငါ့ကိုပဲမက်ရင်ရပြီ "

မကြားမှန်းသိပေမယ့်လည်း ပြောချင်ရာကိုပြောနေမိသည်မို့ ကိုယ့်အဖြစ်ကိုကြည့်ရင်း ပြုံးမိပြန်သည်။ ဟန်ဒုံမင်းလည်း ကင်မ်ဒုံဟျွန်းနဲ့တွေ့မှ အရူးလေးဖြစ်တော့မယ်ထင်တယ်။ အနှီကောင်လေးကသာ နှစ်နှစ်ခြိုက်ခြိုက်နဲ့ကိုအိပ်ပျော်နေပေမယ့် မအိပ်နိုင်တာကတော့ ထယ်ဆန်းပါပင်။ အိပ်မရတာနှင့်အတူတူ နဖူးပေါ်လက်တင်ကာ ညနေကဖြစ်ရပ်တို့ဆီ အလည်သွားလိုက်တော့သည်။

ညနေက သူပြန်တော့မယ် ပြောတော့ တကယ်မပြန်စေချင်တာ။ ထမင်းစားသွားလို့ပြောနေတာကို ငြင်းနေတာမို့ တမင်စကားလမ်းကြောင်းလွှဲပြီး ဆံပင်ခြောက်အောင်လုပ်ပေးဖို့ပြင်လိုက်တာ။ အစက လေမှုတ်စက်နဲ့ လုပ်ပေးမလို့ပေမယ့် ကိုယ်တိုင်လုပ်ပေးချင်တာကြောင့် သွားဆွဲခေါ်လာလိုက်တာ။ ရုတ်တရက်မို့လို့ သူလည်းကြောင်သွားမှာသိပေမယ့် မတတ်နိုင်ဘူးလေ။ မျက်လုံးဝိုင်းလေးတွေနဲ့ ကြည့်လာတော့ ပိုလို့တောင်ဆိုးသေးတယ်။ ပြန်ကိုမလွှတ်ချင်တော့ဘူး။ သူ့မျက်ဝန်းတွေကို မြင်လိုက်ရတိုင်း ရင်ခုန်သံတွေမြန်လာတာက မြန်လွန်းလို့ ပေါက်ထွက်တော့မယ့်အတိုင်းပဲ။ ဘာကို သဘောအကျဆုံးလဲမေးရင် မျက်ဝန်းတွေလို့ပဲဖြေမိမှာ။ ဘယ်အနုပညာလက်ရာကမှမယှဉ်နိုင်လောက်တဲ့ အလှပဆုံး အရှားပါးဆုံးလက်ရာလေး။ နောက်ပြီး အားနည်းချက်ဆိုရင်လည်း ဟုတ်တယ်။ မျက်ဝန်းလှလှလေးမှာ မျက်ရည်စတို့ မြင်လိုက်ရတဲ့အချိန်ဆိုရင်တော့ ဘယ်သူ့ကိုအပြစ်တင်လို့တင်ရမလဲမသိအောင်ကို ပြာယာခတ်နေမိတော့တာပဲ။ သူ့မျက်ဝန်းတွေကိုမြင်လိုက်တာနဲ့ အားလုံးပြီးပြည့်စုံအောင် ဖြည့်ဆည်းပေးချင်တာ။ နောက်ဆို မင်းရဲ့မျက်ဝန်းတွေကိုပဲကြည့်ပြီး နေတော့ဖို့ ဆုံးဖြတ်ထားတယ်။ ငါအခုသိလာရသလောက် မင်းကဟန်ဆောင်ကောင်းပေမယ့် မင်းမျက်ဝန်းတွေကတော့ ဟန်ဆောင်မှုကင်းပြီး ပကတိဖြူစင်လွန်းတယ်လေ။ ဒါကြောင့် မင်းရဲ့မျက်ဝန်းတွေကနေတစ်ဆင့် မင်းလိုအပ်နေတာတွေကို ငါကဖြည့်ဆည်းပေးသွားမှာမလို့ စောင့်နေလိုက်ပါတော့ ကင်မ်ဒုံဟျွန်း။

Continue Reading

You'll Also Like

109K 3.6K 16
علاقه حب ثلاثيه جون و جيون top تاي بوسي bottom
36.9K 3.5K 49
. .
23.2K 30 4
Sandhya Aditya Singh (18 years old) From a small town village. Studied till 12th standard Married to a businessman Shy, introvert and submissive pe...
592K 32K 77
A tale of love, war and Spirituality.